ပြန်လည်တောက်ပလာတော့မည့် မိုးကုတ်ရတနာမြေ

၂၀၂၆ ၊ မေ ၈
“အရင်ကတော့ ဒီဂေါက်ကွင်းကြီးက စိမ်းစို လှပပြီး လမ်းလျှောက် အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ အခုကတော့ ချိုင့်တွေ၊ တွင်းကြီးတွေ ဖြစ်ပြီး ရစရာမရှိအောင် ပျက်စီးသွားပါပြီ။ TNLA က စက်ယန္တရားကြီးတွေနဲ့ တူးဖော် ဖျက်ဆီးခဲ့တာ။ သူတို့ ကျောက်ရှာဖွေ တူးဖော်မှုတွေ လုပ်ခဲ့ကြတယ်။ ဒီဂေါက် ကွင်းကနေ သူတို့ အကျိုးအမြတ်တွေ အများကြီးရသွားတယ်။ ပလောင်တွေ ထောသွားတယ်”ဟူ၍ မိုးကုတ်မြို့ခံ တစ်ဦးက ပြောသည်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့ရှိ ပတ္တမြားမြေဂေါက်ကွင်း(ခေါ်) ပတ္တမြားမြေ ဂေါက် ကလပ်ကွင်းသည် ယခင်က ရှုခင်းအလှနှင့် အပန်းဖြေ နေရာအဖြစ် လူသိများခဲ့သော်လည်း လက်ရှိတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောနေ ကြသည်။ 
    TNLA တပ်များ မိုးကုတ်ကို ယာယီစိုးမိုး ထားစဉ်အတွင်း နိုင်ငံ၏ အဖိုးတန်သယံဇာတများ တူးယူခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားရှာခဲ့မှုများကြောင့် ပတ္တမြားမြေဂေါက်ကွင်း အလှပျက်စီးခဲ့ရပုံကို ဒေသခံက ပြန်ပြောင်း ပြောပြခြင်း ဖြစ်သည်။ ပတ္တမြားထွက်ရှိရာ ဒေသအဖြစ် နာမည်ကြီးသည့် မိုးကုတ်သို့ မေလအစောပိုင်းတွင် ရောက်ရှိခဲ့ရာ လမ်းတစ်လျှောက်တွင် ဒေသအ ချို့၏ လူမှုစီးပွားဘဝ ပြောင်းလဲမှုများနှင့် မြို့အတွင်း သဘာဝပတ်ဝန်းကျင် အပြောင်းအလဲများကို တွေ့မြင်ခဲ့ရသည်။ ခရီးစဉ်ကို မန္တလေးမှ စတင်ကာ မတ္တရာလမ်း ခွဲမှတစ်ဆင့် သွားခဲ့သည်။ တောင်ဆင်းတောင်ကွေ့ များစွာ ပါဝင်သည့် အကွေ့ပေါင်း ၉၉၉ ကွေ့ ရှိသည်ဟု လူသိများသည့် လမ်းပိုင်းဖြစ်သည်။ ယင်းလမ်းပိုင်းက သဘာဝအလှနှင့် ခက်ခဲမှုများကို တစ်ပြိုင်နက် ဖော်ပြနေလေသည်။ သို့ရာတွင် ထိုလမ်းပိုင်းအကွေ့များသို့ မရောက်မီတစ်ချိန်က ဒေသစီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ရှိ မြို့နယ်များ၏ ကံကြမ္မာ အချိုးအကွေ့ အလှည့်အပြောင်းများစွာကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရသည်။ ထိုလမ်းပိုင်းတစ်လျှောက်တွင် ကျည်ဆန်ပေါက် ရာများ ကျန်ရှိနေသည့် နေအိမ်များ၊ အမိုးလန်ပြီး နံရံပျက်စီးနေသည့် အဆောက်အအုံများကို တွေ့မြင်ရသည်။ ထို့အပြင် လမ်းဘေးဝဲယာတစ်လျှောက် ပိတ်ထားသည့် (သို့မဟုတ်) ပျက်စီးသွားသော စက်သုံးဆီဆိုင်များလည်း တွေ့ရခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဒေသမအေးချမ်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုကို ပြသနေသည့်ပြယုဂ် ဖြစ်သည်။ သို့ရာတွင် အချို့ဒေသများတွင် ဆိုင်ကယ်နှင့်မော်တော်ယာဉ် အသွားအလာ များ ဆက်လက်ရှိနေပြီး လူမှုစီးပွားဘဝ ပြန်လည် ဖွံ့ဖြိုးလာသည်။ တိတ်ဆိတ်နေသည့် ဒေသရပ်ဝန်း ပြန်လည်လှုပ်ရှားနေသည့် လက္ခဏာများလည်း တွေ့မြင်ခဲ့ရသည်။
    မိုးကုတ်မြို့သို့ ရောက်ရှိချိန်တွင် မြို့အတွင်း အခြေအနေသည် မတ္တရာ - သပိတ်ကျင်း လမ်းတစ် လျှောက် မြင်တွေ့ခဲ့သည့် အခြေအနေများနှင့် များစွာ ကွာခြားနေလေသည်။
    ပဋိပက္ခဖြစ်ပွားခဲ့ရာ နယ်မြေ အကြမ်းဖက်များ ယာယီစိုးမိုးခဲ့ရာ နယ်မြေများကဲ့သို့ ထိခိုက်ပျက်စီးမှု သိပ်မတွေ့ရဘဲ မိုးကုတ်မြို့က နဂိုပုံမှန် အ‌ခြေအနေအတိုင်း သွားလာနေထိုင် စည်ကားနေသည်။

 


   

တောင်တန်းများ ပတ်လည် ဝန်းရံထားသည့် ဒယ်အိုးသဏ္ဌာန် မြို့လေးဖြစ်ပြီး ရာသီဥတုကလည်း ပို၍အေးစိမ့်အောင် ချမ်းအေးလှသည်။ မေလဆန်းပိုင်း ဆိုသည်မှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ချောက်၊ မင်းဘူး၊ ပဲခူးစသည့် မြို့များတွင် အပူဒဏ်ကို သိသိသာ သာ ခံစားနေရသည့် နွေကာလဖြစ်နေသော်လည်း မိုးကုတ်‌‌ဒေသခံများ နေ့ခင်းပိုင်းမှာပင် အနွေးထည်ကိုယ်စီ ဝတ်ထားကြသည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ခွဲခြား တည်ရှိနေပြီး မိုးကုတ်ကို သွားလျှင် အနောက်ပိုင်းဟုခေါ်သည့် ကျပ်ပြင်ကို ဦးစွာဖြတ်သန်းရသည်။ တောင်ပေါ်မှနေ၍ မြို့၏ သဘာဝအလှအပများ၊ ရှုခင်းများကို ခံစားနိုင်မည့် ပတ္တမြားမြေဖြစ်သည်။
    ပတ္တမြားစေတီ၊ ဖောင်တော်ဦးဘုရား၊ ကျောက်နဂါးစေတီ၊ ကျောက်ပြာသာဒ်ဘုရား၊ ဒေါ်နန်းကြည်တောင် စေတီတော်အပါအဝင် ဘုရားအစုံကို ဖူးမြော်နိုင်သလို မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့် ကြံသည့်လိုဏ်ဂူ၊ ဘားနတ်ခ် ကင်းချောင်းရေတံခွန် စသဖြင့် လည်ပတ်စရာ အထင်ကရ နေရာလေးများစွာ ရှိနေပါသည်။
    မဟာဗောဓိစေတီတော်ရှိ ဘုံခုနစ်ဆင့် အမြင့်ပေါ်သို့ ခွင့်ပြုချက်ရယူကာ တက်ရောက်ဖူးမြော်ခွင့်ရခဲ့သည်။ မိုးကုတ်အနောက်ပိုင်း သဘာဝ တောတောင်ရှုခင်း အလှအပများနှင့် ဒေသခံများ၏ သွားလာလှုပ်ရှားနေ မှုတို့ကို အပေါ်စီးမှ မြင်တွေ့ခဲ့ရသည်။ ထိုစဉ် “ဒီဒေသမှာက ပြီးခဲ့တဲ့ကာလတွေတုန်းက နေထိုင်လုပ်ကိုင်စား သောက်ဖို့ အခက်အခဲမျိုးစုံ ကြုံခဲ့ပေမယ့် အခုတော့ တော်တော်အေးချမ်းသွားပါပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။ “ဟိုးတောင်လေးတွေမှာ အဖြူကြားလေး တွေ မြင်နေရတာက ကျောက်တူးထားတဲ့နေရာ၊ အဲဒီ နေရာနဲ့ မလှမ်းမကမ်းက  စေတီတစ်ဆူရှိတဲ့ ကုန်းလေးကလည်း ကျောက်ထွက်တယ်လို့ နာမည်ကြီးနေတယ်”  ဟူ၍ ဘုံခုနစ်ဆင့် အမြင့်ပေါ်မှနေ၍ တောင်တန်းများ တည်ရှိရာ နေရာတစ်ခုဆီကို ၎င်းက လက်ညှိုးညွှန်ကာ ပြောပြသည်။ နယ်မြေမကျွမ်းကျင်မှုနှင့် ခပ်ဝေးဝေးနေရာ တစ်ခုဖြစ်နေ၍ ဒေသခံညွှန်ပြသည့် တည်နေရာ အတိ အကျကို မပြောနိုင်ပါ။ သို့သော် ထိုနေရာသည် အနောက်ပိုင်း ကျပ်ပြင်ရပ် ဧရိယာဖြစ်မည်ဟု ထင်မြင်မိပါသည်။ 
    မိုးကုတ်မြို့သည် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာတွင် ထင်ရှားသည့်မြို့ဖြစ်ပြီး ပတ္တ မြားမြေဟု လူသိများသည်။ အရည်အသွေးကောင်း ပတ္တမြားထွက်ရှိသည့် ဒေသဖြစ်သလို  ဒေသခံအများအပြားမှာ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ကျောက်မျက် ရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ ပတ္တမြားမြေ မိုးကုတ်မြို့ အပါအဝင် မတ္တရာ-စဉ့်ကူး- သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းသည် ပြီးခဲ့ သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ ၂၀၂၅ ခုနှစ် ဆန်းပိုင်းလောက်အထိ TNLA နှင့် PDF ပူးပေါင်းအဖွဲ့ တို့၏ ယာယီထိန်းချုပ်ခဲ့ရာ ဖြစ်ခဲ့သေးသည်။ သို့သော် တပ်မတော်စစ်ကြောင်းများက မိုးကုတ်ကို ပြန်လည်ထိန်း ချုပ်နိုင်ရေး အပါအဝင် အကြမ်းဖက် ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ဒေသများ ပြန်လည်ထိန်းချုပ်နိုင်ရေး ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်ကာ စစ်ရေးပြင် ဆင်မှုများ စတင်ခဲ့သည်။
    အထူးသဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင် ရေး (Counter Terrorism Operation) ကို မြေပြင်၊ ဝေဟင်ဟန်ချက်ညီ ပေါင်းစပ်ကာ ရဲဝံ့စွန့်စားစွာ ဆောင်ရွက်ခဲ့သည်။ 
    MDY- PDF အမည်ခံအကြမ်းဖက်သမားများ က TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ပူးပေါင်း၍ ၎င်းတို့၏ စိတ်ကူးယဉ် စစ်ရေး အိပ်မက်ဖြစ်သော မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေး ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးအကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ကြောင်းများခွဲ၍ မိုးကုတ်-သပိတ်ကျင်း - မတ္တရာ - မန္တလေး လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများ၊ နိုင်ငံအကျိုးပြု အစိုးရနှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စစ်ရေးလှုပ်ရှားမှုနှင့်အပြိုင် လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။
    “ဒီကောင်တွေက သူများမြို့ကို သိမ်းတယ်၊ ငါတို့လည်း သိမ်းပြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လာခဲ့ တယ်။ တကယ်တမ်းတော့ မြို့ကိုလာပြီး ထိန်းချုပ်တယ် ဆိုတာက မြို့ကို ကောင်းအောင်လုပ်ဖို့ မဟုတ်ဘူး။ မြို့ ရဲ့အလှတရားတွေကို ပျက်စီးအောင်၊ အထင်ကရနေရာတွေ အကျည်း တန်အောင် လုပ်သွားတာ။ သူတို့အကျိုး စီးပွားအတွက် မြို့ကို အသုံးချသွားတာ”ဟု မိုးကုတ် မြို့ခံတစ်ဦးက ပြောသည်။
    မြန်မာ့တပ်မတော် စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် ဒေသများအား အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး  အောင်ပွဲအလီလီ ရရှိခဲ့မှု အကျဉ်းချုပ် ကို တင်ပြလိုပါသည်။ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဒေသများဖြစ်သည့် သပိတ်ကျင်းဒေသ၊ မတ္တရာဒေသ တစ်ဝိုက်ရှိ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့် ဖယောင်း တောင်ဒေသ၊ ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင် ဒေသတစ်ဝိုက်အား၊ စဉ့်ကူးဒေသတစ်ဝိုက်၊ ဧရာဝတီတံတား (ရတနာသိင်္ဃ)၊မန္တလေး-မတ္တရာ- စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းတို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှစတင်ကာ နှစ်ကုန်အထိ တစ်ခုပြီးတစ်ခု ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ် စစ်ရေးအိပ်မက်များကို ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။ 
    အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးလာခဲ့ကြသည်။ စိတ်အားထက်သန်စွာ အားပေးထောက်ခံလာခဲ့ကြသည်၊ အကြမ်း ဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကိုလည်း ပြည်သူလူထုက ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်ခဲ့မှုများအပေါ် စိတ်ပျက်နောင် တရမှုများနှင့်အတူ ၎င်းတို့အဖွဲ့အတွင်း အနိုင်ကျင့်ဗိုလ် ကျမှုများကို လက်ခံနိုင်ခြင်း မရှိတော့ဘဲ တပ်မတော်၏ သဘောထားအမှန်ကို နားလည်သဘောပေါက်လာကြသည့် PDF အဖွဲ့ဝင်အချို့သည် နီးစပ်ရာ စစ်ကြောင်းများ နှင့်ဆက်သွယ်၍ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲ ယမ်းများနှင့်အတူ ဝင်ရောက်မှုများ လုပ်ဆောင်လာခဲ့ကြသည်။
    ၂၀၂၅ အကုန် ၂၀၂၆ခုနှစ်ဆန်းပိုင်းတွင်  သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာ ဒေသတစ်ဝိုက် ကင်းကျေးရွာနှင့် ရန်သူ့စခန်းကုန်းနေရာတို့ကို အသီးသီး ပြန်လည် ထိန်းချုပ်သိမ်းပိုက် ရရှိခဲ့သည်။ အလားတူ အောင်ဗဒါန်းကျေးရွာ၊ စိန်အင်းကျေး ရွာ၊ ရွှေညောင်ပင် ကျေးရွာတို့အား သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ လမ်းကြောင်းအား ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ၂၀၂၆ ဇန်နဝါရီတွင် မန္တလေး-သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့၍ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း ပြန်လည်သွားလာ နိုင်ခဲ့ကြသည်။
    ဒေသတွင်းကုန်စည်ကူးသန်း ရောင်းဝယ်မှု များ လွယ်ကူ လျင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ခဲ့ကြသည်။ 
    အကြမ်းဖက်များ ယာယီထိန်းချုပ်ခဲ့ပြီး တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်ခဲ့သည့် မိုးကုတ် မြို့ခရီးစဉ်အကြောင်း ပြန်ဆက်လိုပါသည်။ မိုးကုတ်မြို့ သို့ ရောက်ရှိချိန်တွင် ‘ပတ္တမြားမြေမှ ကြိုဆိုပါ၏’ မြို့ အဝင် မုခ်ဦး အကောင်းအတိုင်းပတိ ခံ့ညားထည်ဝါစွာ တည်ရှိ နေလေသည်။ မြို့ထဲတွင်  အိမ်ကြီးအိမ်ကောင်းများစွာ တွေ့လိုက်ရသည်။ အဲကွန်း တပ်ဆင်ထားသည့် အိမ်ဟူ၍ မတွေ့ရဘဲ များသောအားဖြင့် နေအိမ်တွင် အိမ်သူအိမ်သားများ ရှိနေကြသော်လည်း အိမ်တံခါးများ ပိတ်ထား ကြသည်။ စားသောက်ဆိုင်၊ လူသုံးကုန်၊ စားသောက် ကုန်ဆိုင်များ ဖွင့်လှစ်ရောင်းချနေပြီး မြို့မှာ အေးချမ်း စည်ကားနေလေသည်။ လမ်းမတစ်လျှောက် ဆိုင်ကယ်တဝီဝီဖြင့် လူငယ်လေးများ တက်ကြွလန်း ဆန်းစွာ မောင်း‌နှင်နေကြသည်။ ဆိုင်ကယ်မြို့တော်ဟုပင် ပြောရမည် ဖြစ်သည်။ ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များပြားသလို ဆိုင်ရှေ့တွင် အစုလိုက်၊ အတန်းလိုက် ဆိုင်ကယ်များ ရပ်ထားကြသည်ကို နေရာတိုင်းလိုလို တွေ့ခဲ့ရသည်။ မြို့ခံများ၏ မျက်နှာအမူအ ယာများမှာ လွတ်လပ်သည့်အရသာ ခံစားနေကြပုံ ဖြစ်သည်။ ဒေါသ၊ မောဟ၊ လောဘကင်း၊ စိုးရိမ်မှုကင်းနေကြသည့် ကြည်လင်အေးချမ်းသော မျက်နှာများကို မြင် တွေ့ခဲ့ရသည်။
    လမ်းဘေးစက်သုံးဆီ အရောင်းဆိုင် များစွာတွေ့ရသည်။ တစ်လီတာ ၁၂၀ဝ၀ ကျော် ဖြစ်သည်။ စက်သုံးဆီဆိုင်တချို့တွင် ငါးဂါလန်တစ်ပုံး နှစ်သိန်းနှစ် သောင်းဟူ၍ စာကပ်ကြေညာပြီး ရောင်းချနေသည်ကိုလည်း တွေ့ရသည်။ ယခုအချိန် မိုးကုတ်မြို့သည်  နဂိုပုံမှန် အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိ လာပြီး မြို့၏အသက်ဝင်မှုများဖြင့် ပြန်လည်စည်ကား လာနေပြီဖြစ်သည်။
    အကြမ်းဖက်များ မိုးကုတ်သို့ ရောက်လာခဲ့ စဉ်က မြို့ခံများ တိမ်းရှောင်ခဲ့ကြရသည်။ တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်လိုက်ချိန်တွင် မြို့ခံများ မိမိနေ အိမ်သို့ စိတ်ချလက်ချပြန်လာကြပြီ ဖြစ်သည်။ ရာခိုင်နှုန်း ၉၀ ခန့် စစ်ရှောင်များ ပြန်လာကြပြီဟု မိုးကုတ်မြို့ခံ ဦးကြည်ဝင်းက ခန့်မှန်း ပြောဆိုခဲ့သည်။ “ဒီမြို့မှာက ပြီးခဲ့တဲ့ ၂၀၂၄ ကတည်းက စပြီး ပွဲကြမ်းခဲ့တာ။ အခုကတော့ အေးဆေးသွားပါပြီ။ ပစ်သံခတ်သံတွေ ဘာမှ မကြားရတော့တာ ကြာနေပြီ။ ဒီမြို့က အခုမှ အေးချမ်းသွားတာ။ အရင်က PDF တွေ၊ ပလောင်‌တွေ ရှိစဉ်တုန်း က မအေးချမ်းဘူး။ အခုကတော့ လုံးဝ အေးချမ်းသွား ပါပြီ။ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး။ အေးဆေးနေထိုင် လို့ရသွားပြီ။ တပ်မတော် ပြန်ထိန်းသိမ်းလိုက်တော့မှ အေးချမ်းသွားတာ။ လုပ်ငန်းတွေက ပုံမှန်လည်ပတ်နေပြီ။ PDF တော်တော်များများလည်း အမြင်မှန်ကုန်ကြပြီလေ။ ဒါပေမဲ့ မြို့က အခုမှ နာလန်ထဆိုတော့ တချို့လူတွေက အခြေအနေကို စောင့်ကြည့်နေကြတယ်။ မြို့က အနည်မထိုင်သေးဘူးလို့ ပြောရမှာပါ။ နိုင်ငံရေးအခြေအ နေ အချိန်အခါ ကြည့်တုန်းပေါ့။ စိတ်ချရတဲ့ အခြေအနေ ဆိုရင် ရာခိုင်နှုန်း ၉၀ လောက်တော့ စိတ်ချရပြီလို့ ထင်ပါတယ်။  အဓိကက နိုင်ငံရေးကောင်းမှ စီးပွားရေးတွေ၊ လုပ်ငန်းတွေ လည်ပတ်လို့ကောင်းမှာကိုး။ နိုင်ငံရေးကောင်းပြီဆိုရင် စိတ်ချလက်ချ လုပ်ကိုင်လို့ရပြီ”ဟု ၎င်းက ဆက်ပြောသည်။

 


 

  အကြမ်းဖက် သောင်းကျန်းသူများက ထို ဒေသများယာ ယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံဆေးခန်းများနှင့် လူနေအိမ်များအား အကာအကွယ်ရယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေအိမ် အဆောက်အအုံများအ ကြားနှင့် အများပြည်သူ သွားလာ အသုံးပြုသည့် ဆက် သွယ်ရေးလမ်း ကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ စက်ရုံထုတ်ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအဖြစ် အသုံးချခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြ၍ ဒေ သခံပြည်သူများ၏  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုတ်ယုတ်နိမ့်ကျခဲ့ရသည်။ 
    မိုးကုတ်မြို့သည်လည်း ဘဏ်များ၊ အဆောက် အအုံတချို့ ဖျက်ဆီးခံခဲ့ရမှု ထိခိုက်ပျက်စီးနေမှုတချို့ တွေ့ခဲ့ရသည်။ အကြမ်းဖက်များက ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ဖျက်ဆီးခဲ့၍ ဖုန်း လိုင်းအခက်အခဲ ဖြစ်ခဲ့ရသည်။ လက်ရှိတွင် Atom နှင့် Mytel မှလွဲ၍ အခြားသော အော်ပရေတာများ ဆက်သွယ်၍မရ အင်တာနက်ခက်ခဲနေသည်။ စတားလင့် Wifi ရရှိသည့် နေရာအချို့တွင် နာရီဝက်၊ တစ်နာရီ အခကြေးငွေပေး၍ သုံးစွဲကြရသည်။ လျှပ်စစ်မီး မရသေး၊ ဆိုလာများ သုံးစွဲနေကြရသည်။ အကြမ်းဖက်များ၏ လုပ်ရပ်များကြောင့် ‌ဒေသခံများ ကြုံခဲ့ရသည့် လူမှုစီးပွား ဘဝ အခက်အခဲများပင် ဖြစ်သည်။
    လားရှိုးဘက်သို့ ခုနစ်လခန့် စစ်ရှောင်ခဲ့ရသူ မြို့ခံတစ်ဦးကလည်း “ပလောင်တွေ ရောက်လာတော့  တစ်မြို့လုံး ခြောက်ကပ် တိတ်ဆိတ်နေတာပဲ။ မြို့ထဲမှာ ခြောက်ကပ်နေပြီးတော့ သူရဲခြောက်မှာတောင် ကြောက် ရတယ်။ ကျွန်တော် အပြင်ထွက်တယ်၊ လမ်းမှာ လူမ တွေ့ရလို့ တစ်မြို့လုံးမှာ ကိုယ်တစ်ယောက်တည်း ဖြစ်နေလားဆိုပြီး စိတ်ချောက်ချားစရာတောင် ဖြစ်ခဲ့တယ်။ အဲဒါမျိုးက လူတိုင်းလိုလို ဖြစ်တာ။ နောက်တော့  ကျွန် တော်လည်း လားရှိုးကို သွားပြီး စစ်ရှောင်ခဲ့ရတယ်။အဲဒီမှာ ခုနစ်လလောက် ကြာခဲ့တယ်။ အဲဒီတုန်းက ဘယ်သူမှ မရှိတော့ဘူး။ နောက်တော့ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီ‌ဆိုတဲ့ သတင်းကြားရတော့မှ ပြန်လာခဲ့တာ။ အခုက ပြန်ပြီး အေးချမ်းတယ်ဆိုပေမယ့် ဖုန်းလိုင်း အခက်အခဲတချို့ရှိနေတယ်။ အဓိက လိုအပ်တာက လျှစ်စစ်မီးပါ”ဟူ၍ ပြောသည်။
    လျှပ်စစ်မီး အပြည့်အဝ မရရှိသေးသော်လည်း မိုးကုတ်မြို့၏ အဓိက စီးပွားရေးအသက် သွေးကြောဖြစ်သော ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပြန်လည်လည်ပတ်နေပြီဟု မြို့ခံများက ပြောသည်။ ၎င်းနှင့်ဆက်စပ်သော အခြားစီးပွားရေးလုပ်ငန်းများပါ ပြန်လည် ရွေ့လျားလာကြပြီဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပြန်လည်ပေါ်ပေါက်လာ၍ ဒေသခံများအတွက် အားတက်စရာ ဖြစ်စေသည်ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။ “ဒီမှာ အဓိက လုပ်ကိုင်ကြတာက ကျောက်တွင်းလေ။ ကျောက်တွင်းမှ အလုပ်မဖြစ်ရင် ဘယ်အလုပ်မှ မဖြစ်ဘူး။ အဓိကက ပတ္တမြား၊ နီလာ ကျောက်တူးတာပေါ့။ မိုးကုတ်ရဲ့စီးပွားရေးက ကျောက် မျက်တူးဖော်ခြင်းလုပ်ငန်းပဲ။ ကျောက်လုပ်ငန်း အလုပ် ဖြစ်မှ လက်သမား၊ ပန်းရန်၊ ဆေးသုတ် အခြားလုပ်ငန်းတွေ အလုပ်ဖြစ်မှာပါ။ ဒီမုံအင်းရဲ့ ဟိုဘက် မလှမ်းမကမ်းမှာ ထာပွဲဆိုတာ သက်သက်ရှိတယ်။ ကျောက်လုပ်ငန်း လုပ်တာ လူပေါင်းထောင်ချီ ရှိတယ်။ ထာပွဲကို ကျောက်ဝိုင်းလို့လည်း ခေါ်တယ်။ ကျောက် အရောင်း အဝယ် လုပ်တဲ့ ဝိုင်းပေါ့”ဟူ၍ ၎င်းက ရှင်းပြသည်။
    သို့သော် TNLA၊ MDY – PDF များ မိုးကုတ်ကို ယာယီ ထိန်းထားစဉ်က သယံဇာတတူးဖော်မှုများ ပြု လုပ်ခဲ့သည်။ ထိုလုပ်ရပ်များအနက် ပတ္တမြားမြေ ဂေါက် ကွင်းအား စက်ယန္တရားကြီးများ အသုံးပြု၍ တူးဖော် ထားသည့် မြေပြင်များမှာ ချိုင့်ခွက်များ၊ တွင်းကြီးများဖြင့် ပြည့်နှက်နေပြီး သဘာဝမြေပြင်ပုံစံ ပျက်စီးသွားခဲ့သည်။
    ပတ္တမြားမြေဂေါက်ကလပ် မြေနေရာမှာ  ယခင်က ဂေါက်ကွင်းမြေနေရာဟုပင် မမှတ်မိနိုင်လောက်သည်အထိ  ပျက်စီးသွားခဲ့သည်ဟု မြို့ခံ ဦးကြည်ဝင်းက ပြောသည်။ “ဂေါက်ကွင်းဆိုရင် ရစရာ မရှိတော့ဘူး၊ ပလောင်တွေ မွှေသွားတာ။ သူတို့က ဘူဒိုဇာတွေနဲ့ ဂေါက်ကွင်းကို ဖျက်ဆီးပြီးတော့ ကျောက်‌တွေတူးခဲ့တာ။ပလောင်တွေ အဖိုးတန်ကျောက်တွေ ရသွားတယ်။ ပလောင်တွေအများကြီး ထောသွားတယ်လို့ ကြားရတယ်။ သူတို့က အဲဒီလို‌ကျောက်လိုချင်လို့ လုပ်သွားတာလေ။ အခုဆိုရင် ဂေါက်ကွင်းက ရစရာမရှိအောင် ပျက် စီးနေပြီ”ဟု ၎င်းက ဆက်ပြောသည်။
    TNLA ၊ MDY - PDF များက ပတ္တမြားမြေဂေါက် ကွင်းတစ်ခုတည်းမဟုတ်ဘဲ မိုးကုတ်မြို့ရှိ မုံအင်းကိုပင် ဖျက်ဆီး၍ သယံဇာတတူးရန် ကြံစည်ခဲ့သည်။ မုံအင်းဆိုသည်မှာ မိုးကုတ်မြို့လယ်ရှိ အထင်ကရနေရာ၊ အနားယူ အပန်းဖြေသူ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ လမ်းလျှောက် သူများဖြင့် စည်ကားသည့် နေရာဖြစ်သည်။ ထိုအလှတရားကို ဖျက်ဆီးလိုသည့်  ယုတ်မာကောက်ကျစ်သည့် အကြံအစည်ဖြစ်သည်။ ၎င်းတို့အကြံကို မိုးကုတ်မြိုခံများ က လက်မခံခဲ့ပါ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု မြို့ခံ ဦးကြည်ဝင်းက ပြောသည်။
    “ဒီမုံအင်းကို သူတို့ရောက်လာတုန်းက ကျောက်တူးဖို့ ရေတွေ စုပ်ထုတ်ဖို့ လုပ်ခဲ့သေးကြသေးတယ်။ ဒီအင်းသာ ကျောက်တွင်းလုပ်လိုက်ရင် အင်းက  ပျက်စီးသွားမယ်။ မြို့ရဲ့အလှတရားလည်း ပျက်ပြီ။ အင်း ရဲ့ဘေးက အိမ်တွေပြိုမှာ။ ဒီအင်းကြီးက ထိန်းထားလို့သာ အိမ်တွေမပြိုတာ။ ဒါကြောင့် သူတို့ အကျိုးစီးပွားရှာတာ ကို အင်းပတ်ဝန်းကျင်ကရော၊ ဒီမြို့ကလူတွေ လက်မခံဘဲ ကန့်ကွက်လိုက်လို့ မလုပ်တော့တာ”ဟု ၎င်းက ပြန် ပြောင်းပြောပြသည်။
    TNLA၊ MDY - PDF တို့၏ လုပ်ရပ်ကို ကြည့် လျှင် အပေါ်ယံအမြင်မှာ မြို့သိမ်းခေါင်းစဉ်ဖြစ်ပြီး ရည်ရွယ်ချက်သည်ကား နိုင်ငံပိုင်၊ ဒေသပိုင် သဘာဝသယံ ဇာတများအပေါ် အလိုရမ္မက်ကြီးမှု၊ မတော်လောဘ ကိုယ်ကျိုးစီးပွား ရှာလိုမှု ဖြစ်သည်။ အနှစ်ချုပ်ကြည့် မည်ဆိုလျှင် အကြမ်းဖက်များက ပတ္တမြားမြေ မိုးကုတ်ကို ယာယီထိန်းချုပ်ခဲ့သည်မှာ ဒီယုန်မြင်လို့ ဒီချုံထွင်ခဲ့ခြင်း ဖြစ်ပါသည်။ 
    သို့သော်လည်း ယခုဆိုလျှင် မိုးကုတ်မြို့ကို  မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်ပြီးနောက် မြို့ နေလူထုမှာ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ကြပြီး ဒေသတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန် ချောမွေ့စွာ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဆေးရုံများ၊ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နေပြီး ဌာနဆိုင်ရာအချို့ကို လည်း  ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေပြီဟု ဒေသခံများ ကပြောသည်။ ပုဂ္ဂလိကဘဏ်များ မဖွင့်လှစ်သေးသော် လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများ ဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်။ အချုပ်အား ဖြင့်ဆိုရသော် ယခင်ကဲ့သို့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရသည့် အခြေအနေများ မတွေ့ရတော့ဘဲ ဒေသခံများအားလုံး စိတ်အေးလက်အေး နေထိုင်နိုင်လာကြသည်။ “မိုးကုတ်မြို့ခံတွေ အားလုံး ခေါင်းပြားပြား အိပ်နိုင်ကြပါပြီ” ဟူသော စကားသည် ယနေ့ မိုးကုတ်၏ အခြေအနေကို အကောင်းဆုံး ဖော်ပြနိုင်သော စကားတစ်ခွန်း ဖြစ်ပါသည်။ မြို့တစ်မြို့၏ ပြန်လည် အသက်ဝင်လာမှုသည် ဆိုင်ဖွင့်လှစ် စည်ကားနေမှု၊ လူသွားလူလာ များပြားနေမှုများ သာမကဘဲ   စိတ်လုံခြုံမှု၊ စိတ်ချမ်းသာ ပျော်ရွှင်မှုတို့နှင့်အတူ နဂိုပုံ မှန်ဘဝဆီ ပြန်လည် လျှောက်လှမ်းနေကြပြီ ဖြစ်သည်။အနာဂတ်အတွက် ယုံကြည်မှုများ ပြန်လည်ရလာပြီး နဂိုပုံမှန်ဘဝ ပြန်ရဖို့ အခြေအနေကို ဦးတည်နေပြီဖြစ်ပါ သည်။ ပတ္တမြားမှန်လျှင် နွံမနစ်ဆိုသည့် စကားပုံရှိသည်။မိုးကုတ်မြို့သည်လည်း ပဋိပက္ခအခြေအနေ၊ အခက်အခဲ အကျပ်အတည်းများကြားက၊ ဖိအားများကြားက ပတ္တ မြား ကဲ့သို့ပင် မကြာမီ ပြန်လည်တောက်ပလာတော့မည် ဖြစ်သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.