ဗျူဟာပြောင်း ဆုတောင်း တော်လှန်ရေး

၂၀၂၆ ၊ မေ ၇

    'ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်။ ဆုံးဇဗ္ဗူတစ်ခွင် နှုန်းတူမမြင် သုံးလူ့ရှင် ဗုဒ္ဓထံပါး ဒုက္ခ ခံစားသမျှ ပန်ကြားအရှင့်ကို ဖွင့်ဆိုပါမည်။ ဘယ်သော အခါမှ ကိုယ်က ပြေးရတဲ့သူ မဖြစ်လိုပါသည်'
    အောင်မြင်ခံ့ညားလှသော အသံဝါဝါကြီးက တော်လှန်ရေးစခန်းကြီးတစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။ မနေ့တစ်နေ့ကမှတင် ယူနီဖောင်းကြီးဝတ်ပြီး အရက်ပုလင်းကိုင်ကာ စစ်သွေးစစ်မာန် တက်ကြွနေသော တော်လှန်ရေးခေါင်းဆောင် ဦးရီမူးကြီးတစ်ယောက် လက်ထဲမှ ပုတီးကြီးကိုင်ကာ သီချင်းညည်းနေသည်။ နာဠာဂီရိဆင်ကြီး ဘုရားနဲ့တွေ့သလို တုန့်ခနဲ ဖြစ်သွားလေရာ တော်လှန်ရေးရဲဘော်တွေ အကုန်လုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။ ဟုတ်တယ်လေ သြကာသကန်တော့ချိုးကိုတောင် အစအဆုံး ဖြောင့်အောင် မဆိုတတ်သော ခေါင်း ဆောင်ကြီးက ဘုရားစင်ရှေ့ ပုဆစ်တုပ်ထိုင်ပြီး ပုတီးစိတ်လိုက်၊ ထိုင်ဆုတောင်းလိုက်၊ ထထိုင်လိုက် ဂနာမငြိမ်ဖြစ်နေတာက အထူးအဆန်း ဖြစ်နေသည်။
    'ဝဋ်ကြေးတုံ့တင် ရှိပါရင်လည်း ကံကြမ္မာမညီမျှ သံသရာဒီဘ၀ ဒီမျှနဲ့ပဲ အဆုံးသတ်စေချင်သည်'
    စခန်းကုန်းတစ်နေရာတွင် ခြောက်ပေပတ်လည် ဆေးရုံမြေကျင်းတူးနေသော ဝတ်ဖြူစင်ကြယ်နှင့် ဆရာကြီးဆိုသူကလည်း သီချင်းအဆက်လေးကို ခပ်တိုးတိုးလေး လိုက်ညည်းနေသည်။ ကွမ်းသီးလုံးလောက် ပုတီးစေ့ကြီးကိုဆွဲပြီး တစ်နေကုန် ဘုရားစင်ရှေ့ ထိုင်နေသော ဆရာကြီး၏ အပြုအမူကလည်း တော်လှန်ရဲဘော်လေးတွေအတွက် အထူးအဆန်းဖြစ်နေသည်။ အရင်ကဆိုရင် ဘုရားရှိခိုးဖို့ထက် အလှူခံ ရေးကိုသာ အသားပေး လုပ်ဆောင်နေတတ်သော ဆရာကြီးတစ်ယောက် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အရင်က ဆိုရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြောက်ကျား ယူနီဖောင်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ပြီး အာပေါင်အာရင်း သန်သန် တော်လှန်ခဲ့ကြတာတွေ သတိရမိသေးသည်။ 'သွေးမအေးကြေး'တို့၊ 'တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်'တို့၊ 'နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်း'တို့၊ 'သွေးကြွေးမှာ ဆွေးနွေးစရာမရှိ'တို့၊ 'လမ်းအားလုံး ရာဇဌာနီ မင်း နေပြည်တော်ဆီသို့' အစရှိသော ရဲရဲတောက် ကြွေးကြော်သံများဖြင့် တော်လှန်ခဲ့ကြသည်။ ခေါင်းဆောင်ကြီးတွေ မြှောက်ပေးလို့ တော်လှန်ရဲဘော်တွေကလည်း အခါကြီးရက်ကြီး ပြည်သူတွေ ဘုရားသွားကြတာကို  'တိုင်းပြည် ဘာဖြစ်လို့ ဘုရားပိတ်တယ်'ဆိုပြီး ပြိတ္တာတော်လှန်ရေး ဆင်နွှဲခဲ့ကြသည်။ ခုတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အချိုးပြောင်းသွားလေသည်။
    ယူနီဖောင်းကြီးတွေ ရုတ်တရက်ချွတ်ပြီး ဝတ်ဖြူစင်ကြယ် ဝတ်သူကဝတ်၊ ယောဂီဝတ်စုံကြီးတွေ ဝတ်သူကဝတ်နှင့် တော်လှန်ပြည်သူတွေ နားမလည်နိုင်အောင် ဖြစ်ကုန်ကြသည်။ ဒါတင်မကသေး တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဦးဆောင်သော နုကြည်အဆိုးရအဖွဲ့ကြီးကလည်း 'ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါ သမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်းနှင့် ပြည်သူ့နွေဦး တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ကာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့အပေါ် အခြေခံထားသည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး တည်ဆောက် နိုင်ပါစေကြောင်း' ဆုတောင်းစာတော်ကြီး ထုတ်ပြန်လိုက်သည်။ ယခင်ကဆိုရင် အခြား ဘာသာခြားများ၏ နေ့ထူးနေ့မြတ်လောက်သာ အူယားဖားယား ထုတ်ပြန်လေ့ရှိသော အဆိုးရအဖွဲ့ကြီး ရုတ်တရက် အင်မတန် ဘာသာတရား ကိုင်းရှိုင်းသော အဖွဲ့ကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
    အရင်ကဆိုရင် ဆဲရေးတိုင်းထွာနေကြသော တော်လှန်ရေးခေါင်းဆောင်ကြီးတွေလည်း ဘုရားစင်ရှေ့ ထိုင်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ ဆုတောင်းနေ ကြသည်။ ရုတ်တရက် တော်လှန်ဗျူဟာ ပြောင်းလဲပြီး တော်လှန်ရေးဆုတောင်းပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပလေသည်။ နုကြည်အဆိုးရအဖွဲ့ဝင်တွေ အခါကြီးရက်ကြီးတွေမှာ ဥပုသ်သီတင်းသီလ ဆောက်တည်ကြဖို့၊ အချိန်ရတိုင်း တော်လှန်ရေးအောင်မြင်ဖို့ ဘုရားမှာ ထိုင်ဆု တောင်းကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လေသည်။ဤနည်းက အင်မတန်ထိရောက်မည့် နည်းလမ်းဟု ခေါင်းဆောင်ကြီးတွေ ထင်မြင်ယူဆကြပုံရသည်။
    ဆရာကြီးတွေဘက်က တော်လှန်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ငါးနှစ်တာဆောင်ရွက်ခဲ့ကြသည်။ ပထမနည်းကတော့ နိုင်ငံရပ်ခြားကို ပြေးပြီး ပြည်ပတိုင်း ပြည်တွေကနေ ရွပ်ရွပ်ချွံချွံ တော်လှန်တဲ့နည်း ဖြစ်သည်။ နိုင်ငံရပ်ခြားကနေ အလှူငွေတွေကို ရသမျှနည်းလမ်းနဲ့ အလှူခံပြီး စတင် တော်လှန်ခဲ့ကြသည်။ အလှူခံတဲ့နည်း ကလည်း ကြာတော့လည်း လှူတဲ့သူတွေ ဖြူကာပြာကာကျပြီး မလှူနိုင်မတန်းနိုင်ကြတော့ ထင်သလောက် ခရီး မပေါက်ခဲ့ချေ။ နောက်ထပ်ဆရာကြီးတွေ တော်လှန်တဲ့နည်းက 'လေသံပစ်'တော်လှန်ရေးနည်းလမ်းဖြစ်သည်။
တိုင်းပြည်ရဲ့ ဘယ်နှရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းထားတာတို့၊ ဘယ်နှစ်ကုန်ရင်တော့ တော်လှန်ရေးအောင်တော့မှာတို့၊ ငါတို့အားလုံး ရန်ကုန်ကိုတူ တူပြန်ကြမယ်တို့၊ အိမ်ပြန်လာတော့မယ်တို့ အစရှိသော လေသံပစ် တော်လှန်ရေးကို အာပေါင်အာရင်းသန်သန် ဖြင့် တော်လှန်ခဲ့ကြသည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တစ်ယောက်တစ်ပေါက်ပြောပြီး တော်လှန်လာလိုက်ကြတာ  ငါးနှစ်ကျော်ပြီး ရွှေပြည်ကြီးမှာ အစိုးရသစ် တက်လာတာတောင် ဘာမှမဖြစ်သေးတာကြောင့် တော်လှန်ပြည်သူဆိုသူတွေ စိတ်ဓာတ်ကျလာတော့သည်။ ဒီတော့ တော်လှန်ခေါင်း ဆောင်ကြီးတွေ ပြောသမျှက လူရွှင်တော်စကားတွေလို ဖြစ်လာတော့ တော်လှန်နည်းအသစ်တွေကို ခေါင်းဆောင်ကြီးတွေ စဉ်းစားလာကြသည်။နောက်ဆုံးတော့ တော်လှန်ရေးကြီးအောင်ဖို့ ဘုရားမှာ ဆုတောင်းတဲ့နည်းကသာ အကောင်းဆုံးဆိုတာ သိလာကြဟန်တူသည်။ ဒီတော့ အရင်က မထုတ်ပြန်ဖူးသော တော်လှန်ရေးဆုတောင်း စာအရှည်ကြီးကို ထုတ်ပြန်လာပြီး တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ထူးခြားမြင့် မြတ်လှသော တော်လှန်ဗျူဟာအသစ်ဖြစ်သော ဘုရား၊ တရား အာရုံပြု ဆုတောင်းနည်းကို ၂၀၂၆ တွင် စတင်လာခြင်းဖြစ်သည်။ ခုဆိုရင် တော်လှန်ရေးခေါင်းဆောင် ကြီးတွေအားလုံး ဝတ်ဖြူစင်ကြယ်ကြီးတွေနဲ့ ယောဂီဝတ်စုံကြီးတွေနဲ့  တော်လှန်အဓိဋ္ဌာန်တွေ ဝင်ကြ၊ တော်လှန် ပုတီးတွေစိတ်ကြ၊ တော်လှန်ဆုတောင်းတွေပြုကြနဲ့ ဗျူဟာအသစ်နဲ့ အလုပ်တွေဖြစ်နေကြသည်။
    အရင်ကဆိုရင် တော်လှန်ရေးက ဘယ်တော့ ပြီးမှာလဲဆိုပြီး မေးကြ၊ မြန်းကြလေ့ ရှိသည်။ သို့သော် တော်လှန်ရေးဆိုတာက ကြိုတင်တွက်ချက်လို့ မရတာကြောင့်၊ ဘယ်နေ့၊ ဘယ်ရက်ပြီးမယ်ဆိုတာ တိတိကျကျ တွက်ချက်လို့ မရတာကြောင့် ဘယ်နေ့ဘယ်ရက်ပြီးမယ်ဆိုတာ ဖြေရတာ ခက်လှသည်။ ခုလို တော်လှန်ရေး နည်းဗျူဟာအသစ် ပြောင်းလိုက်ပြီဆိုတော့ တော်လှန် ရေးပြီးတော့မယ့်ရက်ကို တစ်ခါတည်း အဖြေပေးလိုက်လို့ ရပြီဖြစ်သည်။
    ဒီလိုဆိုရင် တော်လှန်ရေး မြန်မြန်ပြီးချင်သူတွေ လာမေးကြပေလိမ့်မည်။ အမေးရှိရင်တော့ အဖြေရှိရတော့မည် ဖြစ်သည်။ မောင်ထူးမြတ်လေးကတော့ တော်လှန်ရေးပြီးမယ့်ရက်ကို ခုကတည်းက အတိအကျ ပြောလို့ရပြီ ဖြစ်သည်။ တော်လှန်ရေးကြီးက ခေါင်းဆောင်ကြီးတွေရဲ့ ဆုတောင်းပြည့်သည့်နေ့တွင် တော်လှန်ရေး အောင်မြင်မှာသေချာသည်။ ဒီတော့ တော်လှန်ရေးကြီး မြန်မြန်ပြီးချင်ရင် ထိုင်သာ ဆုတောင်းနေကြဖို့ အကြံပေး လိုသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ထိုင်ဆုတောင်းသလို ဆုတောင်းကြရပေမည်ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 65

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61982

© 2022 - 2026 News. All Rights Reserved.