သမိုင်းမကောင်းသည့် တော်လှန်ရေးနှင့် နိဂုံးမကောင်းတော့မည့်သူများ

၂၀၂၆ ၊ သြဂုတ် ၁

ကိုယ့်အတက် ကိုယ်စူးကြသူများ
    ဝက်လက်နယ်က ဉာဏ်ကြီးရှင်တော်လှန်ရေး သမားကြီးများ၏ ဆောင်ရွက်ချက်ကြောင့် ဒေသခံပြည်သူများ ဒုက္ခရောက်နေရကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုသတင်းကို ဖတ်လိုက်ရချိန် တော်လှန်ရေးခေတ်ဦးတွင် မိတ်ဆွေတစ်ယောက် ကြုံတွေ့ခဲ့ရသည့်အကြောင်း သွားသတိရမိသည်။ ထိုမိတ်ဆွေက ရွှေဘိုနယ်ဘက်ကဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေးအလှည့် အပြောင်းအကြောင်း သူ့အတွေ့အကြုံကို ပြောပြသည်။ သူကြုံတွေ့ရသည့် နယ်သည်လည်း ဝက်လက်နယ်ဘက်ကဟု ဆိုလေသည်။ ထိုစဉ်က ကျေးရွာတော်တော်များများ ကင်းစောင့်ဂိတ်များ ထားကြသည်။ မိတ်ဆွေကြုံသည့်ရွာက ကင်းစောင့်ဂိတ်သာမက ရွာဝန်းကျင်က ထန်းပင်များပါ ခုတ်လဲပြီး ရွာပတ်ပတ်လည်ကို ထန်းလုံးများဖြင့် စီတန်း၍ ကာလိုက်လေသည်။ ထန်းလုံးခံတပ်သဘောဖြင့် ကာရုံသာမက ထန်းလုံးခံတပ် အပြင်ဘက်တွင် အနက်လေးပေ၊ အကျယ်လေးပေခန့်ရှိသည့် မြေကျင်းကိုလည်း ရွာပတ်ပတ်လည် တူးထားလိုက်ကြသည်။ ထိုသို့ တစ်ရွာလုံး တက်ညီလက်ညီ လုပ်လိုက်ကြရာ တစ်လမပြည့်ခင် ရွာသူရွာသားများ ဒုက္ခရောက်ကုန်ကြလေတော့သည်။ အစားအသောက် ထွက်ဝယ်၍မလွယ် အလုပ်အကိုင် ထွက်လုပ်၍မရသည့်အပြင် ကျန်းမာရေးအတွက်ပင် သွားရေးလာရေးမလွယ်တော့ဟု ဆိုလေသည်။ ထန်းလုံးခံတပ်နှင့် ကျုံးနှင့် အပီအပြင် ကာကွယ်ခဲ့သော်လည်း ပြင်ပက မည်သူမှလာ၍ အန္တရာယ်မပြုသဖြင့် သူတို့ဆောက်ခဲ့သမျှ သူတို့ကိုယ်တိုင် ပြန်ဖျက်ခဲ့ရသည်ဟု မိတ်ဆွေဖြစ်သူက သူ့အတွေ့အကြုံကို ပြောပြလေသည်။
    လက်ရှိဝက်လက်မြို့ CDM ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက သူတို့ကြုံတွေ့နေရသည့်အကြောင်းအရာကို ရင်ဖွင့်ထားလေသည်။ "ကျွန်မရင်ဖွင့်ချင်တာကတော့ မြို့ပတ်ပတ်လည်ကို မိုင်းထောင်ထားတဲ့အတွက် ဝက်လက်မြို့က ပြည်သူတွေ ဒုက္ခရောက်နေရတဲ့အကြောင်း ပြောပြချင်တာပါ။
    အခုဆိုရင် ဝက်လက်မြို့ပေါ်မှာ တပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ PDF တွေက မြို့ပတ်ပတ်လည်ကို မိုင်းတွေထောင်ပြီး ပိတ်ဆို့ထားကြပါတယ်။ ဒီလို ဖြတ်တောက်ထားတဲ့အတွက် မြို့ပေါ်က ပြည်သူတွေဟာ စားနပ်ရိက္ခာ ပြတ်တောက်၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး အလူးအလဲ ခံစားနေကြရပါတယ်။ 
    အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်လာရင်တောင် လမ်းတွေပိတ်ထားလို့ အချိန်မီမသွားနိုင်ဘဲ အသက်ဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ အဆိုးဆုံးကတော့ လုပ်ကိုင်စားသောက်နေရတဲ့ တောင်သူတွေနဲ့ အရပ်သားပြည်သူတွေဟာ လယ်ကြိုလယ်ကြားနဲ့ မြို့အထွက်လမ်းတွေမှာ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီး အသက်ဆုံးရှုံး၊ ကိုယ်လက်အင်္ဂါ ချို့တဲ့တာတွေ အကြိမ်ကြိမ် ဖြစ်ပွားနေတာပါပဲ။ 
    ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတင် အရေးပေါ် ဆေးခန်းသွားပြတဲ့ အသက် (၆၀) အရွယ် အမေအို တစ်ဦး၊ တောင်ယာသွားတဲ့ လူငယ်တွေနဲ့ နွားကျောင်းသားတွေ အပါအဝင် အရပ်သားပြည်သူ အများအပြား မိုင်းထိမှန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိပါတယ်။ တချို့ဆို လုပ် ငန်းခွင်သွားဖို့ PDF တွေကို ကြို တင်အကြောင်းကြားပြီး 'မိုင်းရှင်းထားတယ်'ဆိုလို့ သွားတာတောင် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့ကြ ပါတယ်။ ပြည်သူတွေ ဒီလောက် ထိခိုက်နစ်နာနေရပေမယ့် သက်ဆိုင်ရာ PDF တပ်ဖွဲ့ဝင်တွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုလုံး၀မရှိခဲ့ပါဘူး"ဟု ရွှေဉာဏ်တော် စူးရောက်တို့၏ တော်လှန်ရေးကြောင့် ဒေသခံ ဝက်လက်သူဝက် လက်သားတို့ ကူမည့်ကယ်မည့်သူ မဲ့နေကြောင်း ဆိုထား လေ သည်။ ထိုအကြောင်း အရာကိုပင် NUG ကိုတိုင်သည့် ဒေသခံများက ရှိနေသေးပြီး NUG ဘက်ကလည်း သူတို့ ကိုယ်တိုင် ပြည်ပြေးဘ၀ ရောက်နေသဖြင့် စာမလာ သတင်းမကြား ဖြစ်နေလေသည်ဟု ဆိုထားလေသည်။


ဆက်ကြေးအကောက်ကြမ်းနေသည့် အညာ PDF
    ထိုဝက်လက်မြို့နယ်က PDF များအကြောင်း ပြောရလျှင် တစ်ထောင့်တစ်ည ပုံပြင်ထက်ပင်သာ နိုင်ပါ၏။ ယခုလည်း လုပ်ငန်းရှင်များကို အဓမ္မဆက်ကြေး ကောက်နေသဖြင့် ဒေသခံလုပ်ငန်းရှင်များ အခက်အခဲ တွေ့နေကြလေသည်။
    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ဆန်စက်နှင့် စက်သုံးဆီရောင်းသူများထံက တစ်နှစ် ကျပ်သိန်း ၆၀ ပေးရန် ရွှေဘိုခရိုင်တပ်ရင်း(၁) PDF လက်နက်ကိုင်အဖွဲ့က ကောက်ခံနေလေသည်။ လုပ်ငန်းရှင် ၃၀ ကျော်ထံက တစ်လ ကျပ်ငါးသိန်းနှုန်းနှင့် တစ် နှစ်စာ ကျပ်သိန်း ၆၀ ပေးရန် ပေးသွင်း ရမည့်ငွေကြေးကို ဇူလိုင်လအကုန်အပြီး နှစ်ရစ်ခွဲပေးရန် PDF တပ်ရင်း(၁) တာဝန်ရှိသူများက လုပ်ငန်း ရှင်များကို အစည်းအဝေး နှစ်ကြိမ်ခေါ်ယူပြီး တောင်းခံခဲ့လေသည်။ ယခုတောင်း ခံသည့်ငွေကြေးက ပေါ်တင်တောင်းခံသည့် ငွေကြေးဖြစ်ပြီး မကြာခဏဆိုသလို ဟိုလက်နက်ကိုင်အဖွဲ့၊ သည်လက်နက်ကိုင်အဖွဲ့က ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေကြေးကောက်ခံမှုမျိုးလည်း ရှိသေးသည်ဟု သိရ သည်။ PDF တပ်ရင်း(၁) ဘက်က ငွေတောင်းခံထားသောကြောင့် လုပ်ငန်းရှင်အချို့သည် နှစ်စဉ်ကြေးတစ်ဝက် ကျပ်သိန်း ၃၀ ပေးထားကြပြီး တချို့က မပေးရသူများလည်း ရှိနေသည်ဟု သိရသည်။
    လုပ်ငန်းရှင်များထံက ငွေကြေးကောက်ခံရာတွင် PDF တပ်ရင်း(၁)က ဇွန် ၂၅ ရက်က အစည်းအဝေးဖိတ်စာနှင့် ဆင့်ခေါ်ခဲ့သည်။ အစည်းအဝေး မတက်ရောက်သည့် လုပ်ငန်းရှင်အတွက် မတက်ရောက် သူတို့၏ တာဝန်သာဖြစ်သည်ဟု ဖိတ်ကြားစာတွင် ရေးသားထားလေ သည်။ ထိုအစည်းအဝေးတွင် လုပ်ငန်းရှင် ၃၀ကျော် တက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် လစဉ်ကြေးအဖြစ် တစ်လကျပ်သိန်း ၂၀ ပေးရန် ကနဦး တောင်းခံခဲ့ရာမှ တစ်လကျပ်ငါးသိန်း ပေးသွင်းရမည်ဟု သဘောတူခဲ့ရသည်ဟု သိရသည်။ ဝက်လက်အနောက်ခြမ်းတွင် မည်သူက လုပ်ငန်းရှင်ဖြစ်သည်ကိုမူ အားလုံးက သိနေကြပြီး အကြမ်းဖက်ကို အားပေးထောက်ခံခဲ့သမျှ အကြမ်းဖက်အဖွဲ့၏ ပြုသမျှနုရသည့် ဘဝသို့ ဆိုက်နေကြောင်း ရွှေဘိုနယ်က မိတ်ဆွေတစ်ဦးက ရင်ဖွင့်သွားလေသည်။

ပိုင်ချဲနှင့် ဒုက္ခရောက်မည့်သူများ
    ပိုင်ချဲဆိုသည့် PDF လက်နက်ကိုင်တစ်ယောက်၏ လုပ်ရပ်ကို အားလုံးသိပြီးသား ဖြစ်ပါလိမ့်မည်။ လတ်တလော သူလုပ်ခဲ့သည့် လုပ်ရပ်အကြောင်း ကိုမပြောခင် ပိုင်ချဲဆိုသူ၏အကြောင်း အနည်းငယ် ပြောချင်ပါသည်။ ပိုင်ချဲဆိုသည့်ကောင်က အတန်းပညာ ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်းသူမဟုတ်ဘဲ ငါးတန်းခန့်သာ တက်ရောက်ဖူးသူဖြစ်ပြီး ပန်းထိမ်သင်တန်းတက်နေသူ ဖြစ်သည်။ နိုင်ငံရေးအကြောင်း ကို နကန်းတစ်လုံးမှ သိသူမဟုတ်ဘဲ သူများမြှောက်ပေးလျှင် အားလုံးလုပ်သည့် ပညာမဲ့လူတန်းစားထဲတွင်ပါသူ ဖြစ်သည်။
    ၂၀၂၁ ဖြစ်စဉ်တွင်လည်း နိုင်ငံရေးကိုသိ၍ မဟုတ်ဘဲ အင်တာနက်လိုင်းများ ဖြတ်တောက်ခံလိုက် ရချိန် PUBG ဆော့၍ မရတော့သဖြင့် လက်နက်ကိုင်ထဲ လိုက်သွားသူလည်း ဖြစ်သည်။
    သူ၏နောက်ခံသမိုင်းက ထိုမျှသာဖြစ်ပြီး လက်နက်ကိုင်ဘ၀ ရောက်လာချိန်တွင်လည်း အင်အားအနည်းငယ်သာရှိသည့် လုံခြုံရေးစခန်းငယ်များ၊ ရဲကင်း စခန်းငယ်များကို သီးသန့်ရွေး၍ တိုက်ခိုက်သူဖြစ်သည်။ ထိုကဲ့သို့ အင်အားနည်းသည့် စခန်းငယ်များ၊ ရဲတပ်ဖွဲ့ အနည်းငယ်သာရှိသည့် စခန်းငယ်များကို ရွေး၍ တိုက်ပြီး လူသိများလာသူဖြစ်သည်။ TNLA နှင့် မန္တလေး PDF တို့ မိုးကုတ်ကို ယာယီထိန်းချုပ် ထားစဉ်က ပိုင်ချဲတို့အဖွဲ့သည် သွားရောက်ကူညီမှုပေးသယောင် အင်အားဖြည့်ခဲ့ပြီး ဝေစုရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ မိုးကုတ်တွင် သယံဇာတ တူးဖော်သည်များကို အားကျပြီး သဖန်းဆိပ်ဆည်အတွင်း ရွှေမျောလုပ်ငန်းမှ ငွေကြေးအများအပြား ကောက်ခံပြီး ကိုယ်ယောင်ဖျောက်ထားရာမှ ယခုဖြစ်စဉ်နှင့် ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။
    သည်ရက်ပိုင်းဖြစ်စဉ်က ပိုင်ချဲနှင့်ပိုင်ချဲ၏လုပ် ရပ်အပေါ် ထောက်ခံသူအချို့ တစ်နည်းအားဖြင့် တော်လှန်ရေးဘက်အခြမ်းက လူတို့၏ ဉာဏ်ရည်နိမ့်ပါးမှုကို အထင်သား တွေ့မြင်နေရသည်။ ပိုင်ချဲ၏ လုပ်ရပ်ရုပ်သံ ဖိုင်ဖြစ်သည့် ဆိုင်ကယ်တစ်စီး လူနှစ်ယောက်နှင့် ရပ်ရွာအပြင်ဘက် လုံခြုံရေးဂိတ် စောင့်နေသော အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို 'ဦးလေး ကွမ်းစားမလား'ဟုမေးရင်း ခါးကြားက ပစ္စတိုနှင့် အနီးကပ်တစ်ချက်တည်း ပစ်ခတ်လိုက်သည်။ ထိုရုပ်သံကို စတွေ့တွေ့ခြင်း တော်တော်အောက်တန်းကျ သည့်လုပ်ရပ်အဖြစ် သတိထားမိလိုက်သည်။
    "ဖြစ်စဉ်ကို အကျယ်တဝင့် မပြောဘဲ လိုရင်းပြောရမယ်ဆိုရင် နှစ်ဦးက ဆိုင်ကယ်စီးလာတယ်၊ အမှတ်တမဲ့ကြည့်ရင် အရပ်သားလို့ပဲ ထင်စရာရှိတယ်။ သူတို့ထဲမှ တစ်ဦးက ပြည်သူ့စစ်လို့ ယူဆရသူ လူကြီးကို  'ကွမ်းဝါးဦးမလား'မေးတဲ့အခါ ဟိုက ဘယ်သူဘယ်ဝါ၊ ဘယ်ရွာသားပါလိမ့်၊ ဘယ်သူ့သားပါလိမ့်ဆိုတဲ့ စူးစမ်း တဲ့စိတ်နဲ့ ကင်းတဲကထွက်ဖို့ ထလာချိန်မှာ အနီးကပ် လုပ်ကြံသွားခဲ့တယ်။ လုပ်ကြံသူကတော့ အပြုံးတောင် မပျက်ပါဘူး။ လူသတ်ရတဲ့ကိစ္စကို ကြက်ကလေး၊ ငှက်ကလေးလောက် သဘောထားတဲ့ အနေထားမျိုးထိ စိတ်အခြေအနေတွေ ရှိတာကိုတော့ မြင်တွေ့ရပါတယ်၊ အလားတူပဲ "လွယ်လွန်းတယ်"ဆိုတဲ့ စကားပြောသံလည်း ဗီဒီယိုမှာ တွေ့ကြပါတယ်။ ဒါကတော့ အဲဒီအကြောင်းပေါ့။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ပျော်တဲ့သူလည်း ပျော်ကြမယ်၊ နှစ်ထောင်းအားရ ကျေနပ်သူတွေလည်း ကျေနပ်ကြမယ်၊ အပြစ်တင်သူတွေလည်း တင်ကြမယ်ပေါ့။ ပျော်တဲ့သူတွေ မပျော်တဲ့သူတွေ ခဏထား အရှိတရားကိုပဲ ပြောရမယ်ဆိုရင် ကင်းသမား ဘိုးတော်ကြီး လုပ်ကြံခံလိုက်ရလို့လည်း တော်လှန်ရေးက နိုင်သွားမှာ မဟုတ်သလို စစ်တပ်ပြိုလဲဖို့ ဆိုတာလည်း အဝေးကြီးပဲ။ ခြင်ကိုက်သလောက်တောင် မထင် ရှားဘူးပေါ့။
    ဟုတ်ပြီ အကျိုးဆက်လေးကို နည်းနည်းကြည့်ရအောင်။ အဲဒီဖြစ်စဉ်ဟာ အွန်လိုင်းမှာ ဟိုလေးတကျော်ဖြစ်ရတဲ့ ကိစ္စဖြစ်တယ်။ (ဘာလို့လဲဆိုရင် အဲဒီကိစ္စနဲ့ အောင်ပွဲခံနေကြသူတွေကြောင့်ပါ)။ ဆိုတော့ကား အဲဒီအကျိုးဆက်က အဲဒီနေရာလေးမှာတင် ပြီးသွားမှာတော့ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်လိုက်တာပါပဲ။ တပ်လှန့်တော့ ဘာဖြစ်လဲဆိုရင်..'ခင်ဗျားဟာ အရပ် သားဖြစ်နေရင်တောင် ခင်ဗျားဟာ အရပ်သားဟုတ်၊ မဟုတ်ဆိုတဲ့အပေါ် သံသယတွေ သက်ရောက် သွားပါပြီ'သက်ရောက်တော့ အရပ်သားကို ကြည့်သလိုကြည့်မှာ မဟုတ်တော့ပါဘူး။ "ဒီကောင်က အရပ်သားလား၊ အရပ်သားဟန်ဆောင်တာလားဆိုတဲ့ သံသယနဲ့ကြည့်ပြီး အဲဒီသံသယနဲ့ပဲ ဂိတ်တွေ၊ လုံခြုံရေးတွေက ဆက်ဆံတော့မှာ ဖြစ်ပါတယ်။
    အဲဒီအခါ ဘယ်သူတွေက နစ်နာလဲဆိုရင် ပြည်သူတွေကပဲ ပိုနစ်နာမှာ ဖြစ်ပါတယ်။ လမ်းဆင်းလျှောက်ရမယ့်နေရာတွေ ပိုများလာမယ်၊ မထင်ရင်မထင်သလို စစ်ဆေးပါလိမ့်မယ်။ အဲဒါကြောင့် ဂျနီဗာကွန်ဗင်းရှင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားလို ဟန်ဆောင်ရင် Perfidy (လှည့်ဖျား ကောက် ကျစ်မှု)လို့ခေါပြီး အဲ့ဒါဟာ War Crime (စစ်ရာဇဝတ်မှု)ဖြစ်ပါတယ်။ ဘာလို့ စစ်ရာဇဝတ်မှုလို့ သတ်မှတ်ရလဲ ဆိုရင် အထက်ကပြောသလိုပဲ အရပ်သားတွေအတွက် အများကြီး ထိခိုက်နစ်နာစေတဲ့ အကျိုးဆက်တွေ ဖြစ်လာလို့ပါ"ဟုဆိုသည့် ကျိုးကြောင်း ဆီလျော်စွာ ရှင်းပြသူများလည်း ရှိကြသည်။
    သည်ဖြစ်ရပ်အပေါ် တော်လှန်ရေးဘက်အခြမ်းက ထောက်ခံသူများ ရှိသကဲ့သို့ ပြင်းပြင်းထန်ထန် ရှုတ်ချသူအချို့လည်းရှိသည်ကို တွေ့မြင်လိုက်ရသည်။ထိုကဲ့သို့ လုပ်ရပ်တစ်ခုအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများ ရောထွေးနေသဖြင့် ထိုလုပ်ရပ်ကို လက်ခုပ်သံ ရမည်အမှတ်ဖြင့် ကျူးလွန်ခဲ့သူ ပိုင်ချဲကိုယ်တိုင် လိပ်ပြာမလုံသည့်အနေအထား ဖြစ်နေလေသည်။ တိုက်ပွဲအတွင်းတွင် သူ၏ ရဲဘော်များ လည်း ကျဆုံးရကြောင်း၊ ထို့ကြောင့် ဤကဲ့သို့လုပ်ရပ်ကို လုပ်ရကြောင်း ပြန်၍ရှင်း လင်းထားလေရာ ပိုင်ချဲလိုချင်သည့် ထောက်ခံမှုမရရှိဘဲ  အဆဲခံရခြင်းနှင့် ပိုင်ချဲတို့ ဉာဏ်ရည် မပြည့်မီကြောင်း ဝိုင်း ပြောခြင်းသာ ခံနေရလေသည်။
    ပိုင်ချဲတို့ PDF ကိုထောက်ခံပါသည်ဆိုသည့် ဒေသခံများပါ ပိုင်ချဲ၏လုပ်ရပ်ကြောင့် ဒုက္ခရောက်မည်ကို ကြောက်ရွံ့ထွက်ပြေးနေကြရကြောင်း ပြောဆိုနေကြရာ ပိုင်ချဲခမျာ ဆဲခံရသည်ထက် နာကျင်နေရ လေသည်။ သမိုင်းမကောင်းသူအတွက် နိဂုံးလည်း လှမည်မဟုတ်ပေ။  ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 93

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.