ဗိုလ်ချုပ် မစားဖူးသော ထမင်းတစ်နပ်

    “ဟိုအကောင် သတင်းစာဆရာ ပေါက်လွတ်ပဲစား ရောက်လာပြန်ပြီလား။ ဘာတွေ လာပြောဦးမလဲ” ကြေးညှိတတ်နေသော ဗိုလ်ချုပ်ရုပ်တုမှ ယခုကဲ့သို့ နှုတ်ဆက်ခရီးဦးကြို ပြုလေသည်။ ခပ်မာမာထန်ထန် နှုတ်ဆက်စကားဆိုလေ့ရှိသော ဗိုလ်ချုပ်ကို အသာအယာပြုံး ကြည့်ပြီး “ဗိုလ်ချုပ် ဗိုလ်ချုပ် ရိုးသားလိုက်ပုံများ ဟင်္သာတနယ်မှာ ထမင်းသုံးရက်လောက်ငတ်တာကို ကိုငွေရဆီမှာ သွားတောင်းစားတယ်ဗျာ။ ဒါတောင် ဟိုက သူတောင်းစားမှတ်ပြီး ကျွေးတာ ဟားဟား” ဗိုလ်ချုပ်တစ်ယောက် မေးကြောကြီးတွေ ထောင်ထသွားပြီး မောင်ထူးမြတ်ကို ဒေါသတကြီးကြည့်ကာ “ဟကောင်ရ လွတ်လပ်ရေးကြိုးပမ်းစဉ်က ဒီလိုပဲပေါ့ကွာ။ ဟင်္သာတနယ်ဘက်ဆင်းရင် ထမင်းကလည်းငတ်၊ ပိုက်ဆံကလည်း ပြတ်တော့ ကိုငွေရဆီမှာ တောင်းစားရတာပေါ့ကွ။ သူက သူတောင်းစားအမှတ်နဲ့ ကျွေးတယ်ဆိုပေမယ့် သူကျွေးတဲ့ ထမင်းဂျိုး(ချိုး)နဲ့ ငါးကြင်းအနှစ် နယ်ဖတ်စားပြီး ခရီးဆက်ခဲ့ရတာကွ။ ထမင်းတစ်နပ် ကျေးဇူးရှင်ဖြစ်လို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် မိန့်ခွန်းထဲ ထည့်ပြောရတာပေါ့ကွ။ မင်းက  ငါတောင်းစားတာကို လှောင်တာလား”ဟု ဆိုလေသည်။
    “မဟုတ်ရပါဘူး ဗိုလ်ချုပ်ရယ်။ ကျုပ်က ဗိုလ်ချုပ်ရိုးတာက တော်တော်ကြီးကို ရိုးလို့ရယ်ချင်မိတာ ပေါ့။ထမင်းဆာတာပဲဗျာ။ ပွင့်ပွင့်လင်းလင်းနဲ့ ကိုငွေရရေ ကျုပ်က လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ကိုအောင်ဆန်းပါဗျာ။ ကျုပ်ကို ထမင်းတစ်နပ်လောက် ဧည့်ခံဗျာဆိုရင် ပြီးတာပဲဗျ။ ဗိုလ်ချုပ်မှန်းသိရင် ကောင်း ကောင်း ဧည့်ခံကျွေးမွေးမှာပေါ့ဗျ။ ဒါကို ကျွန်တော်က ရယ်ချင်တာ။ အတော်ရိုးတဲ့ ပုဂ္ဂိုလ်ပဲဗျ”ဟု စကား ဆက်ရလေသည်။
    “ဒီမှာသတင်းစာဆရာ အဲဒီလို သွားပြောပြီး စားရင်မင်းတို့ သတင်းစာဆရာတွေ၊ စာရေးဆရာ တွေက ပြည်သူတစ်ယောက်ရဲ့ အိမ်ဦးခန်းမှာ ဘုန်းကြီးဆွမ်းကပ်မယ့် ဆွမ်းဟင်းတွေ စားသွားတဲ့ ဗိုလ်ချုပ်ဆိုပြီး ဖွကြမယ်။ နောက်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ဆိုတော့ လုံခြုံရေးကလည်း အရေးကြီးသဟ။ တော်ရုံလူတွေ ငါ ဘယ်သူဆိုတာမသိတော့ သွားရလာရ လွတ်လပ်တာပေါ့ကွ။ နို့မဟုတ်ရင် သွားလေရာနေရာ ငါ့ကိုလေးစားသူ တွေဝန်းရံတာကြောင့် လိုရာခရီးမရောက်ဘဲနေမှာပေါ့”ဟုပြောကာ တော်လှန်ရေးကာလကို သတိရဟန်ဖြင့် အနည်းငယ် တွေးတောနေသည်။ ပြီးမှ မောင်ထူးမြတ် လာရင်းအကြောင်း ကို မေးလေသည်။
    “နေစမ်းပါဦး။ ခုလာရင်းကိစ္စက ဘာလဲ။ မင်းလာရင် ဘာတွေ၊ ပေါက်ကရသတင်းတွေ လာပြောမလဲဆို ပြီးစောင့်နေတာ။ ဆိုစမ်းလာရင်းကိစ္စ”ဟု ဗိုလ် ချုပ်က စကားလမ်းကြောင်း ဖွင့်ပေးလေသည်။
    “ဒီလိုပါ ဗိုလ်ချုပ်ရယ် ခုခေတ်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ အနစ်နာခံမှုအကြောင်း ဗိုလ်ချုပ်ကြားရင် အံ့သြသွားမှာ မို့လို့ပါ။ ဗိုလ်ချုပ်တို့ကမှ ကိုငွေရအိမ်မှာ ထမင်းကြမ်းခဲလေးကို ငါးကြင်းဟင်း အနှစ်နယ်ပြီး ရေနွေးကြမ်းလေး တဖူးဖူး မှုတ်သောက်ပြီး စားနိုင်သေးတယ်။ ခုတော်လှန်ရေး ခေါင်းဆောင်ကြီးတွေမှာတော့ ငှက်ပျောဖက်လေးပေါ်မှာ ထမင်းဖြူလေးပုံ ဘာဆီမှမပါတဲ့ အရွက်ကြော်လေးနဲ့ စားပြပြီး တော်လှန်နေတာ ဗိုလ်ချုပ်သိလား”ဟု မေးလေရာ ဗိုလ်ချုပ်တစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
    “ဟာ ငါငွေရအိမ်မှာ အဆီအနှစ်နဲ့ထမင်းကြမ်းနယ်ပြီး ရေနွေးကြမ်းနဲ့စားတာ အရမ်းကိန်းကြီး ခန်းကြီးနိုင် သွားသလား သတင်းစာ ဆရာ ရယ်”
    “ဒါတင်ဘယ်ကမလဲဗိုလ်ချုပ်ရယ် အာဇာနည်နေ့နီးရင် အွန်လိုင်းပေါ်တက်လာတဲ့ ဗီဒီယိုအတိုမှာဆိုရင် ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော်တို့ အိမ်ထဲမှာ ခြံထွက်သီးနှံလေးတွေချက်ပြီး ငါးခြောက်ကြော်နဲ့ ထမင်းစားတာ  ကျွန်တော် မြင်ဖူးတယ်။ ဒါတောင် ဦးအောင်သန်းက တိုင်းပြည်ခေါင်း ဆောင်လုပ်နေပြီး ဒီလောက်တောင်ဆင်း ရဲရလားလို့ ပြောသွားသေးတယ်လေ”။ ဗိုလ်ချုပ်တစ်ယောက် မျက်စိမျက်နှာ ပျက်သွားပြီးဘေးဘီဝဲယာကြည့်ကာ”တိုးတိုးပြောပါကွာ အဲ့တုန်းက နွေရာသီကြီး ပူသကွ။ ခြံထွက်လေးတွေ ဖွယ်ဖွယ်ရာရာလေးချက်ပြီး ငါးခြောက်ကြော်လေး ခံတွင်းတွေ့လို့ စားမိတာ ငါတော်တော် ရုပ်ပျက် ဆင်းပျက် ဖြစ်သွားသလားကွာ”ဟု ပျာပျာသလဲ ဆိုလေသည်။
    “သို့ကလိုတော့ မဆိုချင်ပေမယ့်။ ခုခေတ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ဘဝကို ပြောချင်တာပါ။ ဗိုလ်ချုပ်ကမှ ကြည် ပဲပြုတ် နံပြားရရင် စားချင်တယ်တို့၊ ဗိုလ်ထွန်းလှမင်းမှာ ပိုက်ဆံရှိရင် ဆိတ်ခါးပတ်စားရအောင်တို့ ပြောလို့ရသေးတယ်။ ခုခေတ်တော်လှန် ရေးခေါင်း ဆောင်ကြီးတွေ ထမင်းတစ်နပ် အနိုင်နိုင်ဗျ။ တစ်ရက်စာသုံးနပ်ကို မြန်မာငွေနှစ်ထောင်နဲ့ စားသောက်နေရတာ။ ဒါတောင် ငှက်ပျော ဖက်နဲ့စားရတာဗျ။ နံပြားတို့၊ ဆိတ်ခါးပတ်တို့ဆိုတာ သူဌေးစာတွေပါ ဗိုလ်ချုပ်ရာ” 
    မြန်မာ့လွတ်လပ်ရေးဖခင်ကြီးတစ်ယောက် ခေတ်သစ်တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို လေးစားသွားဟန်တူပြီး သမိုင်းမှာ အစားအ သောက်တွေ ဟိုဟာစားချင်ကြောင်း စာရေးပြော၊ ဒီဟာစားချင်ကြောင်း  အပါးတော်မြဲ ဗိုလ်ထွန်းလှကို ပြောမိတာတွေ နောင်တကြီးစွာ ရမိသွားပုံရသည်။
    “ဒါတောင် ရှမ်းပြည်ဘက်သွားတော့ လမ်းမှာ ဗိုလ်ချုပ်ကို သတင်းစာဆရာ ဦးပုကလေးက စမူဆာဝယ်ကျွေးတာ ထည့်မပြောသေးဘူးနော်”
    “တော်ပါတော့ကွာ မင်းတို့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ တော်ရှာပါတယ်။ ဒါနဲ့ ခု သူတို့ စားဝတ်နေရေး ဘယ်လိုနေရှာလဲ”
    ဗိုလ်ချုပ်အမေးကို ရုတ်တရက် အဖြေမပေး သေးဘဲ ဖိနပ်ကို ခါးကြားထိုးလိုက်မိသည်။
    “တစ်နှစ်ကို ထမင်းဖိုး ဒေါ်လာ ၁၈ သန်းကုန်လို့ အလှူခံနေပါတယ် ဗိုလ်ချုပ်”ဟုပြောပြီး ဗိုလ်ချုပ်နဲ့ဝေးရာ ကန်တော်ကြီး ကန်ပတ်လမ်းဘက်ကို သုတ်ခြေ တင်ရ လေတော့သည်။ နောက်မှ ခပ်သဲ့သဲ့ကြားရသည့် ဗိုလ်ချုပ်အသံက “သူတောင်းစား”ဟူ၍ဖြစ်ပြီး ထူးမြတ်ကို ဆဲတာပင် ဖြစ်မည် ထင်သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 64

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66286

© 2022 - 2026 News. All Rights Reserved.