၂၀၂၆ ၊ မေ ၈
'မိုးကုတ်က နတ်ကြီးပါတယ်။ ဒီအချက်ကို အရမ်းယုံကြည်တယ်။ မိုးကုတ်ကို ဖျက်ဆီးဖို့ ကြံတဲ့ လူတွေလက်ကနေ မိုးကုတ်မြို့လေးက မပျက်မစီးဘဲ အကောင်းပကတိနီးပါး ကျွန်မတို့လက်ထဲ ပြန်ရတယ်။ စိတ်မကောင်းတာက ကျွန်မတို့ဒေသခံတွေ အထိမခံတဲ့ ပတ္တမြားမြေဂေါက်ကွင်း ရစရာမရှိအောင် မြေစာပုံ ဖြစ်တဲ့အထိ ပလောင်တွေ ဖျက်ဆီးသွားကြတာကိုပါပဲ။ ခုဆိုရင် တပ်မတော်က အပြည့်အ၀ ပြန်လည်စောင့် ရှောက်နိုင်ပြီဆိုတော့ မြို့ထဲကို မြို့ခံပြည်သူတွေ ပြန်ဝင်လာကြပြီလေ။ ကျွန်မ ပြန်ရောက်တာ နှစ်လနီးပါးရှိပြီ။ ကိုယ်ရဲ့ လက်ငုတ်လက်ရင်း စီးပွားရေးဖြစ်တဲ့ ဆိုင်လေး တစ်လနီးပါးရှိပြီ ပြန်ဖွင့်နိုင်တာ။ ဖောက်သည်တွေကတော့ ဖြည်းဖြည်းချင်း ပြန်လာပါတယ်။ မန္တလေးကို ခြောက်လနီးပါးလောက် သွားတိမ်းရှောင်ခဲ့ရတယ်။ ခုတော့ ပြန်လာနိုင်ခဲ့ပါတယ်။ ဝမ်းသာတာပေါ့၊ ကျွန်မက ဒီမြို့မှာ အဖေတွေ လက်ထက်ကတည်းက ဆိုင်ဖွင့်ပြီးနေလာခဲ့တာ ကျွန်မနဲ့ဆိုရင် မျိုးဆက်နှစ်ဆက် ရှိပြီပေါ့။ ဒီမြို့လေးကို ပြန်လာခွင့်ရအောင် ကြိုးပမ်းပေးတဲ့ တပ်မတော်ကို ကျေးဇူးတင်ပါတယ်။ ဘယ်အရပ်ဒေ သပဲရောက်ရောက် ကိုယ့်မြို့ကိုယ့်ရွာကိုတော့ ဒေသခံတွေ မေ့မသွားကြပါဘူး။ အေးချမ်းသွားရင် အရောက်ပြန်လာကြတာပဲ"ဟု မိုးကုတ်မြို့ခံ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီထိန်းချုပ်မှုကို နှစ်ကာလ အပိုင်းအခြားတစ်ခုအထိ ခံစားခဲ့ရသည့် မိုးကုတ်မြို့ကို မြို့ပြအဆောက်အအုံများ အကောင်းပကတိနီးပါး အခြေအနေတစ်ရပ်ဖြင့် မြို့ခံလူထုများ ပြန်လည်အခြေချခွင့်ရခဲ့သည်။ သို့သော်လည်း မြို့သူမြို့သားများ တန်ဖိုးထားရသည့် ပတ္တမြားမြေ ဂေါက်ကလပ်နေရာသည် ကိုယ်ကျိုးစီးပွားအတွက် မြေစာပုံအတိ ဖျက်ဆီးခံခဲ့ရသည့် အပေါ် မြို့ခံများ၏ စိတ်နှလုံး မချမ်းမြေ့မှုကို တွေ့မြင်ရသည်။ မေလ ၃ ရက်က မိုးကုတ်မြို့ကို ရောက်ဖြစ်ခဲ့သည်။ မန္တလေးကတစ်ဆင့် မန္တလေး-မိုးကုတ် ကားလမ်းမကြီးအတိုင်း သွားရောက်ခဲ့ခြင်း ဖြစ်သည်။ လမ်းတစ်လျှောက် မတ္တရာမြို့နှင့် အနီးတစ်ဝိုက် လမ်းဘေးဝဲယာ ကျေးရွာအချို့ကို ဖြတ်သန်းခဲ့ရပြီး စစ်၏အနိဋ္ဌာရုံများကို မျက်မြင်တွေ့ခဲ့ရသည်။ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်မှုများ၏ ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာကို တွေ့မြင်ရသည်။ အခြေခံအဆောက်အအုံ၊ လမ်းတံတား များက အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအတွက် ယာယီဘေလီတံတားများဖြင့် ဖြတ်သန်းသွားလာနေရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ လမ်းသား များကို တူးဆွဖယ်ရှား၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကြန့်ကြာအောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ခရီးကြန့်ကြာမှုများကို လက်တွေ့ သိမြင်ခဲ့ရသည်။ ထိုမှတစ်ဆင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ဖြတ်သန်းသွားလာရာတွင်လည်း စစ်၏ဆိုးကျိုးကြောင့် လူနေမှုဘဝများ ပြန်လည် အခြေတကျ ဖြစ်စေရေး ကြိုးပမ်းနေရမှုများကို လေ့လာခွင့်ရခဲ့သည်။ သဘာ၀ သယံဇာတဖြစ်သည့် ရွှေထွက်ရှိရာ ဒေသများနှင့် အနီးစပ်ဆုံးသော ကျေးရွာများ၏ ယခင်က လူနေမှုဘဝအဆင့်အတန်း မြင့်မားခဲ့သည်ကို ကျေးရွာများ၏ အိုးအိမ်တိုက်တာများ၏ အနေအထားအရ ခန့်မှန်းသိရှိရသည်။ သို့သော်လည်း လက်နက်ကိုင်သောင်းကျန်းသူများနှင့် လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၏ ကိုယ် ကျိုးစီးပွားရှာ ဖန်တီးသော စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ပြန်လည်နာလန်ထူရေး အချိန်ယူကြိုးစားနေရသည့် ဒေသခံများကို လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသည်။
အဆိုပါ မန္တလေး-မိုးကုတ်လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရပြီး ထူးခြားသော အခြေအနေတစ်ရပ်မှာ စက်သုံးဆီအခက်အခဲကို ပြေလည်စေရန် မှောင်ခိုရောင်းချသည့်စနစ်ကို အားကိုးနေသည့် ပြည်သူများပင် ဖြစ်သည်။ လမ်းဘေးဝဲယာ ရွာစဉ်တစ်လျှောက် ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ အခြေခိုင်မာစဉ်က ဈေးကွက် အခြေအနေရ စက်သုံးဆီဆိုင် အမြောက်အမြား ဖွင့်လှစ်ရောင်းချခဲ့ပုံရသည်။ သို့သော်လည်း စစ်ပွဲဖန်တီးကြသူ တို့ကြောင့် စက်သုံးဆီဆိုင်များ ပြန်လည် မဖွင့်လှစ်နိုင်သည့် အခြေအနေတွင် လမ်း ဘေးစက်သုံးဆီ မှောင်ခိုရောင်းချမှုစနစ်များ တွင်ကျယ်လာနေသည်။ တွေ့မြင်ခဲ့ရမှုအရ မန္တလေးမြို့ ဧရိယာအလွန် မတ္တရာနယ်ထဲအရောက်တွင် မှောင်ခိုစက်သုံးဆီဈေးကွက်တွင် တစ်လီတာ ကျပ် ၈၀၀၀ နှုန်း ရောင်းချနေပြီး ယင်းမှတစ်ဆင့် သပိတ်ကျင်းနယ်ထဲ အရောက်တွက် ကျပ် ၉၀၀၀ ကျော်၊ ဆက် လက်၍ မိုးကုတ်ဘက်အရောက်တွင် ကျပ်တစ်သောင်းမှာ တစ်သောင်းတစ်ထောင်အထိ ဈေးနှုန်းသတ် မှတ်၍ ရောင်းချနေကြသည်ကို တွေ့မြင်ရသည်။ အပျက်အစီးများကြားမှ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေရန် ဒေသခံများ၏ ခက်ခက်ခဲခဲ ကြိုးပမ်းနေရမှုကို တွေ့မြင်ခဲ့ရသည်။ PDF အမည်ခံအ ကြမ်းဖက် အဖွဲ့များက ဖန်တီးသော စစ်ပွဲများကြောင့် လမ်းဘေးဝဲယာရှိ အများပြည်သူပိုင် တိုက်တာအိုး အိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကိုယ့်အရပ်ဒေသကို ပျက်စီးဆုံးရှုံးစေရန်အထိ ဖန်တီးခဲ့ ကြသော PDF အဖွဲ့ဝင်များ၏ လုပ်ရပ်က စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်း သူများ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကို တော်လှန်ရေးဟု အယုံ သွင်းခံခဲ့ရသည့် PDF အဖွဲ့ဝင်များစွာကို TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ အစရှိသည့် ဒေသများအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် အသုံးချခဲ့သလို မိုးကုတ်မြို့ကို ကိုယ်ကျိုးစီးပွားအတွက် နယ်မြေချဲ့ထွင်မှုပြု၍ ယာယီစိုးမိုးရာတွင်လည်း PDF များကို အသုံးချခဲ့သည်။
တော်လှန်ရေးဟူသော ဂျင်းဆိပ်တက်နေကြသည့် PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ ထုံးစံအတိုင်း ပင်မဓာတ်အားလိုင်းကြီးများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်ကြီးများကို အကြောင်းမဲ့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် မတ္တရာဒေသ၊ သပိတ်ကျင်းဒေသ၊ မိုးကုတ် ဒေသတစ်ခွင်တွင် လျှပ်စစ်မီး ယနေ့ချိန်ထိ ပြန်လည်မရရှိသဖြင့် လူမှုစီးပွားဘဝများ များစွာ ထိခိုက်နေသည်။ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှုများကြောင့်လည်း ဒေသခံများအခက်အခဲကြုံတွေ့ နေရပြီး တပ်မတော်က ပြန်လည်စိုး မိုးချိန်တွင် Mytel ဆင်းကတ်များဖြင့်သာ ဆက်သွယ် ရေးကွန်ရက်ကို ပြန်လည် အသုံးပြုနေသည်ကို တွေ့မြင်ရသည်။
"ကျွန်တော်မိုးကုတ်ကို မရောက်ခင် သပိတ်ကျင်းဘက်မှာ တာဝန်ကျခဲ့တယ်။ အဲဒီဘက်နယ်တစ်ကြောမှာကတော့ အားလုံးတိုက်ယူခဲ့ရတာပေါ့။ TNLA က သပိတ်ကျင်းမှာကတဲ့ပွဲတိုင်း သူတို့သုံးတဲ့ အင်အားက PDF ကိုပဲ အသုံးချခဲ့တာပဲ။ နယ်ခံ PDF တွေကလည်း ကိုယ့်မြို့၊ ကိုယ့်ဒေသကို ဖျက်ဆီးဖို့လာတာကို လက်ခံခဲ့ကြတယ်။ မြို့ရွာတွေမှာ တိုက်ကွက်တွေဖော်တော့ အများပြည်သူပိုင် အိမ်ရာတွေ ထိခိုက်ပျက်စီးရသလို အသက်ဆုံးရှုံးတာကလည်း PDF တွေ အများဆုံးပဲဆိုတာ တွေ့ရတယ်။ TNLA ဟာ ကျောက်မဲ၊ သီပေါ၊ နောင်ချို တစ်ကြောမှာလည်း PDF အင်အားကို အသုံးချခဲ့တာပဲ။မိုးကုတ်မှာလည်း ထိုနည်းအတိုင်းပဲ။ မန္တလေး PDF ဆိုတဲ့ အဖွဲ့အပါအဝင် တခြားအဖွဲ့ပေါင်းစုံကို အသုံးချခဲ့တယ်။ PDF အဖွဲ့ခေါင်းဆောင်အချို့လောက်သာ အကျိုးစီးပွားလေး လက်ဝေခံစားရတော့ မိုးကုတ်ကို ကာကွယ်မယ် ဆိုပြီး အသံထွက်ခဲ့ကြတယ်။ တကယ်တမ်း TNLA လည်း ဆုတ်ခွာသွားရော PDF တွေဟာ အကျအဆုံးများခဲ့ပြီး အသုံးချခံပဲဆိုတာ ပိုထင်ရှားခဲ့တယ်"ဟု မိုးကုတ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မ တော်သားတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
တိုက်ပွဲမှတ်တမ်း အချက်အလက်များအရ တပ်မတော်က သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းအား အပြည့်အ၀ ထိန်းချုပ်ခဲ့ပြီးနောက် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်း ကြောင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တပ်မတော် စစ်ကြောင်းများ အနေဖြင့် PDF ပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်း ကြောင်းအား ဇန်နဝါရီ ၁၉ ရက်တွင် အပြည့်အ၀ ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သည့်အတွက် ဇန်နဝါရီ ၂၀ ရက်မှစ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် ပြန်လည်သွားလာနိုင်ခဲ့ပြီး ဒေသတွင်းကုန်စည် ကူးသန်းရောင်းဝယ်မှုများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ခဲ့ကြသည်။ သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သပိတ်ကျင်း ဒေသအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာဒေသတစ်ဝိုက်ရှိ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် ဒေသတို့အား သြဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင် ဒေသတစ်ဝိုက်အား နိုဝင်ဘာ ၂၅ ရက်တွင်လည်းကောင်း၊ စဉ့်ကူးဒေ သတစ်ဝိုက်အား ဒီဇင်ဘာ ၁၉ ရက်တွင်လည်းကောင်း၊ သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပြီး ယာယီစိုးမိုးထားသည့် ဧရာဝတီတံတား (ရတနာသိင်္ဃ)အား ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ကောင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့ရသည်။ ဆက်လက်၍ နယ်မြေလုံခြုံ ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက် သွယ်ရေးလမ်း ကြောင်းအား ဒီဇင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် စိန်ကုန်းကျေးရွာ ဒေသတစ်ဝိုက်တို့အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင်လည်းကောင်း၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းကုန်းနေရာတို့အား ဇန်နဝါရီ ၁၅ ရက်တွင်လည်းကောင်း အသီးသီး ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရရှိခဲ့သည်။
ဆက်လက်၍ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတွင် ကျန်ရှိနေသည့် လမ်းပိုင်းနေရာအား စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ် ငန်းများကို ဆောင်ရွက်ခဲ့ရာ ကင်းရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် မလဲပေါက်ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာနှင့် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာအား လည်းကောင်း၊ အုန်ဒန်ကျေးရွာဘက်မှ ချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေညောင်ပင်ကျေးရွာတို့အား လည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါ တပ်မတော်စစ်ကြောင်းများသည် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၌ လက်ချင်းချိတ် ဆက် ပေါင်းဆုံနိုင်ခဲ့သဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် သပိတ်ကျင်း-မိုးကုတ် ဆက် သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များကို ကောင်းစွာ အသုံးချနိုင်ခဲ့သည်။ သယံဇာတ လောဘကြောင့် နယ်မြေချဲ့ထွင်ရေး စစ်ပွဲများတွင် PDF များကို ချိန်သားကိုက် အသုံးချခဲ့ပြီး စဉ်စားတွေးခေါ်မှု အားနည်းသော PDF အင်အားကောင်းသည့်နေရာ ဒေသများကို စစ်တလင်းအဖြစ် ဖန်တီးကာ ၎င်းတို့၏ ကိုယ် ကျိုးစီးပွားအရ သယံဇာတများ စိတ်ကြိုက်တူးဖော်ခွင့် အချိန်ရရန် အကွက်ကျကျ စီမံခဲ့ကြသည်ကို တွေ့မြင်ရသည်။ မိုးကုတ်ခရီးစဉ်အတွင်း လက်တွေ့မြင်ခဲ့ရသည့် ပတ္တမြားမြေ ဂေါက်ကလပ်တည်နေရာကို ပုံပျက်ပန်းပျက် ဖြစ်သည်အထိ တူးဖော်ခဲ့ကြသည်က စစ်ပွဲကို စတင်ဖန် တီးခဲ့ကြသူတို့၏ သဘော ထားအမှန်ပင်ဖြစ်သည်။ ၁၀၂၇ ဟူသော နယ်မြေချဲ့ထွင်ရေး စစ်ပွဲများသည် ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း၊ ယင်းကာလက EAO များကို အားကိုး၍ တော်လှန်ရေးကို ယောင်ပြလုပ်ချင်ကြ သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် လူငယ် PDF ပေါင်းများစွာကို စစ်တလင်းတွင် စတေးခံခဲ့ရသည်။ ၎င်းင်းတို့၏ အကျိုးစီးပွားကို အရင်းတည်ကာ ဒေသခံတို့၏ လူမှုဘဝပေါင်းများစွာ၊ အကျိုးစီးပွား ဥစ္စာ ပစ္စည်းပေါင်းများစွာ အကျိုးမဲ့အချည်းအနှီး ပျက်စီးဆုံး ရှုံးစေခဲ့သည်ကို မိုးကုတ်ဒေသက အကောင်းဆုံး သက် သေပြစရာ နေရာတစ်ခု ဖြစ်နေသည်။
ပတ္တမြားမြေ ဂေါက်ကလပ် တည်နေရာသည် ယခုအခြေအနေအတိုင်း ထိန်းသိမ်းကာ နှောင်းလူတို့ကို စစ်ပွဲဖန်တီးခဲ့ကြသည့် အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်သည် ကိုယ်ကျိုးစီးပွားကိုသာ အရင်းတည်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးအတွက် မပါဝင်သော လုပ်ရပ်များအဖြစ် သက်ရှိရုပ်ဝတ္ထု သမိုင်းသင်ခန်းစာများ ထား ရစ်ရမည် ဖြစ်သည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )