ပြည်ထောင်စုအတွက် Common Agreement ရှာဖွေခြင်း

    လွတ်လပ်ရေးရကတည်းက စလိုက်တဲ့ မြန်မာနိုင်ငံအတွင်းက ပြဿနာတွေဟာ အခုချိန်ထိ မရှင်းနိုင်သေးဘဲ ပိုတောင်ဆိုးလာတဲ့ အနေ အထားလို့ ဆိုရမှာဖြစ်ပါတယ်။ အဓိကပြဿနာကဘာလဲ။ အဲဒီ အဓိကပြဿနာကို ဖြေရှင်းနိုင်မှသာ ပြဿနာတွေ တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ အနာကတခြား ဆေးကတခြား ဖြစ်နေလား။ ဆေးကမှန်ရဲ့သားနဲ့ အနာကသည်းနေရင်လည်း ကုသမှုအချိန် ကြာသွားနိုင်သလို ဆေးကလွဲသွား ရင်တော့ ပိုဆိုးသွားမှာ ဖြစ်ပါတယ်။ ရှေးပဝေသဏီ ကတည်းက အတူယှဉ်တွဲနေလာခဲ့ကြတဲ့ သူအချင်းချင်းတွေကြားမှာ အခုချိန်ထိ ညီညွတ်မှုမရှိသေးတာ တစ်ခုခုမှားနေလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ညီညွတ်မှုဆိုတာ လူအချင်းချင်းကို ဆိုလိုရုံသက်သက်မဟုတ်ပါ။ လူ၊ စနစ်အားလုံးကို ဆိုလို ခြင်း ဖြစ်ပါတယ်။ 
    မြန်မာ့နိုင်ငံရေးပြဿနာကို များသောအားဖြင့် ပြောကြတာတွေ ရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်ထက်မှာ သွေးခွဲခဲ့လို့၊ ဗမာလူမျိုးကြီးဝါဒ ကြီးမားလို့၊ ပြည်ထောင်စုအတွင်းက ခွဲထွက်ချင်လို့၊ တချို့တိုင်းရင်းသားတွေက သီးခြားပြည်နယ်ရချင်လို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်မရလို့၊ လက်နက်နဲ့ နယ်မြေ အာဏာတည်ဆောက်နေလို့၊ တပ်မတော်က နိုင်ငံရေးမှာပါလို့၊  စစ်အာဏာရှင်စနစ် တည်ဆောက်နေလို့၊ ဘာတွေရှိသေးလဲ ထားပါတော့၊ အဲဒီလို 'လို့'...တွေက အများကြီး။ တကယ်ရော မှန်ပါရဲ့လား။ သူ့ဘက်က ကြည့်ရင် သူမှန်သလို၊ ကိုယ့်ဘက်ကကြည့်ရင် ကိုယ်မှန်တယ်ဆိုသလိုမျိုး ဖြစ်နေသလား ဆိုတာလည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။ 
    နိုင်ငံရေးဝေါဟာရနဲ့ သုံးရရင် ကိုယ်လုပ်နေတာတွေဟာ ပြည်ထောင်စုအမြင်အရကြည့်ရင် လက်ဝဲသွေဖည်ရေးလား၊  လက်ယာသွေဖည်ရေးလားဆိုတာ သုံးသပ်ကြည့်မိကြရဲ့လား။ လက်ဝဲသွေဖည်ရေးနဲ့ လက်ယာသွေးဖည်ရေးဆိုတာ လက်ဝဲစနစ် (Left -Wing)၊ လက်ယာစနစ် (Right- Wing)ကို ဆိုလိုတာမဟုတ်ဘူး။ အကြမ်းဖျင်းအားဖြင့်ပြောရရင် လမ်းကြောင်းမှန် (Correct line) အပေါ်မှာအခြေခံပြီး ပိုလုပ်တာကို လက်ဝဲသွေဖည်ရေး၊ လျှော့လုပ်တာ၊ လုပ်သင့်တာကို မလုပ်တာ ကို လက်ယာသွေဖည်ရေးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း အယူအဆဟာ လက်ဝဲစနစ်က စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Karl Marx က စခဲ့တာပါ။ သူက သွေဖည်ရေးလို့ တိုက်ရိုက်မသုံးခဲ့ပေမယ့်  လီနင် (Vladimir Lenin) လက်ထက်မှာ စသုံးပြီး မော်စီတုံးက တွင်တွင်ကျယ်ကျယ် သုံးခဲ့တာပဲ ဖြစ်ပါတယ်။ 
    လက်ဝဲသွေဖည်ရေး၊ လက်ယာသွေဖည်ရေးကို ယူမယ်ဆိုရင် Correct line ရှိဖို့လိုပါတယ်။ လက်ဝဲသမားတွေအတွက် Correct line က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ Correct line ကဘာလဲ။ လက်ယာ သမားတွေအတွက် Correct line က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ Correct line ကဘာလဲ။ အမျိုးသား အကျိုးစီးပွားကိုအခြေခံတဲ့ အမျိုးသားရေးသမားတွေအတွက် Correct line က ဘာလဲ။ နိုင်ငံတော်ကာ ကွယ်ရေးကို ဆောင်ရွက်နေတဲ့ တပ်မတော်အတွက် Correct line ကဘာလဲ။ ဒီလမ်းကြောင်းတွေကို အခြေခံပြီး သွေဖည်ရေးကို သုံးစွဲကြရတာ ဖြစ်ပါတယ်။ များသောအားဖြင့် သာမန်ကိစ္စတွေမှာ သိပ်မသုံးကြဘဲ တော်လှန်ရေးမှာသာ အသုံးများပါတယ်။ 
    လက်ဝဲသမားတွေရဲ့ Correct line ဟာ တော်လှန်ရေးအပေါ်မှာ အခြေခံပါတယ်။ လက်ဝဲရဲ့အခြေခံသဘောတရားက လူတိုင်းတန်းတူညီမျှမှု (Equality)၊ အစိုးရက လူမှုရေးကိစ္စတွေမှာ ပိုမိုဝင်ရောက်ကူညီ သင့်မှုနဲ့ အလုပ်သမားအခွင့်အရေး၊ အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးစနစ်တွေကို အရေးပေးတယ်။ ဒီလိုအခြေအနေတွေကို အမြန်ရဖို့ အဟောင်းစနစ်ကို ဖျက်ပြီး အသစ်တစ်ခုနဲ့ အစားထိုးရမယ်။ အာဏာရှိ သူတွေက ကိုယ့်အာဏာကို လွယ်လွယ်မပေးတဲ့အတွက် တော်လှန်ရေးမဖြစ်မနေ လိုအပ်တယ်။ တော် လှန်ရေးကသာလျှင် စနစ်ပြောင်းနိုင်တယ်ဆိုတဲ့ အမြင်ကို အခြေခံတဲ့အတွက် သူတို့ရဲ့ Correct line ဟာ တော်လှန်ရေးကို အခြေခံခြင်း ဖြစ်ပါတယ်။ 
    လက်ယာသမားတွေရဲ့ Correct line ဟာ တော်လှန်ရေးကို မယုံကြည်ဘဲ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတဲ့ သဘောတရားကို အခြေခံပါတယ်။ လူ့အဖွဲ့အစည်းဟာ ရှည်လျှားတဲ့ အတွေ့အကြုံနဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် အဲ့ဒီစနစ်ကိုတစ်ခါတည်း ဖျက်လိုက်ရင် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ကြုံတွေ့လာနိုင်တယ်။ ဒါကြောင့် တဖြည်းဖြည်းချင်းသာ ပြုပြင်ပြောင်းလဲ သင့်တယ်ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ လက်ယာအယူအဆက တစ်ဦးချင်းအခွင့်အရေး Individual Freedom ကို အရေးထားပြီး အစိုးရရဲ့ အခန်းကဏ္ဍကို နည်းနိုင်သမျှ နည်းသင့်တယ်လို့ ယူဆတာ ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း ဈေးကွက်လွတ်လပ်မှု (Free Market) ကို အားပေးပါတယ်။ 
    ဒီလိုအယူအဆအပေါ်မှာ အခြေခံကြတဲ့အတွက် လက်ဝဲ လက်ယာရဲ့ Correct Line တွေ မတူညီ ကြတာဖြစ်ပါတယ်။ ဒီအမြင် ဒီသဘောတရားကို အခြေခံပြီးကြည့်ရင်၊ NLD ရဲ့လုပ်ရပ်တွေဟာ လက်ဝဲသွေ ဖည်ရေးလို့ ဆိုရမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးလို့ ကြွေးကြော်ခဲ့ပြီး တကယ်တန်းကြတော့ အာဏာတည်ဆောက်ရေးကိုသာ ဦးစားပေးပြီး တပ်မတော်ကို ရန်သူသဖွယ် ဆက်ဆံပြီး အပြုတ်တိုက် ရေး ရှေးရှုခဲ့တာမဟုတ်ပါလား။ အခုအခါမှာ NUG? CRPH နဲ့ SCEF တို့ရဲ့ လုပ်ရပ်တွေဟာ လက်ဝဲသွေ ဖည်ရေးပင် မကတော့ဘဲ ပါးစပ်က လက်ယာ၊ လုပ်ရပ်က လက်ဝဲဖြစ်နေတာ တွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒီထက်ပိုဆိုးတာက ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး သံဃာအပါအဝင် သက်ကြီးရွယ်အို၊ ဆရာ ဆရာမပါမချန် လူသတ်နေတာပဲ ဖြစ်ပါတယ်။ အမှန်က NLD စဖွဲ့စည်းကတည်းက လက်ဝဲ၊ လက်ယာ ပေါင်းဖွဲ့ခဲ့တာဖြစ်ပြီး လက်ဝဲကွန်မြူနစ်အုပ်စုက ကြီးစိုးခဲ့တာပါ။ အဲဒီအတွက်လည်း မဲမသမာမှုဖြစ်စဉ်မှာ ညှိညှိနှိုင်းနှိုင်း မလုပ်ခဲ့တာ ဖြစ်ပါတယ်။ အပြုတ်တိုက် ရေး၊ တပ်မတော်ဘေးဖယ်ရေးကိုသာ တော်လှန် ရေးသဘာဝအရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ညှိညှိနှိုင်းနှိုင်းသာလုပ်ခဲ့ကြရင် အခုလိုဖြစ်လာစရာ မရှိပါဘူး။ 
    မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံရှိတယ်။ အယူအဆအမျိုးမျိုး ရှိကြတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ထားကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ Correct line က ဘာလဲ။ အများသဘောတူထားတဲ့ Constitution လား၊ Constitution က Corre-ction လိုင်းဆိုရင် ဘယ်သူတွေက လက်ဝဲ သွေဖည်ရေး၊ ဘယ်သူတွေက လက်ယာသွေဖည်ရေး ဖြစ်နေသလဲ၊ Constitution ကရော မြန်မာနိုင်ငံအတွက် Correct line ဟုတ်ရဲ့လား။ မြန်မာနိုင်ငံမှာ Constitution သုံးခုရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေတွေပဲ ဖြစ်ပါ တယ်။ 
    ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုဟာ လွတ်လပ်ရေးရပြီး နှစ်မကူးသေးခင်မှာ လက်နက်ကိုင်လမ်းစဉ်စခဲ့တာကိုတွေ့ ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်က လက်ဝဲကွန် မြူနစ်က စခဲ့တယ်ဆိုပေမယ့် လက်ယာ တိုင်းရင်းသား အုပ်စုတွေအနေနဲ့လည်း ကျေနပ် လက်ခံကြတာ မဟုတ်ဘဲ နည်းအမျိုးမျိုးသုံး ဆန့်ကျင်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်ခွဲ ထွက်ခွင့်အသက်ဝင်လာတာတွေ၊ ခွဲထွက်ခွင့်တောင်းဆိုလာတာတွေ၊ နိုင်ငံရေး မငြိမ်သက်မှုအရ လက်နက်ကိုင်လမ်းစဉ်အားကောင်းလာတာတွေကို အခြေခံပြီး ၁၉၆၂ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံတော်အာ ဏာကို ရယူလိုက်ချိန်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ရပ်စဲသွားခဲ့ရပါတယ်။ 
    အဲဒီနောက် ပါတီစုံဒီမိုကရေစီစနစ်အစား ဆိုရှယ်လစ်နစ်ကို ဦးတည်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီအပြောင်းအလဲကို ဦးတည်ပြီး ၁၉၇၄ခုနှစ် အခြေခံဥပဒေ ပေါ်လာတာပဲဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ် ဦးဆောင်မှုကို နေရာယူဦးဆောင်သူတွေက တပ်မတော်သား တစ်ဖြစ်လဲ ပါတီကေဒါတွေ၊ အရပ်သား စစ်စစ်တွေ၊ တပ်မတော်သား အကြီးအကဲတချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်ပါတယ်။ တပ်မတော်ကချည်းသက်သက် မဟုတ်ပါ။ သို့သော် ဒီအခြေခံဥပဒေဟာလည်း  ၁၉၈၈ ခုနှစ်မှာ နိဋ္ဌိတံသွားခဲ့ပြန်ပါတယ်။ ပြင်ဆင်ပြီး ဆက်လက်ချီတက်ဖို့ တာဝန်ရှိသူတွေ ကြိုးစားခဲ့ပေမယ့် လက်ခံခြင်းမရှိတဲ့အတွက် တိုင်းပြည်အတွက် နစ်နာမှု ဖြစ်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ဘယ်လိုပဲဆိုဆို ဒီအခြေခံ ဥပဒေနှစ်ခုလုံးဟာ မြန်မာပြည်အတွက် သင့်တော်တဲ့ စနစ်မဟုတ်ခဲ့တာကို လက်ခံရမှာ ဖြစ်ပါတယ်။ 
    တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစပြီး အခုချိန်ထိကာလကို တပ်မတော်က အာဏာဆက်တိုက်ရယူထားတယ်ဆိုတဲ့ ပြောဆိုစွပ်စွဲမှုဟာ အခြေအနေမှန်လို့ မယူသင့်ပါ။ စနစ်တွေဦးဆောင်ပြောင်းပေးခဲ့တာသာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက ရခဲ့တဲ့ လွတ်လပ်ရေး ကာလကစပြီး တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါနေခဲ့တာဖြစ်ပါတယ်။ ဒီ့ထက်ချဲ့ပြောရရင် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲချိန် ဖဆပလမှာပါ ပါနေတာဖြစ်တဲ့အတွက် တပ်မတော်ကို မြန်မာ့နိုင်ငံရေးနဲ့ ခွဲလို့မရပါဘူး။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေပေါ်လာဖို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေး ခဲ့တာကလည်း တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ပါ။ စနစ်မအောင်မြင်တာဟာ တပ်မတော် တစ်ခုတည်းနဲ့ မဆိုင်ပါ။ စနစ်မှန် မမှန်၊ ကိုက်ညီ မကိုက်ညီနဲ့ ကျင့်သုံးသူ၊ တိုက်ခိုက်သူတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ 
    ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာလည်း တပ်မတော်က ဦးဆောင်ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်က ဦးဆောင်မှုအခန်းမှာ ပါနေပေမယ့် စစ်အာဏာရှင်စနစ် မဟုတ်တာတော့ သေချာပါတယ်။ စနစ်အပြောင်းမှာ ခေတ်စနစ်အရ ဖြစ်သင့်တဲ့ အမြင်နဲ့ရေးဆွဲ ခဲ့တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ သင့်တော်လား၊ မသင့်တော်လား မှန်ကန်တဲ့လမ်းကြောင်း Correct line ဟုတ်လား၊ မဟုတ်လားဆိုတာ ကျင့်သုံး မှသာ သိနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးပြီးသမျှ အခြေအနေအရ ပြီးပြည့်စုံတဲ့ Correct line မဟုတ်သေးတာ လက်ခံရမှာဖြစ်ပါတယ်။ လက်ရှိ Conflict ဖြစ်နေတဲ့ တချို့ကိစ္စတွေဟာ ဒီ Constitution အပေါ်မှာ အခြေခံနေတာ ကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ 
    လက်ရှိအချိန်ထိ မြန်မာ့နိုင်ငံရေးမပြေလည် နေတာတွေဟာ တစ်စုံတစ်ယောက်၊ တစ်ဦးတစ်ဖွဲ့ရဲ့ အမှား (Individual Problem)လား၊ အားလုံး သို့မဟုတ် အများစုက ပါဝင်လာခြင်း မရှိတဲ့အမှား (System problem) လားဆိုတာ မြင်အောင်ကြည့်ဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းကိုပုံချဖို့ မသင့်ပါ။ System problem ဆိုရင်လည်း ဘယ်လိုပြောင်းလဲကြ မလဲဆိုတာ စဉ်းစားအဖြေရှာဖို့ လိုပါတယ်။ Revolution အမြန် ပြောင်းလဲနိုင်တဲ့ တော်လှန်ရေး နည်းလမ်းလား၊ Evolution အချိန်ယူပြောင်းလဲတဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းလားဆိုတာ Stakeholder တွေ မှန်မှန်ကန်ကန် စဉ်းစားမှသာ တိုင်းပြည်အတွက် သက်သာမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာရှိနေပြီဆိုကတည်းက တစ်ခုခု မှားနေတယ်ဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးနေသမျှအောင် မြင်မှုထက် ဆုံးရှုံးမှုက ပိုနေမှာ သာ ဖြစ်ပါတယ်။ အောင်မြင်ဖို့လည်း မလွယ်ပါ။ တွေ့ဆုံဆွေးနွေးရေးကသာလျှင် အောင်မြင်မှုရဖို့ ပိုလွယ်ကူသလို ဆုံးရှုံးမှုလည်း နည်းမှာဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ နိုင်ငံကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အပေါ် Common Agreement မရှိတာလို့ မြင်ပါတယ်။ အမျိုးသားရေးအမြင် ရှိတဲ့သူတွေရဲ့  ပြည်ထောင်စုကိုမြင်တဲ့ အမြင်၊  လက်ဝဲလက်ယာ နိုင်ငံရေးသမားတွေရဲ့ ပြည်ထောင်စု ကိုမြင်တဲ့အမြင်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြည်ထောင်စုကို မြင်တဲ့အမြင်မတူပါ။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ အခုထိ လမ်း ကြောင်းမှန်အပေါ် မရောက်သေးတာဟာ ဒီအပေါ်မှာ အခြေခံပါတယ်။ System ဆိုတာ နိုင်ငံရေးစနစ် (Constitution , Power Structure)၊ ဥပဒေနဲ့ တရားရေးစနစ်၊ လုံခြုံရေးစနစ်၊ လူမျိုးရေးနဲ့ အာဏာခွဲဝေရေးစနစ်နဲ့ စီးပွားရေးစနစ်တွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ 
               လက်ရှိရထားပြီးသား အခြေခံဥပဒေဟာ မြန်မာနိုင်ငံအတွက် Correct line မဟုတ်သေးတာ မှန်ပေမယ့် ပြင်ဆင်သွားရင် ရောက်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ရောက်အောင်လည်းသွားဖို့ ဝိုင်းကြရမှာဖြစ်ပါတယ်။ တပ်မတော်အပိုင်းကလည်း လက်ရှိသမ္မတ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဘဝမှာ ကတည်းက အခြေခံဥပဒေပြင်ဆင်ဖို့ မူချထားပြီး ဖြစ်ပါတယ်။ အခုချိန်မှာ အခြေခံဥပဒေပြင်ဆင်ဖို့ တိုင်းရင်းသားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးထားတဲ့ ပြင်ဆင်သင့်တဲ့အချက်တွေကို လွှတ်တော်ကို ပေးပို့ထားပြီးပြီလို့လည်း သိရပါတယ်။ အနိမ့်ဆုံးအဆင့် တိုင်းရင်းသားဒေသတွေမှာ မဲ နိုင်တဲ့သူ အစိုးရ ဖွဲ့ဖို့ ရရင်ကိုပဲ အတော်ဟုတ်နေပါပြီ။ 
    ပြည်ထောင်စုဖွဲ့စည်းဖို့ Common Agreement မရှိသေးဘူးဆိုငြား သမိုင်းကြောင်းအရ လက်ခံလိုက် နာရမယ့် Agreement ကတော့ ပြည်ထောင်စုအတွင်းက ခွဲမထွက်ရေးဘဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ပြည်ထောင်စုအတွက် Correct line ပါ။ ဒီလမ်းကြောင်းက သွေဖည်ရင်တော့ သဘောထားတူတူ၊ မတူတူ  ခွင့်လွှတ်လို့မရပါ။ သီးခြားပြည်နယ်ထူထောင်ပြီး အဆင့်တူ ပူးပေါင်းမယ်ဆိုတဲ့ Confederation ပဲဖြစ်ဖြစ်၊ သီးခြားနိုင်ငံ ထူထောင်လိုတာပဲဖြစ်ဖြစ် ပြည်ထောင်စုရဲ့ လမ်းကြောင်းမှန် Correct line က သွေဖည်နေတဲ့ လက်ဝဲသွေဖည်ရေးပါ။ ပြည်ထောင်စုရဲ့ ဘုံရန်သူဖြစ်တဲ့အတွက် ပြတ်သားစွာ နှိမ်နင်းရမှာ ဖြစ်ပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65016

© 2022 - 2026 News. All Rights Reserved.