အာရှလမ်းမပေါ်က ငြိမ်းချမ်းရေး အတွေးစများ

၂၀၂၆ ၊ မေ ၂၄

    ]ငြိမ်းချမ်းရေး} ဆိုသည်မှာ စကားလုံးသုံးလုံး တည်းသာ ရှိသော်လည်း ယင်းစကားရပ်ကို တည် ဆောက်ရန် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အချိန်ယူနေရဆဲဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်အရေးကို ဖြေရှင်းရန် အစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့ထက်တိုင် အပြည့်အ၀ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း မရှိသေးသည်က တိုင်းပြည်နှင့်ပြည်သူ လူထု တစ်ရပ်လုံးအတွက် စိတ်မကောင်းဖွယ်ရာ ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ ]ငြိမ်းချမ်းရေး} အတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA လမ်းကြောင်း ပေါ်ပေါက်လာသည့်တိုင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုင်းပြည်မျက်နှာ၊ ပြည် သူလူထု၏ မျက်နှာထက် ကိုယ်ကျိုးစီးပွားများကိုသာ မျက်နှာမူနေဆဲ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး အဘယ်ကြောင့် အလှမ်းဝေးနေသည်ကို ထောက်ပြဝေဖန် ရလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ ကိုယ်ကျိုးစီးပွား ဖက်တွယ်ထားမှုက အဓိကကျ သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတည်းဟူသော ]ဒို့တာဝန်အရေးသုံးပါး}ကို ကာ ကွယ်စောင့်ရှောက်ရင်း အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍကို ဆက်လက်ထမ်းပိုး ဆောင်ရွက်နေရခြင်း ဖြစ်သည်။ထို့ကြောင့် ယနေ့ချိန်ထိ တပ်မတော်သည် မြန်မာနိုင်ငံ ရေးနယ်ပယ်တွင် နေရာယူထားရဆဲဖြစ်ပြီး ငြိမ်းချမ်းရေး မပီပြင်သည့် ကာလတစ်လျှောက်လုံးတွင် မြန်မာ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင် နေရမည်သာ ဖြစ်သည်။
    မေလ ၁၆ ရက် ကရင်ပြည်နယ်ဘက်သို့ ခရီး စဉ်စတင်ခဲ့သည်။ ကရင်ပြည်နယ်သည် သဘာဝတောတောင်များဖြင့် သဘာဝအရသာ မပျက်စီးဘဲ လှပနေဆဲ ပြည်နယ်တစ်ခုဟု တင်စားရမည်ဖြစ်သည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့ကို ဖြတ်ကျော်ပြီးနောက် ဘီးလင်း၊ သထုံမှ တစ်ဆင့် ဘားအံမြို့ကို စတင် ရောက်ရှိခဲ့သည်။ ဇွဲကပင်မြေ ဘားအံက မိုးရာသီတွင် အလှဆုံး ဖြစ်သည်ဟု ဒေသခံများ သတ်မှတ်ကြသည့်အတိုင်း ဘားအံမြို့က ထင်ရှားသည့် ဇွဲကပင်တောင် အလှတရားနှင့် အေးချမ်း သာယာသော မြို့ငယ်လေးတစ်မြို့အဖြစ် တည်ရှိနေ သည်။
    ဘားအံကို လာလည်ရင် မိုးရာသီက အကောင်းဆုံးပဲဗျ။ မေလကုန် ဇွန်လဆန်း၊ ဇူလိုင်လက လာလို့ အကောင်းဆုံးပဲလေ။ ထင်ရှားတဲ့ဂူတွေကို သွားလည်ကြတယ်။ ဇွဲကပင်တောင်ကို တက်ကြမယ်ဆိုရင် မိုးရာသီက အကောင်းဆုံးပဲ။ ခရီးသွားရတာ မပင်ပန်း ဘူးပေါ့ဗျာ။ ခုလတ်တ လောမှာတော့ ယိုးဒယားပစ္စည်းတွေ အဝင်ပိတ်ထားတော့ ယိုးဒယားဘက်က မှောင်ခိုလာတဲ့ မုန့်ကအစ ကျန်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေး အရမ်းတက်နေတယ်။ ကျွန်တော်တို့မြို့က အချိုမှုန့်ကအစ စားသုံးဆီအထိ ထိုင်းကပို့တာ အားထားစားရတာ။  နောက်ပြီး ထိုင်းကုန်စည်တွေကို လက်ခံ ဖြန့်ဝေရတဲ့မြို့ ဖြစ်တော့ အနည်းနဲ့အများ ထိခိုက်တာတော့ ရှိပါတယ်။ ကရင်ပြည်နယ်ကို ငြိမ်းချမ်းစေချင်ပြီဗျာ။ ဘားအံမြို့ ကိုလည်း ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်စေချင်ပြီ}} ဟု ဘားအံမြို့ခံတစ်ဦး၏ စကားသံကို ကြားသိခဲ့ရသည်။
    ကရင်ပြည်နယ် ခရီးစဉ်တစ်လျှောက်ထူးခြား ချက်များက လမ်းတစ်လျှောက် ခရီးသွားလုပ်ငန်းများကို အားထားနေရသည့် နာမည်ကြီးစားသောက်ဆိုင်ပေါင်းများစွာကို တွေ့မြင်ရသည်။ ဒေသခံပြည်သူလူထုက ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာချိန်ကို မျှော်၍ ခရီး သွားလုပ်ငန်းနှင့် ဆက်စပ်သော အခြေခံစီးပွားရေးလုပ် ငန်းများ ပြင်ဆင်ထားသည်ကို တွေ့မြင်ရသည်။ ထူးခြား ချက်မှာ ကရင်ပြည်နယ်သို့ သွားရောက်ရာ လမ်းမကြီးများမှာ လမ်းသားကောင်းမွန်ပြီး သက်သောင့်သက်သာ ခရီးသွားလာနိုင်သော လမ်းများဖြစ်သည်။ အချို့နေရာများတွင် အကြမ်းဖက်သောင်းကျန်းသူများ တူးဆွဖျက်ဆီးထားခြင်းကြောင့် လမ်းသားများ ပျက်စီးနေခြင်း၊ တိုက်ပွဲများအတွင်း တပ်မတော်စစ်ကြောင်းများ လာရောက်ချိန် နှောင့်နှေးစေရန် ရည်ရွယ်၍ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးထားသည်မှအပ သွားလာ ဆက်သွယ်ရေး ကောင်းမွန်သောလမ်းပိုင်း ဖြစ်သည်။ အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် ပျက်စီးသွားသော လမ်းတံတား၊ အခြေခံအဆောက် အအုံများကို ပြန်လည် ဖာထေးပြုပြင်ခြင်း၊ ဘေလီသံပေါင်တံတားများ ခင်းကျင်း၍ အများပြည်သူ သွား လာဆက်သွယ်ရေး လွယ်ကူစေရန် ဆောင်ရွက်ထားမှု ကိုလည်း မြင်တွေ့ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ မွန် ပြည်နယ်မှတစ်ဆင့် ကရင်ပြည်နယ်သို့ သွားရောက်သည့် လမ်းပိုင်းသည် အဆင့်မီ ကောင်းမွန်လှသည့် လမ်းပိုင်းများဖြစ်ပြီး ပြည်တွင်းဘုရားဖူးနှင့် အပန်းဖြေခရီးအတွက် ဘားအံမြို့အထိ ရန်ကုန်မှ ငါးနာရီခန့်သာ ကြာမြင့်သော ခရီးစဉ်တစ်ခု ဖြစ်သည်။
    ဘားအံမြို့အနီး ဒေသန္တရဗဟုသုတနှင့် လည် ပတ်စရာအကောင်းဆုံးနေရာများမှာ တောင်ဝိုင်းတောင်၊ ကြာအင်းတောင်၊ လွန်းညရေပြာအိုင်၊ ဆဒ္ဒန်ဂူ၊ ကော့က သောင်ဂူ၊ ရသေ့ပြန်ဂူ၊ ဘုရင့်ညီဂူ၊ ကော့ဂွန်းဂူ၊ ရွှေရင် မျှော်ဘုရား၊ နောင်လုံတောင်ကြား၊ ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်၊ ဘားအံညဈေးတန်း၊ ကျောက်ကလာပ် စေတီ၊ ထွန့်ပတိုင်ရေအိုင် အစရှိသည့် နေရာများဖြစ် သည်။
    ]]ကိုဗစ်မတိုင်ခင် ကာလတွေကဆိုရင် ထိုင်း နိုင်ငံဘက်ကနေ မြဝတီမြို့ကိုဖြတ်ပြီး ကျိုက်ထီးရိုးပြီးရင် ဘားအံကိုပြန်လာပြီး မြို့ပတ်ဝန်းကျင်ကို လာရောက် လည်ပတ်တဲ့ ပြည်ပခရီးသွား နှစ်သိန်း ပတ်ဝန်းကျင် လောက်ရှိတယ်။ နောက် ကိုဗစ်ဖြစ်တယ်၊ ပြီးတော့ နိုင်ငံရေးအလှည့်အပြောင်းနဲ့ နယ်မြေ မတည်မငြိမ်ဖြစ်တာ ကြောင့် ပြည်ပခရီးသွားတွေ မလာကြတော့ဘူး။ ပြည်ပ ခရီးသွားတွေဝင် ရောက်စဉ်တုန်းကတော့ ကျွန်တော်တို့ ဟိုတယ်တွေရော၊ ဒေသခံခရီးသွားလုပ်ငန်းရှင်တွေရော၊ ဒေသခံတွေရော အရမ်းအဆင်ပြေခဲ့တာပေါ့ဗျာ။ 
    နောက်ပိုင်းတော့ တော်တော်လေး အခက် အခဲဖြစ်ကြရတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး ပြည်တွင်းခရီးသွားတွေ ပြန်ဝင်လာကြတယ်။ နောက်ပိုင်း ဆက်တိုက်ဆို သလိုပဲ ၂၀၂၅ ခုနှစ်နဲ့ အခု ၂၀၂၆ မိုးရာသီအထိ ခရီးသွားတွေ မပြတ်တော့ဘူး။ ဘားအံဒေသကို ခရီးသွားရင် မိုးရာသီက အကောင်းဆုံးဆိုတော့ ခရီးသွားကားတွေ မိုးရာသီမှာ ဘားအံဒေသကို ခရီးစဉ်တွေဆွဲပြီး လာလည် ကြတယ်ဗျ။ နယ်မြေဒေသ တည်တည်ငြိမ်ငြိမ်နဲ့ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ လည်ပတ်လို့ကောင်းတဲ့ မြို့ပါပဲ}}ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
    ၂၀၂၁ ခုနှစ် နိုင်ငံရေးအလှည့်အပြောင်းကာ လအလွန်တွင် ဒေသတွင်း၌ အမည်အမျိုးမျိုးသော တိုင်း ရင်းသားလက်နက်ကိုင်ပေါင်းစုံ ကြီးစိုးလာသလို၊ ၎င်းင်းတို့ ၏ ဒေသတွင်းသို့ လာရောက်ခိုလှုံကြသည့် PDC အမည်ခံအကြမ်းဖက်အဖွဲ့များကြောင့် ဒေသသည် တိုက်ပွဲကြီးငယ်ပေါင်းများစွာဖြင့် ရုပ်ဆိုးအကျည်းတန်ခဲ့ရသည်။ လူ ငယ်အများစုမှာလည်း မြို့ရွာများကို စွန့်ခွာပြီး အလုပ် အကိုင်အခွင့်အလမ်းအတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ရာမှ ဒေသတွင်း လုပ်သားရှားပါးမှုကို ရင်ဆိုင်လာခဲ့ရသည်။ ]]အကြောင်းကြောင်းကြောင့် ဒေသတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေ များလာပြီး ဒေသခံတွေကို  လူသစ်စုဆောင်းမှာ စိုးရိမ်ပြီး လူငယ်တော်တော်များ များက ထိုင်းကို သွားကြတယ်။ ဒီတော့ ဘာဖြစ်လဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်သား ရှားပါးတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ရန်ကုန်အထိ လုပ်သားရှားပြီး အလုပ်အကိုင်ပေးရတယ်။ နောက်ပြီး ဟိုတယ်လုပ်သားတွေဆိုရင်လည်း ပုဂံ၊ မန္တလေးကနေ ခေါ်ယူထားရတယ်။ မြို့မှာ အဆောက်အအုံ ဆေးသုတ်ဖို့လူလိုရင်တောင် ရှာမရဘူး။ ခုတလောတော့ ဘားအံ ညဈေးဘက်မှာ ထိုင်းကနေ ပြန်လာကြတဲ့ အစား အသောက်ရောင်းချသူတွေကို တွေ့လာရတယ်။ သပ်သပ်ရပ်ရပ်နဲ့ ရောင်းချကြတဲ့ပုံစံတွေကို ကြည့်ရင် ပြည်ပကနေ ကိုယ့်အရပ်ဒေသကို ပြန်လာကြတာ သိ သာတယ်။ ဒေသငြိမ်းချမ်းပြီး အလုပ်အကိုင်အခွင့်အ လမ်းတွေ များရင်တော့ လူငယ်တွေပြန်လာကြမှာပါ}}ဟု အထက်ပါ ဟိုတယ်လုပ်ငန်းရှင်က ဒေသတွင်းလုပ်သား ရှားပါးမှုကို  ပြောကြားသည်။ ဆက်လက်၍ ဒေသတွင်းသို့ ပြည်ပခရီးသွားများ ပြန်လည် ဝင်ရောက်လာနိုင်မှု နှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများ၏ အခြေအနေကို အခြေခံကာ သုံးသပ် ပြောကြားမှုကိုလည်း ကြားသိခဲ့ရ သည်။
    ]]ကျွန်တော်တို့ကတော့ နယ်စပ် ဝင်ပေါက် ကနေ ပြည်ပခရီးသွားဝင်ရောက်မှုကို အဓိကမျှော်လင့် ထားတာပေါ့လေ။ အရင်ကလည်း ထိုင်းကတစ်ဆင့် ဝင် ရောက်ကြတာကိုး။ ထိုင်းလူမျိုးတွေလည်း ကျိုက်ထီးရိုးနဲ့ ဘားအံဒေသ ခရီးစဉ်တွေကို အရမ်းစိတ်ဝင်စားကြတယ်။ သူတို့ဘက်က ခရီးသွားလာရေး တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကိုယ်တိုင် လာရောက်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရင် ပြည်ပ ခရီးသွားတွေကို ဝန်ဆောင်မှုပေးချင်တဲ့ဆန္ဒ ရှိကြတယ်။ ကျွန်တော်တို့ကတော့ အာဆီယံဥက္ကဋ္ဌနေရာကို ၂၀၂၈ မှာ ထိုင်းက ယူမှာဆိုတော့ ၂၀၂၈ ကို အရမ်းမျှော်လင့်ထားတယ်။ ဒီဘက်ကနေလည်း ထိုင်းနိုင်ငံအတွင်း ခရီးသွား ဝန်ဆောင်မှုတွေ ပေးချင်တယ်။ ဒီဘက်ကလည်း ပြည်ပ ခရီးသွားတွေကို ဝန်ဆောင်မှုပေးဖို့ ထိုင်းနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်နှစ်ကို မျှော်လင့်ထားပါတယ်ဟု သုံးသပ်ပြောကြားသည်။
    မေလ ၁၇ရက် ဘားအံမြို့မှတစ်ဆင့် နယ်စပ် ဝင်ထွက်ပေါက် မြို့လေးဖြစ်သည့် မြဝတီမြို့ကို ခရီးဆက် ဖြစ်ခဲ့သည်။ မကြာသေးမီ လပိုင်းလောက်က ပြန်လည် အသက်ဝင်ခဲ့သည့် အာရှလမ်းမကြီးပေါ် အရောက်တွင် ငြိမ်းချမ်းရေး အတွေးစများက ပြန်လည်သက်ဝင် လှုပ် ရှားခဲ့သည်။ လမ်းတစ်လျှောက် တပ်မတော်က အပြည့်အ၀ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်ရာ လုံခြုံရေးအရ အ စစ်ဆေးခံပြီး အလွယ်တကူ သွားလာနိုင်ပြီ ဖြစ်သည်။လမ်းဘေးဝဲယာအချို့ နေအိမ် အဆောက်အအုံများကို အကြမ်းဖက်သောင်းကျန်းသူများ စစ်စခန်းနေရာများပြု လုပ်ခဲ့ကာ စစ်၏ အနိဋ္ဌာရုံကြောင့် ထိခိုက်ပျက်စီးမှု တွေ့ မြင်ရပြီး ဒေသခံပြည်သူများ မိမိနေရပ် ပြန်လာနိုင်ရေး  လိုလားတောင့်တနေကြမည်ကိုလည်း ခံစားသိရှိနားလည် ခဲ့ကြရသည်။ ထို့ကြောင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အင်အားပြည့် ဆောင်ရွက် နေ သည်ကိုလည်း တွေ့မြင်ရသည်။
    ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က ကရင်ပြည်နယ်၏အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက် စီးပွားရေးစင်္ကြံ
( Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင် ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အာရှလမ်းမကြီးသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အများဆုံးစီးဆင်းရာ တိုင်းရင်းသား ပြည်သူများ၏ အဓိက အသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ထိ ၁၆၅ ဒသမ ၃၆၀ ကီလိုမီတာ ရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများ တူးထုတ်ဖျက်ဆီး၍ လမ်းတံတားများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်း မှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောင့်ယှက် ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါမှသာ တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေကြသော အကြမ်းဖက် သောင်းကျန်းသူများကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုး မိုးမှု ပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြည်ထောင်စု၊ ပြည်နယ် ရန် ပုံငွေများဖြင့် ပြန်လည် ပြုပြင်ပြီးစီး၊ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်း မကြီး ဖွင့်လှစ်ခဲ့သည့်နေ့တွင် ဘားအံမြို့မှ မြဝတီမြို့သို့  သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်း တင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၂၆၉ စီး နှင့် မြဝတီမြို့မှ ဘားအံမြို့သို့ သွားရောက်ကြမည့် ခရီး သည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ် စီးကားများ စုစုပေါင်း ၃၇၁ စီး၊ ကားအစီးရေစုစုပေါင်း ၆၄၀ တို့သည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွား လာခဲ့ကြကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
    တစ်ရက်တာ ဖြတ်သန်းသွားလာမှု ယာဉ်အစီးရေအရ ယင်းလမ်းမကြီးသည် အများပြည်သူဖြတ်သန်း သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် မည်မျှအရေး ပါသည်ကို သိရှိရသည်။ မြဝတီမြို့ကို ရောက်ရှိပြီးနောက် မွန်းလွဲပိုင်းတွင် တစ်ဖက်နိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့ကို သွားရောက် လေ့လာဖြစ်ခဲ့သည်။ ပြည် ပြေးများ ပြည်တွင်းအကြမ်းဖက်မှုပေါင်းများစွာ ဖြစ်ပေါ် စေရန် သွေးထိုး လှုံ့ဆော်မှုပြုပြီး တတိယနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်မှုမပြုခင် ယာယီခိုလှုံခဲ့သည့် မြို့ ဖြစ်သည့် မဲဆောက်မြို့က မြန်မာနိုင်ငံသားပေါင်းများစွာ ကိုလက်ခံထားပြီး အလုပ်အကိုင် အခွင့်အလမ်းများပေး ထားသည့်မြို့ဖြစ်သည်။ လတ်တလောတွင် နှစ်ဖက်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ တရား ဝင်ဖြတ်သန်းသွားလာခွင့်ပြု လက်မှတ်များဖြင့် နှစ်နိုင်ငံ ပြည်သူများ ဖြတ်သန်းသွားလာနေကြပြီး အနည်းငယ် သော တစ်နိုင်ကုန်စည်စီးဆင်းမှုများ ရှိနေသည်။ သို့သော်လည်း နှစ်နိုင်ငံတရားဝင် ကုန်စည်စီးဆင်းမှု မပြု နိုင်ခြင်းကြောင့် ကုန်သွယ်ရေးဇုန်များမှာ ငြိမ်သက်နေဆဲဖြစ်သည်။ ဒေသခံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများအနေဖြင့် နှစ်နိုင်ငံအဆင့် တရားဝင် ကုန်သွယ်မှုကို မျှော်လင့်နေကြပြီး လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှု မရှိစေရေး၊ နိုင်ငံတော်အစိုးရအနေဖြင့် မကြာခင်အချိန်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကို ဖွင့်လှစ်မည်ဟု ယုံ ကြည်နေကြသည်။
    ]]ကုန်သွယ်ရေးလမ်းကြောင်း မဖွင့်တာက လည်းအရင်က ဒီကုန်သွယ်မှုကို အမှီပြုပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဏီၤ အဖွဲ့တွေက အကျိုးအမြတ် ရခဲ့ကြတယ်လေ။ တရားမဝင်ကုန်သွယ်မှုတွေကို အားပေးအားမြှောက်ပြုပြီး တောလမ်းတွေကနေ ဖြတ်သန်း သွားလာခွင့်ပြုခဲ့ကြတယ်။ ခုတော့ ကုန်စည်ခြောက်မျိုး အထိ ကုန်သွယ်မှုပြုဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်း နေကြတယ်လို့ ကြားပါတယ်။ မြန်မာလုပ်ငန်းရှင်တွေ အရမ်းအထိနာနေကြပြီလေ။ ကုန်သွယ်ခွင့်ကို စောင့် ရင်း ဟိုဘက်မှ ကုန်ပစ္စည်းတွေ ဂိုထောင်လိုက် တရား မဝင်ဆိုပြီး ဖမ်းဆီးခံရပြီး ဆုံးရှုံးရတယ်။ ထိုင်းဘက်ကလည်း ကုန်ပစ္စည်းဝယ်ယူပြီး ရက် ၃၀ အတွင်းတော့ မဖမ်းသေးဘူး စောင့်ကြည့်နေတယ်။ ရက် ၃၀ ကျော် တာနဲ့ ဝင်ဖမ်းကြတော့တာပဲ။ ကျွန်တော်တောင် ဟို တယ်လုပ်ငန်းသုံးပစ္စည်းတွေ ဟိုဘက်မှာ သောင်တင်နေတာကြာပြီ။ အဓိကကတော့ မြန်မာလုပ်ငန်းရှင်တွေ၊ သွင်းကုန်သမားတွေ အထိနာကြတယ်။ ဒါကြောင့် တရားဝင် ကုန်သွယ်ခွင့်ရရေး မျှော်လင့်နေကြတာပါ"ဟု မြဝတီမြို့ခံ ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
    မြဝတီမြို့က ယခင်ဆယ်စုနှစ်များကထက် အဆပေါင်းများစွာ တိုးတက်နေသည်ကို တွေ့မြင်ရ သည်။ မြို့တွင်းကို တရုတ်နိုင်ငံသားများစွာ ကြီးစိုးထားကြောင်း မြို့ခံများက မှတ်ချက်ပြုကြသည်။ အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုများ ပပျောက်ရေးအစိုးရက ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ကိုယ်ကျိုးစီးပွား ထိခိုက်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ "ဒီဒေသမှာ တိုက်ပွဲတွေရှိခဲ့ပေမယ့် အချို့ဒေသတွေလို ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ မရှိတာကို ထူးဆန်းစွာ တွေ့ရပါလိမ့်မယ်။ ဒါက ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်အဖွဲ့များပြီး သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ပြီး မြို့ရွာတွေမှာ တိုက်ကွက် မဖော်ကြလို့ပါဘဲ။ မြို့ထဲမှာတော့ တရုတ်လူမျိုးတွေ အရင်ကထက် ပိုများလာတယ်"ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။ လက်တွေလေ့လာမှုများအရ တရုတ်လူမျိုးများကို တွေ့မြင်ရသည်။ လတ်တလော ကုန်သွယ်မှု မပြုနိုင်သည့်ကာလတွင် ဘာသာခြား လူမျိုးများ တစ်နိုင်တစ်ပိုင် လိုင်စင်မဲ့ယာဉ်ငယ်များဖြင့် တရားမဝင် ကုန်သွယ်မှုပြုနေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ တိုင်းရင်းသားလက်နက် ကိုင်များ ကြီးစိုးရာ တောတွင်းလမ်းများကို အသုံးပြု၍ တရားမဝင်ကုန်သွယ်မှု အသေးစားများကို ပြုလုပ်နေကြ ခြင်းဖြစ်သည်။ ထို့အပြင် မြဝတီမြို့၏ တရားမဝင် လောင်းကစားလုပ်ငန်းများကလည်း တစ်နိုင်ငံသူ နိုင်ငံသားများအတွက် အပန်းဖြေစရာ နေရာများ ဖြစ်နေသေးသည်။ ကျဉ်းမြောင်းလှသော သောင်ရင်းမြစ် ကူးနေရာများက ညအချိန်တွင် ကူးလူးဆက်ဆံရာ နေရာများအဖြစ် ရှိနေဆဲဖြစ်ပြီး အွန်လိုင်းလောင်း ကစား ကျူပင်ခုတ်ရာတွင် ကျူငုတ်အချို့က ကျန်ရစ်နေသည်ဟု ယူဆမိသည်။
    အာရှလမ်းတစ်လျှောက် တွေးမိသည်က ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးအတွက်ပင် ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့ပေါင်းများစွာက နယ်စပ်စည်းမျဉ်း တစ်လျှောက် ကိုယ်ကျိုးစီးပွားအတွက် ခြေကုပ်ယူ ထားကြပြီး ငြိမ်းချမ်းရေးကို ငြင်းဆန်နေကြသည်က ထင်ရှားလှသည်။ ဒေသအကျိုး၊ ပြည်သူလူထု၏ အကျိုးစီးပွားများအတွက် ရှေးရှုပြီး နိုင်ငံတော်မှချမှတ်ထားသော ငြိမ်းချမ်းရေး လမ်းကြောင်းများပေါ်သို့ လျှောက်လှမ်းရန် သဘောထားဆန္ဒမှန်ဖြင့် တိုက်တွန်းလိုသည်။ သို့မှသာ ဒေသတွင်း ငြိမ်းချမ်းမှုအရသာ ကို အများပြည်သူ ခံစားရမည်ဖြစ်ပြီး နယ်စပ်ဒေသ ကုန်သွယ်မှုမှ တရားဝင်နိုင်ငံ ခြားဝင်ငွေဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များ ပြည်သူများ ခွဲဝေခံစားရနိုင်မည်ဖြစ်သည်။
    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဒေသတွင်း နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးသည် ပြည်တွင်းငြိမ်း ချမ်းရေးက ထပ်တူကြနေသည်ကို အာရှလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေစဉ် တွေးမိသည့် ငြိမ်းချမ်းရေးအတွေးအပိုင်းအစများကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက် ကိုင်များနှင့် နယ်စပ်တစ်လျှောက် သူတစ်ပါးအသုံးချခံ လူငယ်များ ထည့်သွင်းစဉ်းစားမိပါက ပြည်သူလူထု၏ ရင်တွင်းဆန္ဒကို သိရှိနားလည် နိုင်မည်ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 45

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62407

© 2022 - 2026 News. All Rights Reserved.