၂၀၂၆ ၊ မေ ၃
မန္တလေးမြို့၏ နံနက်ခင်း နေရောင်ခြည်နုနု လေးအောက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ရေးပြကွင်းအတွင်း တပ်ဆင်ထားသည့် တံဆိပ်မတူညီကြသည့် ယူနီဖောင်းများ ဝတ်ဆင်ထားသော လူငယ်လူရွယ်များ ပျားပန်းခပ် သွားလာနေကြသည်။ အားလုံး၏မျက်နှာက ပျော်ရွှင်မှု အရိပ်အယောင်များ အထင်းသား မြင်တွေ့နေရသည်။ အချို့ကလည်း မိသားစုတွေဆီကို ပြန်ရတော့မည်ဟူသော ပျော်ရွှင်မှု၊ အချို့က လည်း မိဘတွေနဲ့ အတူနေရတော့မည်ဟူသည့် ပျော်ရွှင်မှုများဖြင့် စစ်ရေးပြကွင်းအတွင်း ဟိုတစ်စုဒီတစ်စု ဝိုင်းဖွဲ့သွား လာနေကြသည်။ 'နိုင်ငံ တော်၏ သဘောထားအမှန်ကို သိရှိပြီး လက်နက်ချ အလင်းဝင်ရောက်လာသူများအား မိဘများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနား'ကို သတင်းသွားရောက်ယူခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပသည့် အခမ်းအနားတွင် လူငယ်စုစုပေါင်း ၅၁၇ ဦးက လက်နက်ချ အလင်းဝင်ခဲ့သည်။ ထူးခြားချက်အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် TNLA နှင့် AA အဖွဲ့တို့မှ အလင်းဝင်ရောက်လာကြသူများ ပါဝင်ပြီး PDF အမည်ခံ နာမည် မျိုးစုံပေးထားသော အဖွဲ့အစည်း ၄၈ ဖွဲ့မှ လူငယ်များ လည်း ပါဝင်ခဲ့သည်။ လူဦးရေအများဆုံး အလင်းဝင်ရောက်သည့် အဖွဲ့မှာ MDY PDF အဖွဲ့မှ လူငယ်များဖြစ် ပြီးစုစုပေါင်း ၁၀၉ ဦးအထိရှိကြောင်း တွေ့ခဲ့ရသည်။ ယခုတစ်ကြိမ် အလင်းဝင်ရောက်မှုနှင့် ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က အလင်းဝင်ရောက်သူ ၅၀၆ ဦးနှင့် ပေါင်း၍ တွက်ချက်ပါက တစ်လဝန်းကျင် ၁၀၂၃ ဦးအထိ အလုံးအရင်းဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ကို တွေ့မြင်ရသည်။
"အလင်းဝင်လာတဲ့ လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို ပြောပြမယ် ညီလေး"တပ်မတော် အဆင့်မြင့်အရာရှိကြီးတစ်ဦးက သတင်း သမားဖြစ်သူ ကျွန်တော့်ကို စကား စလာသည်။ "ခုအလင်းဝင် လာတဲ့ လူငယ်တွေထဲမှာ လူငယ်တစ်ယောက် ပါလာတယ်။ သူတို့ မိသားစုအဖြစ်က ပထမတော့ PDF အဖွဲ့တွေက သူတို့ ရဲ့အဖေဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ပြီး တော့ သိန်းပေါင်းနှစ်သောင်းနဲ့ ရွေးခိုင်းတယ်။ သူတို့မိသားစုက အတန်အသင့် ပြေလည်တယ်ဆိုပေမယ့် သိန်းနှစ်သောင်းဆိုတဲ့ ငွေကြေးက အရမ်းများနေတော့ သူတို့ အဖေကိုတော့ မခေါ်ပါနဲ့ PDF အဖွဲ့ထဲမှာ လူလိုရင် ညီအစ်ကိုသုံးယောက်လုံး လိုက်ပါမယ်ဆိုပြီး ပြောတော့ တစ်ဖက်က လက်ခံသွားပြီး သူတို့အဖေကို ပြန်လွှတ်ပေး တယ်။ နောက်ပြီး သူတို့ ညီအစ်ကိုတွေအပြင် သူတို့မိသားစုပိုင် လယ်ထွန်စက်လေးစီးကိုလည်း ယူဆောင်သွားခဲ့တယ်။ အကြီးဆုံး အစ်ကိုကြီးကတော့ တိုက်ပွဲမှာ သေဆုံးသွားတယ်။ ဒီဖြစ်ရပ်ကို ကြောက်လန့်ပြီး ညီဖြစ်သူက ထွက်ပြေးသွားတယ် ခုထိ ရှာမတွေ့ဘူး။ အလတ်ကောင်လေးကတော့ ချိတ်ဆက်ပြီး ခုအလင်းဝင် လာ တယ်။ မိဘတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်"ဟု စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်ကို ပြောပြသည်။ ထိုဖြစ်စဉ်အရ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အဓမ္မ လူသစ်စုဆောင်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို အနိုင်ကျင့် ယူဆောင်ခြင်းနှင့် ပြန်ပေးဆွဲ ငွေညှစ်ခြင်း အစရှိသော လုပ်ဆောင်ချက်များ လုပ်ဆောင်နေကြောင်း သိသာစေသည်။ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကြောင့် လူငယ်လူရွယ်အချို့ အကျိုးမဲ့ အသက်ပေးခဲ့ရ သလို မိသားစုများလည်း တကွဲတပြား ဖြစ်စေခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပုံစံတူ ဘဝတူပေါင်းများစွာ အလင်းဝင်လာသော လူငယ်များတွင် ပါဝင်လာနိုင်သည်။ ထိုနေ့က အလင်းဝင်ရောက်လာသော လူငယ်များစွာနှင့် စကားစမြည် ပြောဆိုရာတွင် အများစုမှာ တော်လှန်ရေး ဆိုခြင်းထက် အဖော်ကောင်း၊ အဆွယ်ကောင်းသဖြင့် အကြမ်းဖက် အဖွဲ့အစည်းအသီးသီးကို ရောက်ရှိသွားခဲ့ ကြခြင်းဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရသည်။ "သမီးက သူငယ်ချင်းတွေခေါ်လို့ တောထဲမှာ အဆင် ပြေတယ်၊ လူငယ်တွေအများကြီးပဲ ပျော်စရာကောင်းတယ်ဆိုပြီး မိဘတွေနဲ့ အဆင်မပြေတဲ့ အချိန်ဆိုတော့ သူတို့နောက် လိုက်သွားခဲ့တယ်။ တကယ်တမ်းကြတော့ သူတို့ပြောတာနဲ့ တခြားစီပဲ။ သင်တန်းတက်နေတဲ့အချိန်မှာ ထမင်းတောင်ငတ်တဲ့နေ့တွေ အများကြီးပဲ။ ဖုန်းထဲက သတင်းတွေ ကြည့်ရတဲ့အချိန်မှာတော့ တော်လှန်ရေးလုပ်နေပါ တယ်ဆိုတဲ့လူတွေအားလုံးက နိုင်ငံခြားမှာ နေကြ တယ်။ သမီးတို့ကြတော့ တောထဲမှာ စားစရာမရှိဘူး။ ဒီလိုနဲ့ကြာရင် ငါသေတော့မှာပဲ။ ကိုယ့်အသက် ကိုတော့ သူများအတွက် အသေမခံနိုင်ဘူးဆိုပြီး ရွာကို ခိုးပြီးပြန်လာတယ်။ ရွာလည်းရောက်ရော အမေက သမီးကိုရွာမှာရှိတဲ့ တပ်မတော်က ဗိုလ်ကြီးတစ်ယောက်ဆီ ပို့ပေးတယ်။ သမီးလည်း သူတို့ဆီပြန်မသွား ချင်တော့ဘူး၊ သမီးအ လင်းဝင်မယ်ဆိုပြီး အလင်းဝင်လာတာပါ။ သမီးလို ဘ၀တူ မိန်းကလေးတွေလည်း အများကြီးပါ။ သူတို့လည်း အိမ်ပြန်ချင်နေကြပြီ"ဟု မန္တလေး PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူ အမျိုးသမီးငယ်တစ်ဦးကပြောသည်။
အချို့လူငယ်များထံမှလည်း တော်လှန်ရေး ဆိုသည်မှာ ခေါင်းဆောင်အချို့က ကိုယ်ကျိုးစီးပွားအတွက် ဟန်ပြလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့ယုံကြည်ခဲ့သည့် တော်လှန်ရေးမှာ အတုသာဖြစ်ကြောင်း ပြောဆိုကြသည့် မှတ်ချက်များ ကြားသိခဲ့ရသည်။ "ဘာတော်လှန်ရေးမှ မဟုတ်ဘူး အစ်ကို၊ အပေါ်ပိုင်းကကောင်တွေ အကျိုးစီးပွားအတွက် တော်လှန်ရေးဆိုတာကို ဗန်းပြကြတာ။ ကျွန်တော်ဆိုရင် မြို့သိမ်းတိုက်ပွဲတွေမှာ ပါခဲ့တယ်။ အသက်နဲ့ရင်းပြီး လုပ်ခဲ့တယ်။ ကျွန်တော်ဒဏ်ရာရလို့ နောက်တန်းပြန်ချိန်မှာ သိလိုက်ရတာက ခေါင်းဆောင်အချို့ဟာ သူတို့ စိုးမိုးထားပါတယ်ဆိုတဲ့နေရာတွေက သယံဇာတတွေကို ခိုးယူကြတယ်။ ပြည်သူတွေက ကန့်ကွက်ရင် လက်နက်ပြခြိမ်းခြောက်တယ်။ ပြည်သူတွေက မခံမရပ်နိုင် ဖြစ်လို့ တုံ့ပြန်လာရင် ပြည်သူတွေကို လက်နက်နဲ့သတ်ဖြတ်တယ်။ ပြည်သူ့ကာကွယ်ရေးဆိုပြီး ပြည်သူ တွေကို အနိုင်ကျင့်နေတာ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါကြောင့် ဒါဟာ တော်လှန်ရေးအတုပဲ။ ငါတို့ အသက်တွေဟာ ဘယ်သူ့အတွက်မှ အလကား မပေးနိုင်ဘူး၊ အသေမခံနိုင်ဘူး။ အချိန်ရှိတုန်း ငါ့အမေ ဆီပြန်မယ်ဆိုပြီး ကျွန်တော် နီးစပ်ရာတပ်စခန်းကို လက်နက်နဲ့အတူ အရောက်သွားတယ်။
ကျွန်တော်ထင်တာက ငါ့ကိုရိုက်နှက်ပြီး အချုပ်ထဲပို့မလားပေါ့။ ဟိုလည်းရောက်ရော ဗိုလ်ကြီးဆိုတဲ့ အစ်ကိုတစ်ယောက်က ထမင်းမစားရသေးဘူး မဟုတ်လားဆိုပြီး ထမင်းအရင် ခူးကျွေးတယ်။ ကျွန်တော် ထင်မထားတဲ့ ကြိုဆိုမှုကို ရခဲ့တယ်။ ကျွန်တော့်မိသားစုကို ဆက်သွယ်ပြီး ကျွန်တော် အလင်းဝင်လိုက်ပြီလို့ ပြောပြတော့ အမေတို့ ဝမ်းသာကြတယ်။ ကျွန်တော် ဒီတစ်ခါတော့ ရွေးချယ်မှု မှန်သွားပါပြီ"ဟု သပိတ်ကျင်း PDF အမည်ခံအဖွဲ့မှ အလင်းဝင်ရောက်လာသူ လူငယ်တစ်ဦးက ၎င်း၏အတွေ့ အကြုံကိုပြောပြသည်။
အလင်းဝင်ရောက်လာမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အဓမ္မ လူသစ်စုဆောင်းခြင်းကို ခံခဲ့ရသည့် လူငယ်များလည်း ပါဝင်လာခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း AA ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကြောင့် တိမ်းရှောင်ခဲ့ရသော ဒေသခံတိုင်းရင်း သားလူငယ်များကို ဖမ်းဆီး၍ ၎င်းတို့၏ အကြမ်းဖက်သင်တန်းကျောင်းများသို့ ပို့ဆောင်ကာ စစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရသူတစ်ဦးနှင့် လည်း ဆုံတွေ့ခဲ့ရသည်။ "ကျွန်တော်က AA တွေ တိုက်ပွဲဖန်တီးလာတော့ မိသားစုနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့တယ်။ ရိုးမကို ရက်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့ရတယ်။ ကံဆိုးချင်တော့ လမ်းမှာ AA စစ်သားတွေနဲ့ဆုံတော့ တိမ်းရှောင်တဲ့အဖွဲ့က အမျိုးသားတွေအကုန်လုံးကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို အဆင့်ဆင့် ပို့ ဆောင်ပြီး သူတို့ရဲ့ သင်တန်းကျောင်းတွေကို ခေါ်သွားကြတယ်။ သင်တန်းဆင်းပြီးတော့ ကျွန်တော်တို့ကို တစ်နေရာ ထပ်ခေါ်သွားတယ်။ ရှေ့တန်းတစ်နေရာပေါ့။ ကျွန်တော်သိတဲ့အချိန်မှာ ရောက်နေတဲ့နေရာက တပ်မတော်နဲ့ သိပ်မဝေးတော့ဘူးဆိုတာကို သိရတယ်။ ဒါကြောင့် ငါတို့ တပ်မ တော်ရှိတဲ့နေရာကို ပြေးကြမယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး သူတို့လစ်တဲ့အချိန်ကို စောင့်ပြီး တပ်မတော်ရှိတဲ့နေရာကိုလာပြီး အလင်းဝင်ခဲ့ကြတာပါ။ ကျွန်တော်တို့လို အဓမ္မစစ်မှုထမ်းရတဲ့ ရခိုင်တိုင်း ရင်းသားတွေအများကြီး ရှိပါတယ်။ ကျွန်တော် ခုချိန်မှာ အဖြစ်ချင်ဆုံးက မိသားစုနဲ့တွေ့ချင်တယ်။ ကျွန်တော့်မိသားစုဆီ အရောက်ပြန်မှာပါ"ဟု အဓမ္မလူသစ်စုဆောင်းခံရသူ ရခိုင်လူငယ်တစ်ဦးက ပြော ကြားသည်။
ထိုဖြစ်ရပ်နှင့်ဆင်တူစွာ TNLA ၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲတွင် မိုးကုတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အဓမ္မ လူသစ်စုဆောင်းခံရသူ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးကလည်း "ကျွန်တော်တို့ရွာကို TNLA ရောက်လာပြီး ရွာက ယောကျ်ားလေးမှန်သမျှ တစ်အိမ်တစ်ယောက် TNLA ထဲ ဝင်ရမယ်ဆိုပြီးခေါ်တယ်။ ကျွန်တော်က ငယ်သေးတော့ မလိုက်ချင်ဘူးလို့ ပြောလို့လည်းမရဘူး။ အတင်းဖမ်းဆီး ခေါ်ဆောင်သွား တယ်။ ပြီးတော့ TNLA ယူနီဖောင်းဝတ်ပြီးတော့ ကင်းစောင့်ခိုင်းတယ်။ တချို့ ပညာတတ်တဲ့လူတွေကို ရုံးပိုင်းထားကြတယ်။ အားလုံးလိုလိုက ဒေသခံရွာသားတွေဆိုတော့ TNLA ထဲကို ဝင်ချင်လို့ဝင်တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့နဲ့လည်း လူမျိုးမတူဘူး။ အတင်းခေါ်လို့ လိုက်သွားရတာ။ အခက်အခဲက တော့ အများကြီးပေါ့လေ။ ကျွန်တော်တို့ စားရေးသောက်ရေးတွေ ခက်တယ်။ အရမ်းပင်ပန်းတယ်။ နောက်ပြီး လက်နက်မကိုင်ဖူးတော့ ကြောက်တယ်။ ဒါနဲ့ပဲ သင်္ကြန်ရောက်တော့ ရွာကိုပြန်ချင် တယ်ဆိုပြီး ခွင့်တောင်းတယ်။ ပြန်လာရမယ်။ ပြန်မလာရင် ဘာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကျွန်တော်ပြန်လာပြီး မိဘတွေကိုခေါပြီး တပ်မတော်နဲ့ဆက်သွယ်ပြီး အလင်းဝင်လာတာပါ"ဟု ပြောကြားသည်။
အလင်းဝင်အခမ်းအနားတွင် လူငယ်များ၏ပြောကြားချက်များကို လေ့လာရာတွင် အလင်းဝင်ရန် အားလုံးက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်လာခဲ့ကြသည်ကို တွေ့မြင်ရသည်။ အစိုးရနှင့်တပ်မတော်အပေါ် ယုံကြည်ချက်အပြည့်ဖြင့် ဝင်ရောက်လာခဲ့ပြီး နိုင်ငံတော်၏ ကြိုဆိုမှုအပေါ် အံ့သြနေကြပြီး ၎င်းတို့ကြားသိထားသည့် သတင်းမှားများနှင့် များစွာကွဲလွဲနေသည်ကို ထုတ်ဖော်ပြောဆိုကြသည်။ အလင်းဝင်ရောက်မှု သတင်းထုတ်ပြန်ချက်များအပေါ် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြ သူများက အလင်းဝင်ရောက်လာကြသူများမှာ အစစ်အမှန် မဟုတ်ကြောင်း ဝေဖန်ရေးသားကြသော်လည်း လက်တွေ့တွင် TNLA အဖွဲ့အစည်းအသီးသီးက လူငယ်များ ထွက်ပြေးအလင်း ဝင်မှုများ ခပ်စိတ်စိတ် ဖြစ်လာသည့် သတင်းများက ခိုင်မာသော ဖြေရှင်းချက်များ ဖြစ်နေသည်။
အချို့ပြည်သူများကလည်း PDF လူငယ်များ အလင်းဝင်ရောက်လာမှုနှင့် အစိုးရ၏ သဘောထားကြီးမှုများအပေါ် အနည်းငယ် ဝေဖန်ပြောဆိုကြသည်။ အကြောင်းအရင်းက ၂၀၂၁ ခုနှစ် နိုင်ငံရေး အလှည့်အပြောင်းအပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း အသီးသီးက အပြစ်မဲ့ ပြည်သူပေါင်းများစွာကို ခေါင်းစဉ်တပ် စွပ်စွဲချက်ပေါင်းများစွာဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို မေ့မရနိုင်သေး၍ ဖြစ်သည်။
ယခုကာလသည် ပုဂ္ဂလိက ခံစားချက်များထက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုလုပ်ဆောင်ရမည့်ကာလဖြစ်သည်။ ရန်ငြိုးအာဃာတနှင့် လက်တုံ့ပြန်မှုများက လူ့အဖွဲ့အစည်းကြား မည်သည့်အကျိုးအမြတ်မှ ရှိမည်မဟုတ်ဘဲ သမိုင်းဆိုးများကိုသာ လက်ဆင့်ကမ်းရမည်ဖြစ်သည်။ လူငယ်အများစုမှာ ၎င်းတို့၏ တဒင်္ဂစိတ်ခံစားမှုနောက်ကို လိုက်၍ လမ်းမှားသို့ ရောက်ရှိခဲ့ကြပြီးနောက် အမှားကိုသိ၍ အမှန်ပြင်ဆင်သည့်အချိန်တွင် ပြည်သူများ၏ သဘောထားကြီးမှုဖြင့် လူ့အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့စေရေး ကြိုဆိုရမည်သာဖြစ်သည်။ လူငယ်များ၏ နောင်တ တစ်ပွေ့တစ်ပိုက်နှင့် အိမ်ပြန် ခရီးတွင် ပြည်သူများ၏ နားလည်လက်ခံမှုနှင့် ကြိုဆိုမှုက များစွာလိုအပ်နေပြီဖြစ်သည်။ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်ကလည်း လူငယ်များ ငြိမ်းချမ်းရေးအတွက် လာရောက်ကြဖို့ သဘောထားကြီးစွာ ဖိတ်ခေါ်ရခြင်းမှာလည်း မလိုလားအပ်ဘဲ လူသားအရင်း အမြစ်များဖြစ်သည့် လူငယ်ထုအပေါ် စိုးရိမ်စိတ်ကြောင့် ဖြစ်သည်။ သူတစ်ပါး၏ အသုံးချခံဖြစ်နေသည့် လူငယ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဓမ္မလူသစ်စု ဆောင်းမှုကိုခံခဲ့ရသည့် လူငယ်များသည် တိုင်းပြည်အနာဂတ်အတွက် မရှိမဖြစ်သော အင်အားစုများပင် ဖြစ်သည်။ ခဏတာအမှားကြောင့် တစ်ဘဝစာ ပေးဆပ်ရန် မလိုအပ်သော လူငယ်များ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။
အလင်းဝင်ရောက်ခြင်း အခမ်းအနားအပြီး နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားကို တွေ့မြင်ခဲ့ရသည်။ အခမ်းအနားအပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးတို့မှ မိသားစုဝင်များကို လိုက်လံ နှုတ်ဆက်ခဲ့သည်။ အလင်းဝင် ရောက်လာသည့် လူငယ်များကို လိုက်လံတွေ့ဆုံရာတွင်လည်း ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လူငယ်များ၏တစ်ဦးချင်း အသက်အရွယ်များကို မေးမြန်းခဲ့ကြသည်။ အသက်(၁၇)နှစ်မှ (၁၉)နှစ်အထိ လူငယ်များကို နောက်ဆုံး တက်ရောက်ခဲ့သော အတန်းများ မေးမြန်းခဲ့ကြသည်။ လာမည့် ကျောင်းဖွင့် ရာသီတွင်လည်း ကျောင်းများ ပြန်လည်တက်ရောက်ရန် ပညာသင်အခွင့်အလမ်းများဖြင့် ပညာတတ် လူငယ်များ ဖြစ်စေရန် တိုက်တွန်းခဲ့သည်။ အသက် (၂၀) ကျော်လူငယ်များကိုလည်း နေရပ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၏ အခြေအနေကို မေးမြန်းခဲ့ကြသည်။ နေရပ်ပြန်၍ အလုပ်အကိုင်များ မရှိပါက မန္တလေးတိုင်း ဒေသကြီးအတွင်း၌ပင် အလုပ်အကိုင် အခွင့်အလမ်းများ ရှိကြောင်း၊ ချိတ်ဆက်၍ အလုပ်ရရှိ ရေး ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။ လူငယ်များ စဉ်းစားတွေးခေါ်တတ်ပြီး အမှားအမှန်ကို ခွဲခြားသိမြင်စေရန်၊ ပညာတတ်လူငယ်များ ဖြစ်စေရန် စေတနာဖြင့် ပညာ ဆက်လက်ဆည်းပူး သင်ယူရေး တိုက်တွန်း ခဲ့သည်။ တစ်ဖက်တွင်လည်း လူမှုပတ်ဝန်းကျင်နှင့် အမြန်ဆုံးအသားကျပြီး ဝင်ငွေဖြင့် ရပ်တည်နိုင်သော လူငယ်များဖြစ်စေရန် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေပေးမည်ဟု နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားကြီးမှုများကို ပြသခဲ့ကြသည်။
နိုင်ငံတော်သမ္မတကြီး၏ လူငယ်များအပေါ် သည်းခံခွင့်လွှတ်စိတ်ဖြင့် ငြိမ်းချမ်းရေးအတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ချက်အပြီး ဆက်တိုက်ဆိုသလို လူငယ်များ အမှားပြင်ဆင်ချက်များ ခပ်စိတ်စိတ် ဖြစ်လာခဲ့သည်ကို တွေ့မြင်ရသည်။ ဧပြီ ၂၆ ရက်တွင်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင်လည်း လူငယ်အမျိုးသား ၆၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်ရောက်လာပြီ ဖြစ်သည်။ လူငယ်များ၏ အလင်းဝင်ရောက်မှုများကို ထောက်ခံကြိုဆိုရမည်ဖြစ်သည်။ အနာဂတ်ရှိသော လူငယ်ထု၏ အနာဂတ် မျှော်မှန်းချက်များသည် လက်နက်ကိုင်နယ်မြေများတွင် ပေါ်ထွန်းလာမည် မဟုတ်သလို၊ အကြမ်းဖက်အဖွဲ့အစည်း ခေါင်းဆောင်များ၏ အသုံးချခံများအဖြစ် နေထိုင်၍ အနာဂတ်မျှော်မှန်းချက်များဖြစ် လာနိုင် မည်မဟုတ်ချေ။ ထို့ကြောင့် လူငယ်များအနေဖြင့် အစိုးရ၏ သဘောထားကြီးစွာ ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေးလက်များကို အမိအရ ဖမ်းဆုပ်ကိုင်၍ မိမိတို့ မျှော်မှန်းထားသည့် အနာဂတ်များကို ဥပဒေဘောင်အတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချရန် တိုက်တွန်းလိုပါသည်။ အလင်း၏ အရသာသည် အ မှောင်ကမ္ဘာ ရောက်ခဲ့ဖူးသူက ပိုမို သိရှိနိုင်မည်ဖြစ်သည်။ ဥပဒေဘောင်အတွင်း လုံခြုံစိတ်ချရသော လူမှုဘဝဖြင့် ဖြတ်သန်းလိုကြသည့် အမှောင်အတွင်းမှ လူငယ်များအနေဖြင့် မရေရာသော စမ်းတဝါးဝါး လျှောက်လှမ်းနေသော ခြေလှမ်းများကို ချက်ချင်းရပ်တန့်၍ အလင်းဝင်ရောက် ကြရန်လည်း တိုက်တွန်း လိုပါသည်။ သို့မှသာ သူတစ်ပါး အသုံးချခံနေရသည့် ဘဝများမှ ကိုယ်ပိုင်အနာဂတ်များကို ပုံဖော် ဖန်တီး နိုင်သော ဘဝအစစ်များကို ရရှိခံစားရ မည်ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )