အဘိုးမမြင်လိုက်ရသော စစ်သင်္ဘောကြီး

    “အောင်မလေးအဘိုးရဲ့ ထကြည့်ပါဦး၊ အဘိုးမြင်ချင်တဲ့ စစ်သင်္ဘောကြီးလေ၊ အဘိုးရဲ့ ထကြည့် ပါဦး”ဟုသာ ကွယ်လွန်သွားရှာသော အဘိုးကို တတပြီး ငို လိုက်ချင်တော့သည်။ မွေးမိခင် ကျေးဇူးရှင်၏ ဖခင်ဖြစ်သော အဘိုးက ရေဒီယိုနှစ်သက်သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ထူးမြတ်တို့ ငယ်စဉ်ဘဝကို အမှတ်ရမိသည်။ အဘိုးဖြစ်သူနှင့် လက်ပွန်းတတီးနေခဲ့ရသူမို့ အဘိုးအကြောင်းဆိုရင် ယနေ့ထက်တိုင် အမှတ်ရနေဆဲဖြစ်သည်။ ညနေစောင်းပြီဆိုရင် အဘိုးက အရင်ခေတ်က ဓာတ်ခဲထည့်ရသော ရေဒီယိုကြီးကို တကျွိကျွိဖမ်းရင်း သတင်းတွေ နားထောင်တတ်သည်။ အဲဒီခေတ်ကတော့ ယနေ့ခေတ်လို နည်းပညာ ခေတ်မဟုတ်တော့ ရေဒီယိုက လာသောသတင်းတွေက သတင်းထူးတွေ ဖြစ်သည်။ မနက်ခင်း လက်ဖက်ရည်ဆိုင်မှာ အဘိုးတို့ရွယ်တူတွေဆုံကြရင် ရေဒီယိုကလာသော သတင်းများကို အဓိကအကြောင်း အရာအဖြစ် ဆွေးနွေးကြသည်။
    ထိုခေတ်က နိုင်ငံရေးသတင်းတွေနားထောင်ချင်ရင် မြန်မာသံနှင့် ထုတ်လွှင့်သော နိုင်ငံခြားသတင်းဌာနကြီးများ၏ ထုတ်လွှင့်မှုကို နားထောင်လေ့ရှိကြသည်။အဘိုးပြောပြသည့် သတင်းများတွင် အမေရိကန် စစ်သင်္ဘောကြီးဆိုတာက ယနေ့တိုင် မှတ်မိနေသေးသည်။ အာပေါင်အာရင်းသန်သန်နဲ့ မြန်မာသံထုတ်လွှင့်သည့် သတင်းတွေကလည်း အမေရိကန် စစ်သင်္ဘောကြီးက ဘယ်နိုင်ငံကို ဦးတည်နေတာ၊ ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံ ဆော်ကြတော့မှာ၊ အမေရိကန်တပ်တွေက ဘာလုပ်ကုန်ပြီဆိုတာက သတင်းထူးများ ဖြစ်သည်။ အဲဒီအချိန်ကတည်းက အမေရိကန်ဆိုတာ ကြားဖူးနား၀ ရှိထားသည်။ ထူးမြတ်တို့ လူမမယ် ၁၉၈၈ ခုနှစ်များဆီက ရန်ကုန်မြစ်၀မှာ အမေရိကန် စစ်သင်္ဘောကြီးတွေ ရောက်လာတယ် ဆိုတာ ကြားဖူးသည်။ ဘာလာလုပ်မှန်း မသိသော ထိုသင်္ဘောကြီးများကို အဘိုးတို့ မျှော်ကြသည်။ နောက်တော့လည်း အသက်(၉၃)နှစ်အရွယ်မှ ကွယ်လွန်သွားရှာသော အဘိုးနောက်ဆုံးအချိန်ထိ ရေဒီယိုထဲက စစ်သင်္ဘောကြီးကို မမြင်သွားရချေ။
    ဒါကြောင့်လည်း ဟိုဘဘကြီးလက်ထက်က တီဗွီမှာ ဝူခုန်းကားမလာခင် ‘ဘီဘီစီလိမ်နေသည်၊ ဘီအို အေညာနေသည်၊ အာအက်ဖ်ဖေ ရန်တိုက်ပေးနေသည်’ဟု စာတန်းထိုးကာ ထုတ်လွှင့်တာ ဖြစ်နိုင်သည်။ ငယ်ငယ်တုန်းကတော့ အမေရိကန်စစ်သင်္ဘောကြီးဆိုတာ ဘာများလဲလို့ သိချင်ကြသည်။ စစ်သင်္ဘောကြီး မြန်မာပြည်လာရင် ချိုချဉ်တွေများ ပါမလား၊ ဂျယ်လီတွေများ ပါမလားဆိုပြီး ကလေးအတွေး တွေးမိသည်။ နောက်တော့လည်း ခုအသက်(၄၀)ကျော်လာတဲ့အထိ အဘိုးတို့ မျှော်ဖူးသော၊ ထူးမြတ်တို့ ဘာမှန်းမသိသော စစ်သင်္ဘောကြီးက မြန်မာပြည်ကို မျက်စိလည်လမ်းမှားပြီးတော့ ရောက်တောင် မလာတော့ချေ။ ထူးမြတ်တို့နိုင်ငံကိုသာ မလာတာ အိမ်နီးချင်းနိုင်ငံကိုတော့ စစ်သင်္ဘောကြီး ရောက်ချလာသည်။ ဒီတော့ စစ်သင်္ဘောကြီး မမြင်ဖူးတာကြောင့် အင်တာနက်ကနေ စစ်သင်္ဘောကြီးရဲ့ ဓာတ်ပုံတွေ၊ စစ်သင်္ဘောကြီးရဲ့အကြောင်းတွေ ရှာဖတ် ရလေတော့သည်။ စစ်သင်္ဘောကြီး မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက အိမ်နီးချင်းနိုင်ငံအစိုးရက စီမံချက်ဖြင့် ဘာညာတွေကို ရှင်းလင်းလေသည်။ စစ်သင်္ဘောကြီး ဆိုက်ကပ်မယ့်နေရာက ကမ်းခြေမြို့တော် ပတ္တယားဆိုတာက ဧည့်သည်မပြတ် သော ကမ်းခြေဖြစ်သည်။ ဘာညာတွေလည်း ပေါသည်ဟု ကြားဖူးသည်။ ရောက်တော့ မရောက်ဖူးချေ။
    ဘာမဆိုင်ညာမဆိုင် သင်္ဘောကြီးမလာခင် ဘာညာတန်း ရဲဝင်ဖမ်းတယ်ဆိုတဲ့သတင်းက သတင်းဌာနတွေမှာ အလုအယက်ဖော်ပြကြသည်။ အေးပေါ့လေ အမေရိကန်စစ်သားတွေများ သင်္ဘောဆိုက်တာနဲ့ ဟိုအတန်းပြေးဝင်ကြရင် သူတို့နိုင်ငံလည်း သိက္ခာကျမှာ စိုးရိမ်တယ်နဲ့တူသည်။ ဒီတော့ ဘာညာလေး တွေ ကြိုရှင်း ထားဟန်တူသည်။ ဒီလိုနဲ့ သင်္ဘောကြီး ကမ်းကပ်လာသည်။ အမေရိကန်စစ်သားတွေလည်း သင်္ဘောပေါ်က ဆင်းပြီး ကမ်းခြေမြို့တော်မှာ လမ်းသလားကြသည်။ ရေယာဉ်ကြီးပေါ်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာကြတော့ ညောင်းညာကြဟန်တူသည်။ တချို့ကလည်း အနှိပ်ခန်းတွေ ပြေးကြသည်။ စကပ်တိုတိုနဲ့ ပြောက်ကျားယူနီဖောင်းနဲ့ ကောင်မလေးတွေ ထွက်ကြိုကြတာလည်း တွေ့ လိုက်ရသည်။ FDA ထောက်ခံချက်ရသော ကလေးမလေးတွေများလားဟု တွေးထင်မိ သေးသည်။
    အမေရိကန်စစ်သားတွေလာတော့ အိမ်နီးချင်းနိုင်ငံက ရဲတွေ အလုပ်ရှုပ်ကြရသေးသည်။ တပ်တစ်ခုဆိုတော့လည်း သူ့စည်းကမ်းနဲ့သူဖြစ်သည်။ အိမ်နီးချင်းမှာ အလွန်ပေါသော ဖက်ကြမ်းဆေးလိပ်တွေ မသောက်ရ၊ ရေထဲမှာ စွန့်စားရသော ဆော့ကစားနည်းတွေမက စားရ၊ ကျန်းမာရေး ထောက်ခံချက်ပေးသော အစားအသောက် ဘာညာများသာ စားရန်၊ ည ၂ နာရီကျော် အပြင်မထွက်ရ စသောအမိန့်များဖြင့် လာရောက်လည် ပတ်ကြသည်ဟု သိရသည်။ သင်္ဘောကြီးကလည်း လူငါး ထောင်လောက် တင်လာတာ ဆိုတော့ ဘောလုံးကွင်း သုံး၊ လေးကွင်းစာလောက် ကျယ်သည်။ အမေရိကန် စစ်သမီးလေးတွေလည်း ပါသည်။ အမေရိကန်စစ်သားကြီးတွေလည်း ပါသည်။ ဒေါ်လာတွေလည်းပါသည်။ ဒါကြောင့် အမေရိ ကန်စစ်သင်္ဘောကြီးတွေကို မျှော်ကြတာ ဖြစ်နိုင်သည်။ ဒီတော့ စစ်သင်္ဘောကြီးရောက်တာ နဲ့တစ်ပြိုင် နက်ကမ်းခြေမှာ မီးရောင်ထိန်ထိန် ဖြစ်ကုန်ကြသည်။ အိမ်နီးချင်းနိုင်ငံ စီးပွားရေးသမားတွေကလည်း အမေရိကန်စစ်သားတစ်ယောက် တစ်နေ့ ဘတ် ၃၀၀၀ သုံးရုံဖြင့် လူငါးထောင်စာနဲ့တွက်ပြီး တစ်နေ့ ဘတ်သန်းချီဝင်မှာပဲဆိုပြီး အစွမ်းကုန်ဝန်ဆောင်မှုတွေ ပေးကြသည်။ စစ်သားတွေလို့သာပြောတာ သင်္ဘောသားတွေ လိုဖြစ်နေတော့ သင်္ဘောပေါ်မှာ ပိုက်ဆံမသုံးရတော့ မြေကြီးနင်းလိုက်တာနဲ့ ဒေါ်လာတွေ အထပ်လိုက်သုံးကြ မည်ဖြစ်သည်။ ဒီလိုဆိုရင် အမေရိကန်စစ်သင်္ဘောကြီး ပြန်သွားရင် ဒေါ်လာသန်းချီ သပိတ်ဝင်အိတ်ဝင် ရမည်ဖြစ်ပြီး အမေရိကန်စစ်သား ရွှေအိုးထမ်းလာတဲ့ကိန်း ဖြစ်သည်။
    ဒီလိုမြင်ကွင်းကိုမြင်ရတာ စိတ်ထဲ မခံချိမခံသာ ဖြစ်ရသည်။ ထူးမြတ်တို့နိုင်ငံက အချို့သူတွေဆိုရင်  အမေရိကန်စစ်သင်္ဘောကြီးတို့၊ UN တပ်တို့ဆိုတာကို မျှော်ကြသည်။ တချို့ဆိုရင် အမေရိကန်တပ်တွေ လာအောင်ဆိုပြီး အမေရိကားအထိ လိုက်ခေါ်ကြတာ ဟိုမှာ အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ဖြစ်ပြီး ပြန်ကိုမလာတော့ချေ။ သူတို့ပြန်လာရင် အမေရိကန်တပ်တွေများပါလား မလား၊ UN တပ်တွေများ ပါလာ မလားဆိုပြီး မျှော်ရတာ အမောပင်ဖြစ်သည်။ သူတို့သွားခေါ်တာလည်း ငါးနှစ်ကျော်၊ ခြောက်နှစ်ထဲ ရောက်ပြီ ဖြစ်သည်။ စာမလာ သတင်းမကြားနဲ့ အိမ်နီးချင်းနိုင်ငံကိုသာ သင်္ဘောကြီး ရောက်လာပြီး ပြန်တောင်သွားပြီ ဖြစ်သည်။ အမေရိကားရောက်နေတဲ့ လူတစ်သိုက် မြန်မာပြည်လိပ်စာများ မပေး လိုက်ကြသလားဟု ဒေါသထွက်မိသေးသည်။ ထားပါတော့လေ အိမ်နီးချင်းနိုင်ငံကလူတွေ အမေရိကန်စစ်သားတွေကို ကြိုဆိုကြတဲ့ မြင်ကွင်းက စည်းကမ်းမရှိသလို မြင်မိသည်။ တချို့အနှိပ်ခန်းက ကောင်မလေး တွေကလည်း လာကြပါ၊ ဝင်ကြပါ၊ အညောင်းဖြေကြပါ ဆိုပြီး အော်ဟစ်ခေါ်ကြသည်။ ဟိုတယ်၊ မိုတယ် တွေမှာလည်း ပျိုကညာလေးတွေက တည်းဖို့ခိုဖို့ အော်ဟစ်ကြသည်။ ထို့နည်းတူစွာပင် စားသောက်ဆိုင်တွေ၊ ဘားတွေကလည်း  အော်ကြ၊ ဟစ်ကြ၊ ခေါ်ကြသည်။ ဒီမြင်ကွင်းကို ကြည့်ပြီး ပြည်တွင်းခရီးစဉ် တစ်ခုတောင် သတိရမိသေးသည်။ ခရီးသည်တွေ ဆိုင်ရှေ့က ဖြတ်သွားရင် ‘လာလေ ထမင်းစားလို့ ရတယ်လေ၊ တည်းလို့ရတယ်လေ၊ ထမင်းစားရင် တည်းခိုခန်းခ ပေးစရာ မလိုဘူးလေ’ဆိုပြီး ကောင်မ လေးတွေ အုပ်စုလိုက်ကြီး ဝိုင်းခေါ်ကြတာတောင် သတိရမိသေးသည်။
    ပြောချင်တာက အိမ်နီးချင်းနိုင်ငံ စည်းကမ်းမရှိတာကို ပြောချင်သည်။ ဒီလို စည်းမရှိ ကမ်းမရှိ လုပ်နေကြတာကိုလည်း သတိပေးတားမြစ်မည့်သူ မရှိတာ ပိုလို့တောင် အံ့သြမိသေးသည်။ ထူးမြတ်တို့နိုင်ငံမှာဆိုရင် UN တပ်တွေလာရင်၊ အမေရိကန်တပ်တွေလာရင် ဘယ်လိုကြိုရမယ်ဆိုတာ ကြိုသတိပေးထားကြသည်။ အဲဒီလို တပ်တွေဝင်လာရင် သပြေပန်းတွေနဲ့မကြိုဖို့၊ ပန်းကုံးတွေ မစွပ်ဖို့၊ အော်ဟစ်ကြိုဆိုတာ မျိုး မလုပ်ဖို့ သတိပေးထားသည်။ သူတို့ မစ်ရှင်နဲ့သူတို့လာတာဆိုတော့ အချိန်တန်ရင် သိသင့်သိထိုက်တာတွေ ပြောပြမယ်ဆိုတာမျိုးအထိတောင် သတိပေးထားသည်။ ခုတော့ အိမ်နီးချင်းနိုင်ငံက အတော်လေး စည်းကမ်းမရှိတာ တွေ့ရသည်။ အော်ဟစ်ကြိုဆိုကြသည်။ အမေရိကန်တပ်ထဲမှာ ထိုင်းလူမျိုးအမေ ရိကန်စစ်သားတွေ ပါလာမှာမို့ အချိန်တန်ရင် သိသင့် သိထိုက်တာတွေ ပြောပြမယ့်လူ မပါလာတာကြောင့် ထင်သည်။ မြင်မကောင်းအောင် အော်ဟစ်ကြိုဆိုကြသည်။ ခုတော့လည်း အဘိုးမျှော်ခဲ့သည့် အမေရိကန် စစ်သင်္ဘောကြီးကတော့ အိမ်နီးချင်းနိုင်ငံဆီ ရောက်သွားပြီး ဒေါ်လာတွေ သန်းနဲ့ချီ သုန်းဖြုန်းကာ ပြန် လှည့်ထွက်သွားခဲ့သည်။ ထူးမြတ်တို့ဆီက အမေရိကားသွားပြီး တပ်ကူခေါ်နေတဲ့ လူတစ်သိုက်လည်း လိပ်စာမေ့နေကြသလား၊  ဒါမှမဟုတ် ဟိုမှာပဲ အိမ်ထောင်ရက်သားကျပြီး လမ်းပျောက်နေကြသလား မသိပေမယ့် ရန်ကုန်မြစ်ဝမှာတော့ သင်္ဘောကြီးအရိပ်တောင် မမြင်လိုက်ရချေ။ အမေရိကန်တို့၊့ တပ်တို့ဆိုတာနှင့် ကယ်တင်ရှင်လိုလို၊ ချိုချဉ်ဝယ်ကျွေးမယ့် သူတို့အမေ နောက်ယောကျ်ားလိုလိုနှင့် ငါးနှစ်၊ ခြောက်နှစ်မက မျှော်ခဲ့ကြသည့် ပွဲကြည့်ပရိသတ်ကြီးလည်း မချိတင်ကဲ ဖြစ်နေကြမည်။ ကွယ် လွန်သူ အဘိုးသာ သက်ရှိထင်ရှား ရှိသေးရင်တော့ ရေဒီယိုကြီး တကျွိကျွိဖမ်းရင်း “ငါ့မြေးလေး စစ် သင်္ဘောကြီးကတော့ ဟိုဘက်နိုင်ငံမှာ အနှိပ်ခံနေပြီတဲ့ဟေ့ပြီးရင် တို့ဆီလှည့် လာမယ်ထင်တယ်”လို့ အာပေါင်အာရင်းသန်သန် ပြောမှာ မြင်ယောင်မိတော့သည်။ ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 34

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65458

© 2022 - 2026 News. All Rights Reserved.