တန်းဖိုးထားမှုခြင်း မတူနိုင်ပါ
လူတစ်ယောက် သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော မိသားစုဘဝကို ပြန်လည်ရပ်တည်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ပေးခြင်းသည် နိုင်ငံတော်၏ လူမှုရေး တာဝန်တစ်ရပ် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုများအ တွက် အိမ်ရာ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အထောက်အပံ့များပေးခြင်းသည် ကျန်ရစ်သူ မိသားစုများအတွက် အရေးပါလှသည်။
မကြာသေးမီက ကျဆုံးနှင့် ပင်စင်စား စစ်မှု ထမ်းများအတွက် နိုင်ငံတော်က တိုက်ခန်းများ ချီးမြှင့်ပေးပြီး အိမ်သုံးအသုံးအဆောင်ပစ္စည်းများပါ ထည့်သွင်းပေးထားသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ရက်တွင် ပေါ်ထွက်လာသည်။
တိုက်ခန်းတစ်ခန်း ရရှိခြင်းသည် အိမ်ရာလို အပ်နေသော မိသားစုတစ်စုအတွက် ရေရှည်အကျိုးရှိနိုင်သည့် အထောက်အပံ့တစ်ရပ် ဖြစ် သည်။ ထိုအထဲတွင် အသုံးအဆောင်ပစ္စည်းများပါ ပြည့်စုံစွာ ထည့်သွင်းပေးထားပါက မိသားစုတစ်စုအတွက် နေထိုင်ရေးအခက်အခဲကို ပိုမို လျှော့ချပေးနိုင်မည် ဖြစ်သည်။
အထူးသဖြင့် တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သူတစ်ဦး၏ မိသားစုအတွက် အိမ်ရာသည် ရိုး ရိုးအိမ်တစ်လုံးထက် ပိုမို အဓိပ္ပာယ်ရှိနိုင်သည်။ မိသားစုဘဝကို ဆက်လက်ရပ်တည်နိုင်ရန် နိုင်ငံတော်က တာဝန်ယူပေးနေသည်ဟူသော အသိတစ်ခုကိုလည်း ရရှိစေနိုင်သည်။ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သူများ၏ မိသားစုများကို နိုင်ငံတော်က ပြန်လည်စောင့်ရှောက်ပေးနိုင်သည်။ NUG ကြောင့် အသက်ဆုံးရှုံးခဲ့ကြသည့် လူငယ်များနှင့် ၎င်းတို့၏ မိသားစုများ အတွက်ရော NUG က ဘာလုပ်ပေးနိုင်ပါလဲ။ NUG ကြောင့် ဘဝပျက်သွားသည့် လူငယ်များအတွက် မိသား စုကိုယ်စား ရင်နာမိသည်။
"ကျဆုံး၊ ပင်စင်စား စစ်မှုထမ်းတွေကို နိုင်ငံ တော်ကချီးမြှင့်တဲ့ တိုက်ခန်းတဲ့။ တိုက်ခန်းတောင် အလွတ်မဟုတ်ဘူး။ အသုံးအဆောင် ပစ္စည်း ၇၉ မျိုးပါ ထည့်ပေးထားသေးသတဲ့။ စစ်သည်က ရှေ့တန်းမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားရင်တောင် ကျန်ခဲ့တဲ့မိသားစုအတွက် နောက်ဆံမတင်းရတော့ဘူးပေါ့။
တစ်ဖက်ကို ကြည့်ပြန်တော့ ပါတီတစ်ခု။ လူတစ်စု အာဏာမရလို့ ပုန်ကန်ထကြွ တိုက်ခိုက်ပေးကြရင်း နေရာအနှံ့မှာ လူမသိ သူမသိ စတေးလိုက်ရတဲ့ လူငယ်တွေရဲ့အသက်တွေက ဈေးပေါလိုက်တာ" ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်ကို ဘိုးဘိုးကြီး ဖတ်လိုက်ရသည်။
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် လူငယ်များစွာသည် ပဋိပက္ခနှင့် လက်နက်ကိုင်တိုက်ပွဲများ၏ အကျိုးဆက်ကို ခံစားနေကြရသည်။ သူတို့၏ ဘဝများတွင် အနာဂတ်တစ်ခုစီ ရှိခဲ့ကြသည်။ သို့သော် ပဋိပက္ခများကြားတွင် ထိုအိပ်မက်များသည် ရပ်တန့်သွားကြသည်။ ထို့ကြောင့် လူငယ်တစ်ဦး၏ အသက်ဆုံးရှုံးမှုကို ဘယ်ဘက်ကလဲ၊ ဘယ်အဖွဲ့နဲ့လဲ၊ ဘယ်အယူအဆကို ယုံကြည်လဲဆိုသည့် မေးခွန်းများဖြင့်သာ တန်ဖိုးဖြတ်နေခြင်းသည် လူ့အသက်၏အဓိပ္ပာယ်ကို လျှော့ချရာ ရောက်နိုင်သည်။
နိုင်ငံတစ်နိုင်ငံအတွက် တပ်မတော်သားများ လိုအပ်နိုင်သည်။ နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေစိုးမိုးရေးလည်း လိုအပ်သည်။ ထို့အတူ နိုင်ငံသားများ၏ အခွင့်အရေး၊ လုံခြုံရေးနှင့် အသက်အန္တရာယ်ကင်း ရှင်းရေးတို့ ကိုလည်း ကာကွယ်ပေးရန် လိုအပ်ပါသည်။
ထိုတာဝန်များအကြား အရေးကြီးဆုံးတစ်ခုမှာ လူ့အသက်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ 'လူ့အသက် ထက်အရေးကြီးတာ ဘာမှမရှိ}ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကြာခဏ ပြောကြားလေ့ရှိသည်။
အထူးသဖြင့် လူငယ်များအတွက် ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ လုံခြုံသော လူမှုဘဝနှင့် အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများပေးနိုင်ရန် အရေးကြီး သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မြေ ပြင်တိုက်ပွဲတွင် ဆုံးရှုံးသွားသော လူငယ်များနှင့် မတည်ဆောက်နိုင်ဘဲ အသက်ရှင်ကျန်ရစ်သော လူငယ်များ၏ လက်ထဲတွင်သာ ရှိနေ သောကြောင့် ဖြစ်သည်။
ဖဲသုံးချပ်လိမ်နည်းနဲ့ မီဒီယာကို အသုံးချနေသူများ
မီဒီယာဆိုသည်မှာ ပြည်သူများအတွက် သတင်းအချက်အလက်မှန်များ ရရှိစေရန်၊ အာဏာရှိသူများကို စောင့်ကြည့်ထိန်းကျောင်းရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာ များကို မှန်မှန်ကန်ကန် ဖော်ပြပေးရန် တာဝန်ရှိသည့် အရေးကြီးသော အင်အားတစ်ရပ် ဖြစ်သည်။ သို့သော် ထိုအာဏာကို သတင်းစာကျင့်ဝတ်ထက် ကိုယ်ကျိုးစီးပွားအတွက် အသုံးချလာသည့်အခါ မီဒီယာသည် ပြည်သူ့အကျိုးပြု ကိရိယာတစ်ခုမှ ဖိအားပေးကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် မီဒီယာအမည်ကို အသုံးချပြီး ဖဲသုံးချပ်လိမ်နည်းကဲ့သို့ ကစားတတ်သူများ ရှိလာ ခြင်းသည် မီဒီယာလောကအတွက် မေးခွန်းထုတ်စရာဖြစ်သည်။
ဘိုးဘိုးကြီးတို့ ငယ်ငယ်က ဖဲသုံးချပ်လိမ်နည်း ခေတ်စားခဲ့သည်။ အခုထိလည်း လူစည်ကားသည့် အဝေးပြေးကားဝင်းလို နေရာများတွင် ဖဲသုံးချပ် လိမ်နည်းကို တွေ့မြင်နိုင်ပါသေးသည်။ ဖဲသုံးချပ်ကစားသည့် လိမ်လည်မှုမျိုးတွင် ကြည့်ရှုသူသည် မိမိမြင်တွေ့နေရသည့် အရာအပေါ် ယုံကြည်ပြီး မိမိက မှန်ကန်စွာခန့်မှန်းနိုင်မည်ဟု ထင်တတ်သည်။ သို့သော် နောက်ကွယ်တွင် အာရုံလွှဲခြင်း၊ လှည့်စားခြင်းနှင့် အခြေအနေကို ထိန်းချုပ်ထားခြင်းတို့ ရှိနေတတ်သည်။ မီဒီယာလောကတွင်လည်း ဖဲသုံးချပ်ကစား နည်းကို အသုံးချနေသူများအား နေ့စဉ်လိုလို တွေ့မြင်နေရသည်။
သူတို့၏ ကစားပုံက ရိုးရှင်းသည်။ ပထမဖဲက ငွေကြေး၊ ဒုတိယဖဲက မီဒီယာအာဏာ၊ တတိယ ဖဲကတော့ လူထု၏ယုံကြည်မှု ဖြစ်သည်။ ထိုဖဲသုံးချပ်ကို လက်ထဲကိုင်ထားပြီး အခြေအနေအလိုက် ကတ်ပြောင်းကစားသည်။ ပိုက်ဆံပေးထားသူဆိုလျှင် သတင်းဖြစ်သင့်သည့်ကိစ္စပင် မီဒီယာပေါ် မရောက်လာတော့။ ပြောရမည့်အခြေအနေမျိုး ဖြစ်လာလျှင်ပင် အပြစ်အနာအဆာကို ဖုံးကွယ်ကာ ပျော့ပျောင်းအောင် ပြောဆိုတတ်သည်။ ပြဿနာ၏ အဓိကအချက်ကို မထိဘဲ ဘေးဘက်ကနေ လှည့်ပတ်ရေးသေားပြောဆိုခြင်း၊ အားနည်းချက်ကို မီးမောင်းမထိုးဘဲ ကောင်းကွက်ကိုသာ ရွေးချယ်ဖော်ပြခြင်းတို့ဖြင့် ပုံဖော်ပေးတတ်သည်။
သို့သော် ပိုက်ဆံမပေးသူကိုတော့ စံနှုန်းက တစ်မျိုးပြောင်းသွားသည်။ အမှားသေးသေးလေးကို အကြီးအကျယ် ချဲ့ထွင်နိုင်သည်။ သတင်းအချက်အလက် တစ်ခုကို ခေါင်းစဉ်ပြင်းပြင်းဖြင့် ပုံဖော်နိုင်သည်။ ဝေဖန်မှုကို သတင်းပုံစံဖြင့် တင်ပြနိုင်သလို သတင်းကိုလည်း ကိုယ်ပိုင်အမြင်နှင့် ရောနှောပစ်နိုင်သည်။ ရည်ရွယ်ချက်ကတော့ သတင်းပေးရန် မဟုတ်တော့ဘဲ မီဒီယာအင်အားကို အသုံးပြုပြီး ဖိအားပေးရန် ဖြစ်လာသည်။
ဒီလိုအခြေအနေမှာ မီဒီယာသမားတစ်ယောက်ရဲ့ အရည်အချင်းကို ဘာနဲ့တိုင်းတာမလဲဆိုတာ မေးစရာ ရှိလာသည်။ ပိုက်ဆံပေးသူကို ဘယ်လောက်ကောင်းကောင်း ပြောပေးနိုင်သလဲဆိုတာနဲ့လား။ ပိုက်ဆံမပေး သူကို ဘယ်လောက်ပြင်းပြင်းထန်ထန် ဝေဖန်နိုင်သလဲ ဆိုတာနဲ့လား၊ မဟုတ်ပါ။ မီဒီယာ သမားကောင်းတစ်ယောက်၏ တန်ဖိုးသည် ဘယ်သူ့ဆီက ပိုက်ဆံရသလဲ ဆိုတာမဟုတ်ဘဲ ဘယ်သူ့ကို မဆို တူညီသော သတင်းစာ ကျင့်ဝတ်စံနှုန်းဖြင့် တင်ပြနိုင်ခြင်း ဖြစ်သည်။
ဝေဖန်စရာရှိလျှင် ဝေဖန်ရမည်။ အမှားရှိလျှင် အမှားဟု ပြောရမည်။ သို့သော် ပိုက်ဆံမပေးသောကြောင့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ရစရာမရှိအောင် ဆော်ပစ်ခြင်း၊ ပိုက်ဆံပေးထား သူဖြစ်သောကြောင့် အမှားများကို ဖော့ပြောခြင်းသည် မီဒီယာကျင့် ဝတ်နှင့် ဆန့်ကျင်သည်။ ထိုထက်ပို၍ အန္တရာယ်ရှိသည်မှာ လူထုက မီဒီယာကို ယုံကြည်ပြီး အမှန်ထင်နေကြခြင်းပင် ဖြစ်သည်။ မီဒီယာ၏ အမည်နှင့် ယုံကြည်မှုကို ကိုယ်ကျိုး အတွက် အသုံးချသည့်အခါ ထိခိုက်သွားသည်မှာ ပစ်မှတ်ထားခံရ သူတစ်ဦးတည်း မဟုတ်ပါ။ မီဒီယာတစ်ခုလုံး၏ ယုံကြည်စိတ်ချရမှုပါ ထိခိုက်သွားသည်။ ထို့ကြောင့် မီဒီယာ အာဏာကို အသုံးချပြီး လူတွေကို ဖိအားပေးခြင်း၊ ငွေကြေးအပေါ် မူတည်၍ သတင်းကို ပျော့ခြင်း၊ ပြင်း ခြင်းလုပ်ခြင်းတို့သည် ရေရှည်တွင် မီဒီယာသမားကိုယ် တိုင် အတွက်ပင် အန္တရာယ်ရှိသည်။
ဖဲသုံးချပ်နဲ့ လူတွေကို အကြိမ်ကြိမ်လိမ်လို့ရပေမယ့် လူထုရဲ့ယုံကြည်မှုကိုတော့ အကြိမ်ကြိမ် လိမ်လို့မရသောကြောင့်ပင် ဖြစ်သည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )