Breaking

ပြည်သူတို့၏ ဆန္ဒနှင့် လက်သန်းမင်တို့၍ NUG ကို မြောင်းထဲ တောက်ချလိုက်သည့်ပွဲ

၂၀၂၆ ၊ ဇန်နဝါရီ ၃

ဘယ်ခြောက်ကာ ညာကိုယိမ်း
    ရွေးကောက်ပွဲနှင့် ပတ်သက်လျှင် ကိုယ်တွေ ပြည်တွင်းထက် ပြည်ပရောက် မြန်မာများက ပို၍စိတ်ဝင်စားသလား မှတ်ရသည်ဟု မိတ်ဆွေတစ်ဦးက မှတ်ချက်ပြုသည်။ သူပြောသည်က ဟုတ်၏။ အဘယ့်ကြောင့် ဆိုသော် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်း ခွဲ၍ ကျင်းပမည်နှင့် ကျင်းပမည့် မဲဆန္ဒနယ်များ စတင်ကာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချိန်မှစ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ပြည်ပြေးသတင်းဌာနတို့က မျိုးစုံရေးသားဖော်ပြလာကြလေသည်။ အထူးသဖြင့် ကောင်းသည့်ဘက်ထက် ဆိုးရွားသည့်ဘက် အပြုသဘောဆောင်ခြင်းထက် အပျက်သဘောဆောင်သည့်ဆန္ဒနှင့် ရေးသားလာကြသည်ကို မိတ်ဆွေများ သိပြီးသားဖြစ်ပါသည်။ ထွက်ပေါက်မဟုတ်ဘူး၊ ထောင်ချောက်'ဆိုသည့် စကားကို လက်ကိုင်ထားကာ ရွေးကောက်ပွဲ ပျက်ပြားစေရန် နည်းမျိုးစုံ အားထုတ်ခဲ့ကြသည်။ ရွေးကောက်ပွဲဆိုသည်မှာ ယနေ့ခေတ်ကာလနှင့်ဆိုလျှင် မြန်မာပြည်သူလူထုအတွက် မစိမ်း၊ ယဉ်ပါးနေသောအရာ ဖြစ်သော်လည်း ယခုကျင်းပသည့် ရွေးကောက်ပွဲသည် သာမန်အခြေအနေမဟုတ်သောကြောင့် ရွေးကောက်ပွဲအပေါ် ပြည်သူများ၏ ဆန္ဒသဘောထားများ အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပေးမှုများနှင့် ပြည် သူတို့၏ တုံ့ပြန်လာနိုင်မှုများ မည်ကဲ့သို့ရှိမည်ကို လွန်ခဲ့သည့် နှစ်လခန့်ကတည်းက စိတ်ဝင်တစား ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ ကိုယ်ကျင်လည်ရာ ရပ်ဝန်းနှင့် ဆက်စပ်ခဲ့သည့်နေရာမှ မိတ်ဆွေအပေါင်း အသင်းများနှင့် စကားစမြည်ပြောဖြစ်တိုင်း ရွေးကောက်ပွဲအသံ နားစွင့်ဖြစ်ခဲ့သည်။ လက်ရှိ ကိုယ်နေထိုင် ရာအရပ်က အေးချမ်းသောကြောင့် ရွေးကောက်ပွဲအပေါ်ထားသည့် သဘောထားသည် သာမန်အခြေ အနေရှိနေလေရာ အခက်အခဲတစ်စုံ တစ်ခုမရှိဘဲ လုပ်ရိုးလုပ်စဉ်အတိုင်းသာ သဘောထားကြသည်။ သို့သော်လည်း မငြိမ်းချမ်းသည့်အရပ်၊ စိုးတထိတ် ထိတ်နှင့်ရှိသည့်အရပ်၊ အထူးသဖြင့် ခြိမ်းခြောက်မှုမျိုးစုံ ရှိသည့်အရပ်က မိတ်ဆွေများနှင့် စကားစမြည်ပြောဖြစ် သည့်အချိန်များတွင် သူတို့၏ လေသံ၊ အပြောအဆို၊ အယူအဆများကို အစဉ်နားစွင့်ခဲ့သည်။ လွန်ခဲ့သည့်တစ် လကျော်ခန့်က ဖြစ်သည်။ မုံရွာက မိတ်ဆွေတစ်ဦးနှင့် စကားပြောစဉ် ရွေးကောက်ပွဲ မဲစာရင်းကြည့်သည့် လူများ ရှိလားဟုဆိုရာ မဲစာရင်း စတင်ကပ်စဉ်က လာရောက်ကြည့်ရှုသူ များပြားသည်ဟုဆိုသည်။ ရက်အနည်း ငယ်ကြာသောအခါ ထိုမဲစာရင်းလာကြည့်သည့် သူများကိုပါ လက်နက်ကိုင်များက အွန်လိုင်းပေါ်မှ ခြိမ်းခြောက်သံများ ထွက်လာသဖြင့် မဲစာရင်း သွားရောက်ကြည့်ရှု သူကျဲပါးသွားသည်ဟုဆိုသည်။ ဒါကလည်း မှန်ပါသည်။ အဖျက်သမားက အဖျက်လုပ်ရပ်ကို သူတို့တာဝန်တစ်ရပ်အဖြစ် လုပ်ကိုင်မည်ဟု ကြွေးကြော်ထားပြီး ပြည်သူ တစ်ဦးတစ်ယောက်အနေဖြင့် အသက်နှင့်ရင်း၍ မည်သူက စွန့်စားရဲပါမည်နည်းဟု မှတ်ယူထားမိ၏။ သူငယ်ချင်း ဖြစ်သူကလည်း ပြောရှာပါသည်။ ထိုကဲ့သို့ခြိမ်းခြောက် မှုများရှိနေလေရာ "ငါတို့က ဝန်ထမ်း လည်းများတယ်၊ ကြိုတင်မဲလေး လာကောက်ရင်တော့ ထည့်ချင်သားပဲ"ဟု မယုတ်မလွန် ပြောထားလေသည်။ ဒါက ရွေးကောက် ပွဲကျင်းပမည့်ရက်နှင့် ဝေးသည့်အချိန်က ပြောခဲ့သည့် စကားဖြစ်သည်။ 
    သည်ကြားထဲ ပြည်ပမီဒီယာများနှင့် ပြည်ပြေးများက ရွေးကောက်ပွဲကို ပျက်ပြားစေရန် အသည်းအသန် အားထုတ်လာချိန် သူငယ်ချင်း၏ စကားက ပြောင်းလဲလာသည်။ ပြည်ပြေးတို့နှင့် NUG တို့ အပေါင်းအပါတစ်သိုက် ရွေးကောက်ပွဲကို ပျက်ပြားစေရန် အင်နှင့်အားနှင့် အသည်း အသန် အားထုတ်နေ သည်ကို မြင်တွေ့လာပြီး သူငယ်ချင်းဖြစ်သူက အမြင်ကပ်လာလေသည်။ "ဒီကောင်တွေက ရွေးကောက် ပွဲဖျက်ဖို့နဲ့ ပျက်ဖို့ ပဲ ပြောနေတာ၊ အဲဒီအတွက် အဖြေကြတော့ ဒီကောင်တွေစီမှာ ဘာအစီအစဉ်မှ မရှိဘူး၊ ဒီရွေးကောက်ပွဲက ငါတို့အတွက် အဖြေပဲ"ဟု လေသံပြောင်းလာသည့်  မှတ်ချက်ကို ကြားသိလာရသည်။ သို့နှင့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း(၁)သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်အချိန် သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်၍ လှမ်းမေးဖြစ်သည်။ ဒီဇင်ဘာ၏ ဆောင်းအငွေ့အသက်က အတော်ပင် အေးလှသည်။ ထိုကဲ့သို့ ချမ်းချမ်းအေးအေးအချိန်တွင် မြို့မုံရွာကဲ့သို့ အညာဆောင်းတွင် နံနက်စောစော အိပ်ရာထဲတွင် ကွေးနေသူများမည်ဟုလည်း ထင်နေခဲ့သည်။ သူငယ်ချင်းဖြစ်သူက "မဲပေးမလို့ မဲရုံသွားတာ၊ လူတန်းရှည်ကြီး လူမတိုးနိုင်လို့ နေ့ခင်းမှသွားပေးတော့မယ်၊ အိမ်ကအမျိုးသမီးနဲ့ ဝန်ထမ်းတွေကတော့ အစောကြီးမဲသွားပေးလို့ သူတို့က ပြီးသွားပြီ"ဟုပြောလေသည်။ ဟုတ်မှဟုတ်ရဲ့လားဟူ၍ပင် သူ့ကို ပြန်မေးဖြစ်၏။ "ငါလည်း ထင်မထားဘူးဟေ့၊ ဒီလောက် ခြိမ်းခြောက်မှုတွေကြားက ဒီလောက်လူတွေ ကြိတ်ကြိတ်တိုးမဲပေးမယ်ဆိုတာ ယုံတောင် မယုံဘူး"ဟူ၍ ဖြစ်လေသည်။ ရွေးကောက်ပွဲနီးလေ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးများက ခြိမ်းခြောက်မှုအရှိန်မြှင့် ထားသောကြောင့် မဲရုံများတွင် ဝတ်ကျေတမ်းကျေသာ မဲပေးကြလိမ့်မည်ဟု သူငယ်ချင်းဖြစ်သူက လျှော့တွက် ထားခဲ့ သည်ဟု ဝန်ခံလေသည်။ သူငယ်ချင်းဖြစ်သူဝန်ခံသည့်အတိုင်းလည်း ကျွန်တော်၏ ယူဆချက်မှာ ထိုနည်း နှင်နှင်ဟုသာ ဆိုရမည်သာဖြစ်သည်။ လက်တွေ့တွင် ထိုသို့မဟုတ်ဘဲ ဆန္ဒမဲပေးသည့် လူထုပရိသတ်ကို ကြည့်ပြီး "ပြည်သူက လည်တယ်ဟ၊ အကြမ်းဖက်အားပေးတွေ ကျေနပ်အောင် စိတ်မဝင်စားတဲ့ပုံစံမျိုးနဲ့ နေပြီး တကယ်မဲ ပေးရမယ့်နေ့မှာတော့ ကိုယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ အကုန်မဲထွက်ပေးကြတာ"ဟုဆိုလေသည်။ ထုပ်ဆီးတိုးတမ်း ကစားနည်း စကားနှင့်ဆိုရလျှင် ဘယ်ခြောက်ကာ ညာယိမ်းသည့် သဘောနှင့် ပြည်သူ့ဆန္ဒ အမှန်ပြခဲ့သည်ကို ကိုယ်တွေ့ကြုံမှ ယုံလိုက်ရလေတော့ သည်။

ရွေးကောက်ပွဲနှင့်အပြိုင်
    သည်ရက်ပိုင်း အလုံ၊ မုံရွာဘက်တွင် ဘောလုံးပြိုင်ပွဲတစ်ပွဲ ကျင်းပသည့်အကြောင်း အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်။ အလုံက ဦးစီးဦးဆောင်ကျင်းပပြီး အလုံနှင့် နီးစပ်သည့် ကျေးရွာရပ်ကွက်များက ဝင်ရောက်ယှဉ်ပြိုင်သည့် ဘောလုံးပြိုင်ပွဲ ဖြစ်သည်။ သာမန်မြို့နယ် ရပ်ကွက်၊ ကျေးရွာက ဘောလုံးပြိုင်ပွဲ တစ်ပွဲကျင်းပသည်မှာ ဘာများထူးခြားမှုရှိသလဲဟု မေးလာလျှင် ထူးခြား၍ ပြောလိုသည်ဟုသာ ဆိုရမည်ဖြစ်သည်။ အလုံ၊ မုံရွာတစ် ကြောတွင် လူငယ်များ လမ်းပေါ်မထွက်ရဲကြောင်း၊ အဖမ်းအဆီး အစစ်အဆေးများကြောင်း ပြည်ပြေးသတင်း ဌာနများတွင် ပလူပျံအောင် အစဉ်ရေးသားနေသဖြင့် ဤကဲ့သို့အ ခြေအနေတွင် မည်သူက ဘောလုံးပွဲ ကျင်းပရဲမည်နည်း။ မည်သည့်လူငယ်က ဘောလုံးပွဲဝင်၍ ယှဉ်ပြိုင်ရဲမည်နည်း။ မည်သည့်ပရိသတ်က သွားရောက်အား ပေးရဲမည်နည်းဟူ၍ ထင်စရာရှိရဲ့ မဟုတ်လား။ ဤနေရာ တွင်လည်း အထင်နှင့်အမြင် တက်တက်စင်အောင် လွဲကြသည်ဟု ဆိုရမည်ဖြစ်သည်။ အလုံနှင့် ဝန်းကျင်က ကျွဲရဲ၊ တောင်ပလူ၊ အိုးဘိုတောင်၊ လက်ခုပ်ပင်၊ အောင်မိုး စသည့် ကျေးရွာများက တက်တက် ကြွကြွ ဝင်ရောက်ယှဉ်ပြိုင်ကြသည်မှာ ခေတ်စကားနှင့်ပြောရလျှင် ဝက်ဝက်ကွဲ အားပေးကြသည်ကို တွေ့ရလေသည်။ ထိုမြင် ကွင်းများကိုကြည့်ပြီး 'တယ်ဟုတ်ပါလား'ဟူ၍ပင် မှတ်ချက်ချမိပါ၏။ ပြောရလျှင် သည်ဘောလုံးပြိုင်ပွဲကို အစိုးရက ဦးစီးဦးဆောင်ပြီး ကျင်းပသည်လည်းမဟုတ်။ကိုယ်ထူကိုယ်ထ ကျင်းပခြင်းဖြစ်ပြီး ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် လူထုပရိသတ်က တစ်ခဲနက်အားပေးကြ သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ သို့မို့ကြောင့် 'ဘောလုံးပွဲတွေ၊ ဘာတွေ ကျင်းပနေပါလား'ဟူ၍ပင် မေးဖြစ်၏။ 'ဒီရက်မတိုင်မီ အရင်လတွေကလည်း ချင်းတွင်းမြစ် အနောက်ဘက်မှာ ဘောလုံးပွဲတွေ လုပ်တာ၊ ပရိသတ်ကတော့ အောချလောက်အောင်စည်တယ်'ဟူ၍ ပြန်ပြောလေသည်။ ဘောလုံးပွဲတို့၏ ထုံးစံအတိုင်း နှစ်ဖက်ပရိသတ်အားပေးမှု အရှိန်မြင့်သည်နှင့်အညီရန် ပွဲလေးတွေလည်း ပါသည်ဟု ဆိုလေသည်။ မည်သို့ပင်ဆိုစေကာမူ "အေးအေးချမ်းချမ်းရော ကျင်းပနိုင်ရဲ့လား"ဟု အမေးကို "ဟာ အေး ဆေးပဲ၊ ကိုယ့်အလုပ်ကိုလုပ် တဲ့သူတွေကတော့ ပျော်ပျော်ပါးပါးလုပ်ကြတာ၊ ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့သူတွေကသာ ဒီလိုမျိုးပွဲတွေ လုပ်ရင် မနာလိုဖြစ်ပြီး ဘေးရောက်နေကြတာ"ဟု ပြန်ပြော လေသည်။ သူပြောသည်မှာမှန်၏။ ပြည်ပရောက်နေသူများ၊ ပြည်ပြေးသတင်းဌာနများက ရေးသားချက်များကို ကြည့်နေသူအဖို့ အလုံ၊ မုံရွာနှင့် ဝန်းကျင်သည် လူငယ်လူရွယ်များအဖို့ နေစရာမရှိအောင် ပုံဖျက်နေကြပြီး လက်တွေ့မြေပြင်တွင် ပျော်ပျော်ရွှင်ရွှင် ဘောလုံးပွဲကျင်းပနေပြီး ကွင်းလုံးပြည့် ပရိသတ်များကလည်း အားပေးနေကြလေသည်။
    ထိုကဲ့သို့ အားကစား ပျော်ပွဲရွှင်ပွဲမျိုးများကို ပြည်ပြေးသတင်းဌာနများနှင့် ပြည်ပရောက်နေသူတို့က မနှစ်မြို့ပေ။ အစဉ်ပျက်စီးနေကြောင်း၊ ကြောက်ရွံ့နေကြောင်းကို ပုံဖော်နေခဲ့ရာ လက်နက်ကိုင်နေသည့် လူငယ်လူရွယ်များပင် ထိုကဲ့သို့ ပျော်ပွဲရွှင်ပွဲများကို ပြည်သူကဦးဆောင်ကျင်း ပနေသည်ကို အားကျ နေမည်ဖြစ်ပြီး သူတို့သည်လည်း ထိုကဲ့သို့ လူငယ်လူရွယ်များ၏ ပျော်ရွှင်မှုများကို စီးမျောခံစားချင်ကြ မည်ဖြစ်သည်။ ထိုကဲ့သို့ ခံစားချက်မျိုး မဝင်စေရန် ပြည်ပြေးသတင်းဌာနတို့က နာကြည်းချက်၊ မုန်းတီး ချက်များကို အထူးဖော်ပြနေပြီး ပြည်သူများ၏ ဆန္ဒနှင့် ဘဝအမှန်များနှင့် ကင်းကွာနေသည်ကို လျစ်လျူ ရှုနေကြလေသည်။ သည်မြင်ကွင်း၊ သည်အခြေအနေများသည်လည်း ရွေးကောက်ပွဲနှင့် အပြိုင် ပြည်သူများ၏ ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းကျအောင် ပျော်ရွှင်မှုကို မြင်တွေ့ရသည်မှာ ကိုယ်တွေ့ကြုံမှ  ယုံလိုက်ရသည်ဟုသာ ဆိုပါရစေ။


တတ်နိုင်သမျှ ဖျက်ဆီးခဲ့ကြပေမယ့်
    ဒီဇင်ဘာ ၂၈ရက်က ရွှေဘို၊ ခင်ဦးနယ်ဘက် တွင်ရှိသည့် မိတ်ဆွေတစ်ဦးက ဖုန်းလှမ်းဆက်သည်။ ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို ဒရော့ဗုံးနှစ်လုံးချ၍လုပ်ကြံတိုက်ခိုက်ခဲ့သည်ဟု ဆိုလေသည်။ ခင်ဦးမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပမည့်စာရင်းတွင် မပါဝင်သော်လည်း ရွေးကောက် ပွဲနှင့်ပတ်သက်လျှင် အဖျက်အမှောင့် လုပ်ခွင့်သာသည့်နေရာတွင် အဖျက်အမှောင့် ဝင်ရောက်လုပ်သွားခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ထိုဒရော့ဗုံးချ တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိဘဲ နှစ်ထပ် အဆောက်အအုံတွင် အပေါ်ထပ်ပျက်စီးသွား သည်ဟု ဆိုလေသည်။
    ရွေးကောက်ပွဲကျင်းပတော့မည်ကို အဘက်ဘက်က တားစီးဖျက်ဆီးရန် ပြည်ပြေးသတင်းဌာန များနှင့် ပြည်ပရောက်နေသူ အဖျက်သမားတို့က နည်းမျိုးစုံအခါ ပေးခဲ့ကြသည်။ ၎င်းတို့အခါပေးသည့်အတိုင်း ၎င်းတို့၏လက်ဝေခံ ပြည်တွင်းက လက်နက်ကိုင်တို့ကလည်း တတ်စွမ်း သမျှ လုပ်ဆောင်ခဲ့သည် ကိုလည်း တွေ့မြင်ခဲ့ရသည်။ မုံရွာဆိုလျှင် ရွေးကောက်ပွဲနှင့်အချိန်ကိုက် ပြည်သူများလမ်းပေါ်မထွက်ရန် ဏီၤ လက်နက်ကိုင်များက ကြေညာချက်များ ထုတ်ပြန်ပြီး တတ်စွမ်းသမျှ ရွေးကောက်ပွဲကို ဖျက်ဆီးရန် အားထုတ်ခဲ့သည်ကို တွေ့ရသည်။ ယင်းမာပင် နယ်ဘက်က PDF များက ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ပုသိမ်-မုံရွာလမ်း၊ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းတွင် အသွားအလာမလုပ်ရန် ထုတ်ပြန်ထားပြီး ထိုနေ့တွင် အသွားအလာလုပ်သူများ၏ အသက်အန္တရာယ်ကို အာမမခံကြောင်းအထိ ထုတ်ပြန်ထားသည်။ 
    ထို့အတူ မုံရွာမြို့၏အရှေ့ဘက် မုံရွာ၊ ရွှေဘို လမ်းပိုင်းတွင်လည်း လမ်းပေါ်မထွက်ရန် ထုတ်ပြန် ခြင်းများအပြင် မုံရွာမြို့၏ တောင်ဘက် အမြင့်လမ်းပိုင်းတွင်လည်း လမ်းပေါ်မထွက်ရန် PDF များက အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ လုပ်ဆောင်ထားလေသည်။ ထိုသို့ အသက်နှင့်ရင်း၍ ခြိမ်း ခြောက်ထားခြင်းများကြောင့် ရွေးကောက်ပွဲကို ပြည်သူလူထုက လာရောက်၍ မဲပေးလိမ့်မည် မဟုတ်ဟု NUG နှင့် နောက် လိုက်နောက်ပါ လက်နက်ကိုင်များ၊ ပြည်ပြေးသတင်း ဌာနများက ယုံကြည်ထားကြသည်။ ပြည်သူတို့၏ဆန္ဒနှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်၍ ရနိုင်သည်ဟုလည်း ယုံကြည်ထားပုံရ၏။ သို့နှင့် ရွေးကောက်ပွဲနေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချိန်တွင် ၎င်းတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု တထစ်ချယုံကြည်ချက်ဖြင့် မျက်လုံးကိုဖွင့်၊ နားကိုစွင့်ထားဟန်ရှိသည်။ သို့သော်လည်း သူတို့ ထင်မြင်ချက်နှင့် ပြည်သူတို့၏ဆန္ဒ၊ ဘဝနှင့် လွတ်လပ်ခွင့်တို့က တစ်ထပ်တည်းမကျဘဲ ပြည်သူတို့၏ အနာဂတ်မဲတစ်ပြားဖြင့် ၎င်းင်းတို့မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်လိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ ထိုအချိန်ရောက်တော့မှ NUG နှင့် နောက်လိုက် နောက်ပါများ၊ ပြည်ပြေးမီဒီယာများ မျက်ကလဲဆန်ပြာ ဖြစ်ကုန်ကြပြီး လူမနီးသူမနီး ချောင်ကြိုချောင်ကြားက လူမရှိချိန်ကို ရှာဖွေ၍ မဲပေးသည့်နေ့ လူသူမရှိကြောင်း လိပ်ခေါင်းထွက်မတတ် အသံကုန်ဟစ်သော်လည်း အရာမထင်ကြောင်း ဝန်မခံနိုင်သေးဘဲ ဖြစ်နေကြလေသည်။ ရွေးကောက်ပွဲပျက်စီးရေးက NUG နှင့် နောက်လိုက်နောက်ပါတို့၏ နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုးလေးတစ်မျှင်ဆိုလျှင် ရွေးကောက်ပွဲက ပြည်သူတို့အတွက်၊ ဒီမိုကရေစီလျှောက် လမ်းအတွက် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ကြောင်း မျှော်လင့်ချက်ကိုယ်စီ အားပြိုင်ရာ ကစားကွင်း တစ်ခုဖြစ်ခဲ့သည်။ ထိုကစားပွဲတွင် ပြည်သူက လက်သန်းကို မင်တို့ကာ NUG ကို မြောင်းထဲ တောက်ချ လိုက်နိုင်သည့် ပွဲတစ်ခုအဖြစ် တိတိကျကျဆို နိုင်သည်ဟုပင် ပြောရတော့မည်ဖြစ်သည်။ (ရွှေထီး  )

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.