သမ္မတထရမ့်နှင့် လပေါ်က အစိုးရ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် အိမ်ဖြူတော်အတွင်းရှိ ဘဲဥပုံရုံးခန်းကြီးထဲတွင်  မိန့်မိန့်ကြီး ပြုံးနေသည်။ မကြာသေးမီ ရက်ပိုင်းကပင် Truth Social အမည်ရ လူမှုကွန်ရက်မီဒီယာတွင် အမေရိကန်အလံပုံနှင့်အတူ ‘လ’၏ ဓာတ်ပုံကြီး တွဲတင်ကာ ‘လ’ကို အမေရိကန်ပိုင်ဆိုင်ကြောင်း ပို့စ်တင်လိုက်သေးသည်။ ခုချိန်ထိ ဘယ်နိုင်ငံကမှလည်း လာမကန့်ကွက်ကြသလို၊ အင်အားကြီးနိုင်ငံတွေက ခေါင်း ဆောင်တွေကလည်း နှုတ်ဆိတ်နေတာကြောင့် ထရမ့်တစ်ယောက် အပျော်ကြီး ပျော်နေသည်။ သတင်းစာထဲမှာ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သည့် ပုံစံမျိုးဖြစ်ပြီး ကန့်ကွက်သူမရှိတာကြောင့် ‘လ’ကို ပိုင်ပြီဟေ့ဆိုတဲ့ အတွေးကြောင့် ထရမ့်တစ်ယောက် ပျော်ရွှင်နေတာ ဖြစ်သည်။ အရင်ကလည်း ဟောမုဇ်ရေလက်ကြားကိုလည်း အမေရိကန်ပိုင်နက်အဖြစ် လူမှုကွန်ရက်တွင် ရေးတင်ဖူးသည်။ ဆရာ ကြီးထရမ့်တို့များ အကြံပိုင်လိုက်ပုံများ ဟောမုဇ်ရေလက်ကြားကို ထရမ့်ရေလက်ကြားလို့ နာမည်ပြောင်းဖို့နဲ့ နယူးမက္ကဆီကိုပြည်နယ်ကို နယူးအမေရိကလို့ အမည်ပြောင်းလဲဖို့ ကြံစည်ဖူးသည်။ ဒါတင်မကသေး အိမ်နီးချင်း ကနေဒါနိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန်တွင်လည်း အွန်တေရီယို ရေကန်ကိုလည်း အမေရိကရေကန်ဟု အမည်ပြောင်းလဲရန် အမိန့်တစ်ရပ်ကို ခပ်တည်တည်လက်မှတ်ရေးထိုးဖူး သေးသည်။ ၂၀၂၅ ခုနှစ်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့ဟု အမည် ပြောင်း လဲခဲ့တာကြောင့် မက္ကဆီကိုအစိုးရက ပြာပြာသလဲ ပယ်ချဖူးခဲ့သည်။
    ခုလည်း ဘဲဥပုံရုံးခန်းထဲမှာ ထိုင်ရင်း ‘လ’ကို အမေရိကန်ကပိုင်ရင် ‘လ’ကို အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ လပေါ်မှာ အစိုးရတစ်ရပ် သွားထားဖို့ အကြံထုတ် နေသည်။ အမေရိကန် လက်အောက်ခံ ‘လ’အစိုးရတစ်ရပ်ကို ဖန်တီးပြီး သူ့ကမ္ဘာမြေကနေ ဗဟိုအစိုးရအဖြစ်အုပ်ချုပ်မည်ဟူသည့် အကြံကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။ ဒီတော့ အိမ်ဖြူတော်ကနေ သတင်းတစ်ရပ်ထုတ်ပြန်ဖို့ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ခေါ်လိုက်သည်။
    “ကဲ လူမှုကွန်ရက်မှာ ‘လ’ကို အမေရိကန်ပိုင်တယ်လို့ တင်လိုက်တာ။ ဘယ်နိုင်ငံကမှလည်း မကန့်ကွက်ကြဘူး။ ကုလသမဂ္ဂကလည်း ‘လ’နဲ့ ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးတာလည်း မရှိသလို ဘယ်နိုင်ငံကမှလည်း လပိုင်ဆိုင်ကြောင်းကို ဗီတိုအာဏာနဲ့ မပယ်ချဘူး။ ဒီတော့ ကန့်ကွက်သူမရှိတာ ကြောင့် ‘လ’ဟာ ငါတို့အပိုင် ဖြစ်တယ်။ ဒီတော့ ငါတို့နိုင်ငံသားပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် အစိုးရ သိပ်ဖြစ်ချင်တဲ့ လူတွေရှိရင် အိမ်ဖြူတော်ကို လာရောက်ဆက်သွယ်လို့ရတဲ့အကြောင်း၊ ‘လ’အစိုးရတစ်ရပ်အဖြစ် အမေရိကန်က အသိအမှတ်ပြု မယ်ဆိုတဲ့အကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ကွာ။ လာဆက်သွယ်တဲ့လူတွေရှိရင် ငါနဲ့ တိုက်ရိုက်စကားပြောမယ်”ဆိုကာ ဘဲဥပုံရုံးခန်းကနေ လေတချွန် ချွန်ဖြင့် ထွက်ခွာသွားတော့သည်။
    အိမ်ဖြူတော်သတင်းထုတ်ပြန်ရေး တစ်ဖွဲ့လုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။ ငါတို့ သမ္မတကြီး ရူးများသွားပြီလား၊ ‘လ’ကို ငါတို့နိုင်ငံပိုင်တယ်ဆိုပြီး ခပ်တည်တည်နဲ့ ကြေညာချက်ထုတ် ‘လ’ပေါ်မှာ အစိုးရလုပ်ချင်တဲ့သူတွေ လာရောက်ဆက်သွယ်နိုင်ပါသည်ဆိုပြီး စာထုတ်ရင် ကမ္ဘာကဝိုင်း ဟားကြမှာပေါ့ဆိုပြီး ဝေဖန်ကြသည်။ ဒါပေမဲ့ မတတ်နိုင်ချေ။ သမ္မတက ခိုင်းတာဆိုတော့ အိမ်ဖြူတော်က စာထုတ်လိုက်ရသည်။ စာတွင် ဒီမိုကရေစီအင်အားကြီး အမေရိကန်ပြည်ထောင်စုပိုင် ‘လ’ပေါ်တွင် အစိုးရ အဖြစ် တာဝန်ထမ်းဆောင်လိုသူများ ဆက်သွယ်နိုင်ကြောင်း၊ အစိုးရအရမ်းဖြစ်ချင်တဲ့သူတွေရှိရင် အချိန် မရွေးဆက်သွယ်နိုင်ကြောင်း၊ မစ္စတာပရက်စီးဒန့် ကိုယ်တိုင်တွေ့ဆုံ၍ ‘လ’ကို အုပ်ချုပ်နိုင်သော အစိုးရ တစ်ရပ်ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း စာထုတ်ရ လေတော့သည်။
    စာထုတ်ပြီး နာရီပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေကတော့ အမေရိကန်သမ္မတကြီး သွားရှာပြီ၊ ပလပ်ကျွတ်သွားပြီဟူသော သဘောထားတွေအပြိုင်အဆိုင် ထုတ်ပြန်ကြသည်။ သတင်းဌာနကြီးတွေကတော့ အစိုးရဖြစ်ချင်တဲ့သူတွေ ‘လ’အစိုးရဖြစ်နိုင်ပြီ၊ ‘လ’ ပေါ်ကအစိုးရ ဘာလဲဘယ်လဲ၊ ‘လ’ အစိုးရကို မျှော်နေတဲ့ အမေရိကန် စသဖြင့် ခေါင်းစဉ်မျိုးစုံတပ်ကာ ခေါင်းကြီးပိုင်းသတင်းတွေ ဖော်ပြကြ သည်။ အိမ်ဖြူတော်ကိုလည်းကမ္ဘာအရပ်ရပ်က အီးမေးလ်တွေပို့ကြ၊ ဖုန်းတွေ ဆက်ပြီး ဆဲရေးတိုင်း ထွာကုန်ကြသည်။ အေးလေ ‘လ’ပေါ်မှာ အစိုးရလုပ်ရမှာဆိုတာက လေပေါ်တိုက်အိမ် ဆောက်သလို ခပ်ကြောင်ကြောင်နိုင်လှသော လုပ်ရပ်ဆိုတော့ ကမ္ဘာအရပ်ရပ်က ဝိုင်းဆဲကြတာ နည်းတောင်နည်း သေးသည်။ အိမ်ဖြူတော်ကလည်း  ဆဲတာတွေအသာထားလပေါ်မှာ အစိုးရလုပ်ချင်တဲ့သူတွေ ဆက်သွယ်လာတာကို မျှော်ကြရသည်။ သမ္မတထရမ့်ကလည်း လက်အောက်ခံ ‘လ’အစိုးရတစ်ရပ်ဖွဲ့ထားကြောင်း ကမ္ဘာကို ကြွားချင်တာကြောင့်ဖြစ်သည်။
    မကြာခင် အိမ်ဖြူတော်သို့ လူတစ်စုရောက်လာပြီး ‘လ’အစိုးရလုပ်ချင်ကြောင်း လျှောက်ထားလေ တော့သည်။
    ထရမ့်လည်း အချိန်မဆိုင်းတော့ဘဲ ထိုလူ တစ်စုနဲ့တွေ့ဆုံကာ ‘လ’အစိုးရခန့်ထားရေးအင်တာဗျူး စတော့သည်။ “မင်းတို့အဖွဲ့ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး။ အစိုးရဖြစ်ချင်တဲ့စိတ်ကိုပဲ လေးစားတယ်။ ကဲ...ပြော ‘လ’ကို ခုချိန်ကစပြီး ဘယ်သူပိုင်လဲ”ဟု မေးရာတွင် ‘လုံး၀ အုပ်ချုပ်ခွင့်မရစေရ’ဟု သံပြိုင်အော်လေရာ ထရမ့် သဘောကျသွားလေသည်။ ဟုတ်တယ်လေ လအစိုးရဖြစ်သွားရင် ဒီလိုစိတ်ဓာတ်မျိုးနဲ့မှ အဆင်ပြေမည်ဖြစ်သည်။ ဒါပဲလားဟု ထပ်မေးရာ ‘လမ်းအားလုံး လကမ္ဘာဆီသို့’၊ ‘လကို သိမ်းပိုက်ဖို့ ဘယ်နတ်ဘုရားမှ တားလို့မရဘူး’ဟူသော ကြွေးကြော်သံများ သံပြိုင်ဟစ်လေရာ ထရမ့် တစ်ယောက် လက်ခုပ်တီးအား ပေးလေတော့သည်။ ဒီလိုနှင့် ထရမ့်က ‘လ’အစိုးရတစ် ရပ်အဖြစ် ဆောင်ရွက်ရန်အတွက် လအစိုးရခန့်အပ်ကြောင်း၊ အမေရိကန်ကနေ လအစိုးရတစ်ရပ်ကို ထောက်ခံသွား မှာဖြစ်ကြောင်း၊ အစိုးရသိပ်ဖြစ်ချင်တဲ့စိတ်ကို လကမ္ဘာပေါ်မှာ သွားရောက် အကောင်အထည် ဖော်နိုင် ကြောင်း ညွှန်ကြားလေသည်။ ‘လ’အစိုးရဖြစ်ချင် လို့ လာရောက်လျှောက်ထားကြသူများကလည်း ‘လ’ အစိုးရတစ်ရပ်အနေနှင့် ကျေးဇူးတင်ကြောင်း၊ ‘လ’ပေါ်လာရောက် နေထိုင်လိုသူများထံမှ အခွန်ငွေ ကောက်၍ ‘လခွန်’ဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ သူတို့ကို ထောက်ခံသူများကိုပါ တစ်ပါတည်း ‘လ’ပေါ် ခေါ်သွားလိုကြောင်း၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးသူများကိုလည်း ခေါ်သွားမည်ဖြစ်ကြောင်း၊ ‘လ’မှတစ်ဆင့် စကြဝဠာအထိပါ တော်လှန်ရေးလုပ်သွားမည် ဖြစ် ကြောင်း ပြောကြားသည်။
    နှစ်ဖက် ပြောကြားပြီး ထရမ့်ကလည်း ‘လ’ အစိုးရတစ်ရပ် ပေါ်ပေါက်လာကြောင်းစာထုတ်ရန် ပြင်ဆင်လေသည်။ တစ်ဖက်တွင်လည်း သမ္မတကျန်းမာ ရေးအဖွဲ့က သမ္မတထရမ့်တစ်ယောက် ဆေး သောက်ချိန် ကျော်သွားမည်ကို စိုးရိမ်နေကြသည်။ ထို့အတူ ‘လ’အစိုးရ အသစ်စက်စက်ကြီးကလည်း ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး ထရမ့်မျက်နှာကို အားလုံးပြိုင်တူ ကြည့်နေကြသည်။ ကမ္ဘာလူလည်ကြီး ထရမ့်က “ကဲ ‘လ’အစိုးရ ဘာတွေစိတ်ပူနေတာလည်း တစ်ခါတည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်”ဟု စကားလမ်းကြောင်းဖွင့် ပေးလေရာ ‘လ’အစိုးရဟူသော လူတစ်စုထံမှ သံပြိုင် စကားတစ်ခွန်း ထွက်လာသည်။ ထိုစကားက “လပေါ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ လာမလုပ်လောက်ပါဘူးနော်။ ဥက္ကာမင်း မောင်လည်း မလာလောက်ပါဘူး နော်”ဟူ၍ ဖြစ်လေသည်။

ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

 

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65716

© 2022 - 2026 News. All Rights Reserved.