နေပြည်တော်ဘိုးဘိုးကြီး

၂၀၂၆ ၊ ဇူလိုင် ၂၇
မြန်မာ့နိုင်ငံရေး ခရီးရှည်နှင့် သမိုင်းသင်ခန်းစာတို့၏ ရောင်ပြန်ဟပ်မှု
    နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံအတွင်း အာဏာကို မည်သို့ ခွဲဝေ ကျင့်သုံးမည်၊ ဆုံးဖြတ်ချက်များကို မည်သို့ချမှတ်မည်၊ နိုင်ငံ၏ အရင်းအမြစ်များကို မည်သို့ စီမံခန့် ခွဲမည်ဆိုသည့် လုပ်ငန်းစဉ်တစ်ရပ်လုံးကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသည် ပြည်သူများ၏ နေ့စဉ်ဘဝ၊ နိုင်ငံ၏တိုးတက်မှုနှင့် အနာဂတ်ဖွံ့ဖြိုးရေးတို့အပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည့် အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးလောက၌ ကိုယ်ကျင့်တရားပျက်ပြားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှုနှင့် လိမ်လည်လှည့်ဖြားမှုများ ပေါ်ပေါက်လာသည့်အခါ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်။
    မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းမှာ နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ရေး ကြိုးပမ်းမှုများမှ အစပြု၍ လွတ်လပ်ရေးရရှိပြီးနောက် အောင်မြင်မှုများ ရှိခဲ့သကဲ့သို့ စိန်ခေါ်မှုများ၊ ပဋိပက္ခများနှင့် သင်ခန်းစာယူဖွယ် ဖြစ်ရပ်များလည်း များစွာရှိခဲ့သည်။ ထိုသင်ခန်း စာများမှ အကျိုးရှိစွာ သင်ယူနိုင်မှသာ အနာဂတ်တွင် ထပ်တလဲလဲ အမှားများ မဖြစ်ပေါ်စေရန် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။
    မြန်မာလူမျိုးတို့တွင် 'ပြည်ထဲအရေး ပေါက်နဲ့ ကျေး'၊ 'ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေး ကျယ်သည်'ဟူသော ဆိုရိုးစကားများ ရှိသည့်အတိုင်း နိုင်ငံရေးကို ရှုပ်ထွေးနက်နဲသည့် အရေးအရာတစ်ရပ်အဖြစ် ရှုမြင်လေ့ရှိကြသည်။ သို့သော် နိုင်ငံရေး၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ ဘဝတိုးတက်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း မမေ့သင့်ပေ။
    "လွတ်လပ်ရေးရရှိချိန်တွင် မြန်မာ့အမျိုးသား ခေါင်းဆောင်များသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို  အပြည့်အ၀ ထိန်းသိမ်းနိုင်သော၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အတူ ယှဉ်တွဲနေထိုင်နိုင်သော ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ဆောက်ရန် မျှော်မှန်းခဲ့ကြသည်။ ထိုရည်မှန်းချက် အောင်မြင် ရန်အတွက် စည်းလုံးညီညွတ်မှု၊ ဥပဒေစိုးမိုးမှုနှင့် အပြန်အလှန်လေးစားမှုတို့မှာ  အခြေခံအုတ်မြစ်များ ဖြစ်သည်။
    လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ ခန့် ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း တစုတစည်းတည်း၊ တစ်ခဲနက်သော စည်းလုံးညီညွတ်မှုကို ပြန်လည်၍ မရသေး။ မိမိတို့နိုင်ငံအတွက် စည်းလုံးညီညွတ်မှုသည် နိုင်ငံအဓွန့်ရှည် တည်တံ့ရေးအတွက် မရှိမဖြစ် လိုအပ်သကဲ့သို့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း အဓိကလိုအပ်ချက် ဖြစ်နေသည်။
    "လွတ်လပ်ရေး ရပြီးတော့ စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးက ညီညွတ် ဖို့လိုတာပေါ့။ ညီညွတ်ရုံနဲ့ မရသေးဘူး၊ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ လိုပါတယ်။ စည်းကမ်းရှိဖို့လည်း လိုတယ်။ တိုင်းပြည်မှာ စည်းကမ်းအရ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပါပဲ။ ဒါကို စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်၊ စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်စရာ အကြောင်းမရှိပါဘူး။ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့နိုင်ငံ မဖြစ်စရာအကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံသားအားလုံး ခွန်အားရှိကြတယ်။ ကိုယ့်ခွန်ကိုယ့်အားကို အသုံးချနိုင်ဖို့ပဲလိုတယ်ဆိုတာ ပြောပါရစေ"ဟူ၍ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပစ္စက္ခကာလ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ညီညွတ်ရေး၊ စည်းကမ်းရှိရေးနှင့် စွမ်းအားရှိသမျှ အလုပ်လုပ်ကြရေးတို့က မျက်မှောက်ခေတ်၏ သမိုင်းပေးတာဝန်များ ဖြစ်သည်။
    တိုင်းပြည်ကို အမှန်တကယ် ကောင်းစေလိုလျှင် နိုင်ငံရေး တရားသေဝါဒကို ရှောင်ရှားပြီး အားလုံး အတူတကွ လက်တွဲဆောင်ရွက်စေလိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို လေးစားလိုက်နာကြဖို့လို မည်ဖြစ်သည်။
    တရားသေနိုင်ငံရေးဝါဒ၊ တရားသေအစွန်း ရောက်ဝါဒီများကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  အမျိုးသားခေါင်းဆောင်ကြီးများ ပန်းတိုင်ရောက်လုလုတွင် တက်ကျိုးခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက်တွင်လည်း တရားသေနိုင်ငံရေးဝါဒ၊ တရားသေအစွန်းရောက်ဝါဒီ များကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး  ဖွံ့ဖြိုးမှုနောက်ကျနေသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ယနေ့ကာလတွင်လည်း တရားသေ နိုင်ငံရေးဝါဒ၊ တရားသေ အစွန်းရောက်ဝါဒီများက တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေကြသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။
    လက်ရှိ နိုင်ငံရေး အခြေအနေများအတွင်း မည်သည့်အယူအဆကိုပင် ကိုင်စွဲထားစေကာမူ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးစားပေးစဉ်းစားကာ ဥပဒေဘောင်အတွင်းမှ နိုင်ငံရေး နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုအရေးအကြီးဆုံး ဖြစ်သည်။ နိုင်ငံရေးသည်ပဋိပက္ခကို တိုးပွားစေရန်မဟုတ်ဘဲ အများပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရန် အသုံးချသင့်သည့် ကိရိယာတစ်ရပ် ဖြစ်သင့်သည်။
    နိုင်ငံရေး၏ အနှစ်သာရမှာ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးတည်၍ တာဝန်ယူမှု၊ ဥပဒေလေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့အပေါ် အခြေခံကာ နိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ သမိုင်းမှ သင်ခန်းစာများကို အလေးထားသင်ယူကာ အမျိုးသားစည်းလုံးညီ ညွတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ကြိုးပမ်းနိုင်မှသာ နိုင်ငံ၏ အနာဂတ်ကို ပိုမို ခိုင်မာစွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63920

© 2022 - 2026 News. All Rights Reserved.