နေပြည်တော် ဘိုးဘိုးကြီး

ပြည်သူ့အသံ နားထောင်ခြင်း
    နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော မောင်းနှင်အားမှာ အစိုးရနှင့် ပြည်သူအကြား အပြန် အလှန် ယုံကြည်မှုနှင့် နားလည်မှုပင် ဖြစ်ပါသည်။ ထိုသို့သော ယုံကြည်မှုကို တည်ဆောက်ရာတွင် ရုံးခန်းအတွင်း အစီရင်ခံစာများထက် မြေပြင်အခြေအနေမှန်ကို ကိုယ်တိုင်ကွင်းဆင်း လေ့လာခြင်းနှင့် ပြည်သူတို့၏ ရင်တွင်းစကားများကို နားထောင်ခြင်းက အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
    ဘိုးဘိုးကြီး၏ မိတ်ဆွေတစ်ယောက် နေပြည်တော်ပုဗ္ဗသီရီဈေးမှာ ဆိုင်ခန်းဖွင့်ထားသည်။ သြဂုတ် ၂၀ ရက်က သူတို့ဈေးကို မြို့တော်ဝန်က လာရောက်ပြီး ကြည့်ရှုစစ်ဆေးသည်။ သူ့ဆိုင်ခန်းကိုလည်း ဝင်ကြည့်ရင်း သိချင်တာတွေ မေးသွားသည်ဟု ပြောပြသည်။
    "မြို့တော်ဝန်က ရောင်းကောင်းလား မေးပါတယ်။ ကောင်းပါတယ်ခင်ဗျပေါ့...ပုံမှန်ပဲဖြေလိုက်ပါတယ်။ ဒီလောက်ပဲထင်တာ၊ သူ့ဘာသူ ကြည့်ပြီးပြန်သွားမယ်ပေါ့။ မဟုတ်ဘူးဗျ၊ ဆိုင်ကို သေချာလိုက် ကြည့်နေတာ။ တရုတ်ပစ္စည်းတွေ ရောင်းတာလား၊ ယိုးဒယားပစ္စည်းတွေရော ရောင်းလား မေးပါတယ်။ နှစ်မျိုးလုံး ရောင်းပါတယ်ခင်ဗျပေါ့။ အရောင်းအဝယ် သွက်ရဲ့လား၊ အရင်ဈေးတွေထက် အတော်တက် ကုန်ပြီလား။ ပစ္စည်းတွေဘယ်ကယူလဲ။ တရုတ်ပစ္စည်းတွေ ဘယ်လမ်းကနေ သွင်းလဲ။ ယိုးဒယား ပစ္စည်းတွေ ဘယ်လမ်းကြောင်းကသွင်းလဲ။ ပစ္စည်းသွင်းလာရင် ဘယ်ဂိတ်တွေက ဘယ်လောက်ထိ စစ်လဲ။ အဲဒီမေးခွန်းတွေ မေးပါတော့တယ်။ အဲဒီအခါမှ မြို့တော်ဝန်က တကယ်ကို မြေပြင်အခြေ နေကို သိချင်နေမှန်း သဘောပေါက်မိတယ်။ အရှိကို အရှိအတိုင်း ဖြစ်ပျက်နေတာကို ပြောပြလိုက်ပါတယ်။ သေချာကို နားထောင်ပေးပါတယ်။ ကိုယ်ပြောသမျှ နားထောင်ပြီး ဘယ်ဟာကတော့ ဘာကြောင့်မို့၊ ဘာကတော့ ဘယ်လူကြီးတွေ လုပ်ပါလိမ့်မယ်၊ အဲဒီလို ပြန်ရှင်းပြပေးတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ ရှင်းပြပြီးနောက် ဘာတွေ အကြံပြုစရာ ရှိသေးလဲတဲ့။ အဲဒီအချိန် ကိုယ်တွေးလိုက်မိတယ်။ မြို့တော်ဝန်ဟာ သူ့ရဲ့မြို့တော်သူ မြို့တော်သားတွေရဲ့ စကားသံတွေ၊ အခြေနေမှန်တွေကို သိချင်နေပါလားပေါ့။ လုပ်ပေးတာ မပေးတာ၊ လုပ်ပေးနိုင်တာ မပေးနိုင်တာ ထားလို့ မြို့တော်သူ မြို့တော်သား တွေရဲ့စကားကို သေချာမေးမြန်း နားထောင် ရှင်းပြပေးတာတင်ပဲ ကျေနပ်ရပါတယ်။ တိုင်းပြည်ကြီး တည်ငြိမ် အေးချမ်းစေချင်ပြီ။ တိုင်းပြည်ကြီး တိုးတက်ချမ်းသာ ကြွယ်ဝစေချင်ပါပြီ"ဟု သူက ပြောပြသည်။
    မြို့တော်ဝန်၏ ပြည်သူ့အသံနားထောင်ခြင်းသည် သမ္မတကြီးထံမှ ဆင်းသက်လာသည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘိုးဘိုးကြီးတစ်ယောက် သမ္မတကြီး၏ ပြည်တွင်း ပြည် ပခရီးစဉ်များကို လိုက်ပါခွင့်ရခဲ့စဉ်က သမ္မတကြီး၏ ဂရုတစိုက် မေးမြန်းလေ့လာစူးစမ်းမှု ပြုခဲ့သည့် အတွေ့အကြုံများကို မျက်မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပါသည်။ 
    နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုသည်မှာ မူဝါဒကောင်းများ ချမှတ်ရန် သက်သက် မလုံလောက်ဘဲ ၎င်းမူဝါဒများကို အကောင်အထည်ဖော်ရာတွင် စေတနာ၊ မေတ္တာ၊ ပညာ အမြော်အမြင်တို့ဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါသည်။
    အောက်ခြေမှစ၍ အမြင့်ဆုံး တာဝန်ရှိသူများအထိ မိမိတို့ကျရာကဏ္ဍအသီးသီးမှ တိုင်းပြည်အပေါ် စေတနာအမှန်ဖြင့် ပေးဆပ်ကြရန် အချိန်တန်ပြီ ဖြစ်ပါသည်။ မြေပြင်အခြေအနေကို အမှန်အတိုင်း ရှုမြင်သုံး သပ်ခြင်း၊ ပြည်သူ့အသံကို စာနာနားထောင်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် ကောင်းသောအမည် ဖြင့် မှတ်ကျောက်တင်နိုင်ကြပါစေကြောင်း လေးနက်စွာ  တိုက်တွန်းအပ်ပါသည်။

မီဒီယာမာဖီးယား
    ခေတ်ကာလများ ရွေ့လျားပြောင်းလဲလာသည်နှင့်အမျှ သတင်းမီဒီယာလောကသည်လည်း အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာခေတ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာခဲ့သည်။ ဤကူးပြောင်းမှုသည် သတင်းအချက်အလက်များကို လျင်မြန်စွာ ဖြန့်ဝေနိုင်သည့် အားသာချက်ကို ပေးစွမ်းသကဲ့သို့ တစ်ဖက်တွင်လည်း သတင်းသမားများ၏ ကိုယ်ကျင့်တရား၊ မူဝါဒနှင့် ပရော်ဖက်ရှင်နယ် စံချိန်စံညွှန်းများကို မေးခွန်း ထုတ်စရာ ဖြစ်လာစေသည်။ အထူးသဖြင့် အခြေခံသတင်းစာကျင့်ဝတ်များကို ဖောက်ဖျက်ကာ ကိုယ်ကျိုး စီးပွားအတွက်သာ ဦးတည်နေသူများကြောင့် သတင်းလောက တစ်ခုလုံး၏ ဂုဏ်သိက္ခာ ထိခိုက်ရသည် အထိ ဖြစ်လာသည်ကို ဘိုးဘိုးကြီး သတိထားမိသည်။
    မြန်မာ့မီဒီယာလောကတွင် သတင်းအမှန်ကို ဖော်ထုတ်ရန်ထက် ကိုယ်ကျိုးစီးပွားအတွက် သတင်းကို လက်နက်သဖွယ် အသုံးချကာ ခြိမ်း ခြောက်ငွေတောင်း နေသူအချို့ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ထဲမှ ထင်ရှားသောပုံစံတစ်မျိုးမှာ မိမိကိုယ်တိုင်သာလျှင် မှန်ကန်သည့် သတင်းသမားအဖြစ်ခံယူကာ ကျန်သူအားလုံးကိုမထီမဲ့ မြင်ပြုတတ်သော ပုဂ္ဂိုလ်မျိုးပင် ဖြစ်သည်။ ဤကဲ့သို့သော မီဒီယာသမားများသည် သတင်းလောကတွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော်လည်း ဟုတ်တိပတ်တိ သတင်းလိုက်ခြင်း၊ အများအကျိုးပြု သတင်းကောင်းများကို ဖော်ပြခြင်းထက် လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီများနှင့် အသေးစားလုပ်ငန်းရှင်များကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခြင်းကိုသာ အဓိကလုပ် ငန်းအဖြစ် လုပ်ကိုင်ကြသည်။ ငွေမပေးပါက လုပ်ငန်းဂုဏ်သိက္ခာကျဆင်းစေမည့် သတင်းများ တင်မည်ဟူသော ပုံစံမျိုးဖြင့် ဖိအားပေးကာ ကိုယ်ကျိုးရှာကြသည်မှာ ၎င်းတို့၏ ထင်ရှားသော လက်ရာပင် ဖြစ်သည်။
    သတင်းမီဒီယာဆိုသည်မှာ ပြည်သူ့အသံကို ဖော်ထုတ်ရန်၊ အမှန်တရားကို ရှာဖွေတင်ပြရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရန် တာဝန်ရှိသည်။ ခေတ်ကြီးက ဆိုရှယ်မီဒီယာခေတ်သို့ ရောက်လာသောအခါ မီဒီယာသမားအမည်ခံ ပုဂ္ဂိုလ်များသည် သတင်းကျင့်ဝတ်ကို လုံးဝဘေးဖယ်ထား ပြီး ကောလာဟလများကို သတင်းသဖွယ် ပြောဆိုလာကြသည်။ အွန်လိုင်းမီဒီယာ အခွင့်အလမ်းများကို အကောင်းဘက်က အသုံးချမည့်အစား အချို့က တောပြောတောင်ပြောဖြင့် ယဉ်ကျေးမှုကင်းမဲ့စွာ လူရာဝင်ချင်နေကြသည်။
    အစိုးရ၏ လုပ်ဆောင်ချက်များကို အပြုသဘော ဝေဖန်သည်ထက် ပြည်သူနှင့် အစိုးရကြား အထင်အမြင် လွဲမှားစေရန်၊ မုန်းတီးမှုများ မြင့်တက်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အဆိပ်အတောက် ဖြစ်စေသော ပြောဆိုမှုများကို ပြုလုပ်လာကြသည်။ ထို့အပြင် အစိုးရနှင့် လွှတ်တော်၊ လွှတ်တော်နှင့် ပြည်သူ တို့အကြားတွင်လည်း မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးချက်များကို ပဋိပက္ခ ဖြစ်ပွားစေမည့် ပုံစံမျိုးဖြင့် ဝါဒဖြန့် ကာ အဖွဲ့အစည်းအချင်းချင်းကြား မယုံကြည်မှုများ တည်ဆောက်ခြင်း၊ သပ်လျှို ရန်တိုက်ပေးခြင်းများကို အစဉ်တစိုက် လုပ်ဆောင်တတ်ကြသည်။ စစ်မှန်သော သတင်းသမားကောင်းတစ်ဦးသည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးကို ရှေးရှုကာ သစ္စာရှိရှိဖြင့် သတင်းအချက်အလက်များကို မှန်ကန်စွာ တင်ပြကြရသော်လည်း မီဒီယာအမည်ခံ လူယုတ်မာများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် လူ့အသိုင်းအ ဝိုင်းအတွင်း အဓိကရုဏ်းနှင့် အကျပ်အတည်းများကို ဖန်တီးဖော်ဆောင်နေကြသောကြောင့် ပြည်သူလူ ထုအနေဖြင့် မီဒီယာ မာဖီးယားတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်နိုင်ရန် လိုအပ်ပါသည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65100

© 2022 - 2026 News. All Rights Reserved.