မြို့ ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ကုန်မြို့၏ အနာဂတ်ပုံရိပ်

၂၀၂၆ ၊ မေ ၁၈

သမ္မတကြီး၏ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မျှော်မှန်းချက်
    "လှိုင်သာယာဆိုတာ တပ်ချုပ်ကြီး စတင်ပြီးတော့ ကျူးကျော်တွေ ရှင်းလင်း၊ ရေစီးရေလာကောင်းအောင် လုပ်ပေးခဲ့တဲ့ အချိန်ကစပြီး မျက်နှာပန်းလှလာတယ်။ မြို့ပြဟာ မြို့ပြနဲ့ တူလာတယ်။ လုံခြုံရေး အထူးသဖြင့် ကောင်းသွားပါတယ်။ အဲဒီအတွက် ကျေးဇူးတင်တယ်ဆိုတာကို ဖွင့်မပြောရဲသေးတဲ့ သူနဲ့၊ ဖွင့်မပြော နိုင်တဲ့သူနဲ့၊ ဖွင့်ပြောနိုင်တဲ့သူ ရာခိုင်နှုန်း ၈၀^၉၀ လောက်ရှိတယ်ဆိုတာ မြေပြင်မှာ အမှန်အတိုင်းကြားနေရတဲ့ သတင်းပါ"ဟူ၍ အသက် (၆၀) ကျော်အရွယ် လှိုင်သာယာမြို့ခံ ဦးလှမိုးက ပြောသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ၂၀၂၁-၂၂ ခုနှစ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ တရားမဝင်ကျူး ကျော်နေထိုင်သူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ သည်။ ယင်းသို့ ကျူးများ ရှင်းလင်းပြီးနောက် ရန်ကုန် -ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းတို့တွင် ယခင်က မြင်ကွင်းများနှင့် မတူတော့ဘဲ မြို့ပြဖွံ့ဖြိုးတိုး တက်လာနေမှု ပုံရိပ်အချို့ကို ၎င်းက ပြောပြခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်  သမ္မတမဖြစ်မီ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားကတည်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်သို့ မကြာခဏ သွားရောက်ခဲ့သည်။ မှတ်မိသမျှ ၂၀၂၄ခုနှစ် အတွင်း နှစ်ကြိမ်၊ ၂၀၂၅ မတ်လအတွင်းက တစ်ကြိမ် သမ္မတဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း တစ်ကြိမ်သွားရောက်ခဲ့သည်။ ယခင် ၂၀၂၄-၂၅ ခုနှစ်များ တွင် ရေစီးရေလာ ကောင်းမွန်ရေး၊ မြို့ပြစိမ်းလန်းစိုပြည်ရေး၊ မြို့ပြနှင့် အိမ်ရာစီမံကိန်းများကို Town Plan  များ ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရေး အပါအဝင် အဆင့်မီသည့် မြို့ပြ ဖြစ်ပေါ်လာစေရေး လမ်းညွှန် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတကြီးက ယခင် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားစဉ်ကတည်းက ဆောင်ရွက်လာသည့် မူဝါဒများ၊ အတွေးအခေါ်များ မပြောင်းလဲဘဲ သမ္မတဖြစ်ပြီး လ ပိုင်းအတွင်း လှိုင်သာယာသို့ လာရောက်ခဲ့သည်။ လုပ်လက်စ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြန်လည် သုံးသပ်လေ့လာ ညွှန်ကြားရန် လှိုင်သာယာကို ရောက်လာခဲ့၍ ပြည်သူ လူထုက ဝမ်းမြောက် ပျော်ရွှင်နေကြသည်ဟုလည်း ဦးလှမိုးက ထပ်လောင်းပြောဆိုသည်။
    ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက် အချာမြို့တော်ဖြစ်သလို လူဦးရေထူထပ်စွာ နေထိုင်သည့် မြို့ပြဒေသကြီး တစ်ခုအဖြစ် တည်ရှိနေသည်။ လူဦးရေတိုးပွားလာမှု၊ စက်မှုဇုန်များ တိုးချဲ့လာမှု၊ ယာဉ်အစီးရေ။ ယာဉ်သွားလာမှု များပြားလာမှုတို့နှင့်အတူ ရေစီးရေလာ မကောင်းမှုတို့ကြောင့် မြို့ပြအခြေခံအ ဆောက်အအုံများကို ခေတ်မီစနစ်ကျစွာ ပြုပြင်တိုးချဲ့ရန်မှာ အရေးကြီး လိုအပ်ချက် ဖြစ်လာလေသည်။ မြို့တစ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် လမ်းများ၊ ရေနုတ်မြောင်းများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကွန်ရက်များ စနစ်တကျ တည်ဆောက်ထားနိုင်မှုသည် အရေးပါသည့် အချက်များဖြစ်သည်။ ထို့ကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရေးမှာ ယနေ့ရန်ကုန်မြို့အတွက် အရေးကြီးသည့် ကိစ္စရပ်တစ် ခုအဖြစ်ရှိနေခြင်း ဖြစ်သည်။
    နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် မေ ၂ ရက်က လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန် မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းသို့ စစ်ဆေးစဉ် မြို့တော်တစ်ခု၏ အင်္ဂါရပ်များ၊ အခြေခံလို အပ်ချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ရန်ကုန်မြို့အတွင်း လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများကို စနစ်တကျ စီမံထားရှိရေး၊ အန္တရာယ်ကင်းရှင်း ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန်  သမ္မတကြီးက လမ်းညွှန်ခဲ့သည်။ လျှပ်စစ်ကြိုးများနှင့် ဆက်သွယ် ရေးကြိုးများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး အန္တရာယ်ကင်းရှင်းသောပုံစံဖြင့် တပ်ဆင်နိုင်ပြီဆိုလျှင် မြို့တော်၏ သန့်ရှင်းလှပမှု ပိုမိုထင်ရှားလာမည်ဖြစ်သလို ခေတ်မီမြို့ပြတစ်ခု၏ အလှအပနှင့် စနစ်ကျမှုတို့ကလည်း ပိုမိုရုပ်လုံးပေါ်လာမည် ဖြစ်သည်။ ပြ
ည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်လာမှုနှင့်အတူ ပြည်သူများ၏ လုံခြုံရေးကိုပါ အထောက်အကူပြုစေမည် ဖြစ်သည်။

ရေစီးရေလာ ကောင်းမွန်မှုမှသည် သန့်ရှင်းသာယာသော လူမှုပတ်ဝန်းကျင်ဆီသို့
    ရန်ကုန်မြို့တွင် မိုးရာသီရောက်တိုင်း နှစ်စဉ်လိုလို ကြုံတွေ့နေရသည်မှာ ရေကြီးရေလျှံ ပြဿနာဖြစ်သည်။ ယင်းပြဿနာ ဖြေရှင်းရေး၊ လျော့နည်းစေရေးမှာ ရေစီးရေလာ ကောင်းမွန်ရေးသည် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်နေသည်။ နိုင်ငံတော်သမ္မတကြီးက လမ်းမကြီးများ တစ်လျှောက်သာမက ရပ်ကွက်များ အတွင်း၌ပါ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရေမြောင်းများ ဖောက်လုပ် ရာတွင်လည်း ရေစီးဆင်းမှုအဆင်ပြေစေရန် စနစ်တကျ တွက်ချက်ဆောက်လုပ်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ရေစီးရေလာကောင်း မွန်လာပါက အနံ့အသက်ဆိုးများ လျော့နည်းလာမည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့် ကိုက်ညီသည့် သန့်ရှင်းသာယာသော ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်ဖို့ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။ မိုးရာသီမတိုင်မီ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေဆိုးထုတ် စနစ်များ စနစ်တကျ ကောင်းမွန်စေရေးနှင့် အမှိုက်စွန့်ပစ်မှုစနစ်များကို အဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း သမ္မတကြီးက အလေးပေး ပြောကြားခဲ့သည်။

မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး ဟန်ချက်
    မြို့ပြတစ်မြို့၏ သန့်ရှင်းသာယာမှုသည် အစိုးရ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက်မှုတစ်ခုတည်းနှင့် လုပ်ဆောင်၍မရဘဲ  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုနှင့် ပူးပေါင်းပါဝင်မှလည်း ဖော်ဆောင်နိုင်မည် ဖြစ်သည်။ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းများတိုးချဲ့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း စနစ်တကျတွက် ချက်ဆောင်ရွက်ရန် လိုအပ်သလို လူသွားလမ်း ပလက်ဖောင်းများ၊ ရေနုတ်မြောင်းများနှင့် ယာဉ်လမ်းညွှန် အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းတည်ဆောက်ရန် လိုအပ်နေသည်။ ထိုလုပ်ငန်းများသည် ယာဉ်သွားလာမှု ပိုမိုလွယ်ကူလျင်မြန်လာစေရေးနှင့် ယာဉ်အန္တရာယ်လျော့နည်းစေရေးတို့အတွက် အရေးပါသည့် အခြေခံအဆောက်အအုံများ ဖြစ်သည်။
    အထူးသဖြင့် လှိုင်သာယာသည် လူဦးရေထူ ထပ်လာသည့် မြို့နယ်တစ်ခု ဖြစ်လာသည့်အတွက် မြို့ပြစနစ်ကို စနစ်တကျ ဖြစ်စေရန် Town Plan များကို သေချာစွာ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတကြီးက လမ်းညွှန်ခဲ့သည်။
    မြို့ပြအသစ်များ တည်ဆောက်ရာတွင် လယ်ယာမြေများ မပျက်စီးမဆုံးရှုံးစေရေးကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်ရန် လမ်းညွှန်ခဲ့ခြင်းသည်လည်း  မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာ၀အရင်းအမြစ် ထိန်းသိမ်းရေးကို ဟန်ချက်ညီစေရန် ရည်ရွယ်သည်ဟု နားလည်မိပါသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် လူနေမှုဘ၀ အရည်အသွေး မြှင့်တင်ရေးသည်လည်း အရေးကြီးသည်။ ထို့ကြောင့် အများပြည်သူ အပန်း ဖြေနိုင်မည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက်ရာတွင် မြို့ပြနေထိုင်သူ လူဦးရေအပေါ် မူတည်တွက်ချက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ယင်းအချက် သည်လည်း မြို့ပြတိုးတက်မှုကို အဆောက်အအုံများ၊ လမ်းများတိုးချဲ့ခြင်းသာမက လူမှုဘဝအရည် အသွေး ကောင်းမွန်ရေးနှင့်ပါချိတ်ဆက် စဉ်းစားထားကြောင်း သိသာစေသည့် အချက်ဖြစ်ပါသည်။
    လှိုင်သာယာ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများမှာ လမ်းတိုးချဲ့ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေမြောင်းနှင့် ရေတံခါးစနစ်များ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကွန် ရက်များ စနစ်တကျပြင်ဆင်ခြင်း၊ တံတားများ တိုးချဲ့တည်ဆောက်ခြင်းတို့ ပါဝင်နေသည်။ ထိုလုပ်ငန်း များသည် မြို့ပြအလှ အပကိုသာမက ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးအတွက်ပါ အရေးပါသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။
    "အရင်တုန်းက လှိုင်သာယာဆိုတာ မြို့ထဲကနေ ကားငှားလို့ မရသလို မြို့ထဲကိုလည်း ကားငှားလို့ မရတော့ လှိုင်သာယာလူထုက ဆိုး‌‌မွေကို ကောင်းကောင်း ခံစားခဲ့ကြရတယ်။ အဲဒီတစ်ခုအတွက် လှိုင်သာ ယာမှာနေတဲ့သူတွေက ဂုဏ်သတင်းတစ်ခုအနေနဲ့ ထိခိုက်တာပေါ့။ ရှင်းရှင်းပြောရရင် ရပ်ကွက်အတွင်း မှာလည်း ရေစီးရေလာရော၊ လူနေမှုစနစ်ရော နိမ့်ကျပြီးတော့ လူတွေအားလုံးဟာ ပုံမှန် လည်ပတ်နိုင်တဲ့ သွားလာမှု အဆင့်အတန်းထက်တောင် နိမ့်ကျနေပါတယ်။ အခု သမ္မတကြီးက သမ္မတမဖြစ်ခင် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ်ကတည်းက လှိုင်သာယာကို စိတ်ဝင် စားနေတာကတော့ ရှေးဘ၀ရဲ့ ရေစက်လားတော့မသိ၊ သမ္မတကြီးက အခြေခံလူတန်း စားတွေရဲ့ ဘက်ကနေ ခံစားလာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တစ်ယောက်တည်း တင် မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာတွေးခေါ် မြော်မြင်နိုင်တဲ့ အမှန်ကို မြင်တဲ့၊ လက်ခံတဲ့ လှိုင်သာယာ လူတန်းစားတိုင်းက လက်ခံပါတယ်"ဟု လှိုင်သာယာ ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ကောင်းမွန်သော ဓာတ်ကြိုးစနစ်နှင့် မြေအောက်ချိတ် ဆက်သွယ်တန်းမှုစနစ် အပြောင်းအလဲ
    ရန်ကုန်မြို့၏ လမ်းဘေး လျှပ်စစ်မီးတိုင်များပေါ်တွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးစွာ ချိတ်ဆက်ထားမှုသည် မြို့တော်အလှအပကို ထိခိုက်စေရုံသာမက လုံခြုံရေးပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြသည်။ လမ်းမပေါ်တွင် လျှပ်စစ်မီးကြိုး၊ Wifi စသည့် ဆက်သွယ်ရေးကြိုးများကို ရှုပ်ထွေးစွာ သွယ်တန်းတည်ရှိနေခြင်း မြို့ပြ၏အလှအပကို အကျည်း တန်စေသလို မြင်ကွင်းပသာဒကို အနှောင့်အယှက်ဖြစ်စေသည်၊ မိုးရာသီ လျှပ်စစ်အန္တရာယ်အတွက် လည်း စိုးရိမ်စရာဖြစ်နေသည်။ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အနော်ရထာစက်မှုဇုန်အတွင်း ဧရာဝတီလမ်းတစ်လျှောက် ဆက်သွယ်ရေးကြိုးများကို စနစ်တကျ ပြုပြင်ဆောင်ရွက်နေသည်။ ထိုသို့ စနစ်တကျရှင်းလင်းပြီး ပြန်လည်တပ်ဆင်ခြင်းသည် မြို့ပြ၏အလှအပနှင့် လုံခြုံရေးကို တိုးတက်စေ‌မည်ဖြစ်ပြီး ဘေးအန္တရာယ်များ လျော့နည်းသွားစေကာ ပြည်သူများ၏ နေ့စဉ်သွားလာမှုကို ပိုမိုလုံခြုံ စေမည်ဖြစ်သည်။ မြို့နေရာအနှံ့တွင် မြင်တွေ့နေရသည့် ထိုသို့သော ကြိုးရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်းကာ (Under Ground Cable Network) မြေအောက် ချိတ်ဆက်မှုစနစ်သို့ အမြန်ဆုံး ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ မေ ၂ ရက် ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မေ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ကျင်းပခဲ့စဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က လိုက်ပါအကောင်အထည်ဖော်‌ ဆောင်ရွက်နေမှု ဖြစ်သည်။ မြေအောက်ဆက် သွယ်ရေးစနစ်သို့ ပြောင်းလဲနိုင်ပါက မြို့တော်၏ မြင်ကွင်း အလှအပ၊ ပိုမိုသန့်ရှင်း စနစ်ကျလာနိုင်သကဲ့သို့  မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစံနှုန်းများနှင့် ကိုက်ညီသော ခေတ်မီမြို့တော်အဖြစ် အကောင်အထည်ဖော်ရေးအတွက် အရေးပါသော ခြေလှမ်းကောင်း တစ်ရပ်အဖြစ် ရှုမြင်မိသည်။
    ရန်ကုန်-ပုသိမ် လမ်းမကြီးတစ်လျှောက်ရေစီးရေလာ ကောင်းမွန်စေရေး ဇလားပုံရေမြောင်းများ ဖောက်လုပ်နေသည်။ ယင်းသည် မိုးရာသီတွင် ရေကြီးရေလျှံမှု လျော့နည်းစေရန် ရည်ရွယ်သည့် အရေးကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်သည်။ ရေမြောင်းစနစ်များ ကောင်းမွန်လာပါက လမ်းပျက်စီးမှုများ လျော့နည်းလာမည်ဖြစ်ပြီး ယာဉ်သွားလာမှု ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။ ထို့အပြင် ရေတင်ကျန်မှု နည်းပါးလာခြင်းကြောင့် အနံ့အသက်ဆိုးများနှင့် ရေညစ်ညမ်းမှုများ လျော့နည်းလာကာ ပြည်သူ့ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ လှိုင်သာယာမြို့နယ် ရွှေပြည်သာ တံတား လမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်ရေးနှင့် လှိုင်မြစ်ထွက်ပေါက် ရေတံခါးများ တည်ဆောက် လျက်ရှိသည်။ ယင်းဆောင် ရွက်မှုသည်လည်း မြို့ပြ ရေထိန်းစနစ်တစ်ခုအဖြစ် အရေးပါသည်။ ရေတံခါးများသည် မြစ်ရေပြန်တက်လာမှုကို ထိန်းချုပ်နိုင်ပြီး မြို့တွင်း ရေကြီးမှုကို လျော့ပါးစေမည် ဖြစ်သလို လူနေအိမ်များ၊ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုမှကာ ကွယ်ပေးနိုင်စေရန် အထောက်အကူတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ညောင်တုန်းလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန် ရေးလုပ်ငန်းများသည် မြို့နယ်အတွင်း နေထိုင်သူများ၏ နေ့စဉ်ဘဝအတွက် တိုက်ရိုက် အကျိုးသက်ရောက် မှုရှိမည်ဖြစ်သည်။ လမ်းများတွင် ရေဝပ်ခြင်း၊ ရေတင်ကျန်ခြင်း မရှိတော့ လျှင်သွားလာရေးကို အဆင်ပြေစေပြီး ကုန်စည်ပို့ဆောင် မှုများကို ပိုမို မြန်ဆန်စေမည်ဖြစ်သည်။ 
    လမ်းများတိုးချဲ့ရာတွင် ရွှေ့ပြောင်းရန်လိုအပ်သည့် လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ်ရေးတိုင်များကို စနစ်တကျ ရွှေ့ပြောင်းခြင်းသည် မြို့ပြစီမံခန့်ခွဲမှု စနစ်တကျရှိမှု တစ်ရပ်ကို ‌‌ဖော်ပြနေသည်။ ထိုလုပ်ငန်းများကြောင့် လမ်းအကျယ်အဝန်း ပိုမိုကောင်းမွန်လာပြီး ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်း လာမှုနှင့်အတူ လောင်စာဆီကုန်ကျမှု လျော့နည်းစေခြင်း အချိန်ကုန် ဆုံးမှုများကို လျှော့ချပေးနိုင်ခြင်း အကျိုးတရားများ ဖြစ်လာမည်ဖြစ်သည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲယာများ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိနေသည်။ ထိုဆောင်ရွက်မှုများက မြို့၏ပတ်ဝန်းကျင်အရည် အသွေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ သန့်ရှင်းသာယာ သပ်ရပ်သည့် မြို့ပြပတ်ဝန်းကျင်တစ်ခုသည် နေထိုင်သူများအတွက် စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ဖြစ်ပေါ်စေပြီး ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများအတွက်လည်း ဆွဲဆောင်ရာ ဖြစ်လာနိုင်သည်။
    မြို့ပြအင်္ဂါရပ်များနှင့်အညီ လမ်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများသည် ရန်ကုန်မြို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ် မြစ်တစ်ခုဖြစ်သည်။ လမ်းကွန်ရက် ကောင်းမွန်လာခြင်းသည် စက်မှုဇုန်များ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် လူနေထိုင်ရာဒေသများကို ချိတ်ဆက်ပေးနိုင်ပြီး မြို့၏ စီးပွားရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
    လှိုင်သာယာ အပါအဝင် ရန်ကုန်ရှိ မြို့နယ် တော်တော်များများတွင် ရေစီးဆင်းမှု ကောင်းမွန်ရေး RC Box Culvert များ တည်ဆောက်ထားသည်။ RC Box Culvert  ဆိုသည်မှာ လမ်း၊ ရထားလမ်း (သို့မဟုတ်) ဆည်တာပေါင်များအောက်တွင် ရေကျော်စီးဆင်းနိုင် ရန်အတွက် သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထား သော လေးထောင့်ပုံစံ ရေထုတ်ပြွန် (သို့မဟုတ်) တံတားအသေး စားတစ်မျိုးဖြစ်သည်ဟု မှတ်သားမိ သည်။ ရေစီးဆင်းမှုကို ပိုမို ကောင်းမွန်စေပြီး လမ်းများ ကြာရှည်ခံစေရန် အထောက်အကူပြုစေသည့် RC Box Culvert  ဖြစ်သည်။ ယင်းကဲ့သို့ ခိုင်ခံ့သည့် ရေမြောင်းစနစ်များ တည်ဆောက်ထားမှုကြောင့် မိုးရာသီတွင် လမ်းပျက်စီးမှုကို လျော့နည်းစေပြီး ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအနက် တံတားများ တိုးချဲ့တည်ဆောက်နေခြင်းမှာလည်း  မြို့တွင်းနှင့် မြို့ပြင်ဒေသများအကြား ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းလာခြင်းနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူလာခြင်းသည် ကုန်သွယ်ရေးလုပ်ငန်းများကို တိုးတက် စေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြုမည်ဖြစ်သည်။

မြစ်ကမ်းတစ်ဖက်မှ ဖွံ့ဖြိုးမှုမတူသည့် ဒလနှင့် ရန်ကုန်
    လက်ရှိရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး၊ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး၊ ရေကြီးရေလျှံပြဿနာ ဖြေရှင်းရေး၊ မြို့အင်္ဂါနှင့်အညီ၊ လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်ရေးစသည့် မြို့ပြဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည်။ တံတားများ၊ လမ်းများနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များသည် မြို့တစ်မြို့၏ အနာဂတ်တိုးတက်မှုကို ဆုံးဖြတ်ပေးသည့် အရေးပါသော အခြေခံအဆောက် အအုံများ ဖြစ်သည်။ မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်းမှာလည်း ထိုမြို့နယ်၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် လွန်စွာအရေးကြီးပြီး အရေးပါသော စီမံကိန်း တစ်ခုဖြစ်သည်။ 
    ရန်ကုန်တွင် မကြာသေးမီက ဒလတံတားကြီး ဖွင့်လှစ်နိုင်ခဲ့သည်။ တစ်ချိန်ကဆိုလျှင် လှိုင်သာယာကဲ့သို့ပင် ဒလသည်လည်း လူနေမှုအဆင့်အတန်းများနှင့်ပတ်သက်၍ ဂုဏ်သတင်းတစ်ခုအနေဖြင့် ထိခိုက်ခဲ့ရသည့်မြို့ဟု ဆိုရမည်ဖြစ်သည်။ လှိုင်သာယာလို ရန်ကုန်နှင့် မြစ်တစ်စင်း ခြားနေမှု အတူတူဖြစ် သော်လည်း ဒလက ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသည်။ ဒလတံတား ကြီးဖွင့်လှစ်နိုင်ခဲ့မှုမှာ မြို့ပြဖွံ့ဖြိုးရေးနှင့်အတူ ရန်ကုန်မြို့ ၏ အထင်ကရ ပြယုဂ် Landmark တစ်ခုဖြစ်ခဲ့ရသည်။ ရန်ကုန်မြို့နှင့် ဒလဒေသအကြား ခရီးသွားလာမှု ပိုမို လွယ်ကူမြန်ဆန်လာပြီး ဒေသခံပြည်သူများ၏နေ့စဉ် ဘဝနှင့်စီးပွားရေးလုပ်ငန်း များတွင် သိသာသော ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်မြို့၏ တောင်ဘက်ဒေသများကို မြို့လယ်နှင့် တိုက်ရိုက်ချိတ်ဆက်ပေး နိုင်ခဲ့၍လည်း ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာကာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များလည်း လျော့နည်း သက်သာလာလေသည်။
    ဒလတံတားသည် သွားလာရေးလွယ်ကူစေသည့် တံတားတစ်စင်းသာမက ရန်ကုန်မြို့၏ စီးပွားရေး၊ လူမှုဘဝနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့ကို ချိတ်ဆက်ပေးသည့် ဖွံ့ဖြိုးတိုးတက်မှု အင်အားတစ်ခုအဖြစ် အရေးပါစွာ ရပ်တည်နေသည်ဟုဆိုရမည် ဖြစ်သည်။ ဒလ‌ဒေသခံများကတော့ ရန်ကုန်နှင့် ဒလမြို့ နယ်အစပ် ကွမ်းခြံကုန်းအထိ တိုက်ကြီး၊ ဥက္ကံခရီးသည်တင်ကားများကဲ့သို့ လိုင်းကားများ ပြေးဆွဲပေးစေလိုဟု အကြံပြုသည်။ ဒလမြို့ခံတစ်ဦးက "တံတားကြီးက နိုင်ငံတကာ အဆင့်မီသလို သွားလာရတာ လည်း လွယ်ကူသွားပါပြီ။ လမ်းပန်းဆက်သွယ်ရေးကောင်းသွားတာနဲ့အမျှ အဲဒါကို အခြေခံပြီး ပြည်သူတွေဟာ ဒေသခံတွေက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကအစ ဆိုင်ဖွင့်ထားတဲ့သူတွေက မြို့ထဲက သူတို့ရဲ့ ကုန်စည်ဒိုင်တွေဆီကို သွားနိုင်တယ်။ ဆေးခန်းကို သွားနိုင်တယ်။ လူနေမှုကလည်း မြင့်လာပါတယ်။ အဲဒီအတွက် ဒလပြည်သူတွေက ပျော်ကြတယ်။ ဒါပေမဲ့ ‌ဒေသခံတွေက လှိုင်သာယာနဲ့ မြို့ထဲ တိုက်ရိုက် သွားသလို ဒလမှာ တံတားဖြစ်သွားတော့ ဒလကနေ ဟိုးအစပ် ကွမ်းခြံကုန်း၊ ကော့မှူးအထိက ဆက်စပ်နေတော့ ဟိုးတုန်းကလို တိုက်ကြီး၊ ဥက္ကံလိုင်းကားတွေလိုမျိုး ကွမ်းခြံကုန်းအထိ လိုင်းကား‌တွေ ပြေးဆွဲ ပေးစေချင်ကြပါတယ်။ ရန်ကုန်ကနေ ဒလတံတားပေါ်ကနေ အဲဒီလို ပြေးဆွဲပေးမယ်ဆိုရင် ကွမ်းခြံ ကုန်းမှာရှိတဲ့ လက်ခုပ်ကုန်းတို့၊ ဆယ်အိမ်တန်းတို့ဆိုတဲ့  ကမ်းခြေတွေဟာ ရန်ကုန်နေပြည်သူတွေအတွက် အနီးဆုံး သွားလာအပန်းဖြေနိုင်မယ်။ အဲဒီမှာဒေသခံတွေက ရောင်းဝယ်ဖောက်ကားမယ်။ ပြည်သူ တွေကလည်း အပန်းဖြေဖို့ သွားတာမျိုး‌‌တွေ ဖြစ်လာမှာမို့ ဒေသအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမှာပါ" ဟု အကြံပြု ပြောကြားခဲ့သည်။
    မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ အဆောက်အအုံများနှင့် လမ်းများတည်ဆောက်ခြင်းသာ မကပြည်သူများ၏ လူနေမှုဘ၀ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရေးနှင့်ပါ ဆက်စပ်နေသည်။ ယခု ဆောင်ရွက်နေသည့် ရေစီးရေလာကောင်းမွန်သော ပတ်ဝန်းကျင်၊ သွားလာရလွယ်ကူသည့် လမ်းကွန်ရက် များနှင့် သန့်ရှင်းသာယာသည့် မြို့ပြအခင်းအကျင်းများသည် ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အခြေခံအုတ်မြစ်များဖြစ်သလို  ခေတ်မီပြီး စနစ်ကျသော မြို့တော်တစ်မြို့အဖြစ် ရန်ကုန်၏ အနာဂတ်ပုံရိပ်ကို တဖြည်းဖြည်း ပုံဖော်ပေးနေခြင်းဖြစ်သည်ဟု မှတ်မိသည်။ ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် ရေးသည် စနစ်တကျရေးဆွဲထားသည့် မြို့ပြစီမံကိန်းများ၊ သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သည့် ရေစီးရေလာစနစ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အခြေခံ၍ တည်ဆောက်သွားရမည်ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 48

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62220

© 2022 - 2026 News. All Rights Reserved.