အောက်တန်းကျတဲ့ မီဒီညာများ

    ဒီရက်ပိုင်းအတွင်းမှာ NUG အပါအဝင် NUG လိုလားသူတွေ၊ မီဒီယာတွေအနေနဲ့ ရည်ရွယ်ချက်ရှိရှိ သူတို့အလိုရှိတဲ့ အခြေအနေတစ်ခုရောက်အောင် ဝါဒဖြန့် သတင်းထုတ်လွှင့်နေကြတာ တွေ့ရတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ကချင်ပြည်နယ်အတွင်းက KIA/ KPDF နဲ့ တပ်မတော်ရဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ကို ချီတက်တဲ့ခရီးစဉ်တိုက်ပွဲ၊  ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်က ဆောင်ရွက် နေတဲ့ ၄၉၂၆ စစ်ဆင်ရေး၊ တံတားဦးလေဆိပ်အတွင်းရှိ တပ်မတော်လေတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက် မှုဖြစ်စဉ်တွေကို အခြေခံပြီး အမှန်ကနည်းနည်း၊ လုပ်ကြံဝါဒဖြန့်တာကများများ လုပ်နေကြတာဖြစ်ပါတယ်။ 
    ပြည်ပမှာ အခြေစိုက်နေတဲ့ ပြည်ဖျက်အနောက်လက်ဝေခံ မီဒီယာတွေနဲ့ NUG အပါအဝင် ပြည်ပြေးအဖွဲ့တွေ ပုံစံတူ ဝါဒဖြန့်ပြောဆိုနေကြတာ တွေ့ရပါတယ်။ သတင်းတစ်ခုကို မှားမှန်းသိသိနဲ့ တစ်ပုံစံတည်း ထုတ်လွှင့်ပေးနေတဲ့ ရည်ရွယ်ချက်ကဘာလဲ။ ရှင်းရှင်းလေးပါ။ မီဒီယာသတင်းဌာနရဲ့ မဏ္ဍိုင်တာဝန်ကို ချိုးဖောက်ပြီး ဘက်တစ်ခုရဲ့ စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေး (Psychological Warfare) လုပ်နေ တာ ဖြစ်ပါတယ်။ သူ့ဘက်ကိုယ့်ဘက် လုပ်လေ့လုပ်ထရှိသလို လုပ်လည်းလုပ်နေကြတာ။ စစ်ရေးမှာ မှားတဲ့ကိစ္စတစ်ခု မဟုတ်ပေမယ့် မီဒီယာတစ်ခုအနေနဲ့တော့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ 
    Psychological Warfareကို များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် စစ်ဖြစ်နေတဲ့အခါမျိုးမှာ သုံးလေ့ရှိကြပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ကာလတွေမှာ အသုံးချကြသလို တိုက်ပွဲတွေမရှိတဲ့ စစ်အေးကာလတွေ မှာလည်း သုံးကြပါတယ်။ Psychological Warfare ဆိုတာ တိုက်ပွဲတွေမှာ လက်နက်အသုံးမပြုဘဲ လူတွေရဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်ဖို့၊ ထိခိုက်စေဖို့ သုံးတဲ့နည်းလမ်း တစ်ခုပါ။ တစ်ဖက်ရန်သူနဲ့ လူထုကို ကြောက်ရွံ့သွားအောင်၊ ေ၀ဝါးသွားအောင်၊ စိတ်ဓာတ်ကျဆင်း သွားအောင် ဆောင်ရွက်ပြီး သူတို့ဘက်ကို ထောက်ခံမှုရစေဖို့၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်လို ချင်သလို ပြောင်းလဲလာစေဖို့ ကြိုးစားတာဖြစ်ပါတယ်။  ဒီလိုဆောင်ရွက်လိုက်ခြင်းအားဖြင့် တစ်ဖက်ရဲ့ စစ်ရေးကို အားပျော့သွားစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 
    Psychological Warfareရဲ့ အသုံးချတဲ့နည်း လမ်းတွေကတော့ အဓိကအားဖြင့် ကိုယ်ပစ်ချင်တဲ့ပစ်မှတ်ကိုရောက်စေဖို့၊ အဲ့ဒီဧရိယာက ကိုယ့်ဝါဒဖြန့်မှုတွေကို လက်ခံသွားစေဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းကဆိုရင် လေယာဉ်ပေါ်ကနေ “မင်းတို့ရှုံးနေပြီ၊ လက်နက်ချလိုက်ပါ”ဆိုတဲ့ စာရွက်တွေ ကြဲချတာမျိုးဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ စစ်အေးကာလမှာတုန်း ကဆိုရင် အမေရိကန်ပြည်ထောင် စုနဲ့ ဆိုဗီယက်ယူနီယံတို့ တစ်ဖက်နဲ့တစ်ဖက် TV၊ ရေဒီယိုနဲ့ သတင်းစာတွေကနေ အပြန်အလှန် ‘သူသာတယ်၊ ငါသာတယ်’နဲ့ ဝါဒဖြန့် (Propaganda) ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ Social Media အားကောင်းတဲ့အတွက် သီးခြားဝါဒဖြန့်ယန္တရား ရှာစရာမလိုတော့ဘဲ သတင်းအမှားတွေ၊ အကောင့်တု ဖန်တီးတာတွေ၊ ကိုယ်လိုချင်တဲ့ လမ်းကြောင်းအတိုင်း နှပ်ကြောင်းပေးတာတွေကို Social Media ပေါ်တင် လိုက်တာနဲ့ နေရာစုံပျံ့သွားတာပဲ ဖြစ်ပါတယ်။ 
    ဧရာဝတီ၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီ၊ မြန်မာနောင်းတို့ကတော့ တပ်မတော်မုန်းတီးရေးဝါဒ ဖြန့်မီဒီယာတွေဖြစ်လို့ထားပါ။ ဘီဘီစီလိုသတင်းဌာနကတော့ မဖြစ်သင့်ပါ။ ဒါကလည်း ဗြိတိသျှအစိုးရ မူဝါဒအရ ဆိုပေမယ့် အဲဒီမှာရှိတဲ့ မြန်မာတွေက နဂိုကတည်းက ဘက်အမြင် ရှိကြတဲ့သူတွေဖြစ်လို့ သိပ်မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ ဆိုလိုချင်တာက ဒီသတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေဟာ အားထားလောက်စရာ သတင်း အမှန်မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ သတင်းအပြင် သုံးသပ်ချက်တို့၊ အယ်ဒီတာ့ စကားဝိုင်းတို့ ထုတ်လွှင့်တာမျိုးဆိုရင် နားထောင်ကြည့်ရတာ အတော်ကို ရွံစရာကောင်းတယ်။ အခြေ အနေမှန်ထက် ပြည်သူတွေကို အဆိပ်ပေးနေတာ သိပ်သိသာတယ်။ တချို့ဘက်တော်သားတွေ အနေနဲ့ ကလည်း မီဒီယာသတင်းကို ကိုးကားပြီး အွန်လိုင်းပေါ်ကို လိုရာဆွဲတင်နေကြတော့ ပြည်သူတွေစိတ်ထဲမှာ သို့လောသို့လောထက် အမှားကို အမှန်ထင်ကုန်ကြတာ စိတ်မကောင်းစရာပါ။ 
    ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီရဲ့ အယ်ဒီတာ့ စကားဝိုင်းရယ်၊ မင်းကိုနိုင်နဲ့ ရည်မွန်တို့ရဲ့ စကားဝိုင်းရယ် အွန်လိုင်းမှာ ပျံ့နေတာ တွေ့ရတယ်။ ဧရာဝတီက ကျော်ခနဲ့ အောင်ဇော်တို့နှစ်ယောက်က ‘ဒရုန်း စစ်ဆင်ရေးနဲ့ ချေမှုန်းခံနေရတဲ့စစ်တပ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်ဒီတာ့ စကားဝိုင်းကို ထုတ်လွှင့်ခဲ့တာ တွေ့ရတယ်။ ခေါင်းစဉ်ကို ကြည့်ရုံနဲ့တင် ဘာကိုညွှန်းပြီး ဘာကိုသိဒ္ဓိ တင်ထားတယ်ဆိုတာ ရှင်းပါတယ်။ ပြုသူက PDF ၊ KIA နဲ့ AA၊ ခံနေရတာက တပ်မတော်။ တကယ်တမ်းမြေပြင် အခြေအနေကိုကြည့်ရင် တပ်မတော်က ဒရုန်းရော၊ လေကြောင်းတိုက်ခိုက်မှု အစုံ အလင်နဲ့ ဆော်နေတာ၊ မရှုမလှခံနေရတာက KIA၊ AA နဲ့ PDF တွေကိုတော့ လက်နက်ချအလင်းဝင်လာစေလိုတဲ့စေတနာနဲ့ အတိုင်းအတာ တစ်ခုလောက်သာ ဆော်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ 
    သူတို့အပြောမှာပါတဲ့ တံတားဦးလေဆိပ်ကို ဒရုန်းနဲ့တိုက်လို့ လေတပ်က တိုက်လေယာဉ်တွေ ပျက်စီးသွားတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးဆိုတာ ကိုကြည့်ရင် ဒရုန်းနဲ့တိုက်ခိုက်မှုက ထိရောက်မှုမရှိဘူးဆိုတာ အသိသာကြီး။ ဗန်းမော်ကိုတက်တဲ့ သင်္ဘောတွေကို ဒရုန်းနဲ့တိုက်တာ  အတက် မှာရှစ်စင်း၊ ပြန်အဆင်းမှာ သုံးစင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုထားသေးတယ်။ သင်္ဘောခရီးစဉ်မှာ တပ်မ တော်က မိသားစုတွေပါပြီး ဆုံးရှုံးသွားတာ၊ တပ်မတော်ရဲ့ရည်ရွယ်ချက် ဧရာဝတီမြစ်အတွင်းမှာ စစ်ဦး ကျိုးသွားတာ ဆိုတာကလည်း ပါသေးတယ်။ 
    အမှန်က ဒရုန်းတစ်စင်းမှ သင်္ဘောတွေဆီမရောက်ဘူး။ အဲဒီလောက်ထိလည်း ဒရုန်း မသုံးနိုင်ဘူး။ အဝေးက လက်နက်ကြီးနဲ့သာ ပစ်နိုင်တာ။ လုံခြုံရေးယူ မထားနိုင်တဲ့ လွတ်နေတဲ့နေရာတချို့မှာ ကမ်းဘေးက တိုက်ခိုက်တာတွေရှိပေမယ့် စစ်သင်္ဘောက ထုတာ၊ လေကြောင်းက ဆော်တာ၊ သင်္ဘောကမ်းကပ်ပြီး ပါလာတဲ့ ဒုစခကမှူးဦးစီးပြီး လိုက်တိုက်တာတွေ၊ KIA ၊ KPDF တွေ ဘယ်လောက်ထိ ဆုံးရှုံးသွား တယ်ဆိုတာတွေဟာ မြေပြင်အခြေအနေမှန်တွေပဲ ဖြစ်ပါတယ်။ ဒီသင်္ဘော ခရီးစဉ်မှာ ဘာတပ်မတော် မိသားစုမှ မပါဘူး။ သူတို့အပြောက တပ်ကပဲ စစ်ပညာမတတ် လည်စင်းခံနေရတဲ့ သဘော။ သူပုန်ကို သိဒ္ဓိတင်ချင်ရင်လည်း ကြည့်တင်ကြ။ ဟိုမှာ မရှူနိုင်မကယ်နိုင် ဖြစ်နေတာလည်း ထည့်တွက်ဦး။ လက်ရှိအခြေအနေအရ ဗန်းမော်မြို့ပေါ်မှာ ဘာ KIA မှ မရှိတော့ဘူး။ မကြာခင် စစ်ဘေးရှောင်အဖွဲ့တွေ ပြန်လို့ရမယ့် အနေအထားမှာ ရှိတယ်။ စင်းခန်းတံတား အရှေ့ဘက်ကမ်းရော၊ အနောက်ဘက်ကမ်းပါ တပ်လက်ထဲမှာ။ KIA ? KPDF တို့ ဆုတ်ပြီးရင်း ဆုတ်ပေးနေရတာ သတိထားကြည့်ရင် သိနိုင်တယ်။ အခုဆို ရွှေကူ၊ ဇင်းဘုံ၊ ဟန်ထက်ကနေ မံစီမြို့နားအထိတောင် တပ်မတော်ကရောက်နေပြီ။ 
    ရခိုင်မှာ ဆင်နွှဲနေတဲ့ ၄၉၂၆ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကျော်ခက စစ်တွေမြို့နယ်အတွင်းမှာ ဖြစ်နေတဲ့စစ်ပွဲမှာ တပ်က ၂၀၀ ကျော် သေဆုံးသွားပြီ။ ဖမ်းဆီးခံထားရတဲ့ စာရင်းတော့ မသိရသေးဘူး။ များတော့များတယ်။ အလောင်းတွေ ပြန်မဆွဲနိုင်လို့ ပုပ်ပွနံဆော်နေတာပဲလို့ ဆိုတယ်။ အောင်ဇော်က တပ်ကသေ တဲ့စာရင်းဟာ ဒီထက်မက ပိုတယ်။ AA က ဒီစာရင်းတွေကိုထိန်းပြီး သတင်းထုတ်ပြန်နေ တာသာ ဖြစ်တယ်လို့ပြောတယ်။ ကျော်ခက ဒီလိုမထုတ်ပြန်တာဟာ တပ်ကမဲပြီး အရပ်ဘက်ပစ်မှတ် တွေကို လေကြောင်းက တိုက်ခိုက်မှာစိုးလို့ လို့ဆိုတယ်။ 
    သူတို့အပြောကို ဖော်ပြရတာက အမှားအမှန် ချိန်ဆနိုင်အောင် ဖြစ်ပါတယ်။ AA ရဲ့သဘာဝက စစ်ရေးအောင်မြင်မှုသတင်းရှိရင် မဖော်ပြခဲ့တာ ရှိခဲ့ဖူးလို့လား။ တပ်က ၂၀၀ ကျော်သေပြီး ဖမ်းဆီးခံရ တာတွေ ပါရှိရင် မဖော်ပြစရာမရှိဘူး။ ကြွားပြီးတောင် တင်လိုက် ဦးမယ်။ ဒါကို အောင်ဇော်တို့ သိတယ်။ မမှန်သတင်းကို မဖော်ပြနိုင်တာက ပြည်သူကို ညှာတာချင်လို့လိုလို၊ ဘာလိုလိုနဲ့ လုံးချသွားတာ။ အမှန်က စစ်တွေမြို့နယ်မှာ ဘာ AA မှ မရှိတော့ဘူး။၊ အောင်ဇော်တို့ပြောတဲ့ အချိန်မှာ ပုဏ္ဏားကျွန်း မြို့နယ်ထဲက စခန်းတွေကိုတပ်က စçတီးနေပြီ။ အခုဆို ပုဏ္ဏားကျွန်းမြို့ကနေ AA တို့ ဆုတ်ရမယ့် အခြေအနေ ရောက်နေပြီ။ ဒီရက်ပိုင်းအတွင်းမှာ ထွန်းမြတ်နိုင်ရဲ့ မိန်းမ နှင်းဇာဖြူရဲ့ အင်တာဗျူးတစ်ခုတက်လာတာ သတိထားမိကြမယ်ထင်တယ်။ သူတို့လင်မယားကို သိဒ္ဓိတင်ပေးထားတဲ့ အင်တာဗျူးဖြစ်ပေမယ့် အဲဒီထဲမှာ နှင်းဇာဖြူက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တောင့်ခံထားကြဖို့၊ ကြာကြာဖြစ် မှာမဟုတ်ဘဲ အခြေအနေ ပြန်ကောင်းလာမှာ ဖြစ်တယ်ဆိုပြီးပြော သွားတာ တွေ့ရလိမ့်မယ်။ ဒီအပြော ကိုကြည့်ခြင်းအားဖြင့် AA တွေ ဘယ်လောက်ထိနေပြီလဲဆိုတာ သိသာတယ်။ 
    အောင်ဇော်တို့အနေနဲ့ ဖြစ်စဉ်အမှန်ကို တစ်စိတ်ကို တစ်အိတ် ချဲ့နေတာ ဘာရည်ရွယ်ချက်လဲ။ အဓိကအားဖြင့် တပ်မတော်သားတွေ စိတ်ဓာတ်ကျဆင်းပြီး တစ်ဖက်ကို အားတက်စေဖို့၊ မြေပြင်တိုက်ပွဲအရ  ဒရုန်းနည်းပညာနဲ့ အရေအတွက်ကို အဓိကထား မြှင့်တင်နိုင်အောင် ပံ့ပိုးပေးကြဖို့၊ တပ်သိက္ခာကျ စေပြီး သတင်းအမှန်မသိနိုင်တဲ့ မြို့ပေါ်က တပ်မုန်းတီးရေး သမားတွေ၊ ပြည်ပက ထောက်ပံ့နေတဲ့သူတွေ အားပါပြီး ပိုမိုထောက်ပံ့ပေးစေဖို့ ဖြစ်ပါတယ်။ 
    ရည်မွန်နဲ့ မင်းကိုနိုင်တို့ရဲ့ ‘ပစ အရေး၊ စစ်ရေး၊ တော်လှန်ရေး အပြန်အလှန်စကားစုစည်းမှု}ဆိုပြီး နှစ်ယောက် စကားပြောအစီအစဉ်ကို အွန်လိုင်းမှာ တင်လာခဲ့တာ တွေ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ပြည်သူတွေကြားမှာ စစ်ရေး၊ နိုင်ငံရေးအရ ထောက်ခံမှုကျ ဆင်းလာတဲ့ NUG နဲ့ တော်လှန်ရေးကို ပြန်ဆွဲတင်ဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြောသွားတာက ပြည်သူ့စစ်မှုထမ်းကိစ္စ၊ ဒရုန်းကိစ္စ၊ စစ်ရေး၊ နိုင်ငံရေးကိစ္စနဲ့ လူထုစည်းရုံးရေးကိစ္စတွေပဲဖြစ်ပါတယ်။ ဒရုန်းကိစ္စကလည်း ဧရာဝတီက အောင်ဇော်နဲ့ ကျော်ခတို့ပြောသလို တိုက်ပွဲရဲ့ အားသားချက်ဖြစ်ပြီး PDF ရဲဘော်တွေအနေနဲ့ ဒရုန်းကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ကြောင်းနဲ့ နည်းပညာနဲ့ ပစ္စည်းအရေအတွက် အထောက်အပံ့ရရင် တိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲနိုင်မှာဖြစ်တယ်ဆိုပြီး ပြောသွားတာ တွေ့ရတယ်။ ဒရုန်းနဲ့ တံတားဦးလေဆိပ် တိုက်ခိုက်တာကို အောင်မြင်မှုတစ်ခုအဖြစ် ပိုပိုသာသာ ပြောပြီး လူထုကို စည်းရုံးသွားတာပဲ ဖြစ်ပါတယ်။ အဓိကက ပြည် တွင်းပြည်ပက အထောက်အပံ့တွေ ဆက်လက်ရရှိဖို့ပါ။ 
    ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကို မကျေမချမ်း၊ ကျိတ်မနိုင်ခဲမရဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ရဲ့ အားသာချက် အဖြစ်ရှုမြင်ပြီး ပြည်သူ့စစ်မှုထမ်းကိစ္စ မပျက်ပျက် အောင်ဖျက်ဖို့ Target ထားပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ပြောသွားပါတယ်။ နိုင်ငံ တော်ဘက်က ပြည်သူ့စစ်မှုထမ်း အစီအစဉ်ပျက်ပြီး သူတို့ဘက်ကို လူအင်အားတိုးအောင် လူပြိန်းနည်းနဲ့ စည်း ရုံးသွားတာ၊ မင်းကိုနိုင်ကတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်မှုထမ်း လူငယ်တွေကို ချိုးချိုးဖဲ့ဖဲ့ပြောပြီး သန္ဓေစစ်သည်နဲ့ ပြည်သူ့စစ်မှုထမ်းလေးတွေကို သွေးခွဲရန်တိုက်ပေးတာတွေ ကိုလည်း တွေ့ရပါတယ်။ 
    လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက စစ်ရေးကိစ္စ၊ ဗန်းမော် ဧရာဝတီမြစ်ကြောင်းက စစ်ရေးကိစ္စ၊ တံတားဦးလေဆိပ်ကိစ္စတွေကို အောင်မြင်မှုအဖြစ် ပုံကြီးချဲ့ပြောသွားတာကတော့ ဧရာဝတီက အောင်ဇော်တို့နဲ့ အတူတူပါပဲ။ ပိုတာက ဒီတိုက်ပွဲတွေဟာ SCEF ရဲ့ မူဝါဒအရ တစ်ဖွဲ့တည်းပုံသဏ္ဌာန်မျိုး ပြောသွားတာတွေ့ရပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး မူဝါဒလုပ်ငန်းစဉ်အဖြစ် NUG က စစ်ရေးအရ ပိုမို တိုးမြှင့်ဆောင်ရွက်ဖို့၊ မင်းကိုနိုင်တို့ အပိုင်းကလည်း လူထုအားနဲ့ နိုင်ငံရေးနည်းအရ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောသွားတာလည်းတွေ့ရပါတယ်။ ဗကပတို့ရဲ့နည်းနာဖြစ်တဲ့ လက်နက်စွဲကိုင်တိုက်ပွဲဝင် ခြင်းနဲ့ မြေအောက် UG နည်းလမ်းအရ တိုက်ပွဲဝင်ခြင်း ဆိုတဲ့ နည်းလမ်းနှစ်သွယ်ကို ပြောသွားတာပဲဖြစ်ပါတယ်။ သဘောကတော့ စည်းရုံးရေးနဲ့ အရှိန်ကျနေတဲ့ တော်လှန်ရေးကို မစားရဝခမန်းပြောပြီး စည်းရုံးသွား တာဖြစ်ပါတယ်။
    ဒီလုပ်ရပ်တွေဟာ သတင်းထုတ်လွှင့်မှုထက် Psychological Warfare လုပ်ရပ်တွေဆိုတာ ရှင်းပါတယ်။ NUG နဲ့ မင်းကိုနိုင်တို့ကတော့ သူ့ဘက်ကိုယ့် ဘက်အမြင်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် သူ့အလုပ် သူလုပ်တာ ဖြစ်ပါတယ်။ ပြည်ပျက်ပျက် မပျက်ပျက်၊ ဖြစ်ချင်ရာဖြစ် နိုင်ရင်ပြီးရောဆိုတဲ့သဘောပါ။ သတင်း ဌာနအမည်ခံထားတဲ့ မီဒီယာတွေ အနေနဲ့ကတော့ အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ် သတ် မှတ်ရမှာဖြစ်ပါတယ်။ ဆိုက်ဝါးလုပ်ငန်းနဲ့ပတ်သက်ပြီး အမှားအမှန်ကို သိဖို့ ပြည်သူတွေအတွက် အရေးကြီးပါတယ်။ Social Media မှာ တူညီတဲ့ သတင်းကိုများများတွေ့ရရင် အမှန်လို့ များသောအားဖြင့် ပြည်သူတွေက သတ်မှတ်လေ့ရှိတာ တွေ့ရမှာပါ။ တချို့ဖြစ်စဉ်သတင်းတွေဟာ မှန်ပေမယ့် နှစ်ဖက် ပြဿနာတွေမှာ များများတွေ့တိုင်း၊ များများတင်တိုင်း အမှန်မဟုတ်ပါ။ အုံနဲ့ကျင်းနဲ့ ဝါဒဖြန့်ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အမှန်အမှားကို ချိန်ဆနိုင်ဖို့ မီဒီယာရဲ့အခန်းကဏ္ဍဟာ အလွန်အရေး ကြီးပါတယ်။ အခုဟာက မီဒီယာတွေကိုယ်တိုင်က ဆိုက်ဝါးလုပ်နေပြီဆိုတော့ ပြည်သူတွေအနေနဲ့ သတင်းအမှန်သိဖို့ အတော်ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ 
    ဒီရက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကိုကြည့်ရင် အလွဲတွေအများကြီးပါ။ မြေပြင်မှာ တကယ်နိုင်နေတာက တစ်ဖက်၊ အွန်လိုင်းပေါ်မှာ နိုင်နေတာက တစ်ဖက်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတပ်မတော်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ မူလ အခြေအနေကို ပြန် ရောက်ဖို့ နိုင်ငံတော် ရဲ့မူဝါဒအရ ဖိဖိစီးစီး ကြိုးစားဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့ကလည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင် စုဖွဲ့စည်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လှေအတူ စီးဖို့မကြိုးစားဘဲ လှေမှောက်ဖို့လုပ်နေရင်တော့ အပြတ်ဆော်ရမှာ ဖြစ်ပါတယ်။ စစ်ဆင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး  သူတို့လုပ်နေတဲ့ Psychological Warfare လုပ်ရပ်တွေကိုကြည့်ရင် တပ်မတော်ကအား သာနေပြီဆိုတာ ထင်ရှားစေပါတယ်။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65813

© 2022 - 2026 News. All Rights Reserved.