၂၀၂၆ ၊ ဇူလိုင် ၂၆
အတိုအစလည်း စားကြသူများ
တဖြည်းဖြည်း ပြိုကွဲနေသည့် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကြသူတို့သည် သူတို့တော်လှန်ရေး ကျဆုံးနေခြင်းကို သိလာသည့်အ တွက် ငါးမရရေချိုးပြန်မည်ဟု အကြံဖြင့် ဆောင်ရွက်ကုန်ကြပြီ ဖြစ်သည်။ထိုသို့ တော်လှန်ရေး တဖြည်းဖြည်း ကျဆုံးလာခြင်းကို သိနေကြသူတို့က တော်လှန်ရေးလှေ ကြုံစီးလာကြသူများပီပီ မိမိစီးနင်းလာသည့် လှေက ရသမျှဖြုတ်ယူခွာချကာ ရသည့်ဈေးနှင့် ရောင်းစားကြသူများ၊ ကိုယ်ရောင်ဖျောက် သွားကြသူများ၊ အချင်းချင်း ခြေကန့်လန့်ထိုးကြသူများဖြင့် တော်လှန်ရေးဘက်အခြမ်းတွင် သူတို့အချင်းချင်း အတွင်း ကျိတ်ပြဿနာမှစပြီး အက်ကွဲကြောင်း ကြီးမားသည့် ပြဿနာကြီးများအထိပါ မဖုံးနိုင်မဖိနိုင် ဖြစ်ကုန်နေကြလေသည်။
တော်လှန်ရေးကို ဦးဆောင်ပါသည်ဟုဆိုသည့် NUG ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ငွေရေးကြေးရေး မသမာမှုများ ရသလိုလုပ်၊ လည်သလို စားနေကြလေသည်။ ထိုကဲ့သို့ တော်လှန် ရေးခေါင်းစဉ်တပ်၍ လိမ်စားကြသူများထဲတွင် အချို့သောအကြောင်း အရာများသည် ကြား၍မြင်၍ ကောင်းသေးသည်ဟု ဆို နိုင်ပါသည်။
ဥပမာ ငှက်ကင်ဟု ခေါင်းစဉ်တပ်ထားပြီး မည်သည့်အခါမျှ အကောင်အထည်မဖော်သည့်ကိစ္စ၊ နွေဦးကွန်ဒို၊ ငွေတိုက်စာချုပ် စသည့်တို့သည် ကြား၍၊ မြင်၍ ကောင်းသေးသည်ဟု ဆိုနိုင်ပါသည်။ ယခုတော် လှန်ရေးဘက်အခြမ်းက လိမ်သွားသည့် အကြောင်းအရာက ရရစားစား ဝါးဝါးမျိုမျို အတိုအစလေးမှမချန် လိမ်လည်လှည့်ဖြားနေကြပါလားဟုပင် အတွေးပေါ်မိပါ၏။ သူတို့လုပ်သွားသည့် လုပ်ရပ်ကိုလည်း ကြည့်ကြပါကုန်။
ဖြစ်စဉ်က ထိုင်းနိုင်ငံတွင် ဖြစ်သွားခြင်းဖြစ်သည်။ 'တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပြန်လည်ဆက်သွယ်ရန် အကြောင်းကြားခြင်း'ဆိုသည့် ခေါင်းစဉ်ဖြင့် တော်လှန်ရေးတွင် အသုံးပြုမည့် ဗွီနိုင်းများကို ထုတ်ရန် အပ်ထားသူထံမှ စာမလာသတင်းမကြားတော့သဖြင့် ကြေညာချက် ထုတ်ထားသည့်အကြောင်း အရာပင်ဖြစ်သည်။ ထိုစာအပြည့်အစုံမှာ 'ပြီးခဲ့သော ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် နေထိုင်သည့် (....) ထံသို့ ကျွန်တော်တို့ Support force မှတစ်ဆင့် Daung Fighter Revolution Foce အတွက် အလှူငွေရှာဖွေရန် အချက်အလက်များ ပါဝင်သော ဗွီနိုင်းများကို ထုတ်လုပ်၍ စနစ်တကျပေးပို့ လွှဲအပ်ခဲ့ပါသည်။ သို့သော်လည်း ၇ လပိုင်း(ဇူလိုင်လ)သို့ ရောက်ရှိလာသည်အထိကို....အနေဖြင့် ကျွန်တော်တို့ထံ တစ်စုံတစ်ရာ ပြန်လည်ဆက်သွယ်ခြင်း မရှိသေးပါ။
တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ယခုကဲ့သို့ အဆက်အသွယ်မလုပ်ဘဲ နေခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့သော လုပ်ရပ်ဖြစ် သည်ဟု ယူဆရသည့်အတွက် အောက်ပါအတိုင်း အသိပေးအကြောင်း ကြားအပ်ပါသည်။ "ကို…..အနေဖြင့် အလှူခံဗွီနိုင်းများကို ကျွန်တော်တို့အဖွဲ့ထံသို့ မပျက်မကွက် ချက်ချင်းပြန်လည်ဆက်သွယ်ရမည်။ အရေးကြီးသတိပေးချက်အဖြစ် တော်လှန်ရေးအင်အားစုများ၏ အချိန်နှင့်လုပ်အား၊ ပြည်သူ့ဘဏ္ဍာများကို အလဟဿ မဖြစ်စေရန် မိမိယူထားသော တာဝန်ကိုလေး စားတန်ဖိုးထားပြီး အမြန်ဆုံးလာရောက်ဖြေရှင်းဆက်သွယ်ရန် ပြင်းထန်စွာ သတိပေးအပ်သည်"ဟု ဇွန် ၁၅ ရက် ရက်စွဲဖြင့် ကြေညာထားလေသည်။ ထိုင်းနိုင်ငံတွင် အလှူခံသည့်လုပ်ငန်းများ လုပ် ကိုင်ရန် ဗွီနိုင်းနှင့် ဗွီနိုင်းထုတ်ခ၊ သယ်ယူ့ပို့ဆောင်စရိတ်များ ပေးအပ်လိုက်သည့်သူက အပျောက်ရိုက်အပြတ်ရှင်း သွားသဖြင့် ထောက်ပို့လုပ်မည့်၊ အလှူခံမည့်သူများက ကိုးရိုးကားရားကြီး ကျန်နေသဖြင့် မကျေမနပ်နှင့် ကြေညာချက် ထုတ်ထားလေသည်။ တော်လှန်ရေးခေါင်း ဆောင်ကြီးများ၏ ငွေရေးကြေးရေးနှင့်ပတ်သက်လျှင် နည်းသည်၊ များသည်မဟူ အကုန်စားကြ၊ ဝါးကြသည်ကို အားကျသွားသည် ထင်ပါ၏။
ထိုင်းက ထောက်ပို့ဆိုသူများကလည်း တော်လှန်ရေးခေါင်းစဉ်အောက်က အလှူခံစားမည်ဆိုကာမှ တော်လှန်လူလိမ်များစွာထဲက အတိုအစ များမှစ၍ လိမ်သည့် တော်လှန်လူလိမ်နှင့်တိုး၍ တော်လှန်ရေး ခရီးတစ်ခန်း ရပ်လိုက်ရသည့် ကြေကွဲဖွယ်ဇာတ်လမ်းကို အထုပ်ဖြေပြနေလေတော့သည်။
ခြေရာဖျောက်ကြသူများ
တော်လှန်ရေး ငါးနှစ်ကျော်ကြာလာချိန်တွင် တော်လှန်ရေးလုပ်နေသည့် လူများစွာထဲက လူငယ်လူရွယ်တို့သည် ငြီးငွေ့လာကြကြောင်းနှင့် တော်လှန်ရေးကို တွန်းအားပေးနေသူများကို မကျေမနပ် ဖြစ်လာကြကြောင်း ရင်ဖွင့်လာကြလေသည်။ ထိုအထဲကမှ မြို့ပြ ကြွက်ဆိုသူများ၏ လူမသိသူမသိ ခြေရာဖျောက်သွား ကြသူများနှင့် တော်လှန်ရေးကိစ္စ တုံးသွားသည့်အကြောင်းအရာများကို NUG က လူကြီးများသိစေချင်သဖြင့် ရင်ဖွင့်လာလေသည်။ သူတို့အချင်းချင်း၏ လူမသိ၊ သူမသိ လိမ်လည်လှည့် ဖြားသွားမှုများနှင့် လက်စတုံးလိုက်သည့် ကိစ္စများကိုပါ ရင်ဖွင့်လာသည့် အကြောင်းအရာဖြစ်သောကြောင့် တော်လှန်ရေးဆိုသည်မှာ အကျိုးအမြတ်ရလျှင် အချင်းချင်းချနင်းရန် ဝန်မလေးကြသူများ၏ ရပ်ဝန်းဖြစ်ကြောင်း သိစေရန် ပြန်၍ဖောက်သည်ချလိုပါသည်။
ထိုအကြောင်းကို ရင်ဖွင့်လာသူက မြို့ပြကြွက်ဆိုသည့်မြို့ပြ ယူဂျီထဲက အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူတို့အကြောင်းနှင့် ပတ်သက်၍ “
မြို့ပြယူဂျီ လောကမှာရှိတဲ့ မြို့ပြကြွက်အဖွဲ့ သိရှိစေဖို့ အကူအညီ တောင်းချင်ပါတယ်။ အထက်လူကြီးတွေသိစေဖို့ ဒီအပိုင်းကို တင်ပြတာပါ။ မြို့ပြယူဂျီလောကမှာ စလုပ်လာတဲ့ ကိုစည်သူ ခေါ် စည်သူအောင်၏ ၁၆-၃-၂၀၂၁ ရက်ကစပြီး မြို့ပြလောကကို စလုပ်လာတဲ့သူ ၅-၉-၂၀၂၅ မှာ မွေးနေ့ လုပ်ပေးဖူးတယ်။ အခု ကိုစည်သူ အစဖျောက်ခံရတာက နှစ်လပြည့်တော့မယ်။ ငါးလပိုင်း မကုန်ခင် ကတည်းက စပျောက်တယ်။ သူက ကျွန်မတို့ဆီကို လာမယ်ဆိုပြီး ကူညီကြတဲ့သူတွေ လည်းရှိတယ်။ ငွေ သိန်း ၇၀ နီးပါးနဲ့၊ ကျွန်မတို့ဆီကနေ သိန်းတစ်ရာနီးပါးနဲ့ ပျောက်နေတာ အခုဆို နှစ်လ ကျော်သွားပြီ"ဟု သူတို့၏ ယူဂျီတစ်ယောက် ပျောက်ဆုံး နေကြောင်းကို ရင်ဖွင့်ထား၏။ သူတို့ ယူဂျီက ပျောက်သွားခြင်းလား သို့မဟုတ် ခြေရာဖျောက်သွားခြင်းလားဆိုသည်ကို ထိုကလေးမလေးက ရေရေရာရာ မသိဘဲ သူတို့၏ ငွေကြေးသိန်းတစ်ရာကျော်ဖြင့် ပျောက်ဆုံးသွား သူကို ရှာဖွေနေခြင်း ဖြစ်သည်။ တော်လှန်ရေးခေါင်း စဉ်အောက်တွင် လူမသိ၊ သူမသိ အချင်းချင်းကွက်ကျော်ရိုက် ခေါင်းတုံးပေါ် ထိပ်ကွက်များလည်း ရှိနေကြပြီး သူတို့အချင်းချင်း မပြေလည်မှုများကြောင့် ပြန်လည်ဖော်ပြမှ အများပြည်သူက သိကြရခြင်းဖြစ် သည်။ "တော်လှန်ရေးက ဖုံးကွယ်ဖို့လား၊ လူသား ဈေးကွက်ပဲ လုပ်တာလား၊ တော်လှန်ရေးက အသုံး ချခံသက်သက် ဖြစ်နေတာလားဆိုပြီး ကြာလာတော့ တော်လှန်ရေးက စိတ်ပိုင်းဆိုင်ရာ ပျက်ပြားလာတယ်။ အခု ကျွန်မတို့ဘက်က မြို့ပြလေးတွေ၊ ယူဂျီလေးတွေ အမြဲတမ်းပျောက်လေ့ရှိတယ်။ အမြဲတမ်းပျောက်လေ့ရှိတာကို ကျွန်မတို့က သတင်းတင်လေ့ မရှိဘူး။ ငါးလပိုင်းထဲမှာ ဆိုရင်လည်း တော် တော်လေးကို မိသွားတယ် ရန်ကုန်မှာ"ဟု သူတို့ တစ်စစီပြိုကွဲပျက် စီးနေကြောင်း စိတ်ပျက်ဖွယ် အကြောင်းကို ရင်ဖွင့်နေလေသည်။ ထိုကလေးမလေးက ယခုမှ သိသည်ဟုထင်ပါ၏။ တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး လူငယ်ထုကို အသုံးချနေသည်မှာ လုပ်စားနိုင်ငံရေးသမားတို့၏ ဝါဒပင်ဖြစ်သည်။ ပြည်ပထွက်ပြေးသူတို့ အနေအစားချောင် စေရန် လူငယ်ထုသည် ထိုးကျွေးခံ၊ အသုံးချခံ သက် သက်သာဖြစ်ပြီး လူငယ်ထု၏ ဖြစ်သမျှ၊ ပျက်သမျှကို မည်သည့် လုပ်စားနိုင်ငံရေးသမားတို့ကမျှ တာဝန်မယူခဲ့ကြောင်းကို အချို့က အချိန်လွန်မှ သိကြရခြင်းဖြစ် သည်။
ထိုကဲ့သို့ လူငယ်ထုကိုထိုးကျွေးပြီးလုပ်စားကြသူများအထဲတွင် ပြည်ပြေးသတင်းဌာနများပါ ပါဝင်ကြောင်းကို ရင်ဖွင့်သည့်ကလေးမလေးက ယခုမှ သိသွားပြီထင်ပါ၏။ သူပြောသည့်စကားထဲတွင် 'ဆုံးရှုံးမှုတွေရှိတဲ့အခါမှာ ဘယ်သတင်းဌာနကမှ မတက်ဘူး၊ ဘယ်တော့မှလည်း မဖော်ပြဘူး၊ တကယ့်အသုံးချခံသက်သက် ဖြစ်နေတယ်"ဟု ပြည်ပြေးသတင်းဌာနများ၏ လုပ်စားနေသည့် အချိုးကိုပါ ပြောပြနေလေသည်။ တော်လှန်ရေးက သူတို့အချင်းချင်းပင် ပြိုကွဲအောင် ဖြိုခွဲနေကြခြင်းဖြစ်ကြောင်းနှင့် အချင်းချင်းလည်း ယုံကြည်စရာမရှိတော့ ကြောင်းကို ပြောပြနေလေသည်။ အများအမြင်တွင် တော်လှန်ရေး သည် သနပ်ခါးလိမ်း ပန်းပန်ထားသော် လည်း အမှန်တကယ်က နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း အခြေအနေ ဖြစ်နေကြောင်းကို တော်လှန်ရေးဘက်အခြမ်းက သူတို့ပြောသည့်သူတို့စကားထဲက သိရှိရခြင်းများပင် ဖြစ်ပါသည်။
ထောက်ပို့တွေ တိုက်ဆောက်ရန်
အညာသား PDF လူငယ်တစ်ယောက် တော်တော်လေး ပေါက်ကွဲနေလေသည်။ သူပေါက်ကွဲနေသည်က လုပ်စားနိုင်ငံရေးသမားနှင့် လူ လည်နိုင်ငံရေး သမားဆိုသူများကို ပေါက်ကွဲနေခြင်းဖြစ်သည်။ တော်လှန်ရေးကို စလုပ်ခဲ့ခြင်းသည် ယုံကြည်ချက်ကြောင့် မဟုတ်သူများလုပ်၍ လိုက်လုပ်ရင်းမှ ခြေလွန်လက်လွန် ဖြစ်သွားကြောင်းကို ငါးနှစ်ကျော်မှ သိသွားသည်ဟု ဝန်ခံနေလေသည်။
"ငါးနှစ်ကျော်လာတော့ တော်လှန်ရေးကို မယုံကြည်ကြတော့ဘူး။ ဆန္ဒပြတုန်းက ခင်ဗျားတို့ပါတယ်။ တော်လှန်ရေးဆိုတာ ခင်ဗျားတို့စခဲ့တာ။ ခုမှ လူငယ်တွေကို အပြစ်မတင်နဲ့။ လူကြီးတွေစခဲ့တဲ့စစ် လူငယ်တွေ တိုက်နေရတယ်။ မြို့မှာစခဲ့တဲ့ဇာတ် အညာမှာ ကနေရတယ်"ဟု တော်လှန်ရေးကြုံးသွင်း ခံခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြနေလေသည်။
ထိုစကားကို PDF လူငယ်တစ်ဦးက ခံစားချက်အပြည့်ဖြင့် ရင်ဖွင့်ခြင်းဖြစ်ပြီး သူ့စကားကို လက် နက်ကိုင်ထားသည့် PDF အများစုက ထောက်ခံနေကြသည်ကို တွေ့ရလေသည်။ PDF အချင်းချင်း ထောက်ခံနေသည့် စကားကို PDF အချင်းချင်းက ပြန်၍ သတိပေးနေသည် ကရှိသေးသည်။ "ဒါတွေ NUG ဘက်တော်သားတွေ မသိစေနဲ့ ယောက်ဖရေ၊ အချင်းချင်းသတ်ဖို့၊ ဖြတ်ဖို့ အကြောင်းရှာနေတာ သူတို့သတ် ဖြတ်ဖို့ အကြောင်းရသွားမယ်"ဟု သတိပေးနေလေသည်။
ငါးနှစ်ဆိုသော အချိန်သည် အချို့သော လုပ်ငန်းများတွင် အခြေတကျဖြစ်နိုင်သည့် အချိန်ပမာဏ ဖြစ်ပြီး တော်လှန်ရေးကို ရွေးချယ်ခဲ့သည့် လူငယ်များအဖို့ ငါးနှစ်ဆိုသည်မှာ ဘာမျှရေရေရာရာ မရှိသည့်လမ်းကို လျှောက်လှမ်းနေရကြောင်း အနာဂတ်ကို တွက်ဆသူတို့ သိရှိကုန်ကြပြီဖြစ်သည်။ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး ကြီးတော်နွား အလကားကျောင်းပေးနေရသည့် ဘဝတွင် ပြည်သူ့အတွက် တော်လှန်ရေး ခေါင်းစဉ်တပ်ထားသော်လည်း ပြည်သူနှင့် ပဋိပက္ခ ပို၍ဖြစ်လာကြောင်း နားလည်လက်ခံလာသည့် လက် နက်ကိုင်များလည်းရှိလာ ကြလေသည်။ 'အာဏာရှင်ကို တော်လှန်တယ်ဆိုပြီး ခေါင်းစဉ်တာ တပ်ထားတာပါ။ တကယ်က ကိုယ်ကိုယ်တိုင် အာဏာရှင်ဖြစ်သွားတာကို ကြိုက်နေကြတာ၊ မယုံရင် ကားသမား တွေကိုမေးကြည့်ကြပါ။ PDF ဂိတ်နဲ့ တပ်ဂိတ်ဘယ်ဂိတ်ကို ဖြတ်ချင်ကြသလဲ"ဟု ပကတိ အရှိတရားကို ချိန်ထိုးပြနေလေသည်။ "ကားသမားတိုင်းသိတယ်၊ တချို့ PDF တွေက လက်နက်ကိုင်ပြီး ခြောက်တယ်၊ ငေါက်တယ်။ ပစ်လိုက်ရမှာလားဆိုတာက ပိုသေးတယ်"ဟု ပညာမဲ့သူတို့ထံ လက်နက်ရောက်သွားချိန် အဖြစ်အပျက်ကို ဆိုနေကြလေသည်။ ငါးနှစ်ဆိုသည့် အချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြရသူများသည် အသုံးချခံသက်သက်သာ ဖြစ်ကြောင်း "ငါတို့ ပြည်သူတွေ တော်လှန်ရေးစခဲ့တာ ထောက်ပို့တွေ တိုက်ဆောက်ဖို့မဟုတ်ဘူး"ဟု ချမ်းသာသွားသည့် ထောက်ပို့များကို ကြည့်ပြီး သူတို့ဘဝကို သူတို့ နောင်တရနေကြလေသည်။ သူတို့၏ တော်လှန်ရေးဆိုသည်မှာလည်း အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားနှင့် လိမ်စရာမရှိ ကိုယ့်ဒူးကို ရေစွတ်၍ လိမ်နေကြသူများသာ ဖြစ် သည်။
တော်လှန်ရေးငါးနှစ် ကြာမြင့်လာချိန်တွင် လုပ်စားနိုင်ငံရေးသမားများ၊ ပြည်ပြေးများ၊ ပြည်ဖျက်မီဒီယာများနှင့် လက်နက်ကိုင်ခြင်း ဆိုသည်မှာ အသုံးချခံ သက်သက်သာဖြစ်ပြီး ပြည်သူ့အတွက် လုံး၀ မဟုတ်ကြောင်း လက်နက်ကိုင်ထားသူ အတော်များများ သိရှိလာကြပြီဖြစ်သည်။ လက်သုံးချောင်း ထောင်ခဲ့ကြသူများ အချင်းချင်း လက်နက်ကိုင်သည့်လမ်းကို ရွေးခဲ့ကြသည့် လူငယ်လူရွယ်တို့က ဝမ်းဝ ဖို့အတွက် ပြည်သူ့ထံက ဆက်ကြေးကောက်၊ ဓားပြတိုက်ရသည့်ဘဝကို ရောက်ကုန်ကြရပြီး ထောက်ပို့ ဆိုသူတို့သာ တစ်နေ့တခြား ကြီးပွားကုန်ကြသည်ကို တော်လှန်ရေးသမားတို့ ငါးနှစ်ပြည့်ချိန် ရောက်မှ ကောင်းကောင်းသိကုန်ကြပြီဖြစ်သည်။ ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )