သစ္စာစူးကြသူများ


    ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
    ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။
    ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
    ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။

    သစ္စာဓိဋ္ဌာန်လေးချက်နှင့်အညီ တပ်မတော်သား အပေါင်းတို့သည် နိုင်ငံတော်နှင့် ပြည်သူတို့အပေါ်၊ တပ်မတော်အပေါ် သစ္စာစောင့်သိလျက် ရှိသည်။ သစ္စာစောင့်သိနေခြင်းမှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သောစိတ်၊ နိုင်ငံနှင့်ပြည်သူကို ချစ်သောစိတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် စောင့်သိနေကြခြင်း ဖြစ်သည်။ တပ်မတော်သားတို့တွင် ရှိရမည့်အား ၁၀ ပါးတွင်လည်း သစ္စာစောင့်သိမှုသည် ပထမဦးဆုံးသော အားဖြစ်သည်။ ဤသို့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေသူများ စဉ်ဆက်မပြတ်ရှိနေခြင်းကြောင့် ယနေ့အချိန်အထိ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတို့သည် မယိမ်းမယိုင် တည်ရှိနေခြင်းဖြစ်သည်။
    သစ္စာစောင့်သိမှုဟူသည် တပ်မတော်သားများသာမက နိုင်ငံသူနိုင်ငံသားတိုင်း စောင့်သိရမည်ဖြစ်သည်။ နိုင်ငံတော်၏ ကျေးဇူးတရားကို နိုင်ငံသားများက သိတတ်နားလည်ပြီး နိုင်ငံတော်အကျိုး ပျက်စီးရာပျက်စီးကြောင်း မကြံစည်၊ မပြုမူ၊ မဆောင်ရွက်ခြင်းက နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခြင်းပင် ဖြစ်သည်။
    ၂၀၂၁ ခုနှစ်၏ နိုင်ငံရေးအလှည့်အပြောင်းများသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် ထင်ရှားသော စိန်ခေါ်မှုများနှင့် ဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှစ၍ ဖြစ်ပေါ်လာသော အပြောင်းအလဲများအတွင်း ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်အချို့၏ ရပ်တည်ချက်များ ပြောင်းလဲသွားခဲ့ပြီး မိမိတို့ ပေးအပ်ထားသော သစ္စာဓိဋ္ဌာန်နှင့် အမျိုးသားအကျိုးစီးပွားအပေါ် ကျောခိုင်းကာ သစ္စာဖောက်ဖျက်မှုများ ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိရန် သစ္စာပြုထားသူအချို့သည် တာဝန်နှင့် အမိန့်ကို လျစ်လျူရှု၍ လမ်းခွဲထွက် ခွာသွားခဲ့ကြသလို၊ အချို့မှာလည်း ပြည်ပအားကိုး ရေသာခိုလိုသည့် စိတ်ဓာတ်ဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ဆောင် ချက်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ သစ္စာဖောက်ဖျက်မှုများသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးစသည့် ကဏ္ဍပေါင်းစုံကို ယိမ်းယိုင်စေခဲ့ရုံ မျှမက ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ များ စွာ ထိခိုက်ကျဆင်းစေခဲ့သည်။ ယင်းသို့သော အကျပ်အတည်းများကြားမှ သစ္စာတရားကို အသက်နှင့်အမျှ စောင့်သိရိုသေစွာဖြင့် တိုင်းပြည်၏ အချုပ်အ ခြာအာဏာ မယိမ်းမယိုင် တည်တံ့ရေးအတွက် တာဝန်ထမ်းဆောင်နေ သူများလည်း ရှိနေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ ကျေးဇူးတရားကို ကျောခိုင်းပြီး သစ္စာဖောက် ဖျက်ခဲ့သူတို့၏ လုပ်ရပ်များ သည်သမိုင်းတွင် သင်ခန်းစာ တစ်ရပ်အဖြစ် ကျန်ရှိနေမည်ဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် မှန်ကန် သော သစ္စာစောင့်သိမှု၏ အရေးပါပုံကို မီးမောင်းထိုးပြလျက်ရှိသည်။
    နိုင်ငံရေးအလှည့်အပြောင်း လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်းမရှိသော အချို့သော နိုင်ငံ့ဝန်ထမ်းများအနေနှင့် သစ္စာမဲ့ဝန်ထမ်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ယနေ့ကာလတွင် ၎င်းတို့ကို မျှော်လင့်ချက်အမှားများ ပေးခဲ့ကြသူတို့၏ ဥပေက္ခာပြုခြင်း ခံခဲ့ရပြီး အလုပ်လက်မဲ့ ဘဝများဖြင့် ကြုံရာကျပန်း ရပ်တည်နေကြရပြီဖြစ်သည်။ ယင်းကာလများက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာဖောက်ဖျက်ကြ သူများ၌ တပ်မ တော်သားအချို့လည်း ပါဝင်ခဲ့ကြသည်။ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ပြုလိုသူများ၏ ဆွဲဆောင်စည်းရုံးမှုများကြောင့် ပင်ကိုခိုင်မာသော စိတ်ဓာတ်မရှိကြသည့် တပ်မတော်အရာရှိငယ် အချို့နှင့်အခြားအဆင့်အချို့ တပ်မတော်ကို သစ္စာဖောက်ကာ ဘက်ပြောင်းခဲ့ကြသည်။ မူလ အဖွဲ့အစည်းကိုပင် သစ္စာဖောက်ကြသူများက တစ်ဖက်အဖွဲ့အစည်းက မြှောက်စား၍ နေရာပေးမှုကို ပျော်မွေ့ခဲ့ကြသည်။ တပ်မတော်က ရာထူးအဆင့်များအတိုင်း ခေါ်ဝေါ်သုံးစွဲကာ တစ်ဖက်အဖွဲ့အစည်းများ၌ အရှက်သိက္ခာမဲ့စွာ ရပ်တည်ခဲ့ကြသည်။ အချို့ သစ္စာဖောက်များဆိုလျှင် ယင်းသို့ သောကာလက လူမှုကွန်ရက်စာ မျက်နှာများထက်တွင် တွေ့ရှိခဲ့ကြသော်လည်း နောက်ပိုင်းတွင် တောတွင်းဥပ ဒေများအရ အချင်း ချင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များကြောင့် အသက်ခန္ဓာ ပေးဆပ်ခဲ့ကြရသည်။တပ်မတော်ကို သစ္စာဖောက်ဖျက်ကြသည့် လက် ၁၀ ချောင်းပင် မပြည့်သော လူတစ်စုကလည်း တစ်ဖက်အဖွဲ့အစည်းများတွင် ရှင်သန်ရပ်တည်ခွင့်ရရေးအတွက် ယခင်က အိုးစားဖက်ဖြစ်သော တပ်မတော်သားများကို  ဆဲရေးတိုင်းထွာခြင်း၊ နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲများကို ဝေဖန်ပြစ်တင်ခြင်း အစရှိသော လုပ်ရက်များကို သိက္ခာမဲ့စွာ လုပ်ဆောင်ခဲ့ကြသည်။
    အရာရှိငယ်အဆင့်များ၊ အခြားအဆင့်များဖြင့် တပ်မတော်ကို သစ္စာဖောက်ဖျက်ခဲ့ကြသော်လည်း တစ်ဖက်အဖွဲ့အစည်း၏ အထင်ကြီးမှုရရှိစေရန် စစ်ရေးစစ်ရာ ကိစ္စရပ်များကို အာပေါင်အာရင်းသန်သန်ပြောခြင်း၊ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို စစ်ရေးစစ်ရာ ကျွမ်းကျင်သူများသဖွယ် ပြောဆိုခြင်း၊ တပ်မတော်သားများ ကျဆုံးမှုများကို အားရဝမ်းသာ ပြောဆိုကာ သခင်အားရစေရန် ကျွန်ပါး၀ပြခဲ့ကြ သည်။ နိုင်ငံတော်၏အကျိုး၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ပေး အပ်ထားသော သစ္စာဓိဋ္ဌာန်ကို စောင့်သိရိုသေခြင်းသည် တပ်မတော်သားတစ်ဦးချင်းစီ၏ မရှိမဖြစ် ဂုဏ်သိက္ခာနှင့် စိတ္တဗလပင် ဖြစ်သည်။ ရေတို အကျိုးအမြတ်နှင့် ရောထွေးနေသော မျှော်လင့်ချက်အမှား များကြောင့် သစ္စာဓိဋ္ဌာန်ကို ကျောခိုင်းခဲ့သူတို့၏ နိဂုံးသည် သမိုင်း၏ အမှိုက်သရိုက်သဖွယ် ပစ်ပယ်ခြင်း ကိုသာ ရရှိခဲ့ကြပြီး သစ္စာစောင့်သိသော ဝန်ထမ်းများနှင့် တပ်မတော်သားများ၏ ကြံ့ကြံ့ခံနိုင်မှုကသာ စိန်ခေါ်မှုများစွာကြားမှ တိုင်းပြည်၏ မဏ္ဍိုင်ကို ခိုင်မာစွာ ထိန်းသိမ်း မတ်မတ်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
    စက်တင်ဘာ ၂၄ ရက်က တာဝန်သိပြည်သူများနှင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အတွင်းလူအချို့၏ သတင်းပေးပို့မှုများအား တပ်မတော်က စနစ်တကျ စိစစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေ ထိုင်သည့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်နယ်စပ်ရှိ NUG အကြမ်းဖက်အဖွဲ့များ ခိုအောင်းရာ ၎င်းတို့၏အခေါ်အရ အထူးတိုင်းစစ်ဌာနချုပ်နေရာအား နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ဝေဟင်တိုက် ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးထိခိုက် မှုများစွာ ဖြစ်ပေါ်ခဲ့သည့် သတင်းက ပြည်သူများအကြား  သတင်းထူးတစ်ရပ်ဖြစ်ခဲ့ပြီး သစ္စာမဲ့ကြသူများ၏ နိဂုံးကို မီးမောင်း ထိုးပြခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။
    ဝေဟင်မှထိရောက်စွာ ချေမှုန်းနိုင်ခဲ့မှုကြောင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးမှုများ ပျက်စီးထိခိုက် မှုများစွာ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြသည့် DCS စစ်ပြေး နေဝင်းအောင်မှာ သေဆုံးခဲ့ပြီး DCS စစ်ပြေး တင်လင်းအောင်နှင့် NUG အထူးတိုင်းစစ်ဌာနချုပ်မှ တိုင်းကွပ်ကဲရေးမှူးအဆင့်ရှိသူ အောင်စံရှားတို့ အပါအဝင် NUG အကြမ်းဖက်အဖွဲ့မှ ခေါင်း ဆောင် အချို့နှင့် အဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းများနှင့် ထိခိုက်သေဆုံးခြင်းများစွာ ဖြစ်ပွားခဲ့သည်။
    အဆိုပါသတင်းကို ထုတ်ပြန်ရာတွင် ‘‘DCS စစ်ပြေးနှစ်ဦးဖြစ်သည့် နေဝင်းအောင်နှင့် တင်လင်း အောင်တို့သည် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ပြီး အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များထံ ခိုလှုံ၍ နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို အကြိမ်ကြိမ်စော်ကားခဲ့ကာ၊ သစ္စာရှိစွာဖြင့် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ အပေါ် ဆဲရေးတိုင်း ထွာခြင်း၊ သစ္စာမဲ့လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်ခဲ့သူများ ဖြစ်သောကြောင့် ယခုကဲ့သို့ သစ္စာစူး၍ ဘဝနိဂုံးချုပ်ကြ ရသူများဖြစ်ကြောင်း”ဟု ထုတ်ပြန်ခဲ့သည်။ ယင်းထုတ် ပြန်ချက်အပေါ် ပြည်သူများက ထောက်ခံခဲ့ကြသည်။ လူမှုကွန်ရက် စာမျက်နှာများကို အသုံးပြုပြီး တပ်မတော်သားများဘဝကို ဖြတ်သန်းခဲ့ရပြီး ရာထူးအဆင့်ဆင့် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သော်လည်း တပ်မတော်အပေါ် ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုခဲ့ကြသူများ၏ ဘဝနိဂုံးက သစ္စာစူးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံရပြီး “ငါဘာမှကို မပြောနိုင်တာ... ကျွန်တော့်ကိုသာ ထိုင်ဆဲလိုက်ကြပါဗျာ...၊ ငါ့ကိုထိုင် ဆဲတော့...ငါ့ကိုသာ ဝိုင်းဆဲကြပါတော့”ဟူသော စစ်ပြေးတင်လင်းအောင်၏ ငိုကြီးချက်မ ပြောဆိုသည့် အသံဖိုင်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ဤနေရာတွင် နိုင်ငံအတွက် တစ်ဖက်အဖွဲ့အစည်းထံသို့ ထိုးဖောက် ဝင်ရောက်ကာ ယုံကြည်အောင်နေထိုင်၍ သတင်းပေးခဲ့ကြသူများကိုလည်း ချန်လှပ်မထားဘဲ ချီးကျူးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သားများ ထိခိုက်နစ်နာရသည့် ဖြစ်စဉ်များ ကို ရယ်ပွဲဖွဲ့ပြောဆိုလေ့ရှိသည့် သစ္စာဖောက်တပ်ပြေးတို့၏ ချုံးပွဲချငိုသံကို ပြည်သူများနားနှင့်ဆတ်ဆတ် ကြားရခြင်းကြောင့် ဖြစ်သည်။
    “တပ်မတော်တွင် သစ္စာဖောက်ဖျက်မှု၊ စစ်ဆင်ရေးမှု၊ မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ လုံး၀ခွင့်လွှတ်၍မရသည့် အမှုကိစ္စများဖြစ်ကြောင်း၊ သစ္စာဖောက်ဖျက်မှုဆိုရာတွင် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ်သစ္စာ ဖောက်ခြင်းလည်းပါဝင်၍ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့်  ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌တွေ့ဆုံ၍ အမှာစကားပြော ကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုများ နှင့်အတူ မွေးဖွားလာခဲ့သည့် တပ်မတော်ဖြစ်ပြီး တိုင်းပြည်၏ ခက်ခဲနက်နဲသော သမိုင်းအကွေ့အကောက်တိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူကို အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် ရှေ့တန်းက မားမားမတ်မတ် ကာကွယ်စောင့်ရှောက်ခဲ့ သည့် သမိုင်းကြောင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးသည် အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး သစ္စာရှိစွာ တာဝန်ထမ်းဆောင် ကြရမည်ဟု လည်း ပြောဆိုခဲ့သည်။ တပ်မတော်အကြီးအကဲ၏ ပြောဆိုချက်အတိုင်း တပ်မတော်ကို သစ္စာဖောက်ခဲ့ကြသည့် DCS စစ်ပြေးများသည် ဥပဒေအရ အရေးယူအပြစ်ပေးခြင်းကို ရှောင်လွှဲနိုင်ခဲ့သော်လည်း စစ်ရေးအရ အပြစ်ပေးမှုကို ခံခဲ့ရခြင်းပင်ဖြစ်သည်။
    မြန်မာ့သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုလျှင် သစ္စာစောင့်သိမှုနှင့် တာဝန်ကျေပွန်မှုတို့သည် အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတော်တစ်ရပ် တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ် လိုအပ်သော အုတ်မြစ်များ ဖြစ်သည်ကို တွေ့ရသည်။ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် သစ္စာဓိဋ္ဌာန် ပြုခြင်းသည် ရိုးရှင်းသော ကတိကဝတ်တစ်ခုမျှမကဘဲ အမျိုးသားအကျိုးစီးပွား၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် သက်စွန့်ကြိုးပမ်းထမ်း ဆောင်မည်ဟူသော လေးနက်သည့် ကတိကဝတ်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ မူလသစ္စာတရားအပေါ် ရိုသေလေးစားစွာ ရပ်တည်ခြင်းသည် တပ်မတော်သား တစ်ဦးချင်းစီအတွက်သာမကဘဲ ဝန်ထမ်းအဆင့်ဆင့်နှင့် နိုင်ငံသားတိုင်း အတွက်ပါ မရှိမ ဖြစ်လိုအပ်သည့်ဂုဏ်သိက္ခာနှင့် အသိစိတ်ဓာတ် ဖြစ်သည်။
    ရေတိုအကျိုးအမြတ်များ၊ စည်းရုံးလှုံ့ဆော်မှုများနှင့် မျှော်လင့်ချက်အမှားများကြောင့် မိမိတို့ ပြုထားသည့် သစ္စာဓိဋ္ဌာန်နှင့် မူလအဖွဲ့အစည်းအပေါ် ကျောခိုင်းခဲ့ကြသူများ၏ ဖြစ်စဉ်များမှာ သမိုင်းတွင် သင်ခန်းစာတစ်ရပ်အဖြစ် ကျန်ရှိနေမည်ဖြစ်သည်။
    အဖွဲ့အစည်း၏ သစ္စာတရားကို ပယ်စွန့်၍ တစ်ဖက်သို့ ကူးပြောင်းရပ်တည်ခဲ့သူများသည် ရေရှည်တွင် အမှန်တကယ် ယုံကြည်ကိုးစားမှု ရရှိရန် ခက်ခဲတတ်သလို၊ ရလဒ်အားဖြင့်လည်း လုံခြုံမှုမရှိသော ဘ၀များနှင့် ရင်းနှီးလိုက်ရသည်ကို မြင်တွေ့ရသည်။
    ပဲခူး-မွန်နယ်စပ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းမှ ထိရောက်စွာ တိုက်ခိုက်ချေမှုန်းမှုဖြစ်စဉ်နှင့် DCS စစ်ပြေးများ ထိခိုက်သေဆုံးခဲ့သည့် သတင်းများသည် စစ်ရေးဆိုင်ရာ ဆုံးရှုံးမှုတစ်ခုမျှသာမကဘဲ သစ္စာမဲ့မှု၏ နောက်ဆက်တွဲရလဒ်ကို ပေါ်လွင်စေသည့် သာဓကတစ်ခုဖြစ်သည်။ မိမိစောင့်သိရမည့် သစ္စာကို ဖျက်ဆီး၍ မူလအိုးစားဖက်များကို ပြန်လည်တိုက်ခိုက်ခြင်းနှင့် သစ္စာရှိစွာ တာဝန်ထမ်းဆောင် နေသူများအပေါ် စော်ကားပုတ်ခတ်ခြင်းတို့သည် ရေရှည်တွင် ကောင်းမွန်သော နိဂုံးကို မပေးနိုင်ကြောင်း အဆိုပါဖြစ်စဉ်က အထင်အရှား ပြသနေပါသည်။ ထို့ပြင် မြေပြင်သတင်းအချက်အလက်များကို စနစ်တကျ ရယူစိစစ်နိုင်ခဲ့ခြင်းကလည်း အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများတွင် ထိ ရောက်သည့် ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ကြောင်း တွေ့ရသည်။
    သစ္စာဖောက်ဖျက်မှု၊ စစ်ဆင်ရေး ပျက်ကွက်မှုနှင့် မူးယစ်ဆေးဝါးမှုများကို ‘လုံး၀ခွင့်မလွှတ်နိုင်သော အမှုများ’အဖြစ် သတ်မှတ်အရေးယူမည်ဆိုသည့် မူဝါဒသည် အဖွဲ့အစည်းတစ်ခု၏ စည်းကမ်းနှင့်စိတ္တဗလကို ခိုင်မာအောင် ထိန်းသိမ်းရာတွင် အရေးပါသော အခြေခံချက်ဖြစ် သည်။ သစ္စာဖောက်ဖျက်မှု ဟူသည် နိုင်ငံတော်နှင့် တပ်မတော်အပေါ်၌သာမက မိမိ၏မိသားစု၊ ရဲဘော်ရဲဘက်များနှင့် အနာဂတ် အပေါ်၌ပါ သစ္စာဖောက်ခြင်းဖြစ်သဖြင့် မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းနှင့်ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ ဥပဒေကြောင်းအရ အရေးယူမှုကို ရှောင်လွှဲ နိုင်ခဲ့လျှင်ပင် စစ်ရေးနှင့် သမိုင်း၏ အပြစ်ပေးမှုကို မလွဲမသွေ ခံစားကြရမည်ဖြစ်သည်။ ခြုံငုံသုံးသပ်ရလျှင် တိုင်းပြည်တစ်ပြည်၏မဏ္ဍိုင် ယိမ်းယိုင်မသွားဘဲ ခိုင်မာစွာ မတ်မတ်ရပ်တည်နိုင်ခြင်းသည် အကျပ် အတည်းများနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ သစ္စာစောင့်သိစွာဖြင့် ကြံ့ကြံ့ခံ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် တပ်မတော်သားများကြောင့်ပင် ဖြစ်သည်။ သစ္စာမဲ့သူတို့၏ နိဂုံးသည် သမိုင်း၏ ပစ်ပယ်ခြင်းကိုသာ ရရှိမည်ဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် သစ္စာစောင့်သိ ရိုသေ မှုကသာလျှင် ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာကို ရေရှည်တည်တံ့စေမည်ဖြစ်သည်။           
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66462

© 2022 - 2026 News. All Rights Reserved.