ဒီမိုကရေစီနိဒါန်းနှင့် NUG ၏ နိဂုံး

၂၀၂၆ ၊ မတ် ၂၀

တော်လှန်ရေး၏ အမှိုက်များဖြစ်သွားသော  LPDF များ
    'Local PDF တွေဟာ ဒီအချိန်မှာ တော်လှန်ရေးရဲ့အမှိုက်ပဲ'ဟုဆိုသည့် စကားတစ်ခွန်းကြောင့် တော်လှန်ရေးရပ်ဝန်းတွင် အဏုမြူဗုံးတစ်လုံး ထိမှန်ခံလိုက်ရသကဲ့သို့ ပေါက်ကွဲအား ပြင်းထန်နေခဲ့သည်။ ထို LPDF များသည် တော်လှန်ရေး၏အမှိုက်ဟု ပြောခဲ့သူက တော်လှန်ရေးကို ဦးဆောင်လမ်းပြနေသူများထဲက တစ်ဦးအပါအဝင်ဖြစ်သည့် မျိုးရန်နောင်သိန်းက ပြောခြင်းဖြစ်ရာ သည်စကားအပေါ် တော်လှန်ရေးရပ် ဝန်းတွင်  ထောက်ခံမှုနှင့်ကန့်ကွက်မှု ဝိရောဓိ ဖြစ်နေကြလေသည်။
    သည်နေရာတွင် တော်လှန်ရေးကို အသက်ပေး၍ ဝင်ရောက်ပါဝင်နေသည့် လူငယ်လူရွယ်များကို အဘယ့်ကြောင့် အမှိုက်များနှင့် ခိုင်းနှိုင်းရသနည်း၊ ထိုလူငယ်များကို အမှိုက်ဟုပြောခြင်းကို အဘယ့်ကြောင့်  ထောက်ခံသူများ ရှိနေကြသနည်းဆိုသည်ကို ပြောရလျှင် တော်လှန်ရေးသပွတ်အူထဲက ဇာတ်ဝင်ခန်းတစ်ခန်းသာ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုဇာတ်ဝင်ခန်းကို အစ ပြုရခြင်းအကြောင်းထဲတွင် တော်လှန်ရေးသည် ငါးနှစ်ကာလအတွင်း ဖြတ်သန်းလာပြီဖြစ်သော်လည်း အဘက်ဘက်က ကျရှုံးလာရသည့် လက္ခဏာများကို မြင်လာသောကြောင့် ဆောက်တည်ရာမရ နည်းလမ်းရှာဖွေရာက အစပြုသည်ဟု ဆိုနိုင်ပါသည်။ 
    တော်လှန်ရေးဘက်အခြမ်းတွင် တော်လှန်ရေးကာလလေးနှစ်ကျော်ကျော် တော်လှန်ပြီးချိန်တွင် တော်လှန်ရေးမအောင်နိုင်သည်ကို ရိပ်စားမိလာပြီး နည်းဗျူဟာပြောင်းရန် ကြံဆောင်လာခြင်းဖြစ်သည်။ ထိုနည်းဗျူ ဟာပြောင်းလဲရန် ကြံဆောင်ခြင်းသည် တော်လှန်ရေး မအောင်မြင် သည်ကို ဖုံးကွယ်ရန် တစ်နည်းအားဖြင့် NUG ၏ အပြစ်များကို ဖုံးကွယ်ရန် ကြံဆောင်လာခြင်းမှသည် ပြဿနာစလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။တစ်နည်းအားဖြင့် ကျရှုံးနေသော တော်လှန်ရေးကို ဖုံးကွယ်ရန် NUG က LPDF များကို ချနင်းလိုက်ခြင်းဖြင့် အဖတ်ဆယ်နေခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ NUG ၏ ချနင်းခံရသည့် LPDF များသည် နေရင်းထိုင်ရင်း အလိုလို တော်လှန်ရေး၏ဖျက်ဆီးရေးသမား၊ တော်လှန်ရေး၏ အမှိုက်များ ဖြစ်သွားကြရလေသည်။

မအောင်မြင်သည့် တော်လှန်ရေး၏ သားကောင်
    တော်လှန်ရေး ငါးနှစ်တာ ပြည့်ပြီးချိန်တွင် NUG အတွက် လက်ဆုပ်လက်ကိုင်ပြစရာ အောင်မြင်မှု မယ်မယ်ရရ မရှိခဲ့ပေ။ အောင်မြင်မှု မယ်မယ်ရရသာ မပြနိုင်ပေမယ့် NUG အစိုးရ၏ ငွေကြေးအရှုပ်တော်ပုံ ပြဿနာများ၊ အဂတိလိုက်စားမှုများ၊ ဖုံးမရဖိမရပြဿနာ ပေါင်းများစွာအတွက် သားကောင်တစ်ကောင် ရှာဖွေရန် လိုအပ်လာခဲ့သည်။ တစ်ဖက်တွင်လည်း NUG သည် အစိုးရဟုသာ ခေါင်းစဉ်တပ်ထားပြီး တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းလည်း တစ်စက်မှ ရှိမနေခဲ့ပေ။ ဤကဲ့သို့ ပြဿနာပေါင်းများစွာ တက်နေပြီး အောင်မြင်မှု မရရှိသည့် တော်လှန်ရေးထဲတွင် NUG နှင့် ပူးပေါင်းရမည် ဆိုသည်ထက် NUG ကို အပြီးတိုင်ဖျက်သိမ်းပြီး အစိုးရသစ်ဖွဲ့ရန်တောင်းဆိုသည့် Third Party အဖွဲ့အစည်းများလည်း ပေါ် ပေါက်လာခဲ့သည်။
    ထို Third Party ပေါ်ပေါက်လာခြင်းသည် NUG နှစ်ခြမ်းကွဲခြင်းလောဟု ထင်မှတ်နေသူများ ရှိနေသကဲ့သို့ ထိုအခြေအနေကို ပို၍ အကြိုက်တွေ့သော NUG ဘက်တော်သားများလည်း အများအပြား ရှိနေခဲ့သည်။ အကြိုက်တွေ့သည့် NUG ဘက်တော်သားများသည် တော်လှန်ရေးမအောင်မြင်ချိန် အပြစ်ရှာလက်ညှိုးထိုးစရာ အဖွဲ့တစ်ခုပေါ်လာသဖြင့် ပို၍ဝမ်းသာကြသူက များလေသည်။ ထို့ကြောင့် Third Party ပေါ်ပေါက်လာခြင်းကို တော်လှန်ရေးအဖွဲ့ တူသူအချင်းချင်းဟု NUG ဘက်က သဘောမထားနိုင်ဘဲ ထိုင်ခုံလုသည်ဟု သဘောထားကာ ဝိုင်းဝန်း တိုက်ခိုက်၍ ပြဿနာရှာခြင်းဖြင့် အပြစ်ဖို့စရာ သားကောင် ရလာခဲ့လေသည်။ Third Party ဘက်ကလည်း တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း ရမည်ဟုဆိုကာ NUG ၏ MOD လက်အောက်မဝင်သော တော်လှန်ရေးလက်နက်ကိုင် ၁၉ ဖွဲ့ဖြင့် တော်လှန်ရေး တပ်ပေါင်းစု ဖွဲ့စည်းခဲ့သည်။ သည်အခြေအနေက NUG အတွက် ပြဿနာရှိလာပြီဖြစ်သည်။ 
    ထို့ကြောင့် NUG ၏ MOD လက်အောက်ခံ မဝင်သည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို NUG က EAO များနှင့်ပေါင်း၍ နှိမ်နင်းလေတော့သည်။ NUG ၏ MOD လက်အောက်မဝင်ရသည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များတွင်လည်း MOD လက်အောက် မဝင်ရသည့် အကြောင်းပြချက်က ခိုင်ခိုင်မာမာ ရှိနေခဲ့ သည်။ NUG က အစိုးရဆိုလျှင် MOD လက်အောက်သို့ ဝင်ရောက်ကာ တော်လှန်ရေးလုပ်သူများကို လက်နက်ခဲယမ်း၊ ချပ်ဝတ်တန်ဆာမှအစ စားရေရိက္ခာ ဆေးဝါးထောက်ပံ့မှု ပေးနိုင်ရမည်ဟု ဆိုကြလေသည်။ NUG ဘက်ကလည်း ထိုအချက်ကို ဖုံးကွယ်ထားပြီး တော်လှန်ရေးတစ်စင်ထောင်သည်ဟု အသံလွှင့်ပြီး အပြတ်ရှင်းရန် အားထုတ်ကြလေသည်။ ဤကဲ့သို့ဆိုလျှင် MOD အောက်သို့ဝင်သည့် လက်နက်ကိုင်များက NUG ၏ အထောက်အပံ့များ ရရှိနေ၍လောဟု မေးစရာရှိလာလေရာ မစို့မပို့ ထောက်ပံ့မှု မစားရတစ်လှည့် ငတ်တစ်လှည့်သာရသည်ဟု ဖြေရမည်ဖြစ်သည်။
    ထိုကဲ့သို့ မစားရတစ်လှည့် ငတ်တစ်လှည့်အထောက်အပံ့ဖြင့် NUG ၏ MOD အောက် အဘယ့်ကြောင့် ဝင်ကြသနည်းဟုဆိုလျှင် အပြန်အလှန် မကောင်းမှုလုပ်ရာတွင် ခေါင်းခံမည့်သူရှိသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ MOD အောက်က PDF အဖွဲ့များ ဂိတ်ဖွင့်၍ဆက်ကြေး ထင်ရာစိုင်း ကောက်ခံခြင်း၊ လူသတ်မုဒိမ်းမှုများအတွက် အရေးယူမည့်အဖွဲ့ မရှိခြင်းနှင့် ပြန်ပေးဆွဲငွေညှစ်ခြင်းအပါအဝင် အဖျက်အ မှောင့်လုပ်ရပ်မှန်သမျှ တော်လှန်ရေးခေါင်းစဉ်အောက် ရောက်သဖြင့် အပြစ်လျော့ ပါးကုန်ကြသည်။ ထို့အပြင် သဘာဝသယံဇာတ အလွန်အကျွံတူးဖော်ခြင်း၊ သစ်မှောင်ခိုလုပ်ခြင်းအပြင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အကာအကွယ်ရနေသဖြင့် NUG နှင့် PDF လက်နက်ကိုင်များ အပြန်အ လှန် အကျိုးပြုနေကြလေသည်။ ထိုအခွင့်အရေး ရခြင်းကြောင့် NUG ၏ MOD လက်အောက်ငြိမ်နေသည့် PDF အဖွဲ့ကများသည်။ MOD လက်အောက်မဝင်သည့် တော်လှန်ရေးအဖွဲ့များထဲက ဗိုလ်နဂါး၏ BNRA အဖွဲ့ သည် ပထမဆုံး ချေမှုန်းခံရသောအဖွဲ့ ဖြစ်လာသည်။နောက်ထက် MOD လက်အောက် မဝင်သည့် မောင်ဆောင်းခ၏ BPLA အဖွဲ့နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတို့သည့် NUG ၏ ချေမှုန်းခံရမည့် ပစ်မှတ်များ ဖြစ်လာနေခဲ့သည်။ အကြောင်းက MOD လက်အောက်သို့ မဝင်ရောက်သောကြောင့်ဟု အကြောင်းပြသော်လည်း အဓိက အကြောင်းအရင်းက ကျရှုံးနေသော တော်လှန်ရေးနှင့် NUG ၏ အဂတိမှုများကို ဖုံးကွယ်ရန် ကြိုးစားခြင်းက ပဓာနကျပါသည်။ 
    သို့မို့ကြောင့် လက်ရှိ တော်လှန်ရေးမအောင် မြင်ရခြင်းသည် LPDF များကြောင့်ဟု ခဲတစ်လုံးပစ်ထည့်ထားကာ ထိုခဲနောက်သို့ အုံနှင့်ကျင်းနှင့် ဝိုင်း၍ကိုက်သည့် အခြေဆိုက်လေတော့သည်။ LPDF များအနေနှင့် PDF များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ညှိနှိုင်းမှုအဆင် ပြေသည်ဆိုသည့် သတင်းစကားတစ်ခုမှ မထွက်ပေါ်သေး၍ NUG ဘက်က မည်သည့်အချိန် တိုက်ခိုက်လာမည်ကို စောင့်စားနေရသည့် သဘောမျိုး အသံထွက်၍ လာနေလေတော့သည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေပြီ
    'ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေပြီ}ဆိုသည့် ဖုန်းအော်ပရေတာတစ်ခု၏ ကြော်ငြာကို အမှတ်ရသွားမိသည်။ တစ်ဖက်တွင် ကမ်းပြိုချိန် တစ်ဖက်တွင် သောင်ထွန်းဆိုသည့် ဆိုရိုးစကားက အကြိမ်ကြိမ်မှန်ခဲ့သည့် ရှေးလူတို့၏ မှတ်ချက်ဟုလည်း သတိ ထားမိပါသည်။ မတ် ၁၆ ရက် နံနက်တွင် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကို ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကို ခန့်အပ်လိုက်ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌကို ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ဤသို့ခန့်အပ်လိုက်ခြင်းက မြန်မာနိုင်ငံ၏ တစ်ကျော့ပြန် ဒီမိုကရေစီခရီးလမ်းကို  စတင်အသက် သွင်းလိုက်နိုင်ခြင်းပင်ဖြစ်သည်။ ဤခရီးလမ်းကို စတင်အသက်သွန်းရန် တာဝန်ယူခဲ့သော တပ်မတော် ဘက်က ပန်းခင်းသည့်လမ်းကို လျှောက်လမ်းခဲ့ရ ခြင်းမဟုတ်ဘဲ ခယောင်းလမ်းကို ဖြတ်ကျော်ပြီးမှ ဒီမိုကရေစီလမ်း ချောမွေ့စေရန် များစွာအားထုတ်ခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ 
    တစ်ကျော့ပြန် ဒီမိုကရေစီခရီး ပြန်လည်လျှောက်လှမ်းနိုင်စေရန် အစပြုခဲ့သည့်ဖြစ်စဉ်က NLD အစိုးရ၏ မဲမသမာမှုဖြစ်စဉ်က စခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ NLD ၏ မဲမသမာမှုဖြစ်စဉ်များကို တာဝန်ရှိသည့် လူကြီးများက တာဝန်ယူမှု၊ ခေါင်းခံမှုဖြင့် မဖြေရှင်းဘဲ လူထုကို လမ်းပေါ်ထွက်စေသည့် နည်းလမ်းဖြင့် တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းပြီး NLD ပါတီလူ ကြီးများနှင့်အတူ တိုင်းပြည်ကို ချောက်ထဲ အတူတူဆွဲချသွားခဲ့သည်။ ထိုအကျိုးဆက်ကြောင့် နိုင်ငံ့ဝန်ထမ်းများ CDM လုပ်ရင်း ဘဝပျက်သွားသူများစွာ ရှိခဲ့သည့်အပြင်  လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့မှုကြောင့် လူငယ်လူရွယ်များ၏ အနာဂတ်ကို ချနင်းခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်ကြောင့် တည်ငြိမ်အေးချမ်းသည့်မြို့ရွာများစွာ ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူများစွာလည်း အိုးအိမ်ပျက်စီးဆုံးရှုံးမှုများအပြင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
    သည်ပြဿနာများ၏ အစက အထက်တွင်ဆို ခဲ့သည့်အတိုင်း NLD အစိုးရခင်းခဲ့သည့် လမ်းဖြစ်ပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ငါးနှစ်ကျော်ကြာကင်း ကွာသွားခဲ့ရသည်။ ငါးနှစ်ကျော်ဆိုသည့် အချိန်သည် အလွယ်တကူ သာသာယာယာ ကုန်လွန်ဖြတ်ကျော်ခဲ့ရ သည်မဟုတ်ဘဲ အဖျက်အမှောင့်လုပ် ရပ်များစွာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ပြီးမှ ဒီမိုကရေစီကို တစ်ကျော့ပြန် အသက်သွင်းခဲ့ရသည့် ခရီးဖြစ် သည်ဟု ဆိုနိုင်ပါသည်။ သည်အခြေအနေကို အဖျက်အမှောင့်လုပ်သူတို့ကတော့ တပ်မတော်အတွက် ထွက်ပေါက်ဟု အသံကုန်အော်ဟစ်ခဲ့ကြသော်လည်း ယနေ့အခင်းအကျင်းအရ နိုင်ငံတော်နှင့် ပြည်သူ တို့တွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာခဲ့ပြီဟု ဆိုနိုင်ပါသည်။ 
    ငါးနှစ်ကျော်ကာလကို လည်ပြန်ကြည့်လျှင် တစ်ဖက်အဖွဲ့အစည်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အခက်အခဲပေါင်းစုံကို ဖန်တီးခဲ့သူများဟု ပြောလျှင်ရနိုင်ပါသည်။ ပြည်သူလူထု အမြဲတစေ အထိတ်တလန့်ဖြစ်စေရန်၊ တည်ငြိမ်မှုပျက်ပြားစေရန် မျိုးစုံခြောက်လှန့်ပြီး တော်လှန်ရေးခေါင်းစဉ်တပ်ကာ နိုင်ငံတကာအ ထောက်အပံ့မျှော် စားသောက်မှုများ၊ အလှူငွေကောက် ခံစားသောက်မှုများဖြင့် သာယာနေကြသည်။ တရားဥပဒေစိုးမိုးမှုမရှိသည့် အရပ်ဒေသတွင် လက်နက်အားကိုးဖြင့် သဘာဝမြစ် ချောင်းများကို သယံဇာတအလွန်အကျူး တူးဖော်ခြင်း၊ သစ်ခိုးထုတ်ခြင်း၊ မူးယစ်ကုန်ကူးခြင်းများဖြင့် တော်လှန်ရေးခေါင်းစဉ်အောက်က အမြတ်ထုတ်ခဲ့၊ အမြတ်ထုတ်နေဆဲပင် ဖြစ်သည်။
    သို့မို့ကြောင့် တော်လှန်ရေးသမားဆိုသူတို့နှင့် NUG တို့ အကြောက်ဆုံးဖြစ်ရပ်မှာ တပ်မတော် အစိုးရက ဒီမိုကရေစီကို အသက်ပြန်လည်သွင်းပေးမည်ကို သေမလောက်ကြောက်နေကြသည်။ အဘယ့်ကြောင့် သေမလောက် ကြောက်နေကြသနည်းဟုဆိုလျှင် လက်ရှိလုပ်နေသော တရားဥပဒေမဲ့ လုပ်ရပ်များကို စွန့်လွှတ်ရမည့်အပြင် တော်လှန်ရေးခေါင်းစဉ်အောက်က အချောင်ရမည့်အရာများကို စွန့်လွှတ်ရမည်ကို ကြောက်နေကြခြင်းဖြစ်သည်။ အထက်တွင်ဆိုခဲ့သည့် NUG အဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့များ အပြန်အလှန် အကျိုးပြုကြသည်ဟု ဆိုခဲ့ရာကို ထင်ရှားသည့်သာဓကပြရလျှင် လတ်တလော NUG ၏ မကွေးတိုင်းဝန်ကြီး ခန့်အပ်မှုကိုကြည့်လျှင် ကောင်းကောင်းကြီး သိနိုင်ပေသည်။ အညာဒူဘိုင်းကို ထူထောင်ခဲ့သည့် ဗိုလ်လက်ယာကို မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် NUG က ခန့်အပ်လိုက်လေသည်။ ဗိုလ်လက်ယာဆိုသူသည် မြိုင်မြို့နယ် ရေနံမြေအခွန်အခများနှင့် အညာဒူဘိုင်း ထူထောင်ခဲ့သူဖြစ်ပြီး ဗဟင်းကျေးရွာ ပ.အ.ဖ တာဝန်ခံ ဦးလှအောင်ကို သတ်ခဲ့သည့်အမှုအပါအဝင် ပြစ်မှုပေါင်း ၁၀ ခုထက် မနည်းဖြင့် စွပ်စွဲခံနေရသူ ဖြစ်လေသည်။
    ဤနေရာတွင် NUG နှင့် လက်နက်ကိုင် PDF တို့ အပြန်အလှန်အကျိုးပြုလျှင် NUG က မသိကျိုးကျွန် ပြုထားပြီး ဗိုလ်လက်ယာလောက် ပြစ်မှုမရှိသူ ဗိုလ်နဂါးကို အမြစ်ပြတ်ချေမှုန်းခြင်းနှင့် နှိုင်းယှဉ်လျှင် တော်လှန်ရေး၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ NUG အနေနှင့် မကောင်းမှုအတူတူပြု သူတို့ စည်းစည်းလုံးလုံးရှိခြင်းကို ပို၍ အလိုရှိနေပြီး ပြည်သူ့အတွက်ဆို သည့်စကားက သိုးရေခြုံထား သော ဝံပုလွေ၏စကား သာဖြစ်သည်ကို ကောင်းကောင်းနားလည်နိုင်ပါသည်။ တော်လှန်ရေးသမားတို့၏ လက်သုံးစကားဖြစ်သော ဓမ္မကသာ အနိုင်ရစမြဲဆိုသည့် စကားအတိုင်း NUG ၏ မကောင်းမှုလုပ်သူတို့နှင့် ညီညွတ်နေခြင်းက တော်လှန်ရေး၏ နိဂုံးပိုင်းတစ်ဖက်ကမ်းတွင် သောင်ပြိုနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်အသက်ဝင်ခြင်းက တစ်ဖက်က သောင်ထွန်းလာခြင်းပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။  ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61067

© 2022 - 2026 News. All Rights Reserved.