နေပြည်တော် ဘိုးဘိုးကြီး

သမ္မတကို ညာလို့မရပါ
    နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာတွင် ထုတ်လုပ်မှုသည် အခြေခံအကျဆုံး အင်အားတစ်ရပ် ဖြစ်သည်။
    မြန်မာနိုင်ငံကဲ့သို့ ကျေးလက်နေပြည်သူ များပြားပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့်နီးကပ်စွာ ဆက်နွှယ်နေသည့်နိုင်ငံအတွက် စိုက်ပျိုးရေးကဏ္ဍသည် အစားအစာ ဖူလုံရေးအတွက်သာမက အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့် အခြေခံကဏ္ဍတစ်ရပ် ဖြစ်သည်။
    စက်တင်ဘာ ၂၁ ရက်က နေပြည်တော် MICC-I   တွင် ကျင်းပခဲ့သည့် “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှ အမျိုးသားထုတ်ကုန်များ တိုး တက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ”သို့ ဘိုးဘိုးကြီး တက်ရောက်ဖြစ်ခဲ့သည်။
    ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ယောက်က ပြည်ခိုင်ဖြိုးပါတီ CEC တစ်ယောက်ကို “ကျွန်တော်က သာမန်ပါတီဝင်ဆိုတော့ CEC ကြီးကို ကြောက်ပါတယ်”ဟု နောက်နေသည်ကိုလည်း ကြားလိုက်ရသည်။
    ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားသည်။ မိန့်ခွန်းကို အသေအချာ နားထောင်ကြည့်ပါက နိုင်ငံကို အုပ်ချုပ်နေသူတစ်ယောက်အနေဖြင့် ကိုယ့်နိုင်ငံအကြောင်း ဘယ်လောက်အထိ  သိနေသည်မှာ ပေါ်လွင်လှပါသည်။
    ဆီထွက်သီးနှံတွေ အများအပြား စိုက်ပျိုးနေသည့်နိုင်ငံက နိုင်ငံခြားကနေ ဆီပြန်သွင်းနေရတာ ရှက်ဖို့ကောင်းကြောင်း၊ လမ်းခရီးတွင် ဂိတ်တွေ များနေခြင်းသည် ကုန်ဈေးနှုန်းကြီးရသည့် အကြောင်း အရင်းတစ်ခု ဖြစ်ကြောင်း စက်သုံးဆီကို စုံ၊ မ သတ်မှတ်၍ QR စနစ် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေါ်လာ သုံးဘီယီလံခန့် သက်သာသွားကြောင်း စသည်ဖြင့် အကြောင်းအရာအစုံ ပါဝင်သည်။
    ထို့အပြင် သမ္မတကြီး၏ မိန့်ခွန်းတွင် မြန်မာစိတ်ဓာတ်ကိုပါ တွေ့လိုက်ရသည်။ ကမ္ဘောဒီးယားခရီးစဉ်အတွင်း ကမ္ဘောဒီးယားက ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို အကြိမ်ကြိမ်ရရှိခဲ့သည့် ဆန်တစ်မျိုးဖြင့် ဧည့်ခံကျွေးမွေးခဲ့သော်လည်း သမ္မတကြီး၏ စိတ်ထဲ၌ မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်လောက် အနံ့အရသာ ပြည့်စုံခြင်းမရှိဟု ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရန် သမ္မတကြီး မျှော်လင့်နေသည်။ စပါးအပါအဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်း မရရှိခြင်းအပေါ်ကိုလည်း  အလေးအနက်ထား၍ ပြောကြားခဲ့သည်။ တစ်ဧက ပန်းတိုင်အထွက် နှုန်းဆိုသည်မှာ စိတ်ကူးယဉ်ပြီး ပေးထားသည့် ကိန်းဂဏန်းများ မဟုတ်ကြောင်းနှင့် သေသေချာချာ သုတေသနပြုလုပ်၍ ရရှိလာသည့် အချက်အလက်များအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်းအတိုင်း အမှန်တကယ် ထွက်ရှိပါက နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    သမ္မတကြီး၏ မိန့်ခွန်းကို နားထောင်ပြီးနောက် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည့် သမ္မတကြီးသည် ထိုနိုင်ငံများ၏ ခေတ်မီတိုးတက်မှု အချို့ကို စိုက်ပျိုးရေးနိုင်ငံချင်းအတူတူ မိမိတို့နိုင်ငံထက် သေးငယ်သည့်နိုင်ငံများက စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဒေါ်လာဝင်ငွေများစွာရနေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် တိုင်းပြည်အတွက် မချင့်မရဲစိတ်တွေ ဖြစ်နေမိသည်ဟု ဘိုးဘိုးကြီး ယူဆမိသည်။
    ဘိုးဘိုးကြီးတစ်ယောက် အလုပ်ရုံဆွေးနွေးပွဲ ကနေတစ်ဆင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတက အားလုံး သိနေသည်ဆိုသော Messege တစ်ခုရခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးဝန်ကြီးချုပ်တွေ သမ္မတကို ညာလို့မရမှန်း သိသွားလောက်ပြီဟု ထင်မိသည်။ အမှန်အတိုင်း တင်ပြပြောဆိုခြင်းမရှိသူများ အစိုးရအဖွဲ့တွင် ရေရှည်ပါဝင်ရန် မဖြစ်နိုင်ဟု တွက်ဆမိပါသည်။

သရုပ်ဆောင်ကောင်းတဲ့ အကြမ်းဖက်အားပေးတွေကိုယုံမိသူတို့ရဲ့ ဒုက္ခ
    ဆယ်လီ သမီးဆိုးတစ်ယောက်ပြင်ဦးလွင် အချုပ်ထဲမှာ နှစ်ပတ်နေခဲ့ရစဉ် ကြုံတွေ့ခဲ့ရသည့် PDF လင်မယားနှစ်ယောက်အကြောင်းမှာ ငိုအားထက်ရယ်အားသန် ဖြစ်ရသည်။
    “တစ်ရက် ရှမ်းပြည် ဓနု PDF အလင်းဝင် ညီမလေးတစ်ယောက်နဲ့ စကားထိုင်ပြောမိတော့ သူနဲ့သူ့ အမျိုးသားက အတူတူ PDF ထဲ ဝင်ခဲ့ကြတာ။ သူ့အသက်က (၂၄)နှစ် သမီးလေးနှစ်ယောက်ရှိတယ်။ အမျိုးသားက တိုက်ပွဲမှာကျသွားလို့ သူအခု မုဆိုးမဘဝနဲ့ အလင်းလာ ဝင်တာလို့ ရင်ဖွင့်တယ်။
    သမီးတို့ လင်မယားနှစ်ယောက် ဘာကြောင့် တောင်ယာလုပ်ကိုင်စားနေရာကနေ PDF ထဲ ဝင်သွား ဖြစ်တာလဲ မေးတော့ -
    မင်းမော်ကွန်းမိသားစု တောထဲမှာ မှိုချိုး မျှစ်ချိုးနဲ့ တော်လှန်ရေးလုပ်လို့ သူလို မင်းသားတောင်မှ တောထဲမှာ နေသေးတာ။ ငါတို့က ဘာလို့ တောထဲမှာ စစ်မတိုက်နိုင်ရမှာလဲဆိုပြီး  PDF ထဲ ဝင်လိုက်တာ မားဆိုးတဲ့။ အခုတော့ သမီး မုဆိုးမဘဝနဲ့ သမီးလေး နှစ်ယောက်ကို လူဖြစ်အောင် ဆက်မွေးရဦးမယ်လို့ မျက်ရည်လေးတွေ ဝိုင်းပြီး ပြောရှာတယ်။
    မင်းမော်ကွန်း အခု ဘယ်ရောက်နေလဲ သမီးသိလားလို့ မေးတော့- 
    မသိဘူး တောထဲမှာပဲ ထင်တယ်တဲ့။
    မင်းမော်ကွန်းတို့ မိသားစုက သြစတြေးလျ နိုင်ငံမှာ၊ ဖြူဖြူကျော်သိန်းက ပြင်သစ်မှာ၊ Rဇာနည် မိသားစုက အမေရိကားမှာ၊ ချစ်သုဝေနဲ့ လင်းလင်း မိသားစုက ရောက်ပြီး မကြာဘူး ဒေါ်လာ ငါးသိန်း ကျော်တန် အိမ်ကြီးဝယ်ပြီး သမီးလေးတွေရဲ့ ပညာရေးအတွက် ပေးဆပ်နေကြတယ်။ အခြားအနုပညာရှင်တွေ၊ အဆိုတော်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေ အားလုံး ဘယ်သူမှတောထဲ မရှိကြတော့ဘူး။ တတိယနိုင်ငံမှာ အားလုံးအခြေကျပြီး အိုးသစ်အိမ်သစ်တွေ၊ ကားတွေနဲ့ ကုမ္ပဏီတွေ၊ ဆိုင်တွေဖွင့်ပြီး နေကုန်ကြပြီလို့ ကမ္ဘာ့သတင်းအမှန်ကို ပြောပြခဲ့ရသေးတယ်။ သူပြောတာ နားထောင်ပြီး ကျွန်မသွေးတက်”ဆိုကာ ရေးသားထားခြင်းဖြစ်သည်။
    မည်သည့်အကြောင်းအရာကိုမဆို ဆုံးဖြတ်ရာတွင် စိတ်ခံစားချက်တစ်ခုတည်းကို အခြေခံမည့် အစားအချက်အလက်များကို စိစစ်သုံးသပ်ရန် လိုအပ်သည်။ နာမည်ကျော်သူများ၏ စကား၊ လူမှုကွန်ရက်ပေါ်မှ ပုံရိပ်များနှင့် ပြောဆိုချက်များသည် အပြင်ပန်းအားဖြင့် စိတ်လှုပ်ရှားဖွယ် ကောင်းနိုင်သော်လည်း လက်တွေ့ဘဝ၏ အကျိုးဆက်များကို ခံစားရသူများမှာ သာမန်ပြည်သူများပင် ဖြစ်နိုင်သည်။
    ထို့ကြောင့် မည်သူမည်ဝါ၏ စကားဖြစ်သည် ဆိုသည်ထက် ထိုစကား၏ နောက်ကွယ်ရှိ အချက်အလက်၊ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်နှင့် မိမိဘ၀အပေါ် သက်ရောက်မှုတို့ကို ချိန်ဆ စဉ်းစားသင့်သည်။ အထူးသဖြင့် လူငယ်များအနေဖြင့် နာမည်ကြီးသူများ၏ ပြောဆိုချက်များကို မျက်စိမှိတ် ယုံကြည်ခြင်းမပြုဘဲ မိမိဘဝနှင့် မိသားစုအနာဂတ်ကို ထည့်သွင်း စဉ်းစားဆုံးဖြတ်နိုင်မှသာ နောင်တရစရာများကို လျှော့ချနိုင်မည်ဖြစ်သည်။

ငှက်ပျောဖက်စား ဝန်ကြီး၏ အရှက်မရှိသော အလှူခံနည်း
    လက်ရှိကာလတွင် တော်လှန်ရေးအမည်ခံ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုများ၊ ရန်ပုံငွေ ကောက်ခံမှုများနှင့် စီမံခန့်ခွဲပုံတို့သည် သာမန် ပြည်သူလူထု၏ အသက်ရှင်ရပ်တည်ရေးနှင့် စီးပွားရေးကို များစွာခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ အထူးသဖြင့် NUG နှင့် PDF တို့၏ လုပ်ဆောင် ချက်များအပေါ် ပြည်သူများအနေဖြင့် ပြန်လည် သုံးသပ်ဝေဖန်လာကြသည်။
    ထမင်းဖိုး တစ်နှစ် ဒေါ်လာ ၁၈ သန်းရှိသည့်အတွက် PRF (ထောက်ပို့) အားကောင်းရန် လိုအပ်သည်ဟူသော ဇော်ဝေစိုး၏ ပြောဆိုချက်များသည် ရန်ပုံငွေများကို မည်မျှအထိ ဆီးသီးဗန်းမှောက် သုံးနေကြသည်ကို ပေါ်လွင်စေသည်။ ထို့နောက် ငှက်ပျောဖက်ခင်း၍ ထမင်းစားနေသည့် ရုပ်သံကို လူမှုကွန်ရက်အပေါ် တင်လိုက်သည့်အခါ ရိက္ခာဖိုး တစ်နှစ်ဒေါ်လာ ၁၈ သန်းက စတီးဇလုံဖိုး မပါသဖြင့် ဝန်ကြီး ကိုယ်တိုင် ငှက်ပျောဖက်နဲ့ စားနေရသည့်အတွက် ‘ငှက်ပျောဖက်စားဝန်ကြီး’ဟု ပြည်သူတွေက နာမည် ပေးကုန်ကြတော့သည်။
    ဇော်ဝေစိုးက ရဲဘော်တစ်ယောက်အတွက် တစ်ရက်ကို ထမင်းဖိုး ကျပ် ၂၀၀၀ လောက် ကုန်ကျကြောင်း၊ တစ်လကို ကျပ် ၆၀၀၀၀ လောက် ကုန်တယ်လို့ ရုပ်သံထဲမှာ ပြောကြားခဲ့သည်။ PDF ၊ ပကဖ ပေါင်းရင် ရဲဘော်တစ်သိန်းရှိကြောင်း ဒီအတွက် တစ်လကို မြန်မာငွေ သိန်းပေါင်းခြောက်သောင်း ကုန်ကျသည်ဟု ဆိုသည်။
    ဒီအတွက် အမေရိကန်ဒေါ်လာနဲ့တွက်လိုက်ရင် ထမင်းဖိုး တစ်လ ဒေါ်လာ ၁ ဒသမ ၅ သန်း၊ တစ် နှစ်ကို ဒေါ်လာ ၁၈ သန်း ကုန်ကျကြောင်း ပြောသည်။
    NUG တစ်နှစ်ဝင်ငွေဟာ သန်း ၅၀ လောက်ပဲရှိကြောင်း ဒီအတွက် လက်နက်၊ ကျည်၊ ယူနီဖောင်းစတဲ့ လိုအပ်ချက်တွေအတွက် အများကြီး အားစိုက်ရသည်ဟု ၎င်းက ပြောသည်။
    “၂၀၂၁ မှ ၂၀၂၅ အထိ လက်သုံးချောင်းထောင်ပြီး သြဇီနဲ့ အမေရိကန်ကို ရောက်သွားတဲ့ လူ ၂၆၀၀၀ ကျော်က တစ်လဒေါ်လာ ၁၀၀ ပုံမှန်ထည့်ရင် ဒေါ်လာ ၂ ဒသမ ၆ သန်းရမယ်။ မြေပြင်ထိန်း ချုပ်ဒေသတွေက ရွှေမျော၊ သစ်၊ ရေနံ၊ ကျောက်မျက်ရတနာ သယံဇာတ ဂိတ်မှောင်ခို မပါသေးဘူ။  PRF တစ်လ ၃၅၀၀၀ မျှော်နေစရာတောင် မလိုဘူး”ဟု ပြည်သူတစ်ယောက်က မှတ်ချက်ပေးသည်။
    ပြည်သူလူထုမှာ ကိုယ်တိုင်ပင် ၎င်းတို့၏ ပယောဂကြောင့် စားဝတ်နေရေး ကျပ်တည်းခက်ခဲနေချိန်တွင် အဆိုပါ ပြည်ဖျက် အဖွဲ့အစည်းများ၏ တရားလွန်ကြီးမားလှသော ကုန်ကျစရိတ်များနှင့် ငွေကြေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့က NUG နှင့် PDF တို့ လမ်းမှားပေါ် ရောက်နေသည်ကို ထင်ထင်ရှားရှား မြင်နိုင်သည်။ 
    “ပြည်သူကျွေးတဲ့ ထမင်းကိုစားပြီးရင် ပြည်သူပိုင်လမ်းတံတားတွေကို မဖျက်ဆီးနဲ့။ တော်လှန်ချင် ထိပ်တိုက်သွားချ။ ပြည်သူတွေရှိတဲ့ မြို့ရွာတွေကို အခြေလာမချနဲ့။ တောထဲမှာပဲနေ၊ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တပ်၊ မင်းတို့ ဖျက်ဆီးနေတာ အစိုးရကို မထိခိုက်ဘူး၊ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို ထိခိုက်တာ”ဟု ပြည်သူများက မှတ်ချက်ပေးကြသည်။
    တော်လှန်ရေးကို ထောက်ပံ့ရမည် ဟူသော အကြောင်းပြချက်ဖြင့် အလှူငွေ ကောက်ခံခြင်း၊ နည်းမျိုးစုံဖြင့် ဖိအားပေးခြင်းတို့ကြောင့် အောက်ခြေပြည်သူ များမှာ ငွေကြေးဆိုင်ရာ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် မြေပြင်ရှိ အောက်ခြေ PDF များဆီသို့လည်း အလှူငွေများ အပြည့်အ၀ ရောက်ရှိခြင်းမရှိဘဲ ခေါင်းဆောင်ပိုင်းနှင့် ကြားခံပွဲစားများ ဖြတ်စားနေကြသည်ဟူသော သတင်းများက NUG နှင့် PDF တို့၏ အုပ်ချုပ်မှုယန္တရားအပေါ် သံသယဝင်စရာ ဖြစ်လာစေသည်။
    သို့ဖြစ်ပါ၍ နိုင်ငံနှင့် ပြည်သူလူထု၏ အနာဂတ်အတွက် အမှန်တကယ် အကျိုးမပြုဘဲ ပြည်သူများ၏ ငွေကြေးကို အလဟဿ ဖြုန်းတီးနေကြသည့် NUG နှင့် PDF များကို ဆက်လက်ထောက်ခံအား ပေးနေခြင်းသည် တိုင်းပြည်ကို ပိုမို ဆိုးရွားသည့် အကျပ်အတည်းထဲသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေပေရာ ယင်းအဖွဲ့အစည်းများ၏ လုပ်ရပ်များကို သတိကြီးစွာဖြင့် သုံးသပ်ဝေဖန် ရှောင်ရှားကြရန် လိုအပ်လှပေသည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66052

© 2022 - 2026 News. All Rights Reserved.