နေပြည်တော် ဘိုးဘိုးကြီး

စေတနာဆိုးများ သတိထားရမည်
    မဆုံတာ ကြာပြီဖြစ်သည့် မီဒီယာသမား မိတ်ဆွေတစ်ယောက်နှင့် ရန်ကုန်မှာ ဆုံဖြစ်ကြသည်။ သူက နိုင်ငံခြားသတင်းဌာနများ အထူး သဖြင့် သြဇာရှိသော မီဒီယာကြီးများ၏ စေတနာဆိုးများအကြောင်း  ဘိုးဘိုးကြီးကို ပြောပြသည်။
    ၁၉၈၀ ပြည့်နှစ်အတွင်းက ဝါရှင်တန်ပို့စ်မှ သတင်းထောက် ဂျက်နက်ကွတ်ခ်သည် စိတ်ကူးယဉ် လုပ်ကြံရေးသားသည့် သတင်းဆောင်းပါးတစ်ပုဒ်ဖြင့် သတင်းစာပညာလောကတွင် အမြင့်ဆုံးဆုဖြစ်သော ပူလစ်ဇာဆုကို ရယူနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အလိမ်ပေါပြီး ဆုပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် နယူးယောက်တိုင်းမ်စ်မှ သတင်းထောက် ဂျေဆန်ဘလဲသည် သတင်းများစွာတွင် အချက်အ လက်များနှင့် ကိုးကားချက်များကို လုပ်ကြံဖန်တီးရေးသားခြင်း ပြုလုပ်ခဲ့သဖြင့် အယ်ဒီတာချုပ်အပါအဝင် ရာထူးမှ နုတ်ထွက်ခဲ့ရမှု ဖြစ်ပွားခဲ့သလို USA Today မှ နိုင်ငံတကာ သတင်းထောက်ဂျက်ကယ်လီသည်လည်း အဓိက သတင်းအချက်အလက်များကို လုပ်ကြံရေးသားခဲ့ကြောင်း ၂၀၀၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။  ထို့အပြင် ပြီးခဲ့သည့်နှစ်က BBC ၏ နိုင်ငံရေးသတင်း ဖြတ်ညှပ်ကပ်မှု အရှုပ်တော်ပုံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းမှ ပြောကြားချက်များကို အဓိပ္ပာယ်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တည်းဖြတ်ထုတ်လွှင့်ခဲ့ရာ ထရမ့်က ၎င်းအား ထောက်ခံသူများကို အကြမ်းဖက်ရန် တိုက်ရိုက်လှုံ့ဆော်နေသကဲ့သို့ လူထုကို အထင်အမြင်လွဲမှားစေခဲ့သည်။ လိမ်လည်မှုပေါ် ပေါက်သွားသည့်အခါ BBC ဥက္ကဋ္ဌက လူထုကို တရားဝင်တောင်းပန်ခဲ့ရပြီး ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီ နှင့် သတင်းဌာနအကြီးအကဲ ဒီဘိုရာတန်းနက်တို့ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ သို့တိုင် ၎င်းတို့မမှား ကြောင်း ခေါင်းမာမာနှင့် ဗြောင်ကျကျ ငြင်းကွယ်သွားခဲ့ကြသည်။ ၂၀၂၅-၂၆ အတွင်း ြဃြက ထုတ်လွှင့်ခဲ့သည့် ဂါဇာစစ်ပွဲ မှတ်တမ်းတင်ရုပ်ရှင်တွင် အဓိကဇာတ်ကြောင်း ပြောပြသူ ကလေးငယ်၏ဖခင်သည် ဟားမက်စ်အဖွဲ့၏ အရာရှိတစ်ဦးဖြစ်သည်ကို ဖုံးကွယ်ထားခဲ့ရာ ပေါ်ပေါက်ခဲ့သဖြင့် မီဒီယာစောင့်ကြည့် ရေးအဖွဲ့၏ အရေးယူခြင်းကို ခံခဲ့ရပြန်သည်။
    သတင်းတစ်ပုဒ်ကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ တီဗွီ၊ အွန်လိုင်း စသည့် မီဒီယာများမှတစ်ဆင့် ဖော်ပြထုတ်လွှင့်လိုက်သည့်အခါ နောက်ဆက်တွဲ အကောင်းအဆိုး အကျိုးဆက် ဂယက်ရိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်လေ့ရှိသည်။ 
    သို့ဖြစ်ရာ သတင်းသမားများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများမှာ သတင်းရေးသားထုတ်ပြန်မှုများနှင့် စပ်လျဉ်း၍ အခြေခံစည်းမျဉ်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားများ၊ တစ်နည်းအား ဖြင့် မီဒီယာကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြရသည်။ 
    ကမ္ဘာတစ်ဝန်းတွင် ကျင့်သုံးနေကြသည့် သတင်းမီဒီယာကျင့်ဝတ်များမှာ မှန်ကန်တိကျမှုရှိခြင်း၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိခြင်း၊ မျှတမှုရှိခြင်းနှင့် ဘက်လိုက်မှုကင်းရှင်းခြင်း၊ ကိုယ်ရေးလုံခြုံမှုကို လေးစားခြင်းနှင့် မှားယွင်းမှုတို့ကို ပြန်လည်ပြင်ဆင်ခြင်း စသည့် ယေဘုယျအချက်များတွင် အတူတူပင် ဖြစ်သည်။
    သတင်းအချက်အလက်များသည် အမှန်တရားနှင့် ကိုက်ညီရမည်ဖြစ်ပြီး သတင်းအရင်းအမြစ်များကို စိစစ်ရမည်ဖြစ်သည်။ အငြင်းပွားဖွယ်ရာ ကိစ္စများတွင် ဘက်နှစ်ဖက်လုံး၏ အမြင်များကို မျှတစွာ ဖော်ပြရမည်ဖြစ်သည်။ ထိခိုက်နစ်နာနိုင်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာယကံရှင်၏ ခွင့်ပြုချက်မရှိဘဲ မဖော်ပြရန်နှင့် သတင်းတွင် အမှားအယွင်း ပါရှိလာပါက အမြန်ဆုံးနှင့် လူသိရှင်ကြား ထင်ရှားစွာ အမှန်ကို ပြန်လည်ပြင်ဆင် ဖော်ပြပေးကြရမည်ဖြစ်သည်။
    အထက်ပါ အကြောင်းအရာများသည် သတင်းမီဒီယာလောကထဲသို့ မနေ့တစ်နေ့ကမှ ဝင်လာသည့် သတင်းထောက် ပေါက်စလေးပင် သိရမည့်အခြေခံအချက်များ ဖြစ်သည်။
    သို့ရာတွင် နိုင်ငံတကာ သတင်းမီဒီယာလောကတွင် သတင်းအမှား ရေးသားထုတ်လွှင့်ခြင်း၊ သတင်းကူးယူဖော်ပြခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုချိုးဖောက်ခြင်း စသည့် ကျင့်ဝတ်ဖောက်ဖျက်မှု များ သမိုင်းတစ် လျှောက်တွင်အများအပြား ဖြစ်ပွားခဲ့သည်။ 
    အဆိုပါ ချိုးဖောက်မှုများကြောင့် မီဒီယာများအပေါ် ယုံကြည်ကိုးစားမှုကို ကျဆင်းစေသည်။ သြဇာကြီးမားသည့် မီဒီယာကြီးများမှ သတင်းထောက်အချို့သည် မိမိတို့ရယူရေးသားသည့် သတင်းများကို ပိုမိုစိတ်ဝင်စားစရာ ကောင်းလာစေရန်အတွက် သတင်းဖြစ်ရပ်များ၊ အင်တာဗျူးများ စသည်တို့ကို လုပ်ကြံရေးသားခဲ့ကြသည်။ 
    မကြာသေးမီက တိုင်းမ်မဂ္ဂဇင်းမှ သတင်းထောက် ချာလီကမ့်ဘဲလ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း အွန်လိုင်းမီဒီယာ၌ ပြန် လည်ဖော်ပြခဲ့ရာတွင်မှု နိုင်ငံတော်သမ္မတ၏ အမှန်တကယ် ဖြေကြားခဲ့သည်များကို ထင်ဟပ်ခြင်းမရှိဘဲ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင် လွဲမှားစေမည့် အရေးအသားမျိုးဖြင့် ရေးသားလွှင့်တင်သွားခဲ့သည်။ 
    ဤသည်မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အနောက်တိုင်းမီဒီယာများ၏ စေတနာဆိုးများ မျက်ဝါးထင်ထင် မြင်လိုက်ရခြင်း ဖြစ်သည်။
    ချာလီကမ့်ဘဲလ်သည် သတင်းသမားတစ် ယောက်အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့သော်လည်း စေတနာဆိုးဖြင့် အမှန်တရားကို ဖုံးကွယ်၍ ကျင့်ဝတ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ရပါသည်။

စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံမပေးရတော့ဘူးလား
    ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းက ပြည်သူလူထုအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းသည် အခြေခံလူတန်း စားပြည်သူများ ရပ်တည်ရှင်သန်ရေးတွင် ကြီးမားသောအဟန့်အတား ဖြစ်စေပါသည်။
    ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းသည် စီးပွားရေးစနစ်တစ်ခုလုံး၏ ကွင်းဆက်များနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အခြေခံအကြောင်းတရားများဖြစ်သည့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်း၊ ငွေကြေး တန်ဖိုးကျခြင်း၊ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် များပြားခြင်း၊ နိုင်ငံရေးနှင့် အခြားပြင်ပ အကြောင်းအရာများ စသည်တို့ကြောင့် ဖြစ်သည်။ 
    ဈေးကွက်အတွင်း ကုန်ကြမ်းရှားပါးမှု၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှုနှင့် ထုတ်လုပ်မှု လျော့နည်း ကျဆင်းမှုတို့ကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်း လုံလောက်စွာမရှိခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို ဈေးကြီးပေး၍ တင်သွင်းရသည့်အခါ ပြည် တွင်းကုန်ဈေးနှုန်း တိုက်ရိုက်မြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ် ပိုမိုကုန်ကျစေပြီး ကုန်ဈေးနှုန်းကို ချက်ချင်းလိုက်၍တက်စေခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် စိုက်ပျိုးရေး ထွက်ကုန်များ ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ ကောလာဟလများ၊ သတင်းအမှားများကြောင့် ပြည်သူလူထုတွင် စိုးရိမ်စိတ်ဖြစ်ပေါ်ကာ ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းခြင်း စသည်တို့မှာ ကုန်ဈေးနှုန်းကြီးရခြင်း၏ အခြေခံအကြောင်းတရားများ ဖြစ်ပါသည်။
    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် စစ်ဆေးရေးဂိတ်များ အခွင့်အာဏာကို မလျော်မကန် သုံးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အစည်းအဝေးပြီးနောက် ရက်ပိုင်းအတွင်းမှာပင် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အချို့သည် မိမိတို့ တိုင်းဒေသကြီးရှိ စစ်ဆေးရေးဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည့် သတင်းများ ဘိုးဘိုးကြီး တွေ့မြင်လိုက်ရသည်။ သမ္မတမိန့်ခွန်းပြောပြီးနောက် စစ်ဆေးရေးဂိတ်တွေမှာ လာဘ်ပေးလာဘ် ယူကိစ္စများ အမှန်တကယ် ရှိ၊ မရှိ၊ ဥပဒေနှင့်အညီ နေထိုင်သည့် ပြည်သူတွေ ခရီးသွားလာရာတွင် လွယ်ကူ အဆင်ပြေမှု ရှိ၊ မရှိ စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စောင့်ကြည့်သင့်သည်။ 
    ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာအရသော် လည်းကောင်း၊ တရားမဝင် ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များရှိကြောင်း၊ အဆိုပါ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကို အကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများ ရှိနေကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်စည်စီးဆင်းမှု များဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့် ခံစားနေကြရကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက် မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သည့်အတိုင်း ဥပဒေချိုး ဖောက်သူများရှိလာပါက သတင်းထုတ်ပြန်မှုများ ပြုလုပ်၍ နောက်နောင် အလားတူကိစ္စမျိုး မပေါ်ပေါက်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
    လက်ရှိ အခြေအနေအရ ကူးသန်းသွားလာ ရေးလမ်းကြောင်းများပေါ်တွင် စစ်ဆေးရေး ဂိတ်များထားရှိခြင်းသည် လက်နက်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ ပြည်တွင်းသို့ ဝင်ရောက်မလာရေးအတွက် စစ်ဆေးဖမ်းဆီးနိုင်ရန်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးတို့အတွက် အရေးကြီးသည်။ 
    စစ်ဆေးရေးဂိတ်များတွင် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ကန်သည့် လုပ်ရပ်များ လုပ်ခြင်း စသည်တို့မှာ ကြာကြာဖုံးကွယ်ထား၍ မရနိုင်သော ကိစ္စများပင်ဖြစ်သည်။ တရားဝင်ကုန်စည် များ ချောမွေ့လျင်မြန်စွာ စီးဆင်းရန်နှင့် လက်နက်များ၊ မူးယစ်ဆေး ဝါးများနှင့်တရားမဝင် ကုန်စည်များ ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ်ဖမ်းဆီးရန်မှာ စစ်ဆေးရေးဂိတ်များ၏ တာဝန်ကျေပွန်မှု၊ နိုင်ငံ တော်အပေါ် သစ္စာရှိမှုတို့အပေါ် မူတည်သည်။ မမှန်မကန်ပြုလုပ်သည့် စစ်ဆေးရေးဂိတ်သည် မကြာမီမှာ ပင် ပြည်သူလူထုအတွင်း မကောင်း သတင်းက အပုပ်နံ့သဖွယ် ပျံ့နှံ့လာလေ့ရှိရာ မတော်လောဘနောက် သို့ လိုက်ပါ၍ အကျင့်မပျက်မိစေရန်၊ ဥပဒေကို မချိုးဖောက်မိစေရန် အရေးကြီးပါသည်။
    လုံခြုံရေးနှင့် တရားမဝင်ကုန်စည်တိုက်ဖျက်ရေး တာဝန်များသည် လွန်စွာအရေးကြီးသည့်အလျောက် ကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်သကဲ့သို့ လုံခြုံရေး ကိုအကြောင်းပြ၍ အခွင့်အာဏာအလွဲသုံးမှု၊ အကျင့်ပျက်မှုများ ကင်းစင်ရေးအတွက်လည်း အားလုံးက ဝိုင်းဝန်းစောင့်ကြည့်ထိန်းကျောင်း ကြရမည် ဖြစ်ပါသည်။
    စစ်ဆေးဂိတ်တွေမှာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပိုက်ဆံမပေးရတော့ဘူးဆိုသည့် စကားကို  အများနည်းတူ ဘိုးဘိုးကြီးလည်း ကြားချင်မိပါသည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66405

© 2022 - 2026 News. All Rights Reserved.