၂၀၂၆ ၊ ဧပြီ ၉
ဦးကျော်သန်းသည် ၂၀၁၅၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ကျောက်ဖြူ၊ မာန်အောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရအမတ်တစ်ဦး ဖြစ်သည်။ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများပါတီ (RNP) မှ မာန်အောင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ၎င်းနှင့်တွေ့ဆုံ၍ ရွေးကောက်ခံအစိုးရ သစ်လက်ထက် တိုင်းပြည်အရွေ့အပြောင်းအလဲများ၊ လွှတ်တော်အခင်းအကျင်းနှင့် ငြိမ်းချမ်းရေး လက် နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အပေါ် အမြင်သဘောထားများ မေးမြန်းထားပါသည်။
TREND ။ ။ အစိုးရကောင်းတစ်ရပ်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ။
UKT ။ ။ အစိုးရကောင်းတစ်ရပ်ဆိုတာက ယျေဘုယျအားဖြင့် ပြောရရင် တိုင်းသူပြည်သားတွေရဲ့ အပေါ်မှာ အုပ်ချုပ်တဲ့အခါ တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင်တဲ့ အဆင့်အတန်းမျိုး လုပ်ပေးနိုင်တဲ့ အစိုးရမျိုးလို့ ယူဆပါတယ်။ အဲဒီလို လုပ်ပေးနိုင်တဲ့ အစိုးရကို အစိုးရကောင်းတစ်ရပ်လို့ ပြောရမှာပါ။ အဲဒီလို ဖြစ်ဖို့အတွက် ပြည်သူတွေ ကလည်း ကိုယ့်မြို့နယ် ကိုယ့်ရဲ့ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လိုအပ်တဲ့အခြေအနေတွေ လိုအပ်တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ရမယ်။ ဒီလိုဆောင်ရွက်မှုတွေနဲ့ လွှတ်တော်ထဲမှာ အစိုးရတွေကို တင်ပြ ဆွေးနွေး ထိန်းကျောင်းမယ်ဆိုရင် အစိုးရကောင်းတစ်ရပ်ဖြစ် လာလိမ့်မယ်။ အစိုးရကောင်းတစ်ရပ် မဖြစ်ဘဲနဲ့ ဒီအတိုင်းသွားမယ်ဆိုရင်တော့ ငါးနှစ်တာပဲ အဆင်ပြေပါလိမ့်မယ်။ နောက် ရွေးကောက်ပွဲမှာတော့ မဲနိုင်ဖို့ဆိုတာ မလွယ်ဘူး။ အစိုးရကောင်းတစ်ရပ်ဆိုတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး ရှုမြင်ပုံ မတူညီနိုင်ဘူး။ ကိုယ်လိုချင် တာတွေချည်းပဲ ဖြစ်မှရမှ အစိုးရကောင်းတစ်ရပ်လို့ မြင်နေမယ်ဆိုရင် ဒါလည်း မဖြစ်နိုင်ပါဘူး။ ကျွန် တော်တို့ မြန်မာနိုင်ငံရဲ့အခြေအနေက အဘက်ဘက်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ အမျိုး သားရင်ကြားစေ့ရေးဆိုတဲ့ အခန်းကဏ္ဍကလည်း အင်မတန်မှ အရေး ကြီးပါတယ်။ ဒီလို တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ ကြားမှာလည်း အခက်အခဲမျိုးစုံ ဖြစ်နေရ တဲ့အခါမှာ တိုင်းပြည်ကို ဦးဆောင်ပြီး အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ အမျိုးမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့ နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြည်သူပြည်သားတွေအတွက်လည်း အစိုးရက လုပ်ချင်သလို၊ လုပ်ချင်သလောက် လုပ်ပေးလို့မရတဲ့ အနေအထားမျိုးမှာ ရှိတဲ့အတွက်ကြောင့် တကယ့်အစိုးရကောင်း တစ်ရပ်ဆိုတဲ့ အနေအထားမျိုးမှာ ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ တော် တော်ခဲယဉ်းနိုင်ပါတယ်။ ဘာပဲပြောပြော လက်ရှိအနေအထားထက် ကောင်းမွန်ဖို့က အရေးကြီးပါတယ်။ လက်ရှိအနေအထားထက် ကျော်လွှားပြီးတော့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုရင်တော့ ဒါက ဘာပဲပြောပြောကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ နီး စပ်လာပြီလို့ အဲဒီလိုပဲပြောချင်ပါတယ်။
TREND ။ ။ လွှတ်တော်ကောင်းတစ်ရပ်ဖြစ်မှလည်း အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့ အပြန်အလှန်ထိန်း ကျောင်းနိုင်မှာဆိုတော့ လွှတ်တော်ကောင်းတစ်ရပ်ဖြစ်ဖို့ လိုမယ်လို့နားလည်ပါတယ်။ ဘယ်လိုဆောင် ရွက်ချက်တွေ၊ အကောင်အထည်ဖော်မှုတွေက လွှတ်တော်ကောင်းတစ်ရပ်လို့ ဆိုနိုင်လဲ။
UKT ။ ။ လွှတ်တော်ဆိုတာက ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့အတွက် ဥပဒေကောင်းတစ်ရပ်ဖြစ်ဖို့ လိုပါတယ်။ ဥပဒေကောင်းတစ်ရပ် ဖြစ်ဖို့ဆိုတဲ့နေရာမှာ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်တွေ၊ ဥပဒေတွေ ပြင်ဖို့ပေါ့။ ဒီဥပဒေက ပြင်ရခက်တဲ့ အပိုင်းတွေ ရှိတယ်။ သို့သော်လည်းပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောထားတာရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်လို့မရတဲ့ ဥပဒေမျိုး မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒီဖွဲ့စည်းပုံဟာ တိုင်းသူပြည်သားတွေအပေါ်မှာ ကောင်းဖို့ လိုအပ်ပါတယ်။ တိုင်းသူပြည်သားတွေ လွတ်လပ်စွာ စီးပွားရောင်းဝယ်ခွင့် ရှိရပါမယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့် ရှိရပါမယ်။ လွတ်လပ်စွာ သွားလာခွင့်ရှိရမယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာသွားလာခွင့် အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မာန်အောင်ကျွန်းဆိုရင် ဘယ်အရာနဲ့မှ ဆက်သွယ်လို့မရ၊ သွားချင်တိုင်းသွားလို့မရတဲ့ အနေအထားဖြစ်နေတယ်။ အများကြီး ကြိုးစားရဦးမယ်၊ ပြုပြင်ရဦးမယ်။ ဒီလိုတွေ ပြောင်းလဲဖို့ဆိုတာက စောစောကပြောသလို အစိုးရတစ်ရပ်အနေနဲ့ တိုင်း သူပြည်သားတွေရဲ့ ခံစားချက်တွေကို ရင်ဘတ်ထဲ ဆင်ခြင်တုံတရားနဲ့ နားလည်ပေးဖို့ လိုတယ်။ သံယောဇဉ်ကြီးဖို့ လိုပါတယ်။ အမြော်အမြင်တွေကြီးဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရကောင်းတစ်ရပ် ဖြစ်ပေါ်လာပါမယ်။ ပြီးတော့ အစိုးရကောင်းတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဓိကတာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်က ဘာကြောင့် တာဝန်ရှိသလဲဆိုရင် လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်လို့ရတယ်။ ပြင်ဆင်လို့ရတဲ့ ဥပဒေတွေကို ပြင်ဆင် ဖို့အတွက် လွှတ်တော်ထဲမှာ ပြောဖို့လိုတယ်။ အဲဒီလိုပြောဖို့ လိုတဲ့အခါမှာ ဥပဒေတွေကို ကျေညက်အောင် ဥပဒေပညာရှင်တွေ လိုပါတယ်။ ဒီလို ဥပဒေပညာရှင်တွေ ရှိမှသာလျှင် ဥပဒေတွေကို ပြင်ဖို့အတွက် အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် အစိုးရကောင်း တစ်ရပ်ဖြစ်ပေါ်လာဖို့၊ လွှတ်တော်ကောင်းတစ်ရပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီမှာ တာဝန်ရှိတယ်။

TREND ။ ။ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့ လွှတ်တော်ကနေ အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သွားမယ့် အခြေ အနေလေးတွေကို ပြောပြပါဦး။
UKT ။ ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ မှန်မှန်ကန်ကန် ဖြစ်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာ ရေးရာကော်မတီဆိုတာ ရှိပါတယ်။ လွှတ်တော် ငယ်လေးတွေလို့ ခေါ်တာပေါ့။ ဒီကော်မတီတွေက သူ့ဆိုင်ရာ ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဖြစ်ရင်ဖြစ်တယ်၊ မဖြစ်ရင် မဖြစ်ဘူးဆိုတာကို ပြောနိုင်ဆိုနိုင်ရပါမယ်။ အဲဒီလို ထိန်းကျောင်းမှသာလျှင် ဒါက ကောင်းမွန်သော အစိုးရတစ် ရပ်ပေါ်လာပြီး ပြည်သူတွေကလည်း ပိုပြီး ယုံကြည်လာမယ်၊ လက်ခံလာကြမှာ ဖြစ်ပါတယ်။ 'လွှတ်တော်အသံ ပြည်သူ့အသံ'ဆိုတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေနဲ့အညီပေါ့။ ကောင်းမွန်သော အစိုးရတစ်ရပ်ဖြစ်ဖို့ဆိုတာ သူ့ဆိုင်ရာဆိုင်ရာတွေမှာ ရှိကြတဲ့ ကော်မတီတွေက ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှုတွေ အပေါ်မှာ စောင့်ကြည့်ဖို့ လိုပါတယ်။ မဟုတ်ရင် မဟုတ်ဘူးဆိုတာတွေကို ပြောဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်ကြမယ်၊ အပြန်အလှန် ထိန်းကျောင်းကြမယ်ဆိုရင် ကောင်းမွန်သော အစိုးရဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
TREND ။ ။ လွှတ်တော်မှာက တိုင်းရင်းသား ပါတီတွေ၊ တိုင်းနဲ့ပြည်နယ် အခြေစိုက်ပါတီတွေ လွှတ်တော်မှာ နေရာရလာကြတာရှိပါတယ်။ အများစုကတော့ USDP ဆိုတော့ ကိုယ်စားလှယ်အနည်းစုရဲ့ ပါတီ တွေရဲ့ အဆိုမေးခွန်း အောင်မြင်မှု ဘယ်လောက်အထိ မျှော် မှန်းလဲ။
UKT ။ ။ အနည်းစုနေရာရတဲ့ ပါတီငယ်လေးတွေဖြစ်လို့ အလေးမထားဘဲ လုပ်မယ်ဆိုရင် ပြည် သူကလည်း စောင့်ကြည့်နေတာပဲလေ။ ဘာပဲပြောပြော ဒီငါးနှစ်သက်တမ်းမှာတော့ သူတို့ လုပ်ချင်တဲ့ ပုံစံမျိုးနဲ့ ထိန်းကျောင်းလို့မရဘဲနဲ့ သူတို့ ယူဆတဲ့အတိုင်း၊ သူတို့လိုချင်တဲ့ ပုံစံအတိုင်း လုပ်သွားမယ်ဆိုရင်တော့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ နောင်လာမယ့် သက်တမ်းမှာ ဒီပါတီကို လူထုထောက်ခံမှု နည်းသွားနိုင် တယ်။ အခုက လူ နည်းစုဖြစ်တဲ့အတွက် ဘယ်လိုပဲ မဲခွဲခွဲ၊ ဘာအဆိုပဲတင်တင် သူတို့ သဘာမကျရင်တော့ အနည်းစု အနိုင်ရတဲ့ပါတီတွေ ဘာပဲတင်တင် အနိုင်ရရှိမှာ မဟုတ်ဘူး။
TREND ။ ။ လွှတ်တော်မှာ ဘယ်လိုအဆိုတွေ၊ မေးခွန်းတွေ တင်ပြဆွေးနွေးသွားဖို့ ပြင်ဆင်ထားလဲ။
UKT ။ ။ မေးခွန်းဆိုရင်တော့ ပြောလို့ရတယ်။ အဆို ဆိုရင်တော့ ပါတီဥက္ကဋ္ဌကြီး ကိုယ်တိုင်က အဆိုနဲ့ပတ်သက်ပြီးတော့ လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ထင် မြင်ချက်နဲ့ မလုပ်ဘဲနဲ့ ပါတီနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဖို့ သတိပေးထားတာရှိပါတယ်။ ပြီးတော့ အဆိုဆိုတာက တော်တော်လေး လေးနက်တယ်၊ ခက်ခဲတယ်။ အဆိုကို ထောက်ခံမယ့် ကိုယ်စားလှယ်တွေကလည်း ရှိဖို့လိုသေးတယ်။ မေးခွန်းဆိုရင်တော့ ထောက်ခံစရာလည်း မလိုဘူး။ ကိုယ့်ဒေသနဲ့ပတ်သက်တာတွေ၊ လူမှုရေးနဲ့ ပတ်သက်တာတွေ စသည်အားဖြင့် အဲဒါမျိုးတွေ မေးဖို့ဆိုရင်တော့ အခုဆိုရင် မေးခွန်းသုံးခု လုပ်လာပါတယ်။ မဲဆွယ်စည်းရုံးရေး ကာလတုန်းက ပါတီရဲ့ ကတိကဝတ်ဖြစ်တဲ့ မာန်အောင်ကျွန်းက လေယာဉ်ကွင်းရှိပြီးတော့ လေယာဉ် မဆင်းနိုင်ဘူး။ ကွင်းငယ်တယ်၊ ကွင်းငယ်တဲ့အတွက်၊ ပြေးလမ်းတိုတဲ့အတွက် ဒီပြေးလမ်းချဲ့ပြီးရင် မာန်အောင်ကွင်းဟာ အချိန်မရွေး ဆင်းသက်လို့ရတယ်။ ဒါဆိုရင် မာန်အောင်ကျွန်းပေါ်မှာရှိတဲ့ ပြည်သူပြည် သားတွေက ပညာရေးရော၊ ကျန်းမာရေးရော တခြား စီးပွားဖွံ့ဖြိုးတိုးတက်ရေးကအစ အဆင်ပြေသွားမယ်။ ဒါကြောင့်မို့လို့ ဒီကတိကဝတ်တွေအတွက် လွှတ်တော်ကနေ တောင်းဆိုဖို့ မေးခွန်းပြင်ဆင်ပြီးပါပြီ။ နောက်တစ်ခုက လျှပ်စစ်မီးမရဘူး၊ လျှပ်စစ်မီးရတာကလည်း မာန်အောင်မှာ တစ်နေ့ကို တစ်နာခွဲ လောက်ပဲရတယ်။ ဒီလျှပ်စစ်မီးဟာ NLD လက်ထက်တုန်း မာန်အောင်မြို့နဲ့ တစ်မိုင်တောင် မဝေးတဲ့နေရာမှာ ဆိုလာစက်ရုံဆိုပြီး တည်ခဲ့တာရှိတယ်။ ဒါကလည်းပဲ ဘယ်လောက်မှ အချိန်ကြာကြာ မလုပ်လိုက်ရပါဘူး။ တစ်နှစ်လောက်ပဲရှိမယ်။ အရည်အသွေးမကောင်းတဲ့အတွက် ဘက်ထရီအိုးတွေကြောင့်ပါ။ ပြန်လဲ ပေးမယ်ဆိုရင်တော့ ရတယ်၊ မီးပေးနိုင်မယ်ဆိုတာပြောတဲ့အတွက် ဒီကိစ္စကို မေးခွန်းတစ်ခုမေးဖို့ အဆင်သင့်လုပ်လာပြီးပါပြီ။ နောက်တစ်ခုက ကျန်းမာရေးကိစ္စပါ။
မာန်အောင်ကျွန်းထဲမှာ ရွာပေါင်း ၁၃၀ ကျော်ရှိတယ်။ အဲဒီကျွန်းပေါ်မှာမှ မာန်အောင်ကျွန်း ဆိုတာရှိတယ်။ မြို့ပေါ်ငါးရပ်ကွက် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိတယ်။ စာရင်းဇယား အသေးစိတ် မမှတ်မိပေမယ့် မာန်အောင်ကျွန်းရဲ့ လူဦးရေက မဲဆန္ဒရှင်ရှိတာတောင် ခြောက်သောင်းနီးပါး ရှိတယ်။ ကျန်တဲ့ ၁၈ နှစ်အောက် ကလေးတွေနဲ့ပေါင်းရင် လူဦးရေ တစ်သိန်းနီးပါးတော့ အနည်းဆုံးရှိပါတယ်။ ဆေးရုံက တိုက်နယ်ဆေးရုံ နှစ်ရုံရှိတယ်။ မြို့နယ်ဆေးရုံက တစ်ရုံရှိတယ်။ ပြီးတော့ မာန်အောင်တစ် ကျွန်းလုံးမှာမှ ဆရာဝန်တစ်ဦးပဲရှိတယ်။ လူဦးရေ တစ်သိန်းဝန်းကျင်ပါ။ ဒီလူဦးရေတွေကို ဆရာဝန် တစ်ဦးတည်းနဲ့ ကုစားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတောင်မှ ဆရာဝန်ကြီး မဟုတ်ပါဘူး။ လက် ထောက်ဆရာဝန်လေး တစ်ဦးပဲရှိတာ။ ဒါကြောင့် ကျန်းမာရေးကုစားဖို့အတွက် အများကြီး လိုအပ်ချက်ရှိပါတယ်။ နောက်တစ်ခါ ဆေးဝါး၊ ငါးနှစ်အောက် နို့စို့ကလေးတွေအထိ ကာကွယ်ဆေးမထိုးရဘူး၊ HIV ပိုးတွေနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးတွေ မရှိဘူး။ တော်တော်လေးကို အခက်အခဲရှိတယ်။ ဒီအခက်အခဲတွေကိုလည်း ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ဒီမေးခွန်းမေးဖို့ပါ။ အဲဒီမှာ တစ်ဆက်တစ်စပ်တည်း ဘာပါသွားလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အတွက်ကြောင့် သွားလာမှု လွယ်ကူဖို့အတွက် လည်း လေယာဉ်မပြေးဆွဲနိုင်တဲ့အခါမှာ သင်္ဘောပြေးဆွဲပေးဖို့၊ ဒါမှ ကျန်းမာရေးအရ လိုအပ်တဲ့အချိန်အခါမှာ သွားလာဖို့၊ အဆင်ပြေဖို့အတွက် ဒါတွေကိုလည်း မေးသွားမှာပါ။ တခြား ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်က ပညာရေးနဲ့ အခြေခံအဆောက်အအုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့အတွက် ကျွန်းထဲမှာ သွားလာဖို့၊ မြို့နဲ့ကျေးရွာတွေကို သွားလာဖို့အတွက် လမ်းတွေ လုပ်ပေးဖို့ကလည်း အများကြီးရှိပါတယ်။ ဒီလိုမေးခွန်းတွေ ပြင်ဆင်ထားပါတယ်။
TREND ။ ။ အစိုးရသစ်လက်ထက် နိုင်ငံမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်လဲ။
UKT ။ ။ လတ်တလောမှာကတော့ ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုတာတော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းပြည် ငြိမ်းချမ်းအောင် အရင်အဦးဆုံး လုပ်ရဦးမယ်။ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်မယ်ဆိုတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်က နည်းနည်းနှောင့်နှေးနေဦးမယ်လို့ မြင်ပါတယ်။ အရင်ဆုံး ငြိမ်းချမ်းရေးကို ရအောင်လုပ်ပြရမယ်။ တိုင်းပြည်ငြိမ်းချမ်းမှ၊ အေးချမ်းမှ သာလျှင် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်လို့ရပါမယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ၁၇ မြို့နယ် ရှိတဲ့အထဲ သုံးမြို့ နယ်မှာပဲ အစိုးရအုပ်ချုပ်မှု ယန္တရားလည်ပတ်နိုင်သေးတယ်။ ကျန်တဲ့ ၁၄ မြို့ နယ်ဟာ လက်နက်ကိုင်အဖွဲ့တွေ ယာယီစိုးမိုးထားတော့ ဘာမှလုပ်လို့မရဘူး။ စာတောင် သင်လို့မရတဲ့ အနေ အထားမျိုးဖြစ်နေတယ်။ အကုန်လုံး ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားတယ်။ ဒါကြောင့်မို့လို့ ဒီအစိုးရသစ်လက်ထဲမှာ ပြည်သူတွေအတွက် အပြောင်းအလဲဘယ်လို ဖြစ်လာမလဲဆိုတော့ အရင်အစိုးရလက်ထက်တွေထက်၊ လက်ရှိအခြေအနေထက် ပိုကောင်းအောင်လုပ်ပေးမယ့် အစိုးရကောင်းတစ်ရပ် ဖြစ်စေချင်ပါတယ်။
TREND ။ ။ အစိုးရသစ်လက်ထက်မှာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်မှု ဘယ်လောက်အတိုင်း အတာအထိ အောင်မြင်နိုင်မလဲ၊ ဘယ်လို အနေအထားအထိ လက်နက်ကိုင်ပဋိပက္ခ လျော့ကျသွားနိုင်လဲ။
UKT ။ ။ လောလောဆယ်တော့ မပြေပျောက်သွားနိုင်ပါဘူး။ ပြေပျောက်နိုင်အောင် လွှတ်တော်ထဲကပဲဖြစ်ဖြစ် တိုင်းရင်းသားနယ်မြေက အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ ငြိမ်းချမ်းရေးရအောင် လုပ်ပေးနိုင်ရင်၊ သူတို့ချည်းပဲမဟုတ်ဘဲ ကြားခံကိုယ်စားလှယ်တွေနဲ့ပါ ဆောင်ရွက်ရင် ချက်ချင်းကြီး မဟုတ်ပေမယ့် လက်နက်ကိုင်ပဋိပက္ခက တစ်စတစ်စနဲ့ ပြေပျောက်သွားနိုင်တယ်လို့ မြင်ပါတယ်။ စောစောကပြောသလို လတ်တလောကတော့ ငြိမ်းချမ်းရေးရသွားတာမျိုးတွေ မဖြစ်နိုင်သေးဘူး။ ငြိမ်းချမ်းရေးအတွက် လွှတ်တော်ကနေ ဘယ်လိုမျိုး တွန်းအားပေး ဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် နှစ်ဖက်တိုက်ပွဲတွေကြားမှာ ပြည်သူတွေဟာ မြေစာပင် ဖြစ်နေကြတယ်။ တိုက်ပွဲတွေကြားမှာ ပြည်သူတွေ အသက်ဘေးက လွတ်အောင် နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့၊ ပြည်သူတွေ ဘေးကင်းဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရမယ်။ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့၊ ပြည်သူ့ဆန္ဒတွေကို၊ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ဖို့အတွက် လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုပါ တယ်။ ပြည်သူတွေက ဘယ်လိုရှိတယ်၊ ပြည်သူတွေက ဘယ်လို ဖြစ်ချင်ကြတယ်ဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်လွှတ်တော်နားတဲ့အချိန်မှာ ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့ ပြည်သူ့အ သံနားထောင် ယူဆောင်လာမယ်။ ယူဆောင်လာပြီးတော့မှ ဒါကို လွှတ်တော်မှတစ်ဆင့် အစိုးရ၊ တပ်မတော်ဆီကို ပြောပေးကြမယ်။ ဒါဆိုရင် ပြည်သူတွေကြားထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေ ပြေလျော့ သွားမယ်လို့ မြင်တယ်။ ပြီးတော့ အရေးအကြီး ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေက သူ့နယ်မြေမှာ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်တို့ နယ်မြေမှာလည်း ကျွန်တော်တို့ ကြိုးစား မှာပဲ။ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ကြိုးစားကြမယ်။ ဒီလိုမှ မကြိုးစားရင် ကျွန်တော်တို့ဟာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကိုယ့်ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်လို့ လွှတ်တော်ကိုယ် စားလှယ်လုပ်တာပါ။ ပြည်သူ့အခက်အခဲ ဘာမှဖြေရှင်းမ ပေးနိုင်ဘူးဆိုရင် ဒါက အဓိပ္ပာယ် မရှိပါဘူး။ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ပါ။ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ရပ်တန့်သွားနိုင်အောင် ကျွန်တော်တို့ လွှတ်တော်ကိုယ် စားလှယ်တွေက နှစ်ဖက်လုံးကို ပြောဖို့ လိုပါတယ်။ တစ်ဖက်တည်းကို မဟုတ်ပါဘူး။ ဒီအပေါ်မှာ အစိုးရဘက်ကလည်း ယုံကြည်မှုရှိဖို့ လိုပါ တယ်။ ယုံကြည်မှုမရှိဘဲ သံသယတွေဝင်နေတဲ့ အခြေအနေမျိုးဆိုရင် ဒါတွေကို ဘယ်လိုမှ ဖြေရှင်းလို့ မလွယ်ကူဘူးလို့ မြင်ပါတယ်။ ဖြေရှင်းလို့ မရခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့က လွှတ်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်ရကျိုး နပ်မှာမဟုတ်ပါဘူး။
TREND ။ ။ ဒေသခံပြည်သူတွေရဲ့ အဓိကလိုအပ်ချက်နဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာ ဖြစ်မလဲ၊ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဒါတွေကို ပြေလည်ဖို့ ဘယ်လို ကြိုးပမ်းဆောင်ရွက်မလဲ။
UKT ။ ။ လူထုအတွက် အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်ဆိုတာက ဟိုအရင်တုန်းကတည်းက တိုင်းရင်းသားတွေက လက်နက်ကိုင်တယ်ဆိုတာက တန်းတူရည်တူ အခွင့်အရေး၊ ဒီအခွင့်အရေးတွေ ရဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ။ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို မကြိုက်ဘူး။ စားပွဲဝိုင်းနဲ့ပဲ ဖြေရှင်းပြီးတော့ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့် လူမျိုး၊ ကိုယ့်နိုင်ငံအကျိုးကို ဖော်ဆောင်နိုင်လိမ့်မယ် ယုံကြည်တယ်။ အသက်မသေရဘဲ ငြိမ်းချမ်းသော လမ်းစဉ်နဲ့ အေးအေးချမ်းချမ်းနဲ့ ရမယ်ဆိုတာ ယုံကြည်လို့ လွှတ်တော်လမ်းကြောင်းထဲ ဝင်လာတာပါ။ ပကတိအနေအထားမှာတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး အစိုးရကို ဆန့်ကျင်တော်လှန်တယ်ဆိုတာက သူတို့ရဲ့ယုံကြည်ချက်နဲ့ တန်းတူရည်တူရေးကိစ္စလို့ သူတို့ပြောတယ်။ ဘယ်တိုင်းရင်းသားမဆို အဲဒီလိုပဲ ပြောကြတယ်။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ကိစ္စကလည်း အဲဒီလိုအနေအထားမျိုးမှာ ဖြစ်တယ်။ အင်အားကောင်းတဲ့သူက နိုင်စမြဲပဲ။ သူတစ်လှည့် ကိုယ်တစ်လှည့် အဲဒီလိုဖြစ်နေပြီးတော့ နောက်ဆုံးတော့ ပြည်သူတွေပဲ အသက်အိုးအိမ်စည်းစိမ် အမြောက်အမြား ဆုံးရှုံးရတယ်။ ပြည်သူတွေက ဒါတွေကို လိုချင် လားဆိုတော့ မလိုချင်ပါဘူး။ ဘယ်သူမှ မလိုချင်ပါဘူး။ အေးအေးလူလူ၊ အေးအေးချမ်းချမ်းပဲလိုချင်ကြတယ်။ ဒါပေမဲ့ ပြည်သူမှာ ဘာမှမရှိဘူး။ နှစ်ဖက်လုံးကို ကြောက်ရတယ်။ AA နဲ့ နီးရင် AA ကို ကြောက်ရ တယ်၊ တပ်မတော်နဲ့နီးရင် တပ်မတော်ကို ကြောက်ရတယ်။ ဘယ်သူ့ကိုမှ ဟန့်တားနိုင်တဲ့ အနေအထားမျိုး မရှိကြပါဘူး။ ဒါက ပကတိအနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင် ပြည်နယ်မှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေတယ်။ ပြည်သူတွေ ဘယ်လိုမှသွားလာလို့ မရဘူး၊ ဆေးဝါးကုသချင်လို့ မရဘူး။ ပညာသင်လို့မရဘူး။ အဲဒီလို ပြည်သူတွေရဲ့ ခံစားချက်တွေဟာ ကျွန်တော်တို့ ပြောမပြတတ်လောက်အောင် စကားလုံးတွေ ရှိပါတယ်။ ဘယ်လိုမှ ပြောပြလို့မရတဲ့ စကားလုံး အင်မတန်မှ ကြေကွဲစရာ ကောင်းပါတယ်။ ဒီလို အနေအထားမျိုးကို ဘယ်သူမှ မလိုချင်ပါဘူး။ ဒါကြောင့် ပြောဖို့ဆိုဖို့ဆိုတာ ဥပဒေဘောင်အတွင်းက ပြောခွင့်ပေးနိုင်မှ၊ အစိုးရကလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို သူ့ပြည်နယ်နဲ့ သူပဲဖြစ်ဖြစ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေကို ကြားခံထားပြီးတော့ လုပ်ပေးလိုက်မယ်ဆိုရင် ဒါတဖြည်းဖြည်းတော့ ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်မယ်လို့ ထင်ပါတယ်။ အပစ်အခတ်ရပ်စဲပြီးတော့ လိုအပ်ချက်တွေကို စားပွဲဝိုင်းမှာ ရှင်းနိုင်သမျှ ဆွဲတင်ပြီးတော့ လုပ်ရင် ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )