ပန်းဆိုးတန်းဆိပ်ကမ်းမှ စတင် ထွက်ခွာပါမည်

၂၀၂၆ ၊ ဇန်နဝါရီ ၃၀

    စီးပွားရေးသမားတွေ စီးပွားရေးဈေးကွက် မြင်တတ်လိုက်ပုံများ အံ့သြစရာ ဖြစ်မိသည်။ ဒီတစ်ပတ်တော့ နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသော အမေရိကန်နိုင်ငံက သတင်းတစ်ပုဒ်ကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးလိုပါသည်။ သတင်းဖြစ်တည်ရာ အစကတော့ ဖလော်ရီဒါအခြေစိုက် Villa Vie Residences ကုမ္ပဏီက စတာဖြစ်သည်။ သတင်းတွေအရ ကုမ္ပဏီက မည်သည့်ကိစ္စတွေကို ဝန်ဆောင်မှုပေးသော ကုမ္ပဏီဟု တိတိကျကျ မသိရသော်လည်း ယခုတစ်ကြိမ် ထိုကုမ္ပဏီ၏ ဝန်ဆောင်မှုက နှစ်ရှည် ပင်လယ်ထဲမှာ လွင့်မျောသွားလာရမည့် ခရီး စဉ်ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အမေရိကန် ဆိုတာက ခေတ်မီတိုးတက်လာသလို လူ့အသိုက်အဝန်းကလည်း မျိုးစုံဆိုတော့ ဒီမိုကရေစီ ထုံးစံအတိုင်း ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတာ ဖြစ်သည်။ မနှစ်ကလည်း LGBT တွေ တင်ဆောင်ပြီး ထွက်ခွာသည့် သင်္ဘောခရီးစဉ်ကလည်း ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်ခဲ့သေးသည်။ ဖက်ရှင်ဆန်းပြားတွေဝတ်ပြီး ကမ္ဘာ့နေရာဒေသအသီးသီးက LGBT တွေ တင်ဆောင်ကာ ပါတီပွဲတွေ ကျင်းပ၊ သောက်စားပျော်ပါး ကခုန်ကြသည့် သင်္ဘောခရီးစဉ်ကိုကြည့်ပြီး ထူးမြတ်တောင် ဝါသနာတူ သတင်းမီဒီယာ ရှက်ကီသမားတွေ တင်ပြီး ရှက်ကီသင်္ဘောကြီးဖြင့် ခရီးထွက်ချင်စိတ် ဖြစ်မိသေးသည်။ ဂျာနယ်က ဒုတိယအယ်ဒီတာချုပ်က "သွားတော့သွားချင်တယ်ကွ၊ မိန်းမက ခွင့်ပြုမှာမဟုတ်ဘူး ကြောက်ရတယ်"ဆိုတာကြောင့် ခရီးစဉ်က ပျက်သွားတာဖြစ်သည်။
    ထားပါတော့ ခုတစ်ခေါက် Villa Vie Residences ကုမ္ပဏီက စီစဉ်သည့် ခရီးစဉ်က Skip Forward လို့ အမည်ရတဲ့ လေးနှစ်ကြာ ကမ္ဘာပတ်သင်္ဘောခရီးစဉ် တစ်ခုပင်ဖြစ်သည်။ ဒီခရီးစဉ်ရည်ရွယ်ချက်က အမေရိကန်၏ လက်ရှိသမ္မတကြီး ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းကို အမေရိကန်နိုင်ငံထဲမှာ မနေထိုင်ဘဲ ရှောင်လွှဲချင်သူတွေအတွက် စီစဉ်တာဖြစ်ပြီး ဒီခရီးစဉ်ဟာ နိုင်ငံရေးအခြေအနေ ကြောင့် ပြည်ပမှာပဲ အေးအေးချမ်းချမ်း နေထိုင်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေအတွက် အထူးရည်ရွယ်ထားတာဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ ဆိပ်ကမ်းကနေ စတင်လိုက်ပါစီးနင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်ဆိုတာက ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းများစွာ ကျင့်သုံးလာသော နိုင်ငံကြီး ဆိုတော့လည်း သူ့ပြည်သူတွေကလည်း ဒီမိုကရေစီကို ထုံးလိုချေ ရေလိုနှောက်နေကြပြီ ဖြစ်သည်။ ဒေါ်နယ်ထရမ့်ဆိုတာကလည်း ထောက်ခံသူတွေများလို့ သမ္မတ ဖြစ်လာတာဆိုပေမယ့် သူ့ကိုမကြိုက်တဲ့ ပြည်သူတွေကလည်း ဒုနဲ့ဒေးရှိသည်။ ဒါသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရပင် ဖြစ်သည်။ ဒီတော့ ထရမ့် အုပ်ချုပ်နေတဲ့ အချိန်အတွင်း နိုင်ငံတွင်းမှာ မနေလိုသူတွေ ပင်လယ်ထဲမှာသွားနေကြဖို့ ခရီးစဉ် စတင်လိုက်တာ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဉာဏ်ကောင်းလိုက်ပုံများ လေးနှစ်လုံးလုံး ပင်လယ် ထဲမှာ ဟိုနား ကျောက်ချလိုက်၊ ဒီနား ကျောက်ချလိုက်နဲ့ ဒေါ်လာတွေ သန်းချီဝင်ငွေရမှာဖြစ်သည်။ ဒီလိုဆိုတော့ ထရမ့်အစိုးရကလည်း ဘာမှကန့်ကွက်စရာမရှိဟု ထင်သည်။ အစိုးရ သက်တမ်းတစ်လျှောက်လုံး ကန့်ကွက်ဆန္ဒပြချင်တဲ့ အတိုက်အခံတွေအားလုံး ပင်လယ်ထဲသွားနေတာဆိုတော့  နားပူသက်သာသေး သည်။ နိုင်ငံထဲမှာ ထရမ့်နှင့်သူ၏ထောက်ခံသူများသာကျန်တော့ ပိုလို့တောင် နေလို့ထိုင်လို့ကောင်း၊ အုပ်ချုပ်လို့ကောင်းသည်။
    ဒီတော့ စိတ်ဝင်စားတာနဲ့ ထရမ့်အစိုးရ သက်တမ်းတစ်လျှောက်ပင်လယ်ထဲ ရွက်လွှင့်မည့် ခရီးစဉ်ကို ဂူဂဲလ်ခေါက်တာ မောင်ထူးမြတ်တစ်ယောက် ဈေးစုံစမ်းမိသည်။ လေးနှစ်ကြာ အိမ်ပြန်စရာမလိုဘဲ ကမ္ဘာပတ်မယ့် ခရီးစဉ်အတွက် ဈေးနှုန်းတွေကတော့ လူနှစ်ယောက်ခန်းဆိုရင် ဒေါ်လာ တစ်သိန်း ခြောက်သောင်းနီးပါးနဲ့ တစ်ယောက်ခန်းဆိုရင် ဒေါ်လာနှစ်သိန်းခွဲကျော် ကျသင့်မှာ ဖြစ်သည်။ ထိုကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ချုပ်ကတော့ ဒီခရီးစဉ်ဟာ ဘယ်သူနိုင်ရင်တော့ ငါနိုင်ငံထဲက ထွက်သွားတော့မယ်လို့ ပြောလေ့ရှိသူတွေအတွက် အကိုက်ညီဆုံး ဝန် ဆောင်မှုတစ်ခု ဖြစ်တယ်လို့ဆိုထားသည်။ အမှု ဆောင်အရာရှိချုပ်ဆိုသူက အမေရိကန်နိုင်ငံရေးကို ကောင်းကောင်း အသုံးချပြီး စီးပွားရှာတော့မည် ဖြစ်သည်။ အမေရိကားမှာ ထရမ့်အုပ်ချုပ်မှုအောက် မနေလိုသူတွေကတော့ အထုပ်ပြင်နေကြပြီဟု သိရသည်။
    ဒါ့အပြင် ကုမ္ပဏီဘက်က လေးနှစ်ခရီးစဉ်တင်မကဘဲ တစ်နှစ်ကနေ သုံးနှစ်အထိ ကြာမြင့်မယ့် ခရီးစဉ်အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်အောင် စီစဉ်ပေးထားကြောင်း သိရသည်။ ဒါဟာ နိုင်ငံရေးအပြောင်းအလဲကြားမှာ စိတ်အပန်းဖြေစရာ နည်းလမ်းသစ်တစ်ခုကို ရှာဖွေနေသူတွေအတွက် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခုမျိုး ဖြစ်နေကြောင်းကိုလည်း ပင်လယ်ထဲသွားနေကြမည့်သူ တွေက ပြောဆိုနေကြကြောင်းလည်း သတင်းတွေက ရေးသားကြသည်။ ကုမ္ပဏီ၏ အကွက်မြင်တတ်မှုက ချီးကျူးစရာပင် ဖြစ်သည်။ ထရမ့်အစိုးရအုပ်ချုပ်တာကို တစ်နှစ်မနေချင်သူတွေကလည်း တစ်နှစ်ခရီး စဉ်ရွေးချယ်၊ နှစ်နှစ်သုံးနှစ်မနေချင်သူတွေကလည်း ကြိုက်နှစ်သက်သလို ရွေးချယ်နိုင်သည်။ နောက်ဆုံး ထရမ့်အစိုးရကြီး သက်တမ်းကုန်သွားပြီးနောက် သင်္ဘောပေါ်က ဆင်းရုံဖြင့် မဲရုံကို တန်းသွားနိုင်သည့်ဝန် ဆောင်မှုပါ ပေးထားသဖြင့် အင်မတန်ပြည့်စုံသော ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။
    ဒီခရီးစဉ်ကို ကြည့်ပြီး ထူးမြတ်တစ်ယောက် စီးပွားရေးလုပ်ဖို့ အကွက်ရသွားပြီ ဖြစ်သည်။ ထူးမြတ်တို့နိုင်ငံလည်း မကြာခင် ဒီမိုကရေစီစနစ်ကို ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နွေဦးကာလ ဖုန်ထကတည်းက ဒီအစိုးရကို အလိုမရှိကြောင်း၊ နောက်တက်လာမည့်အစိုးရကိုလည်း ကြိုတင်ဘိုကင်တင်ကာ အလိုမရှိကြောင်း ပြောနေကြသည့် အုပ်စုတွေအတွက် ရည်ရွယ်ပြီး စီးပွားရေးလုပ်မှာ ဖြစ်သည်။ ရွေး ကောက်ပွဲကို မဲမထည့်ဖို့တို့၊ သင့်မဲဖြင့် ဘာမလုပ်နဲ့၊ ညာမလုပ်နဲ့ ဆိုသူတွေအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ တချို့ကလည်း အစိုးရကိုတော်လှန်ချင်လို့ ဆိုပြီး အမေရိကားတို့၊ သြဇီတို့၊ ဂျပန်တို့၊ ထိုင်းတို့မှာ ခိုကပ်နေကြပြီး ဒုက္ခခံနေရတာကို မကြည့်ရက်တာကြောင့် ထူးမြတ်တစ်ယောက်လည်း အကြံပေါ်သွားတာ ဖြစ်သည်။ ခုဆိုရင် ရွေးကောက်ပွဲကြီးကလည်း တတိယပိုင်းကို အောင်အောင်မြင်မြင် ပြီးဆုံးလို့ မကြာခင် အစိုးရ သစ်တက်လာတော့မည်ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး ဆန္ဒမဲတွေပေးပြီး ရွေးကောက်တင်မြှောက်တဲ့ အစိုးရဆိုတော့လည်း ဒီမိုကရေစီအစိုးရပင် ဖြစ်တာကြောင့် လက်ခံကြရမည်ဖြစ်သည်။
    ဒီမိုကရေစီအစိုးရသက်တမ်းက ငါးနှစ်ဖြစ်သည်။ ဒါကြောင့် ငါးနှစ်တာ ပင်လယ်ပြင်ခရီးစဉ်ကြီးကို မောင်ထူးမြတ်လေးက ဝန်ဆောင်မှုပေးမည် ဖြစ်သည်။အမေရိကန်က သင်္ဘောကြီးလို ဒေါ်လာသိန်းချီ ကောက်ခံမှာ မဟုတ်ဘဲ အထူးလျှော့ဈေးများဖြင့် ပြေးဆွဲပေးသွားမှာ ဖြစ်သည်။ အထူးလျှော့ဈေးများကို အဆင့်အတန်းအလိုက် သတ်မှတ်မှာဖြစ်ပြီး 'မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်'ဆိုတဲ့သူတွေကို လက် မှတ်ခ၏ ၁၀ ရာ ခိုင်နှုန်း၊ 'ငါတို့နိုင်တော့မှာ'ဆိုသူတွေအတွက် လက်မှတ်ခ၏ ၁၅ ရာခိုင်နှုန်း၊ 'လမ်းအားလုံး ရာဇဌာနီသို့'ဆိုသူ တွေကို ရာခိုင်နှုန်း ၂၀၊ 'ရောင်နီ'ဆိုသူတွေကို ၂၅ ရာခိုင် နှုန်း၊ 'နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်း' ဆိုသူတွေကို ရာခိုင်နှုန်း ၃၀ လျှော့ပေးသွားမှာ ဖြစ်သည်။
    အထူးအစီအစဉ်အနေနဲ့ ကြားကာလ အုပ်ချုပ်ရေး ဆိုသူများကိုလည်း လက်မှတ်ခ၏ ရာခိုင်နှုန်း ၅၀ အထိ လျှော့ချပေးသွားမှာဖြစ်ပြီး 'ငါတို့က အဆိုးရ'ဆိုသူများကို လူသားချင်း စာနာထောက်ထား၍ ဉာဏ်ရည်နိမ့်သူများဟု ယူဆကာ FOC အခမဲ့ လိုက်ပါခွင့် ပေးသွားမည်ဖြစ်သည်။ အနီးစပ်ဆုံး ပန်းဆိုးတန်းဆိပ်ကမ်းကပဲ ထွက်ခွာမှာဖြစ်ပြီး ပင်လယ်ထဲ ငါးနှစ်တာ ဖြတ်သန်းလိုကြသူများအတွက် သတင်း ကောင်းပါးလိုသည်။ ထို့ကြောင့် မောင်ထူးမြတ်လေး၏ ပန်းဆိုးတန်းဆိပ်ကမ်းမှာ ကပ်ထားသည့် သင်္ဘောကြီးကို လိုက်ပါလိုလျှင်ဖြင့် ကြိုတင်လက်မှတ်များ ဝယ်လို့ရပြီဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ် ( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 58

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60127

© 2022 - 2026 News. All Rights Reserved.