မယိုင်လဲသောမူဝါဒနှင့် ရိုးသားသော နိုင်ငံတကာဆက်ဆံရေး

၂၀၂၆ ၊ ဇူလိုင် ၁၂

    မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်မူဝါဒကို လက်ကိုင်ထား ပြီး ယနေ့ချိန်ထိ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ယင်း မူဝါဒအတိုင်း ခိုင်ခိုင်မာမာ ရပ်တည် ဆက်ဆံလျက်ရှိသည်။ မြန်မာနိုင်ငံသည် သူတစ်ပါးနိုင်ငံ၏အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ကြိမ်တစ်ခါမှ ကြံရွယ်ဖူးခြင်းမရှိသလို သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းမရှိ နိုင်ငံတ ကာ ဆက်ဆံရေးတွင် ရိုးသားစွာ ချဉ်းကပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို ပြည်ပနိုင်ငံကြီး အချို့နှင့် ၎င်းနိုင်ငံများ၏ သြဇာကို မလွန်ဆန်နိုင်သော နိုင်ငံများက  မြန်မာ့နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်စွက် ဖက်ချိန်တိုင်းတွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံအချင်း ချင်း ထားရှိရမည့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အလေးပေးရန် စည်းမျဉ်းစည်းကမ်းများ စောင့်ထိန်းရန် သတိပေးမှုများဖြင့် တုံ့ပြန်ခဲ့သည်။ မြန်မာ့နိုင်ငံရေးသည် အစဉ်တစိုက် အနောက်နိုင်ငံကြီးအချို့၏ နိုင်ငံရေးအရ ဖိအားပေးမှုကို ခံခဲ့ရသည်။ ဒီမိုကရေစီ အားကောင်းသော အနောက်နိုင်ငံကြီးများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ပုံဖော်ရန်၊ ကြိုးပမ်းရာ၌ ၎င်းတို့ကြိုး ဆွဲရာကမည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေး အစဉ် တစိုက် ကြိုးပမ်းလေ့ရှိသည်။ ၎င်းတို့အလိုကျ ပုံဖော်ပေးနိုင်မည့် ရုပ်သေးအစိုးရများကို အလိုရှိကြသည်။ ထို့ကြောင့်လည်း အလိုတော်ကျ အစိုးရများ ပေါ်ပေါက်လာရေး နည်းမျိုးစုံဖြင့် ပိတ်ဆို့ အရေးယူခဲ့ကြ သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကလည်း အနောက်နိုင်ငံ အချို့၏ အားကိုယူကာ ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ အကျပ်အတည်း ဖြစ်လာချိန်တိုင်း နိုင်ငံအပေါ် အရေးယူပိတ် ဆို့မှုများ ပြုလုပ်ရန် ဖိအားပေးမှုနှင့် နိုင်ငံ့ကျေးဇူးကန်း နိုင်ငံရေးကိုသာ ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အရေးယူပိတ်ဆို့မှုများဖြင့် နိုင်ငံသည်အသားကျ ခဲ့ရသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးသည် ယနေ့ချိန် မူဝါဒမယိုင်လဲ ခိုင်မြဲနေဆဲ ဖြစ် သည်။
    မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်တစ်ချက်က အလွန်ရိုးရှင်းလှသော်လည်း မြန်မာ့စိတ်ရင်းကို ထင်ဟပ်စေသည်။ နိုင်ငံတော်သမ္မတကြီး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ်အတွင်း ပြည်တွင်း မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့သည့် အချက်ဖြစ်သည်။ မေးမြန်းသူက လွန်ခဲ့သည့် ငါးနှစ်တာကာလက နိုင်ငံတကာဆက်ဆံရေးကို ထောက်ပြ၍ သံတမန်ရေး ဆိုင်ရာ အထီးကျန်မှုဟု သုံးနှုန်းကာ သမ္မတကြီး၏ နိုင်ငံတကာဆက်ဆံရေးအပြောင်းအလဲကို မေးခွန်းထုတ်ခဲ့သည်။ ဖြေကြားချက်ကိုပြန်လည် ဖော်ပြရလျှင် နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံ ရေးကတော့ သက်ဆိုင်ရာ နိုင်ငံတွေအတွက် အရေးပါတဲ့ကဏ္ဍမှာရှိတယ်။ သံတမန်ဆက်ဆံရေးပါ။ ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးရှိမယ်၊ ပြီးတော့ အစိုးရချင်း ဆက်ဆံရေးရှိမယ်၊ သံတမန်ရေးရာ ဆက်ဆံမှုရှိမယ်၊ စီးပွားရေးအရ ဆက်ဆံမှုတွေရှိမယ်၊ ကဏ္ဍပေါင်းစုံရှိတယ်။ စောစောက ခင်ဗျားမေးတဲ့ ငါးနှစ်တာကာလအတွင်းမှာ အထီးကျန်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့က ကြိုးစားပါတယ်။ တကယ်တော့ နိုင်ငံရေးအရ လုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးမယ်ဆိုပြီး ဆုံးဖြတ်ပြီး လုပ်လာခဲ့တာပါ။ အဲဒီနိုင်ငံရေးစနစ်ကို ကောင်းကောင်းမွန်မွန် လုပ်တဲ့အ တွက်ကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ အခုရအောင် ပြောင်း လဲခဲ့ပြီ။ ကျွန်တော်တို့ ဒီဟာကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမယ်။ အဲဒါဆိုရင် နိုင်ငံတကာဆက်ဆံ ရေးမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုဟာ မူလအခြေအနေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်"ဟု ထည့်သွင်းဖြေကြားခဲ့သည်။
    ထည့်သွင်း ဖြေကြားခဲ့သည့်အနက် ထူးခြားမှုရှိသည့် ဖြေကြားချက်မှာ နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံတော်သမ္မတကြီး၏ စိတ်နေသဘောထားကို ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ ဖြေကြား ချက်ပါထူးခြားမှုမှာ "အမြတ်ထုတ်မယ့် ရည်ရွယ်ချက်ရှိရင် ဘယ်တော့မှ မခိုင်မာဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် ခိုင်ခိုင်မာမာ ဖြစ်မယ်။ အခုကျွန်တော်တို့သွားတဲ့ နိုင်ငံရေးစနစ်ရော၊ စီးပွားရေးစနစ်ရော တကယ်ရိုးရိုးသားသားနဲ့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ နိုင်ငံတကာဆက်ဆံရေးမှာလည်း တကယ်ရိုးရိုးသားသားနဲ့ ဆက်ဆံတယ်။ ကျွန်တော်တို့က နိုင်ငံအားလုံးနဲ့ နိုင်ငံရေးမှာ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ ဒါက တကယ့်အခိုင်မာဆုံးပဲ"ဟူသော ပြောကြားချက်ဖြစ်သည်။ အဆိုပါ ပြောကြားချက်ကို ထည့်သွင်း၍ မြန်မာနိုင်ငံ၏ နိုင်ငံတ ကာဆက်ဆံရေးမူဝါဒကို ဖော်ညွှန်းပါက မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တက်ကြွသည့် ရိုးသားသော နိုင်ငံတကာဆက်ဆံရေးရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေနှင့် ၁၉၈၈ ခုနှစ် နှောင်းပိုင်းကာလတစ်လျှောက် အနောက်နိုင်ငံကြီးအချို့၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ နိုင်ငံ ရေးအရ ဖိအားပေးပိတ်ဆို့မှု များ၏ဒဏ်ကို ခံစားခဲ့ရသည်။ နိုင်ငံရေးသမားအမည်ခံလောက်ကောင် အချို့ကလည်း မြန်မာ့ဒီမိုကရေစီအရေးကို လမ်းပေါ်နိုင်ငံရေးများနှင့် ဖိအားပေးခဲ့ကြပြီး အနောက်နိုင်ငံကြီးများ၏ ပိတ်ဆို့အရေးယူမှုကို ထောက်ခံအားပေးခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားပါသည်ဟူသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များသည် ဒီမိုကရေစီအတွက် လိုအပ်သော အခြေခံဥပဒေအတွက် စာတစ်လုံး၊ အခြေခံအဆောက်အအုံများအတွက် အုတ်တစ်ချပ်မစွမ်း နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေး အသံကောင်းဟစ်ကာ နိုင်ငံရေးကို အောက်တန်းကျစွာ လုပ်ဆောင်ခဲ့သည်။
    နိုင်ငံကြီးအချို့၏ မျိုးစုံသော နိုင်ငံရေးအရ ဖိအားပေးမှုကို ရင်ဆိုင်ပြီးနောက် ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်ရန် မြန်မာ့နိုင်ငံရေး ရေခံမြေခံနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ လေလှိုင်းကြားက ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတို့၏ လက်တွေ့ မပါသော နိုင်ငံရေးလှုပ်ရှားမှုများကို ကျော်လွှား၍ တပ်မတော်သည် အမျိုးသားညီ လာခံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းပေးခဲ့သည်။ ယင်းဥပဒေကပင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးအတွက် ခိုင်မာသော ဒေါက်တိုင်ဖြစ်ခဲ့ပြီး ၂၀၁၀ ရွေး ကောက်ပွဲမှနေ၍ ဒီမိုကရေစီ အုတ်မြစ်ကို အစပြုခဲ့ရသည်။ ဖွဲ့စည်းပုံကို မလိုလား၊ မထောက်ခံပါဟူသော အသိုက်အဝန်းကလည်း ယင်းဖွဲ့စည်းပုံအောက်ကိုဝင်၍  တိုင်းပြည်အ ဏာကိုရယူခဲ့ကာ ဆက်လက်အာဏာတည် မြဲရေးကို မသမာသောနည်းဖြင့် ကြံရွယ်ခဲ့ကြသည်။ ဆိုလို ရင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲသည် မည်သည့်နိုင်ငံ၏ အကူအညီ စိုးစဉ်းမျှမပါ။ မည်သည့် နိုင်ငံရေးဖိအားများကိုပင် ဂရုမထား ကိုယ့်အားကိုယ်ကိုး ဒီမိုကရေစီကို ခရီးနှင်ခဲ့ရသည်။ ထို့အတွက် ကြောင့်လည်း မည်သည့်နိုင်ငံကိုမျှ ပြစ်တင်ပြောဆိုခြင်း မပြုသလို မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဒီမိုကရေစီကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပုံဖော်နေခြင်းဖြစ်သည်။
    ထို့သို့ ထုသားပေသားကျ မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံ၏ နိုင်ငံရေးအရ ဖိအားပေးခြင်းကို ဂရုမထားဘဲ နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်း ဟန့်တားနှောင့်ယှက်မှုများကို ကျော်လွှားကာ ၂၀၂၅ ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီခရီးလမ်းကို ပြန်လည်အရောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
    ၂၀၂၀ရွေးကောက်ပွဲမသမာမှုမှ စတင်ခဲ့သော နိုင်ငံရေးအလှည့်အပြောင်းအပြီး ကြားကာလသည် နိုင်ငံအတွက် နိုင်ငံတကာဆက်ဆံရေးအရ အေးတိအေး စက်နိုင်ခဲ့သည်။ အချက်အလက် ခိုင်မာသော ရွေးကောက်ပွဲ မဲမသမာမှုများကို မျက်ကွယ်ပြုကာ တပ်မတော်ကို အာဏာသိမ်းသည်ဟု ရုပ်လုံးသွင်းပြီး နိုင်ငံ တကာ ဆက်ဆံရေးနယ်ပယ်တွင် ဂုဏ်သိက္ခာကျဆင်းစေခဲ့သည်။ ထိုကာလက ဒီမိုကရေစီ လိုလားပါသည်ဟူသော အဖွဲ့အစည်းအချို့၏ ဒီမိုကရေစီနှင့်ဆန့်ကျင့်သော  အကြမ်းဖက်လုပ်ရပ်များ၊ လူမှုအသိုက်အဝန်းကို အရောင်အသွေးခွဲကာ ပြည်သူလူထုကို ရန်တိုက်ပေးခဲ့သည့် လုပ်ရပ်များ၊ တိုင်းပြည်မတည် မငြိမ်ဖြစ်စေရန် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ပေါင်းများစွာ မွေးထုတ်၍ ပြည်သူလူထုကို အတိဒုက္ခဖြင့် စစ်၏ ဆိုးကျိုးသံသရာသို့ဆွဲခေါ်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း လူငယ်ထုကို ချနင်းကာ  ၎င်းတို့ကသာ အာဏာရ အစိုးရဖြစ်ကြောင်း နိုင်ငံရေး မျက်လှည့်ပြကွက်များဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ တိမ်းရှောင်ကာ လေလှိုင်းပေါ်မှ အာဏာရူးခဲ့ကြသည်။ ထိုသူတို့၏ ရွေးကောက်ပွဲ မသမာသော လုပ်ရပ်များနှင့် နောက်ဆက်တွဲအကျိုးဆက် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံကြီးအချို့နှင့် ဒေသတွင်းနိုင်ငံအချို့ မျက်ကွယ်ပြုနေကြခြင်းက အံ့သြဖွယ်ရာပင် ဖြစ်သည်။ နိုင်ငံတကာတွင် အကြမ်းဖက်လုပ်ရပ်သည် မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ဦးဆောင်လုပ်ကိုင်သည်ဖြစ်စေ ကမ္ဘာက လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားပါသည်ဟူသော အဖွဲ့အစည်းမှ စတင်သန္ဓေတည်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံအချို့ မသိ၊ မမြင်၊ မကြားချင်ယောင် ဆောင် နေကြသည်က နိုင်ငံသူ နိုင်ငံသားများ သတိပြုရမည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။
    ထို့သို့သော အခြေအနေအရပ်ရပ်များကြောင့်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခလုပ်တိုက်ခဲ့ပြီး ပြန်လည် ဖော်ဆောင်ချိန် ကြားကာလသည် နိုင်ငံတကာဆက်ဆံရေးတွင် ဖိအားအချို့ ရှိခဲ့သည်။ ဒီမိုကရေစီအင်အားကြီး နိုင်ငံအချို့က ပြည်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ကြသူများကို ၎င်းတို့ နိုင်ငံတွင်း ခိုလှုံခွင့်ပြုကာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို မသိကျိုးကျွန်ပြုခဲ့ကြသည်။ အကြမ်းဖက်အားပေးထာက်ခံကြသူများ၏ ဝင်ငွေစီးကြောင်းများ၊ အကြမ်းဖက်အားပေးကြသူများ၏ နေထိုင်ရပ်တည်မှုများကို ပေါ်ပေါ်ထင်ထင် ခွင့်ပြုရပ်တည်စေခဲ့သည်။ သို့သော်လည်း တပ်မတော်က  တိုင်းပြည်တာ ဝန်ယူခဲ့ပြီး ယခုနိုင်ငံတော်သမ္မတကြီး ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအစ ရှိသော တိုင်းပြည်တာဝန်များကို ကျေပွန်ခဲ့သလို တစ်ဖက်တွင်လည်း နိုင်ငံတကာဆက်ဆံရေးကို မိတ်ဝတ်မပျက် ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး များကို နားလည်သဘောပေါက် လက်ခံသော နိုင်ငံကြီးများနှင့် ထိတွေ့ဆက်ဆံခဲ့သည်။ အာဆီယံဒေသတွင်း နိုင်ငံအချို့၏ ပြည်တွင်းရေးဝင် ရောက်စွက်ဖက်လိုသော  ထုတ်ပြန်ပြောဆိုချက်များကို လိုအပ်သလို တုံ့ပြန်ခဲ့ပြီး ဒေသတွင်းနိုင်ငံများနှင့် လိုက်လျောညီထွေသော ဆက်ဆံရေးဖြင့် ခရီးဆက်ခဲ့သည်။
    ပြည်သူလူထု၏ ရွေးချယ်တင်မြှောက်မှုအရ  ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီး နိုင်ငံ တော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍက အပြောင်းလဲကြီး ပြောင်းလဲအောင် စွမ်းဆောင်ပြခဲ့သည်။ ကနဦးအနေနှင့် မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် အားပေးထောက်ခံကူညီခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ နိုင်ငံတော်သမ္မတကြီး အလုပ်သဘော ခရီးစဉ်များ သွားရောက်ခဲ့သည်။ ခရီးစဉ်များမတိုင်မီ နိုင်ငံငါး နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ နေပြည်တော်သို့ လာရောက်ပြီး နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဇူလိုင် ၂ ရက်က နိုင်ငံတော်သမ္မတကြ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိလာသည့် ဘီလာရုဇ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ ဆုံဆွေးနွေးမှုအပြီး ဇူလိုင် ၃ ရက်တွင် နိုင်ငံတော်သမ္မတတာဝန်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး  မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းမိတ်ဝတ်မပျက် ဆက်ဆံရေးအရ အဆင်သင့် ရှိနေကြောင်း ပြသခဲ့သည်။
    လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသို့  နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိခဲ့စဉ် နိုင်ငံတော်သမ္မတကြီးက လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံစဉ် အာဆီယံနိုင်ငံများသို့ ခရီးစဉ်မှ သတင်းစကားများပါးခဲ့သည်။ နိုင်ငံတော် သမ္မတကြီးက အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံကို ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးလာရောက်နိုင်ခဲ့ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရန် အဆွေတော်၏ ဖိတ်ကြားခဲ့မှုအပေါ်လည်း မိမိအနေဖြင့် တန်ဖိုးထားပါကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် အိမ်နီးချင်းနိုင်ငံ များသာမက အခြားနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ချစ်ကြည်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတက ဆွေးနွေးပြောကြား ရာတွင် အဆွေတော်ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင် အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံသည် လာအိုနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံးမိတ်ဆွေ နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြဲ ထောက်ခံအားပေးလျက်ရှိပါကြောင်း၊ သမ္မတကြီး ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများရရှိ သွားမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိညာဉ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း တတ်စွမ်းသည့် ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲ ထောက်ခံအားပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။
    နိုင်ငံတော်သမ္မတကြီး၏ လာအိုနိုင်ငံခရီးစဉ်က အာဆီယံဒေသတွင်း ဆက်ဆံရေးကောင်းများကို ပြန်လည်ထူထောင်လာနိုင်မည့် အရိပ်အယောင်များ တွေ့ရသည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ နေမှုများကိုလည်း ဒေသတွင်းနိုင်ငံများသို့ မီးမောင်းထိုးပြခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် ပြည်တွင်းပြည်ပနိုင်ငံရေး စိန်ခေါ်မှုများနှင့် ဖိအားမျိုးစုံကြားတွင် မိမိ၏ မူလအခြေခံဖြစ်သော လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို လက်ကိုင်စွဲကာ မယိုင်မလဲ ခိုင်ခိုင်မာမာ ရပ်တည်ပြနိုင်ခဲ့သည်။ ကမ္ဘာ့နိုင်ငံကြီးအချို့၏ ပိတ်ဆို့ အရေးယူမှုများနှင့် သံတမန်ရေးအရ အထီးကျန်ဖြစ်စေရန် ကြိုးပမ်းမှုများကို ကိုယ့်အားကိုယ်ကိုး သည့် စိတ်ဓာတ်၊ တည်ငြိမ်ရင့်ကျက်သည့် ချဉ်းကပ်မှုများဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် မရိုးသားသော အမြတ်ထုတ်လိုစိတ်မရှိဘဲ မိတ်ဝတ်မပျက် ရိုးသားမှန်ကန်စွာ ဆက်ဆံတတ်သည့် မြန်မာ့စိတ်ရင်းကပင် ခိုင်မာသော သံတမန်ရေးရာ ဒေါက် တိုင်တစ်ခု ဖြစ်လာခဲ့သည်။
    ယနေ့အချိန်တွင် အိမ်နီးချင်း နိုင်ငံကြီးများနှင့် ဒေသတွင်းနိုင်ငံများ၏ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ၊ မိတ်ဖက်နိုင်ငံများနှင့် ဖြစ်ပေါ်လာ သည့် ထိပ်သီးသံတမန်ရေးရာ လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ ရိုးသားစစ်မှန်သော မူဝါဒအပေါ် အသိအမှတ်ပြုခြင်းကို ပြသနေသည်။ မိမိတို့နိုင်ငံ၏ ရေခံမြေခံနှင့် ကိုက်ညီသော ဒီမိုကရေစီခရီးလမ်းကို ပြန်လည်အရောက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ နောင်အနာဂတ်တွင်လည်းကမ္ဘာ့မိသားစုအလယ်တွင် မူဝါဒခိုင်မြဲပြီး ရိုးသားတည် ကြည်သော နိုင်ငံတကာဆက်ဆံရေးဖြင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခန်းကဏ္ဍမှ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်သွားနိုင်မည်မှာ အမှန်ပင် ဖြစ်တော့သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.