၂၀၂၆ ၊ ဇွန် ၆
ဒီမိုကရေစီစနစ် ထွန်းကားဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးအတွက် အခြေခံအကျဆုံး မဏ္ဍိုင်များအနက်တစ်ခုမှာ ပြည်သူ့အသံကို ကိုယ်စားပြုဖော်ဆောင်ပေးသည့် လွှတ်တော်ပင်ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်၍ ပြည်သူလူထု၏ အခက်အခဲများ၊ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကို ထင်ဟပ်စေသည့် ယန္တရားတစ်ရပ်လည်း ဖြစ်သည်။ ဒီမိုကရေစီစနစ်တစ်ရပ်၏ ခိုင်မာမှုကို တိုင်းတာရာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း တစ်ခုတည်းနှင့် မလုံလောက်သေးဘဲ ရွေးချယ်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များက ပြည်သူ့အသံကို မည်မျှထိရောက်စွာ ကိုယ်စားပြုနိုင်သည်၊ ပြည်သူတို့၏ လိုအပ်ချက်များကို မည်မျှလက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်သည်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှ အကျိုးပြုသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်သည်ဆိုသည့် အချက်များက ပိုမိုအရေးကြီးသည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။ ထိုအချက်များကို အကောင်အထည် ဖော်ပေးရသည့် အဓိကမဏ္ဍိုင်မှာ လွှတ်တော်ပင် ဖြစ်ပါသည်။
လွှတ်တော်သည် ဥပဒေပြုရေး အဖွဲ့အစည်း တစ်ခုသာမဟုတ်ဘဲ ပြည်သူနှင့် အစိုးရအကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတား တစ်စင်းလည်း ဖြစ်သည်။ ပြည်သူတို့၏ အခက်အခဲများ၊ မျှော်လင့်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် နိုင်ငံတော်အတွက် အရေးကြီးသော အကြောင်းအရာများကို စုစည်းကာ နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ထင်ဟပ်ဖော်ဆောင်ပေးရသည့် နေရာလည်း ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်၏ အားကောင်းမှုသည် ဒီမိုကရေစီစနစ်၏ အားကောင်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု သုံးသပ်ကြသည်။
မေလ နောက်ဆုံးပတ်အတွင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သလို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး အဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များနှင့်လည်း သီးခြားတွေ့ ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲများတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ခြုံငုံကြည့်ပါက လွှတ်တော်၏ အဓိကတာဝန်များဖြစ်သည့် ဥပဒေပြုရေးလုပ်ငန်းများ အပါအဝင် ပြည်သူ့အသံကို ကိုယ်စားပြုရေး၊ ပြည်သူ့လိုအပ်ချက်များကို ထင်ဟပ်စေမည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေး၊ ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေ အမြန်ဆုံး ပေါ်ပေါက်လာရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးတွင် ပူးပေါင်းပါဝင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း တွေ့ရသည်။ အဆိုပါ တွေ့ဆုံပွဲများက လွှတ်တော်သည် ဥပဒေပြုသည့် အဖွဲ့အစည်းတစ်ခုသာမက ပြည်သူ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အစိုးရအကြား ပေါင်းကူးဆက်သွယ်ပေးသည့် ယန္တရားတစ်ရပ်ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်ဟု မှတ်ယူမိသည်။
သမိုင်းတစ်လျှောက်တွင် လွှတ်တော်သည် ပြည်သူ့အသံများ စုစည်းရာနေရာတစ်ခုအဖြစ် ရပ်တည်လာခဲ့သလို ယနေ့ခေတ် ဒီမိုကရေစီစနစ်တွင်လည်း လွှတ်တော်သည် ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲနှင့် မျှော်လင့်ချက်များကို နိုင်ငံတော်အဆင့် တင်ပြဆွေးနွေးပြီး ဥပဒေများ၊ မူဝါဒများအဖြစ် အကောင်အထည်ဖော်ပေးသည့် အရေးပါသော မဏ္ဍိုင်တစ်ရပ် ဖြစ်လာသည်။ အကူးအပြောင်းကာလကို ဖြတ်သန်းနေရသည့် မြန်မာနိုင်ငံတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးပါလာ လျက်ရှိသည်။ စီးပွားရေး၊ လူမှုရေး၊ နည်းပညာနှင့် နိုင်ငံတကာဆက်ဆံရေး အခြေ အနေများ လျင်မြန်စွာ ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များမှာလည်း ပိုမိုကျယ်ပြန့် ရှုပ်ထွေးလာသည်။ ထိုလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြပို့ဆောင်ပေးနိုင်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်များ အနက်တစ်ရပ်ဖြစ်သည်။
လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်သည်။ ဥပဒေများသည် လူ့အဖွဲ့အစည်းတစ်ခုကို ထိန်းကျောင်းပေးသည့် အခြေခံစည်းမျဉ်းများ ဖြစ်သလို ပြည်သူတို့၏ အခွင့်အရေးများကို ကာကွယ်ပေးသည့် အကာအကွယ်များလည်း ဖြစ်သည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ခေတ်နှင့်မကိုက် ညီတော့သည့် အချို့ဥပဒေများသည် လက်တွေ့တွင် ပြည်သူများကို ထိရောက်စွာ အကာအကွယ် မပေးနိုင်တော့သည့် အခြေအနေများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အစားထိုးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ယနေ့ခေတ်တွင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုအသစ်များ၊ အထူးသဖြင့် အွန်လိုင်း ပလက်ဖောင်းများကို အသုံးပြု၍ ဖြစ်ပွားနေသည့် လိမ်လည်မှုများနှင့် နည်းပညာအခြေပြု ရာဇဝတ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် ဥပဒေသစ်များကို အချိန်မီ ပြဋ္ဌာန်းနိုင်ရန် လိုအပ်လာသည်။ ထိုအခြေအနေတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေသည် လက်ရှိ ပြည်သူများအတွက် အရေးအကြီးဆုံး ဥပဒေများထဲမှ တစ်ခုအဖြစ် ထင်ရှားလာနေသည်။
နည်းပညာတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝတွင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာသော်လည်း အွန်လိုင်း ပလက်ဖောင်းများကို အသုံးပြုသည့် ငွေကြေးလိမ်လည်မှုများ၊ အချက်အလက်ခိုး ယူမှုများနှင့် အခြားနည်းပညာအခြေပြု ရာဇဝတ်မှုများလည်း ပိုမိုများပြား၍ ရှုပ်ထွေးလာနေသည်။ ယင်း ပြဿနာများသည် နိုင်ငံတစ်နိုင်ငံတည်း၏ အတွင်းရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ သက်ရောက်လာသဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေတစ်ရပ်၏ လိုအပ်ချက်မှာ ပိုမိုအရေး ပါလာနေသည်။ ထိုသို့သော စိန်ခေါ်မှုများကို ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် 'အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြမ်း'ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။
"ဒီဥပဒေဟာ တကယ်လိုအပ်နေတဲ့ ဥပဒေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ အင်မတန် အရေးကြီးတဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ဒုစရိုက်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ မြောက်မြားစွာ ရှိပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုတိုက် ဖျက်ရေးဥပဒေကကျတော့ ဝိသမလောဘသားတွေလို့ ခေါ်ရမလား၊ ဒီဒုစရိုက်လုပ်တဲ့ လုပ်ငန်းတွေက တစိုက်မတ်မတ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေကနေ ပြီးတော့ လူတွေကို ပစ်မှတ်ထားပြီးတော့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီဥပဒေသာ ကျွန်တော်တို့နိုင်ငံမှာ ပေါ်ပေါက်လာမယ်ဆိုရင် ပြည်သူလူထုအတွက် အများကြီး အကာအကွယ်ပြုနိုင်မယ့် ဥပဒေဖြစ်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်တဲ့အတွက် ဒီဥပဒေဟာ ကျွန်တော်တို့ အမြန်ဆုံးပြဋ္ဌာန်းသင့်တဲ့ ဥပဒေပါ"ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးသိန်း ထွန်းဦးက မှတ်ချက်ပြုသည်။
ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ပြည်သူများထံမှလည်း အကြံပြုချက်များကို ရယူထည့်သွင်းထား ပြီးဖြစ်သလို ယင်းဥပဒေမူကြမ်းကို တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဥပဒေမူကြမ်းတွင် တားဆီးကာကွယ်ရေး၊ အရေးယူဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အချက်များ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရေးဆွဲထားကြောင်း ဦးသိန်းထွန်းဦးက ရှင်းပြသည်။
ဥပဒေတစ်ရပ်၏ တန်ဖိုးကို ၎င်းဥပဒေပါ အကြောင်းအရာများဖြင့်သာ တိုင်းတာ၍မရဘဲ ယင်းဥပဒေသည် ပြည်သူများကို မည်မျှအကာအကွယ်ပေးနိုင်သည်၊ လက်တွေ့ပြဿနာများကို မည်မျှဖြေရှင်း ပေးနိုင်သည်ဆိုသည့် အချက်များက ပိုမိုအရေးကြီးသည်ဟု ဆိုရမည်ဖြစ်သည်။ "ဥပဒေပြဋ္ဌာန်းပြီးရင် အဓိကမဏ္ဍိုင် ကြီးသုံးခုဖြစ်တဲ့ ပြည်သူ့ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တရားရေးအဖွဲ့အစည်းတွေ ဟန်ချက်ညီဖို့ လိုပါတယ်။ သူတို့အချင်းချင်း ညှိနှိုင်းမှု အားကောင်းကောင်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရင် အဆင်ပြေသွားမှာပါ"ဟု သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးက မှတ်ချက်ပြုသည်။
ပြည်သူလူထုက လွှတ်တော်အပေါ် မျှော်လင့်ချက်နှင့် ယုံကြည်ချက်များ ကြီးမားစွာ ထားရှိကြကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ "လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို သိရှိနားလည်ထားရန် လိုအပ်သည်"ဟုလည်း အလေးထား ပြောကြား ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမဲဆန္ဒနယ်၏ အခြေအနေများကို အသေးစိတ် သိရှိနားလည်ထားရမည်ဖြစ်သလို ပြည်သူတို့၏ဆန္ဒနှင့် မျှော်လင့်ချက်များ၊ အမှန်တကယ် လိုအပ်ချက်များကို လွှတ်တော်အတွင်း သယ်ဆောင်တင် ပြနိုင်သူများလည်း ဖြစ်ရမည်ဖြစ်သည်။ ပြည်သူနှင့် နီးနီး ကပ်ကပ် ထိတွေ့ ဆက်ဆံနေခြင်းသည် အရေးကြီးကြောင်းကိုလည်း ၎င်းင်းက အလေးထား ပြောကြားသွားသည်။ "ပြည်သူ့အသံကို နီးကပ်စွာ နားထောင်ပြီး တိကျစွာဆောင်ရွက်နိုင်မှသာ လွှတ်တော်သည် အချိန်နှင့်တစ် ပြေးညီ လုပ်ငန်းများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်"ဟူသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အမှာစကားသည် လွှတ်တော်တစ်ရပ်လုံး၏ ဦးတည်ချက်ကို ဖော်ပြနေသည်ဟု နားလည်မိသည်။
ယနေ့ လူထုရင်ဆိုင်နေရသည့် အခက်အခဲများတွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်အခွင့် အလမ်းများ၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် လူမှုဘဝဆိုင်ရာ စိန်ခေါ်မှုများ ပါဝင်နေသည်။ ပြည်သူများသည် အဆိုပါ အခက်အခဲများကို လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာ အစိုးရဌာနများထံ တင်ပြဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားကြသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများနှင့် ဆွေးနွေးချက်များသည် ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် တိုက်ရိုက်ဆက် စပ်နေသည်။ လွှတ်တော်အ တွင်း ဆွေးနွေးသည့် ကိစ္စရပ်များသည် လူထု၏ အမှန်တကယ် လိုအပ်ချက်များကို ထင်ဟပ်နေမှသာ လွှတ်တော်အပေါ် ထားရှိသည့် ယုံကြည်မှုများ ပိုမိုခိုင်မာလာမည် ဖြစ်သည်။
"ပြည်သူတွေ ခံစားနေရတဲ့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက သယ်ဆောင်လာပြီး မေးခွန်းမေးတာ၊ အဆိုတင်တာတွေလုပ်ခြင်းဖြင့် လူထုလိုလားချက်ကို ဖော်ဆောင်ပေးနိုင်မှာပါ။ လာမယ့်အစည်းအဝေးတွေမှာ နိုင်ငံသားတွေအတွက် အကျိုးပြုမယ့် ဒေသဖွံ့ဖြိုးရေး၊ ဥပဒေအခက်အခဲနဲ့ ဝိရောဓိ ဖြစ်နေတဲ့ကိစ္စတွေကို မေးခွန်းထုတ် ဖြေရှင်းသွားမှာဖြစ်လို့ ပြည်သူတွေ မျှော်လင့်ရကျိုးနပ်တဲ့ လွှတ်တော် ကြီး ဖြစ်လာပါလိမ့်မယ်"ဟု ဦးသိန်းထွန်းဦးက သုံးသပ်ပြောကြားသည်။
လွှတ်တော်သည် 'ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်'ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများ၏ မျှော်လင့်ချက်အိပ်မက်ကို ပုံဖော်ထုဆစ်ပေးရမည်ဖြစ်သည်။ လက်ရှိ ကိုယ်စားလှယ်များ၏ တာဝန်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအရ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေသို့ ကွင်းဆင်း၍ ဒေသခံလူထုနှင့် တွေ့ဆုံကြသည်။ လူထုအသံ၊ လူထုလိုအပ်ချက် အခက်အခဲများကို မှတ်သားကြသည်။ လွှတ်တော်သို့ မေးခွန်းအဖြစ် သယ်ဆောင်ရန် ပြင်ဆင်ကြသလို သက်ဆိုင်ရာဌာနတွေဆီ ပေါင်းစပ်ညှိ နှိုင်းပေးနေသည် များလည်းရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးနေ၍ လွှတ်တော်သည် ပြည်သူလူထုအတွက် အားထားရသည့် ဥပဒေပြုမဏ္ဍိုင် ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းနေကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေး မှူး ဦးသိန်းထွန်းဦးက ဆက်ပြောသည်။ "ပြည်သူ့ဒုက္ခဟာ ကျွန်တော်တို့ဒုက္ခပါပဲ၊ ပြည်သူပျော်ရင် ကျွန်တော်တို့ အရမ်းပျော်ပါတယ်"ဟူ၍လည်း ၎င်းက စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။
လက်ရှိ အကူးအပြောင်းကာလအတွင်း လူထုက ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ အဆင်မပြေမှုများကြောင့် လွှတ်တော်အပေါ် ပိုမိုအားကိုးလာကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်ကျော်စိုးက သုံးသပ်ပြောကြားခဲ့သည်။ "အကူးအပြောင်းကာလမှာ ပြည်သူတွေက ကုန်ဈေးနှုန်းကျဆင်းရေး၊ စစ်မှုထမ်းကိစ္စစတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ပြုပြင်ပြောင်းလဲချင်တဲ့အခါ အားကိုး စရာဆိုလို့ လွှတ်တော်ပဲ ရှိပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေက ဝန်ကြီးတွေလို လက်တွေ့အကောင်အထည် ဖော်တာမျိုး (Implementation) လုပ်လို့မရပေမယ့် ပြည်သူ့ကိုယ်စား ဘက်စုံထောင့်စုံကနေ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ထောင့်စေ့အောင် မေးမြန်းတင်ပြပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်က လူထုအတွက် အရေးကြီးတာပါ"ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ ရက် ၁၀၀ စီမံချက်များကို လွှတ်တော်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့ခြင်းသည် ယင်းအချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရ၏ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ် များသည်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသား စိစစ်ရေးကတ်များ အထစ်အငေါ့မရှိ ထုတ်ပေးနိုင်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း၊ ကျေးရွာဂရန် ထုတ်ပေးမှုများ၌ ပြည်သူများ နားလည်လွယ်စေရန် နယ်မြေအတွင်း ရှင်းလင်းပြောကြား ခြင်းများ ပြုလုပ်ခြင်းအပြင် စည်ပင်သာယာရေးနှင့် အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း အစိုးရဌာနများနှင့် လက်တွဲညီညီ ဆောင်ရွက်လျက်ရှိနေသည်။ သို့သော် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်များသည် အစိုးရတစ်ဖွဲ့တည်း၏ တာဝန်မဟုတ်သလို လွှတ်တော်တစ်ခုတည်း၏ တာဝန်လည်း မဟုတ်ပေ။ အစိုးရက အကောင်အထည်ဖော်ရမည်ဖြစ်ပြီး လွှတ်တော်က ပြည်သူ့အသံကို ကိုယ်စားပြု၍ ပေါင်းစပ် ညှိနှိုင်းပေးရမည် ဖြစ်သည်။ ထိုသို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ ပြည်သူတို့၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများကို တွေ့ဆုံခဲ့ခြင်းသည် လွှတ်တော်က ပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အလေးထား ဆောင်ရွက်နေကြောင်း ဖော်ပြနေသည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ရာ ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို သိရှိနားလည်ပြီး ဖြေရှင်းနိုင်ရေးအ တွက် ပံ့ပိုးဆောင်ရွက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိနေခြင်း ကြောင့် ဖြစ်သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းကလည်း ခေတ်နှင့်လိုက်လျောညီထွေဖြစ်ပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဥပဒေများ ပေါ်ထွက်လာရေးအတွက် ဥပဒေပညာရှင်များ၏ အမြင်များနှင့် အကြံပြုချက်များကို ရယူလိုကြောင်း ဖော်ပြနေသည်။ ယနေ့ခေတ် လူမှု စီးပွားရေးအခြေအနေများသည် ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ ဥပဒေများသည်လည်း ခေတ်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်လာသည်။ ထိုသို့သော အခြေအနေများတွင် ဥပဒေပညာရှင်များ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အခြေခံ၍ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ပိုမိုထိရောက်ပြီး လက်တွေ့အသုံးဝင်သော ဥပဒေများ ပေါ်ပေါက်လာစေရန် အထောက်အကူပြုနိုင်မည်ဟု သုံးသပ်နိုင်ပါသည်။
အနှစ်ချုပ်အားဖြင့် ပြည်သူ့အသံကို နားထောင်သည့် လွှတ်တော်၊ ခေတ်နှင့်လျော်ညီသည့် ဥပဒေပြုရေးနှင့် ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်သည့် ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးနှင့် နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ 'ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ် တော်က ဖော်ဆောင်ရွက်'ဟူသော ဆောင်ပုဒ်သည် စကားလုံးများအဖြစ်သာ တည်ရှိနေခြင်းမဟုတ်ဘဲ လက်တွေ့ကျသော ရလဒ်များအဖြစ် အကောင် အထည်ဖော်နိုင်မှသာ အဓိပ္ပာယ်ပြည့်ဝမည် ဖြစ်သည်။ ပြည်သူများ၏ ယုံကြည်မှု၊ အားကိုးမှုနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် လွှတ်တော်တစ် ရပ် ဖြစ်လာမည်ဆိုပါက ပြည်သူများ မျှော်မှန်းသည့် ပိုမိုကောင်းမွန်သော လူမှုဘဝနှင့် ဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးအတွက် အားကောင်းသော တွန်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ပါသည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )