မစ္စတာဂျီတူးနှင့် ပြန်လမ်းမဲ့ဘဏ်

၂၀၂၆ ၊ မေ ၂၂

မစ္စတာဂျီတူး ဘဏ်ငွေထုတ်ကျွမ်းကျင်သူ
    ခမ်းနားထည်ဝါလှသော ဆိုင်းဘုတ်ကြီးဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဘဏ်များထံမှ ငွေသွင်းငွေထုတ် ဝန်ဆောင်မှုပေးနေသော ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်။ လုပ်ငန်းပိုင်ရှင် မစ္စတာဂျီတူး ဆိုသူက မကြာခင်က ဘဏ်ငွေထုတ်ရာ၌ ကမ္ဘာကျော် လုပ်ရပ်ကြီးကို လုပ်ဆောင်ခဲ့ရာမှ နာမည် တစ်ဟုန်ထိုး ကျော်ကြားလာသူဖြစ်သည်။ နာမည်အရင်းက ဂျီတူးမွန်ဒါဖြစ်ပြီး ၎င်း၏ နာမည်ဂုဏ်သတင်း ကျော်ကြားမှုကို အသုံးချကာ ယခုကဲ့သို့ ကမ္ဘာအနှံ့က ဘဏ်တွေမှာ ငွေသွင်းငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းကို နေ့ချင်းညချင်း တည်ထောင်လိုက်တာဖြစ်သည်။ "အနဲ ဂျီတူးအကြောင်း မသိသေးသောသူများကို အနဲဂျီတူး၏ အကြောင်းကို ပြောပြရမည်ဖြစ်သည်။ အနဲက အိန္ဒိယနိုင်ငံ အိုဒီရှာပြည် နယ်သားဖြစ်သည်။ ဂျီတူးလက်ထဲမှာ ရူပီးတစ်ကျပ်တစ်ပြားမှ သုံးစရာမရှိချိန် အစ်မဖြစ်သူ၏ ဘဏ်အကောင့်ထဲမှ ရူပီးနှစ်သောင်းကို မျက်စောင်းထိုးရာမှ စတာဖြစ်သည်။ ခက်တာက ဂျီတူးအစ်မဖြစ်သူက ဒီနှစ် ဇန်နဝါရီလထဲမှာ ကွယ်လွန်သွားတော့ ဘဏ်အကောင့်ပိုင်ရှင်မရှိတော့ ငွေထုတ်ရခက်သွားသည်။ ဖွတ်ကလိဒင်္ဂါး တစ်ပြားပင်မရှိသော ဂျီတူးတစ်ယောက် ဘဏ်ကိုသွားပြီး သူ့အစ်မအကောင့်ထဲကငွေထုတ်ဖို့ ဘဏ်ဝန်ထမ်း တွေကို နားပူနားဆာ တိုက်လေတော့သည်။ ပြဿနာက အဲဒီမှာစတာ ဖြစ်သည်။
    "ဟရေးအနဲနော် ဘဏ်က ငွေထုတ်ချင် တယ်နော်။ အမီနာတို့ ဘဏ်ကနော် ငွေထုတ်ပေးချင်တယ်နော်။ ဒါပေမဲ့ ထုတ်ပေးလို့မရဘူးနော်။ အကောင့် ပိုင်ရှင် ခေါ်လာရမယ်နော်}}ဆိုပြီး ထပ်တလဲလဲ ပြောတာကြောင့် ဂျီတူးတစ်ယောက် ကြံရာမရဖြစ်သွားသည်။ဘဏ်ဝန်ထမ်းတွေ ရစ်တာပတ်တာကလည်း မြန်မာနိုင်ငံတစ်ခုတည်းမဟုတ် အိန္ဒိယမှာလည်း ရစ်တာပဲဟု တွေးမိသေးသည်။ ခက်တာက ဂျီတူးအစ်မက ကွယ်လွန်တာ လပိုင်းလောက်ရှိပြီဆိုတော့ ငွေတွေထုတ်ဖို့ ကာယကံရှင်မရှိတော့ ဘဏ်ကလည်း ငွေထုတ်ပေးဖို့ ခက်ခဲနေသည်။ မြန်မာပြည်က ဘဏ်ကြီးတွေလို သဘောကောင်းပြီး ကွယ်လွန်ပြီးကြောင်း ထောက်ခံစာလေးဘာလေးနဲ့ အဆင်ပြေနိုင်သေးသည်။ ဒီတော့ ဂျီတူးတစ်ယောက် ကြံမရသည့်အဆုံး သုသာန်ကိုသွားပြီး သူ့အစ်မအရိုး စုကိုဖော်ပြီး ထမ်းလာကာ ဘဏ်ကိုငွေသွားထုတ် လေ တော့သည်။ ဒီတော့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ တွေဖြစ်ကြ၊ ဘဏ်ဝန်ထမ်းတွေလည်း အုတ်အော်သောင်း နင်းတွေ ဖြစ်ကုန်ကြသည်။ မဖြစ်ခံနိုင်ရိုးလား။ ငွေစုစာ အုပ်ပိုင်ရှင်ရဲ့ အရိုးစုကြီးကို ထမ်းလာပြီး ငွေလာ ထုတ်တယ်ဆိုတာ တော်ရုံတန်ရုံ မလုပ်ဝံ့သည့် လုပ်ရပ်ဖြစ်သည်။
    ဒီတော့မှ ဘဏ်တွေကလည်း အကောင့်ပိုင်ရှင် သေသွားတယ်ဆိုတာ လက်ခံပြီး ရဲတွေ၊ ဘာတွေ ခေါ်ကြတော့သည်။ ဒီတော့မှာ ဆရာဂျီတူးကို ရဲတွေကဖျောင်းဖျပြီး အလောင်းကြီးကို သွားပြန်မြှုပ်ကာ ဘဏ်ကငွေထုတ်ပေးဖို့ ကူညီကြ၊ ဘဏ်ကလည်း ပျာပျာသလဲ ရူပီးနှစ်သောင်း ထုတ်ပေးရလေတော့သည်။ မထုတ်ပေးလို့လည်းမရချေ။ နောက်တစ်ခါ မထုတ်ပေးရင် သချုႋင်းကုန်းကြီးတစ်ခုလုံး ဘဏ်ရှေ့ ရွှေ့လိုက်မှဖြင့် ဒုက္ခရောက်သွားနိုင်သည်။ ဒီလိုနဲ့ မစ္စတာဂျီတူးတစ်ယောက် နာမည်ကျော်လာပြီး အိန္ဒိယ နိုင်ငံတစ်ခွင်သာမက ကမ္ဘာအရပ်ရပ်က နာမည်ကျော်ဘဏ်တွေမှာ ငွေထုတ်ရခက် တယ်ဆိုရင် ဂျီတူးနာ မည်ပြောလိုက်တာနဲ့ ငွေတန်းထုတ် နိုင်သည်အထိ ဖြစ်လာသည်။ "ဟရေး အနဲနော် ဘဏ်တွေကို ငွေထုတ်တဲ့ဝန်ဆောင်မှုပေးတယ်နော်။ ဟရေးနင်တို့ ဘယ်ဘဏ်ကငွေထုတ်ချင်လည်း ဆွစ်ဇာလန်လား၊ အိုင်ယာလန်လား၊ အမေရိကားလား၊ အင်္ဂလန်လား ကြိုက်တဲ့ဘဏ်ပြော ဂျီတူးရအောင်ထုတ်ပေးမယ်} ဆိုတဲ့အထိ ငွေထုတ်ဝန်ဆောင်မှုဈေးကွက်က ကမ္ဘာအနှံ အောင်မြင်လာသည်။
    မစ္စတာဂျီတူး အောင်မြင်မှုကို ကြားပြီးနောက် ဂျီတူးရှိရာနေရာသို့ လူတစ်စု တိတ်တဆိတ် ရောက်လာကြသည်။ မစ္စတာဂျီတူးရုံးခန်းသို့ ဘေးဘယ်ညာကြည့်ပြီး လူရှင်းပြီဆိုတော့မှ ဝင်ကြတော့သည်။ မစ္စတာ ဂျီတူးတစ်ယောက် ရုံးခန်းထဲသို့ ကျီးကန်းတောင်းမှောက် ကြည့်ပြီး ဝင်ရောက်လာသည့် လူတစ်စု ကိုကြည့်ပြီး လုပ်ငန်းအပ်နှံသူများဖြစ်ကြောင်း အတွေ့အကြုံအရ သိလိုက်ရသည်။
    "ဟရေးနင်တို့ ဘာအကူအညီလိုလဲ၊ ဂျီတူး နော် ရူပီးနှစ်သောင်းကို အလောင်းထမ်းထုတ်လာတာ နော်။ ဘဏ်တွေနော် ဂျီတူးကိုမြင်တာနဲ့  ငွေမထုတ်ပေး ဘူးဆိုတာ မရှိဘူးနော်။ ကမ္ဘာပေါ်က ဘဏ်တွေ တင်မကဘူးနော်။ အင်္ဂါဂြိုဟ်မှာ ဘဏ်တက်ဖွင့်ရင်လည်း ဂျီတူးရအောင်ထုတ်ပေးမယ်။ မင်းတို့ ဘာအခက်အခဲရှိ နေလဲပြော"ဟု စကားဦးသန်းလေတော့သည်။ ဒီတော့ လူတစ်စုကလည်း အပြိုင်အဆိုင် စာရွက်စာတမ်းတွေ ထုတ်ပြကြလေတော့သည်။
    "မစ္စတာဂျီတူး ဒါတွေက ငွေတိုက်စာချုပ် တွေပါ။ အင်္ဂလိပ်လိုပြောရရင်တော့ ဘွန်းပေါ့။ ဒါတွေကို ဘဏ်မှာ ပြန်ရောင်းချင်တယ်။ နောက်ပြီး ဘဏ်မှာထည့် ထားတဲ့ငွေတွေကို ပြန်ထုတ်ချင်တယ်။ ဒါလေး ကူညီပါဂျီတူး"ဟုဆိုလေရာ ဂျီတူးတစ်ယောက် စာရွက်စာတမ်းတွေကို သေချာစွာ ကြည့်လေတော့သည်။ "ဟုတ်ပြီ   အစ်ကိုကြီးတို့၊ အစ်မကြီးတို့ အားလုံးသက်ရှိထင်ရှားရှိ သေးတယ်နော်။ အားလုံး မာလကီး မယားသေးဘူးဆိုတော့ ငွေထုတ်ရတာ အရမ်းလွယ်တယ်။ အစ်ကိုကြီးတို့၊ အစ်မကြီးတို့ မာလကီးယား သွားရင်လည်း ဂျီတူး အလောင်းထမ်းပြီး ထုတ်ပေးမယ်။ ဘဏ်တည်နေရာကိုပြော အခုပဲ သွားထုတ်ပေး မယ်"ဟု ပြောလေသည်။ အလုပ်လာအပ်ကြသူအားလုံး မျက်လုံးတွေ ဝင်းလက်သွားကြသည်။
    လက်ထဲမှာ လေးနှစ်ကျော်၊ ငါးနှစ်နီးပါး စက္ကူ စုတ်ကြီးများသဖွယ် ကိုင်ထားသော ငွေတိုက်စာချုပ်တွေ၊ ဘဏ်စာအုပ်တွေ၊ ဘဏ်အကောင့် ဖွင့်ထားသော ဖုန်းတွေအားလုံး ဂျီတူးရှေ့ကို ချပေးလိုက် တော့သည်။
    "အားလုံး အလုပ်အပ်မှာဆိုတော့ ဂျီတူးနော် အထူးလျှော့ဈေးနော် ဒစ်စကောင့်နဲ့ လုပ်ပေးမယ်။ ဘဏ်လိပ်စာသာ အတိအကျပေး။ အမေရိကားအထိ ငွေသွား ထုတ်ရမှာဆိုတော့ ခရီးစရိတ်နဲ့ နေထိုင်စရိတ် အရင်ပေးထား။ ဂျီတူးသမိုင်းမှာ မရဘူးဆိုတာ မရှိစေရဘူး။ သေသွားရင်တောင် အလောင်းလာ ထမ်းပြီး ငွေထုတ်ပေးမယ် သင်္ဂြိုဟ်တဲ့ သချုႋင်းလိပ်စာပါ တစ်ခါတည်းပေးထား}}ဟု ဆိုလေရာ အလုပ်လာ အပ်ကြသူတွေ ဖွဟဲ့လွဲပါစေပယ် ပါစေဆိုပြီး တံတွေးတွေထွေးကြ လက်အုပ်တွေချီကြ ဖြစ်ကုန်ကြသည်။ မစ္စတာဂျီတူးကတော့ သွေးအေးအေးဖြင့် အိန္ဒိယမှ ပြည်ပသို့ ထွက်ခွာသည့် လေဆိပ်ကို ဆင်းသွားလေတော့သည်။ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြ သူတွေအားကို လက်ပြနှုတ်ဆက်ပြီး မစ္စတာဂျီတူး တစ်ယောက်လေယာဉ်ပေါ်သို့ လိုက်ပါသွားလေတော့သည်။
    အမေရိကန်နိုင်ငံသို့ရောက်ပြီးနောက် လိပ်စာပေးထားသည့်အတိုင်း လမ်းကြိုလမ်းကြားက လူနေအိမ်ခန်းလေးတစ်ခန်းအတွင်း ဖွင့်လှစ်ထားသော ဘဏ်လေးတစ်ခုဆီသို့ မစ္စတာဂျီတူးတစ်ယောက် ရောက်လာခဲ့သည်။ ငိုက်မြည်းနေသော ဘဏ်ဝန်ထမ်းလေးကို လှုပ်နှိုးကာ အလုပ်အပ်ထားသူများ ပေးအပ်လိုက်သော ငွေတိုက်စာချုပ် တစ်ထပ်ကြီးကို ထုတ်ပေးလိုက်သည်။ "ဟရေး ဒါနင်တို့ဘဏ်က ငွေတိုက်စာချုပ်တွေလား။ ဂျီတူးနော်။ ကမ္ဘာကျော် ဘဏ်ငွေထုတ်သူနော်။ ခု ဒီငွေ တိုက်စာချုပ်တွေကို ပြန်ရောင်းချင်တယ်။ နောက်ပြီး ဒီဘဏ်မှာစုထားတဲ့ ငွေတွေထုတ်ချင်တယ်။ တစ်ခါတည်း ထုတ်ပေးနော်။ မရရင်ဂျီတူး အလောင်းထမ်းလာဖို့ ဝင်မလေးဘူး။ သိတယ်နော်}}ဆိုပြီး ကမ္ဘာကျော် ငွေထုတ်သူ ဂျီတူးတစ်ယောက် အောင်နိုင်သူကြီးအသွင်ဖြင့် စီးကရက်တစ်လိပ်ကို ထုတ်ဖွာလိုက်သည်။ ဘဏ်ဝန်ထမ်းလေးက ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး "မစ္စတာဂျီတူး။ ဒီဘဏ်က မြေပြင်မှာ ဖွင့်ထားတာမဟုတ်ဘူး။ အွန်လိုင်း ဘဏ်စနစ်နဲ့သွားတာ။ ငွေတိုက်စာချုပ်တွေ ဆိုတာကလည်း ဘဏ်မှာ ရောင်းတာမဟုတ်ဘူး။ အနဲတို့ အိန္ဒိယမှာ လမ်းဘေး ဗယာကြော်ရောင်းသလို ရောင်းခဲ့တာ။ငွေထုတ်ချင်ရင် ခုထုတ်လို့မရသေး ဘူး။ တော်လှန်ရေး ပြီးမှရမယ်။ အလောင်းထမ်းလာတိုင်း ငွေထုတ်ပေးတဲ့ ဘဏ်မဟုတ်ဘူး။ သဘောပေါက်"ဟု ပြောလေရာ ဂျီတူးခေါင်းငိုက်စိုက် ကြသွားလေသည်။ ရုတ်တရက် အခန်းထောင့်တစ်နေက ဟောင်းနွမ်းနေသော ဘဏ်ဆိုင်းဘုတ်လေးကို ဂျီတူး အကြည့်ရောက်သွားပြီး ရုတ်တရက် ထရပ်ကာ ဘဏ်အတွင်းမှ ပြေးထွက်လိုက်သည်။ ဖုန်းကို အသာအယာထုတ်၍ အလုပ်အပ်ထားသူများထံ အီးမေလ်း တစ်စောင်ပို့လိုက်သည်။
    "လူကြီးမင်းတို့ ငွေကြေးစုဆောင်ထားသည့် နွေရူးဘဏ်သည် ကမ္ဘာကျော် ငွေထုတ်သူဂျီတူးပင် ငွေထုတ်ရန် မလွယ်ကူသော ဘဏ်ဖြစ်ပြီး အလောင်းထမ်း ငွေထုတ်ခြင်းကို အသာထားပြီး လူကြီးမင်းတို့ ဘဏ်ရှေ့လာပြီး သေပြရင်တောင် ဒီတစ်သက်ငွေထုတ်လို့ရ နိုင်မည်မထင်"ဟု ရေးသားပေးပို့လေသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 90

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62320

© 2022 - 2026 News. All Rights Reserved.