၂၀၂၆ ၊ မတ် ၁၂
မြေပဲဆီထုတ်လုပ်တာက တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဈေးကွက်ခိုင်မာမှုရရှိအောင် ကြိုးစားဆောင်ရွက်နေတယ် . . .
ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ သည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ အဓိက ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်ထဲတွင် ရေနံချောင်းဒေသထွက် မြေပဲဆီသန့်များအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်း MMT မြေပဲဆီလုပ်ငန်း တည်ထောင်သူ ဒေါ်မော်မော်သီတာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ ရေနံချောင်းဒေသထွက် မြေပဲဆီလုပ်ငန်း စတင်လုပ်ကိုင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
DMMTD ။ ။ ကျွန်မတို့က မိရိုးဖလာ ဆီစက်ဖြစ်တာက တစ်ကြောင်း၊ ကိုယ့်ရဲ့ မိသားစုဝင်တွေက ဘယ်လောက်ပဲ နှစ်တွေပြောင်းပြောင်း ကျွန်မတို့ ဒီဆီစက်မှာ ဆီအကောင်းဆုံး၊ အသန့်ဆုံးတွေပဲ ထုတ်လုပ်ပေးတာကတစ်ကြောင်း ဆီအိုးကြီးဒေသဖြစ်တဲ့ ရေနံချောင်းဟာ မြေပဲအထွက်အများဆုံး ဒေသဖြစ်တဲ့အတွက် ဒီအားသာချက်တွေ အများကြီး ရှိပါတယ်။ နောက်ပြီး မြေပဲဆီနဲ့ပတ်သက်ပြီး ဈေးနှုန်းကိုလည်း အချိုသာဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဆီနဲ့ပတ်သက် ပြီး လူအများစုအတွက် လမ်းညွှန်ပေးထားတာတွေ ရှိပါတယ်။ အများပြည်သူအနေနဲ့ မြေပဲဆီ စားသုံးတဲ့အတွက် Side Effects တွေ လုံး၀ မရှိပါဘူး။ မြေပဲဆီစစ်က တဖြည်းဖြည်း မြန်မာပြည်ရဲ့ ရိုးရာထုတ်ကုန်ဖြစ် လာတော့မှာပါ။
TREND ။ ။ ရေနံချောင်းဒေသက မြေပဲထွက် ရှိတာဆိုတော့ ကုန်ကြမ်းရရှိမှုအနေနဲ့ ဘယ်လိုမျိုးအခြေအနေရှိလဲ သိပါရစေ။
DMMTD ။ ။ အခုလောလောဆယ် MMT နာမည်နဲ့ ထိုးဖောက်ရောင်းချတာက မြေပဲစိုက်တောင်သူတွေကို အဓိက ပံ့ပိုးပေးချင်လို့ ရောင်းချတာ ဖြစ်ပါတယ်။ ဒီရေနံချောင်းဒေသက မြေပဲထွက်တဲ့ဒေသ အမှန်အကန် အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်ကလည်း ယာပိုင်မြေပိုင်နဲ့ မိရိုးဖလာ လုပ်လာကြတာပါ။
TREND ။ ။ လက်ရှိ မြေပဲစိုက်တောင်သူတွေအနေနဲ့ ဈေးအတက်အကျ အခြေအနေရော ဘယ်လို မျိုးရှိပါသလဲ။
DMMTD ။ ။ တောင်သူတွေအနေနဲ့ကတော့ ကုန်သည်တွေနဲ့ ခေတ်အခြေအနေကြောင့်ပဲ ဒေသအစုံက မြေပဲတွေ အကုန်ထွက်နေတယ်ဆိုလို့ရှိရင် ဝယ်လိုအားများပြီးတော့ ဈေးကျပါတယ်။ နောက်တော့ မြေပဲထွက်အားက မြေပဲစိုက်ချိန် ပြီးသွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ကုန်ကြမ်းတွေ လျော့ကျသွားတဲ့အတွက် ဈေးတွေက တဖြည်းဖြည်းနဲ့ အတက်အကျလေး ရှိတာပေါ့။ တောင်သူတွေအနေနဲ့ကတော့ မြေပဲ ထွက်အားကောင်း တဲ့အချိန်ရယ်၊ ဈေးကောင်းရတဲ့အချိန်ရယ် အပေါ်မှာ ပိုပြီးတော့ အကျိုးကျေးဇူး ရှိပါတယ်။
TREND ။ ။ MMT အနေနဲ့က MSME ပြပွဲတွေမှာ ပါဝင်ပြသတာတွေ တွေ့ရတယ်။ ဒီလိုပြပွဲတွေမှာ ပါဝင်ပြသတာက ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
DMMTD ။ ။ ကျွန်မအနေနဲ့လည်း မြေပဲဆီနဲ့ပတ်သက်ပြီး အပြင်မှာရောင်းချတဲ့ ဈေးနှုန်းထက် ပိုပြီး ဈေးသက်သာအောင် ရောင်းချတဲ့အတွက် အသေးစားအလတ်စား(MSME) ဈေးပွဲတော်တွေမှာ အများပြည် သူကို မြေပဲဆီစစ်စစ်လေးစားသုံးစေချင်တဲ့ ရည်ရွယ် ချက်နဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ပြပွဲတွေမှာ ပါဝင် ရောင်းချခြင်းအားဖြင့် ကျွန်မတို့လို ဒေသထွက်ထုတ်ကုန်တွေကို ရောင်းချတဲ့ ကုန်သည်တွေအတွက်က စီးပွားရေးမိတ်ဖက်ပါတနာတွေ ပိုမိုရှိပြီးတော့ ဈေးကွက် ပိုမိုကျယ်ပြန့်လာတယ်။ ကျွန်မတို့အနေနဲ့က တောင်သူတွေအတွက်လည်း အကျိုးရှိအောင် ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဈေးကွက် ပိုမိုရရှိလေ တောင်သူတွေအတွက် အကျိုးရှိလေပါပဲ။

TREND ။ ။ MMT မြေပဲဆီဈေးကွက် ထိုး ဖောက်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
DMMTD ။ ။ မြေပဲဆီကို အွန်လိုင်း လူမှုကွန်ရက်ကနေလည်း သိကြတာများလာသလို ဝယ်ယူသူ Customer အသစ်တွေလည်း တိုးလာပါတယ်။ အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချပေးပြီးတော့ ငါးပိဿာနဲ့ အထက်ဆိုရင်တော့ ပို့ဆောင်ခအခမဲ့နဲ့ စီစဉ်ပေးလျက် ရှိပါတယ်။ မြေပဲဆီ ထွက်ရှိမှုအနေနဲ့ကတော့ တစ်လကို ပိဿာချိန် နှစ်ထောင်၊ သုံးထောင်လောက် ထွက်ရှိပါတယ်။ ဒီလိုမျိုးထွက်ရှိမှုကလည်း လျှပ်စစ်မီးအခြေ အနေအပေါ် မူတည်ပြီးတော့ ထွက်ရှိပါတယ်။ မြေပဲဆီကို ကိုယ်စားလှယ်လည်း ပေးပါတယ်။ ၁၀ ပိဿာ၊ ငါး ပိဿာ၊ သုံးပိဿာ၊ တစ်ပိဿာ ဘူးတွေနဲ့လည်း ရရှိပါတယ်။ နောက်ပြီး မြေပဲဆီအပြင် နှမ်းဆီကိုလည်း ထုတ် လုပ်ရောင်းချပေးလျက်ရှိပါတယ်။ ဈေးကွက်ပိုင်း အခက်အခဲမှာကတော့ ဝန်ထမ်း အခက်အခဲရှိတယ်။ ဆိုင်တွေမှာကြတော့ ရက်မှန်မှန် ကုန်တန်ဖိုးတွေ မပေးသွင်းနိုင် တာတွေရှိတယ်။ ကျွန်မတို့အနေနဲ့ကတော့ ဈေးကွက်က အားလုံးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ဆောင်ရွက်တယ်။ လူကြည့်ပြီးတော့လည်း ကုန်ပစ္စည်းတွေချပေး တာတွေရှိတယ်။ ချေးငွေနဲ့ပတ်သက်လို့ ကျွန်မတို့က ဘဏ်လုပ်ငန်းတွေကို နားလည်ပေးတယ်ဆိုတာ ကိုယ်တိုင်ကလည်း ဈေးကွက်ကိုင်နေတဲ့ သူဆိုတော့ ပြန်မ သွင်းတာတွေရှိတော့ ကုန်ဖိုးတစ်ဝတ်လောက်ယူပြီးတော့မှ ကုန်ပစ္စည်းချပေးတာမျိုးတော့ ရှိတယ်။
TREND ။ ။ ရေနံချောင်းဒေသမှာထွက်တဲ့ မြေပဲဆီစက်တွေက ဘယ်လိုပုံစံမျိုး ဆောင်ရွက်နေလဲ ဆိုတာ ပြောပြပေးပါဦး။
DMMTD ။ ။ ရေနံချောင်းမှာ စက်မှုဇုန်တွေ ရှိပါတယ်။ အဲဒီစက်မှုဇုန်တွေမှာ ဆီစက်တွေ အကုန်လုံး လုပ်ကိုင်နေတဲ့အတွက် ဒီမြေပဲဆီ ထုတ်လုပ်တာက ကျွန်မတို့ ရေနံချောင်းဒေသရဲ့ အဓိကစီးပွားရေးလို့လည်း ပြောလို့ရပါတယ်။ စက်မှုဇုန်တွေကနေ နေကြာကြိတ်တာ၊ နှမ်း ကြိတ်တာ၊ မြေပဲကြိတ်တာတွေ ရှိပါတယ်။ ကျွန်မတို့ အနေနဲ့ဆီလုပ်ငန်းမှာပဲ နှစ်မြှုပ်ပြီး နိုင်ငံကို အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။
TREND ။ ။ ရေနံချောင်းဒေသမှာ ဆီစက်တွေနဲ့ပတ်သက်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်နေတဲ့ အပိုင်းလေးရှိရင် ပြောပေးပါဦး။
DMMTD ။ ။ ကျွန်မတို့ဒေသမှာ ဆီစက်တွေကို အဆင့်မြှင့်တာတွေကတော့ တချို့လည်း ဆောင်ရွက်နေပြီ၊ တချို့ကလည်း စိတ်ကူးပဲရှိသေးတယ်။ ဘာလို့လည်းဆိုတော့ နည်းပညာတွေကို လေ့လာနေတာတွေ ရှိတယ်။ အသင်းအဖွဲ့တွေက နည်းပညာနဲ့ပတ်သက်ပြီး ဟောပြောပို့ချတာတွေရှိတာကို သွားပြီး လေ့လာတယ်။ နယ်တွေမှာက လုပ်ငန်းရှင်တွေက လက်တွေ့ကိုပဲ ဦးစားပေးတာလေ။ လျှပ်စစ်မီး လိုအပ်ချက်ကြောင့် ဆိုလာလိုချင်တယ်ဆိုရင် ဆိုလာစနစ်ချပေးမှဆိုတော့ တချို့လုပ်ငန်းရှင်တွေက လေ့လာ သင်ယူတုန်း ရှိပါသေးတယ်။
TREND ။ ။ လုပ်ငန်းရှင်တွေကို နိုင်ငံတော်က ချေးငွေနဲ့ပတ်သက်ပြီး စိစစ်ချပေးနေတာတွေလား။
DMMTD ။ ။ ချေးငွေက ဘဏ်တွေကတော့ လာပြီးတော့ ပြောပြတာတွေ၊ ရှင်းပြပါတယ်။ သူတို့လိုချင်တဲ့ အချက်အလက်တွေ ပြောတယ်။ SME လုပ်ငန်းရှင် ဘယ်နှဦးကို ချေးပေးမယ်ဆိုရင် သူတို့စံချိန်စံ ညွှန်းတွေကိုက်ညီရင် စိတ်ရှည်ရှည်လေးနဲ့ လုပ်ဆောင်ရင် အဆင်ပြေပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ဆီစက်လုပ်ငန်းရှင်တွေကို ချေးပေးတာတော့ ရှိတယ်။ ဒါပေမဲ့ တချို့လုပ်ငန်းတွေမှာ စာရွက်စာတမ်း ကွာဟမှုတွေရှိတော့ ဘဏ်ချေးငွေ ရတာတွေရှိသလို၊ မရတာတွေလည်း ရှိတယ်။ နိုင်ငံတော်ကတော့ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးနေပါတယ်။
TREND ။ ။ အသေးစားအလတ်စားလုပ်ငန်းအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
DMMTD ။ ။ ကုန်စည်သယ်ယူပို့ဆောင်တဲ့နေရာမှာ ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ်တိုင်သယ်ယူနိုင်တဲ့ ကိုယ်ပိုင်ကားတွေ မရှိတဲ့အတွက် ကုန်သွယ်ရေးမှာ နည်းနည်းလေး အခက်အခဲ ရှိပါတယ်။ Customer တွေ ရဲ့ Preorder ရတာနဲ့ ဒီဘက်က ပို့လိုက်တာ မကိုက်တဲ့ အခြေအနေလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဘုရင့်နောင်ပွဲရုံမှာ ကုန်စည်တွေကို in stock အပြည့်ထားရှိထားပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါဦး။
DMMTD ။ ။ ကျွန်မက အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဆိုတော့ ဈေးပွဲတော်မှာ ရောင်းချရင် သိမ်ငယ်သလို ဖြစ်တယ်။ ဒါပေမဲ့ အဘက်ဘက်ကနေ ပံ့ပိုးပေးတာတွေရှိတော့ လမ်းကြောင်းပေါ်ကို တဖြည်းဖြည်းနဲ့ ရောက်သွားတာပေါ့။ အမျိုးသမီးတိုင်း အသင်းဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် စေချင်ပါတယ်။ ဒါမှ အတွေ့အကြုံတွေရပြီး အဆင်ပြေလာမှာပါ။ နောက် မြေပဲစားသုံးတဲ့သူတွေအနေနဲ့ ဘယ်တံဆိပ်ကိုပဲ စားသုံးပါစေ၊ ကျွန်မတို့ ရေနံချောင်းဒေသက ထွက်ရှိတဲ့ မြေပဲဆီရှိရင် အရောအနှော ကင်းတယ်။ ဆိုးဆေးမပါဘူး။ လတ်လတ်ဆတ်ဆတ်ဖြစ်ပြီး ဈေးနှုန်းကလည်း ချိုသာတဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ အားပေးဖို့ တိုက်တွန်းချင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )