PDF ကင်းစင်သည့် အညာမြေ ဖြစ်တော့မည်

၂၀၂၆ ၊ မေ ၁၆

အမြင်မှန်ရချိန်တန်ပြီ
    လက်နက်ကိုင်များရှိသည့်အရပ်၊ အထူးသဖြင့် PDF လက်နက်ကိုင်များရှိသည့် အရပ်ဒေသသည် မငြိမ်းချမ်းနိုင်ကြောင်း မြန်မာပြည်တွင်း နေထိုင်ကြကုန်သော ပြည်သူလူထုအပေါင်းတို့က ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် သိရှိကုန်ကြပြီဟု ဆိုနိုင်ပါသည်။ ထိုအသိက ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာ ရရှိမှ သိသည့်အသိဖြစ်၍ ဉာဏ်နည်းပါးသူတို့ကဲ့သို့ မီးကို လက်နှင့်ကိုယ်တိုင် ထိတွေ့ကိုင်တွယ်ပြီးမှ ကိုယ်တိုင် ပူလောင်ခြင်းကိုသိသည့် အသိမျိုးဖြစ်သည်။ လက်နက်ကိုင်ခြင်း လမ်းစဉ်ဆိုသည်မှာ ပြည်သူလူထုဘ၀ ထိခိုက်မှု အများဆုံးလမ်းစဉ် ဖြစ်သောကြောင့် လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ်ကြ ရန်နှင့် နိုင်ငံရေး သမားတို့၏ ဝါဒမှိုင်းနောက်သို့ ရောယောင်၍ မလိုက်ပါကြစေရန် အမြော်အမြင်ကြီးသူတို့က သတိပေးစကားများစွာ ကြိုတင်ပြောခဲ့ကြသည်။ ထိုစကားကို နားဝင်သူ နည်းပါးပြီး ပေါ်ပြူလာဖြစ်သည့်  လက် နက်ကိုင် လမ်းစဉ်နောက်လိုက်ပြီး ဒုက္ခတွင်းဆုံးရောက်မှ နောင်တများစွာဖြင့် အသိနောက်ကျခဲ့ရသူတို့  များစွာရှိခဲ့ကြသည်။ တော်လှန်ရေးဆိုသည့် သကာရည် လိမ်းကျံထားသော အဆိပ်ကို သောက်သုံးမိ သူတို့၏ အဖြစ်အပျက်နှစ်ခုကို ဖောက်သည်ချလိုပါသည်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ရဟန်းသုံးဝါတိတိ ဝါဆိုခဲ့ဖူးသူတစ်ဦးက သူဝါဆိုခဲ့သည့်ဒေသ၏ စိတ်မကောင်းဖွယ်ရာများကို ကရုဏာ ဒေါသောနှင့် ပြောထားသည့် အကြောင်းအရာတစ်ခုကို ဦးစွာပြောလိုပါသည်။
    "မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာမှာ ဖြစ်သွားတဲ့ အဖြစ်လေးက စိတ်မကောင်း ခြင်းများစွာနဲ့ ပြောချင်ပါတယ်။ ဘေးရွာ PDF တွေက ဆင်မရဲရွာရဲ့မြေကို သူပိုင်တယ်၊ ငါပိုင်တယ်၊ သူရောင်းမယ်၊ ငါရောင်းမယ် လုရင်းဖြစ်ရင်းနဲ့ ပစ်ခတ်မှုဖြစ်သွား တယ်ပေါ့။ ဆင်မရဲရွာ ရွာသား တစ်ယောက် သေသွားတယ်။ သေသွားတာက ဆင်မရဲရွာသား၊ ပစ်တဲ့သူကလည်း ဆင်မရဲရွာသားပဲ ဆိုတော့ ရွာသားတစ်ယောက် အဖမ်းခံလိုက်ရတယ်။ အဲဒီကလေးတွေက ကျွန်တော် သုံးနှစ်သုံးမိုး၊ သုံးဝါတိတိ ဝါဆိုတုန်းက ကျောင်းမှာ အလှူလေးတွေဆိုလည်း လာလုပ်ကူလိုက်၊ ဘောလုံးကန်၊ ခြင်းခတ်၊ ဘော်လီဘောပုတ်နေတဲ့ ကလေးတွေပါ။သူတို့ကို အဲဒီမှာရှိစဉ်ကတည်းက ပြောပါတယ်။ နိုင်ငံရေးကိုမသိရင် နိုင်ငံရေးထဲမပါကြနဲ့ မင်းတို့ နီချင်ရင်နီ၊ စိမ်း ချင်ရင်စိမ်း၊ ပြာချင်ရင်ပြာ၊ ဝါချင်လည်းဝါ ကြိုက်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ လက်နက်ကိုင်တဲ့ အလုပ်ကို မလုပ်နဲ့လို့ အတန်တန် ပြောခဲ့တယ်။ အခုတော့ ဖြစ်သွားပြီ၊ စိတ်မကောင်းစရာတွေပေါ့။ သေတော့လည်း ကိုယ့်ရွာသား၊ အဖမ်းခံရတော့လည်း ကိုယ့်ရွာသား ဖြစ်နေတာ။ မြေယာလုပြီးရောင်းတာက တခြားဘေးရွာက PDF တွေ ဖြစ်နေတယ်။ ကျွန်တော်နေခဲ့တဲ့ရွာက လူတွေကိုပဲ တစ်ခါတလေ အပြစ်ဆိုချင်တော့တယ်။ ဦးနှောက်တွေ မရှိတာလား၊ အသိဉာဏ်တွေ မရှိတာလား။ဘယ်လောက်အထိ မိုက်နေကြဦးမှာလဲလို့၊ အမြင်မှန် လည်းရသင့်ပြီလို့ အချိန်တန်နေပြီ"ဟု လက်နက်ကိုင် လမ်းစဉ်နောက်လိုက်ရင်း အဘက်ဘက်က ခံနေရသည့် ဖြစ်စဉ်ကို ပြောပြခဲ့သည်။ 
    သည်ဖြစ်စဉ်တွင် နိုင်ငံရေးကို စိတ်ပါဝင်စား လိုက် စိတ်ကြိုက် စိတ်ပါဝင်စားနိုင်ကြောင်းနှင့် လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ်ကြစေရန် ရဟန်းဝတ်စဉ်က အကြိမ်ကြိမ် သတိပေးခဲ့ပါလျက် နားမထောင်သည့် အဖြစ်ကြောင့် နစ်နာဆုံးရှုံးမှု ကြုံတွေ့ခဲ့ရကြောင်းကို စိတ်မကောင်းခြင်းများစွာနှင့် ပြောပြထားလေသည်။ ထိုသူရဟန်းဝတ်ခဲ့စဉ်က စည်းလုံးညီညွတ်ခဲ့သည့် ရွာလေးသည် လက်နက်ကိုင်လမ်း စဉ်နောက်လိုက်ပါအပြီး ကျေးရွာလူထုတွင် စိတ်ဝမ်းကွဲမှု၊ မညီညွတ်မှုများနှင့် ကြုံတွေ့နေရကြောင်း ယခု ရဟန်းလူထွက်ပြီးချိန်တွင် သူ၏ အတွေ့အကြုံကို ပြောပြထားလေသည်။ လက်နက်ကိုင်လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးက လက်နက်ကိုင်သူရော လက်နက်ကိုင်သူ၏ ဝန်းကျင်ပါ မငြိမ်းချမ်းသည့် အပြင် လက်နက်ကိုင်ထားသူတို့သည် လက်နက်အားကိုးဖြင့် သကာရည်သုတ်လိမ်းထားသည့် တော်လှန်ရေးခေါင်းစဉ်နှင့် သွေဖည်ပြီး ပြည်သူကို ဒုက္ခပေးသည့်လမ်းစဉ် ဖြစ်သွားကြောင်းကို သူက ထပ်မံ ရင်ဖွင့်ထားလေသည်။ 
    "လွန်ခဲ့တဲ့ သုံးရက်လောက်က ကျွန်တော့်ရဲ့ အသိမိတ်ဆွေတစ်ဦးအကြောင်း ကြားရတာ စိတ်မကောင်းဘူး။ ပခုက္ကူဗိုလ်ချုပ်လမ်းပေါ်မှာနေတဲ့ သူက ကျူရှင်ပြတဲ့သူ။ ကျူရှင်ဆရာ ကိုအောင်ဆန်းဦးဆိုရင် ပခုက္ကူမှာ တော်တော်များများ သိကြမှာပါ။ သူ့ကို PDF တွေ ဖမ်းသွားတယ်တဲ့။ သိန်းတစ်သောင်း ခွဲနဲ့ လာရွေးဖို့ပြောတယ်။ မင်းတို့ပြောတော့ နိုင်ငံရေး၊ နိုင်ငံရေးဆို။ ဒီလိုမျိုးပဲ ပြန်ပေးဆွဲလိုက်၊ ဓားပြတိုက်လိုက်၊ မြေယာလုလိုက် အဲဒါနိုင်ငံရေးပဲလား။ ပြောတော့ ပြည်သူ ပြည်သူ ပြည်သူ့အတွက်။ ဒါပေမဲ့ ဒုက္ခပေးတော့ပြည်သူ တွေကိုချည်းပဲ ဒုက္ခပေးနေတာ။ ငါပြောဖူးပါတယ်။ မင်းတို့ တိုက်ချင်နေတာက စစ်တပ် မဟုတ်လား။ မင်းတို့စစ်တပ်ကို သွားတိုက်ဆိုတော့လည်း မတိုက်ဘူး၊ လက်နက်မဲ့ ပြည်သူကိုပဲ လိုက်လုပ်တယ်၊ လိုက်သတ်တယ်။ ပြီးရင် ဒလန်ဆိုပြီး ခေါင်းစဉ်တပ်တယ်။ တပ်ကိုထောက်ပြဝေဖန် တော့လည်း ဘောမလို့ ပြောတယ်။ ဒါကနိုင်ငံရေး၊ ဒါက ပြည်သူ့အတွက်လို့ ပြောနေတာ မင်းတို့တွေ ဟိုဟာစား ပြောရင်တောင် ဟိုဟာကို ကြိုက်လို့လို့ ပြောရလိမ့်မယ်"ဟု လက်နက်ကိုင်လမ်းစဉ်နောက်က တော်လှန်ရေး၏ဘေးထွက်ဆိုးကျိုး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ပြန်ပေးဆွဲနေမှုများကို ပြောထားလေသည်။ သူက လက်နက်ကိုင်လမ်းစဉ်ကို ယခင်ကတည်းက မထောက်ခံ သည့်သူ၊ လက်နက် ကိုင်လမ်းစဉ်၏ မှားယွင်းနေသော အချက်အလက်များကို အစဉ်ထောက်ပြနေသဖြင့် သူ့ကိုလည်း လက်နက်ကိုင်ထားသည့် PDF တို့က အသေရရ၊ အရှင်ရရ သတ်ဖြတ်လိုနေသည်ဟုလည်း ဆိုလေသည်။ သူကမှားနေသည့်လမ်းကို လူငယ်လူရွယ်များ မလိုက်ကြရန် ပါးစပ်ဖြင့် ဝေဖန်ထောက်ပြနေသော်လည်း လက်နက်အားကိုး ရှိနေသည့် လူငယ်တို့က သူတို့အမှားကို ထောက်ပြသူသည် သူတို့၏ မဟာရန်သူအဖြစ် သတ်မှတ်ထားကြလေသည်။ လက်နက်ကိုင်ထားသည့် PDF ဆိုသည်မှာလည်း သူတို့ကို သေတွင်းသို့ အရောက်ပို့ မြှောက်ပေးနေသူများကိုသာ အရှင်သခင် ထင်နေကြပြီး  လမ်းကြောင်းမှန်ကို ညွှန်ပြသူတို့အား သူတို့အတွက် ရန်သူဟူ၍ သတ်မှတ်နေကြခြင်းကိုက သူတို့၏ အနာဂတ်မဲ့နေပြီဟု ဆိုချင်ပါသည်။

လေသံပြောင်းလာသော မြင်းခြံ PDF
    လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ ကြောင့်ထင်သည်။ 'စစ်မီးရဲ့အပူ ပြည်သူကို မကူးစေချင်တော့ဘူး'ဟု မြင်းခြံ PDF ခေါင်းဆောင် စိုးအောင် ဆိုသူက ရင်ဖွင့်ထားလေသည်။ စိုးအောင်သည် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ်(၁၀)တွင် တာဝန်ထမ်းဆောင်နေသူဟု ဆိုထား လေသည်။ အထူးသဖြင့် မြင်းခြံနှင့် နွားထိုးကြီးနယ်မြေများတွင် တိုက်ပွဲများ ဖော်ဆောင်ရင်း ပြည်ပြေးမီဒီ ယာများနှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ရင်းဖြင့် လူသိများလာသူလည်း ဖြစ်သည်။ လက်ရှိအခြေအနေက မြင်းခြံခရိုင် နွားထိုးကြီးမြို့ တောင်သာ၊ ငါန်းဇွန်၊ မြင်းခြံမြို့နယ်များတွင် တပ်မတော်က နယ်မြေစိုးမိုးမှု အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်သည့်သတင်း ထွက်ပေါ်လာချိန်တွင် စိုးအောင်စိုသူက အထက်တွင် ဆိုခဲ့သည့်အတိုင်း ရင်ဖွင့် လာခဲ့ခြင်းဖြစ်သည်။ မြင်းခြံနယ်မြေက PDF တွေ စွန့်ခွာထွက်ပြေး လာရချိန်တွင် စိုးအောင်ဆိုသူက "ဘဝရဲ့ လက်ကျန်အချိန်လေးတွေမှာ အေးအေးချမ်းချမ်း ဖြတ်သန်းချင်တော့တယ်"ဟု ဘဝ၏ ဒဿနလိုလို၊ ပြည်သူ့အတွက်လိုလိုနှင့် အခြေအနေ မကောင်းတော့သဖြင့် ထွက်ပေါက်ရှာနေသည့် စကားကို ပြောလာနေလေသည်။ မြင်းခြံနယ်တွင် ခေါင်းဆောင်နေသော PDF ခေါင်းဆောင် စိုးအောင်ဆိုသူကိုယ်တိုင် ထွက်ပေါက်ရှာနေပြီး သူ၏ လက်အောက်ခံ တပ်သားများ၏ အခြေအနေက "သူတို့က နည်းပညာပိုင်း တော်တော်ကောင်းတယ်၊ အခက်အခဲက ကျွန်တော်တို့အဖွဲ့က ဖြစ်သလို နေနေရတယ်၊ စားဝတ်နေရေးကအစ ခက်ခဲနေတယ်။ သူတို့က  နည်းပညာပိုင်း၊ လက်နက်ခဲယမ်းပိုင်း အကုန်သာတယ်၊ လက်နက်ခဲယမ်း မပြည့်စုံတာကြောင့် ကျဆုံးရတဲ့ရဲဘော် တွေလည်း မနည်း တော့ဘူး"ဟု စိုးအောင်၏ လက်အောက်ခံ တပည့်တစ်ယောက်က ပြည်ပသတင်းဌာန တစ်ခုကို ပြောထားသည့်စကား ဖြစ်သည်။ မြင်းခြံဘက်တွင် နယ်မြေစိုးမိုးထားသည်ဟု အစဉ်ပြောခဲ့သည့် PDF များလည်း လက်ရှိအချိန် ထိုနေရာ၊ ထိုဒေသသည် PDF ကင်းစင်နယ်မြေဖြစ်လာနေပြီး ပြည်သူများအေးအေးချမ်း ချမ်း နေထိုင်နိုင်တော့မည်ဖြစ်ပြီး အတည်မပြုနိုင်သည့် သတင်းများအရ ထိုဒေသက PDF များလည်း အလင်းဝင်ရောက်လိုသူများ များပြားနေသည်ဟု ကြားသိနေရသည်။ မြင်းခြံဘက်တွင် တပ်မတော်က နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာနေခဲ့ပြီး စစ်ကိုင်းတိုင်းဘက်တွင်လည်း တပ်မတော်က တစ်နယ်ပြီးတစ်နယ် ပြန်လည်စိုးမိုးသိမ်း ပိုက်ကာ ပြည်သူများ၏ လူမှုဘ၀ အေးချမ်းရေးအတွက် ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။

သူတို့ပျော်နေကြသည်
    သတိပေးစာလေးတစ်စောင် ရသဖြင့် တော်တော်လေး ပျော်ရွှင်နေသည်ကို တွေ့မြင်လိုက်ရသည်။ သူတို့၏ဒုက္ခက ကိုယ်တိုင်ခံစားဖူးမှ၊ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာ နားလည်နိုင်စွမ်းရှိမည် မဟုတ်လား။ သည်ဒုက္ခ၊ သည်ဝေဒနာကို မတတ်သာ၍သာ ခံစားနေရသော်လည်း သည်အဖြစ်အပျက်မျိုးကို မည်သူမျှ ကြုံတွေ့ချင် ကြမည်မဟုတ်ပေ။ အကြောင်းက မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသည့် ကား သမားများကို တပ်မတော်က စာလေးတစ်စောင်နှင့် အသိပေးလာခြင်းအတွက် ကားသမားများက ပျော်ရွှင် နေခြင်း ဖြစ်သည်။ သတိပေးစာဆို ခြင်းထက် စာပါခေါင်းစဉ်က အသိပေးပန်ကြားလွှာဟု သုံးနှုန်းထား သည့် စာလေးတစ်စောင်ပင် ဖြစ်သည်။ ထိုအသိပေးပန်ကြားလွှာ စာလေးတစ်စောင်ကို လက်ခံရရှိ သည့် ကားသမားတို့က သူတို့ ပျော်ရွှင်နေရကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေနေကြရာ သူတို့၏ အပျော် များသည်လည်း ပြည်သူအများကို ကူးစက်စေခဲ့သည်။ ဆိုခဲ့သည့် သူတို့၏ ဒုက္ခအခက်အခဲကို သူတို့သာလျှင် သိသည်ဆိုသည်မှာ ထိုမန္တလေး-မြစ်ကြီးနား ကားမောင်း နေသည့် ယာဉ်မောင်းများမှာ သည်ဘက် နှစ်ကာလ အပိုင်းအခြားတွင် လက်နက်ကိုင် သောင်းကျန်းသူတို့ ပေးသမျှဒုက္ခကို မချိမဆံ့ ခံစားနေရ သည်မှာ ကာလပင်အတန်ကြာနေပြီ ဖြစ်သည်။ မန္တလေးနှင့် ရွှေဘိုကဲ့သို့ မဝေးလှသည့် ခရီးကိုပင် လက်နက်ကိုင်သောင်းကျန်း သူများက ဂိတ်များဖွင့်ထားပြီး အဓိကလမ်းမကြီး ဖြစ်သည့် ပြည်ထောင်စုလမ်းပေါ်သို့ ယာဉ်များကို ဖြတ်သန်းမသွားစေဘဲ ၎င်းတို့ ဖောက်လုပ်ထားသည့် ကွင်းလမ်းများက ဖြတ်သန်းသွားလာစေခဲ့သည်။
    ယင်းသို့မဝေးလှသည့် ခရီးသည်လည်း ပြည်ထောင်စုလမ်းမကြီးက ဖြတ်သန်းမသွားရဘဲ ကွင်းလမ်းကသွားရသောကြောင့် တစ်ရံတစ်ခါတွင် တစ်ညအိပ်၊ နှစ်ညအိပ်အထိအောင်ပင် ကြာတတ်သည်ဟု ကားသမားများက ညည်းညူပြောဆိုလေ့ရှိသည်။ ၎င်းတို့ ဖောက်လုပ်ထားသည့် ကွင်းလမ်း ဆိုသည်မှာ လည်း လယ်တောယာတောအတွင်းမှ ဘူဒိုဇာ၊ ဘက်ဟိုးများဖြင့် မြေလမ်းကြမ်းကို ဖောက်လုပ်ထား သဖြင့် ဝန်ပါသည့် ယာဉ်များနှင့် အိမ်စီးကားယာဉ်များမှာ ရှောရှောရှူရှူ သွားလာရန် ခက်ခဲလှသည်။ မိုးလေကင်းလွတ်သည့် အခါမျိုးတွင် မသိသာသော်လည်း မိုးအနည်းငယ်ရွာသွန်းထားလျှင် လယ်ခင်း ယာခင်းထဲက လမ်းမများသည် ရွှံ့ညွှန်အထပ်ထပ်နှင့် ရှေ့တိုးမရ၊ နောက်ဆုတ်မရသည့် အခြေသို့ ဆိုက်ရောက်ကုန်ကြလေသည်။ ထိုကဲ့သို့ ရှေ့တိုးမရ၊ နောက်ဆုတ်မရသည့် အခြေသို့ ရောက်လျှင် ထိုလမ်းကို ဖောက်လုပ်ထားသည့် လက်နက်ကိုင်များအတွက် ပွဲတော်ကြီးကဲ့သို့ ဖြစ်သွားလေသည်။ ရွှံ့နွံနစ်နေ သည့်ကားကို ထွန်စက်များဖြင့် တစ်စီးလျှင် သိန်းကြီးပိုင်းအထိ ကောက်ခံပြီး နွံအတွင်းမှ ဆွဲထုတ်ပေးသည်။ နွံနစ်နေသည့် ယာဉ်တန်းရှည်လျှင်ရှည်သလောက် အစားအသောက် ရောင်းချခြင်းဖြင့် လည်း ငွေကြေးရှာဖွေနေရာ လက်နက်ကိုင်များအဖို့ ကွင်းလမ်းဆိုသည်မှာ မဟာငွေ တွင်းကြီးများ ဖြစ်နေလေသည်။ မန္တလေးမှ ရွှေဘို၊ ရွှေဘိုမှ မြစ်ကြီးနားသို့သွားသည့် လမ်းတစ်လျှောက်တွင် ကွင်း လမ်းဖောက်လုပ်၍ ငွေရှာနေသည့် လက်နက်ကိုင်အဖွဲ့ ပေါင်းများစွာ ရှိနေခဲ့သည်။ 
    ထိုကဲ့သို့ ရှိနေခဲ့ရာမှာ သည်ဘက်နှစ်ပိုင်းတွင် တပ်မတော်က နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးများ တိုးမြှင့်ချထားနိုင်ခဲ့သဖြင့် မန္တလေး-မြစ်ကြီးနား လမ်းသည် အထိုက်အလျောက်အားဖြင့် ပြန်လည်ပွင့်လာ ပြီဟု ဆိုနိုင်သည်။ သို့သော်လည်း လက်နက်ကိုင်များစွာ ရှိနေသည့် အဆိုပါလမ်းပိုင်းတစ်လျှောက်တွင် လုံခြုံရေးတပ် ဖွဲ့များ လစ်လျင်လစ်သလို လက်နက်ကိုင်များက စိုးမိုးနေရာယူ ဂိတ်ကြေးကောက်မှုများ ရံဖန်ရံခါ လုပ်လာသဖြင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဆိုသည်မှာ ကားသမားတို့ စိတ်ချလက်ချ သွားလာရသည့် လမ်းပိုင်းဟု တိတိကျကျ မသတ် မှတ်ရဲသည်မှာ ကာလကြာနေပြီဟု ဆိုနိုင်ပါသည်။ မေ ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသည့် ကားသမားများကို သတင်းကောင်းပေး ဝေသည့် အထက်တွင်ဆိုထားသည့် အသိပေးပန်ကြားလွှာ စာလေးတစ်စောင် ဖြန့်ဝေချိန်၌ ရရှိခဲ့သည်။ ထိုစာထဲတွင် မြစ်ကြီးနား-မန္တလေး ပြည်ထောင်စု လမ်းမကြီးအား တပ်မတော်မှ အပြည့်အ၀ ထိန်းချုပ်လိုက်ပြီး ရှောင်ကွင်းလမ်းများရှိရာတွင် နယ်မြေရှင်းလင်း  ဆောင်ရွက်လျက် ရှိပါသည်။ မော်တော်ယာဉ် အသုံးပြု ခရီးသွားပြည်သူမျာအနေဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှသာ သွားလာရန်နှင့် ရှောင်ကွင်း လမ်းမှ သွားလာပါက ထိတွေ့မှုများ၊ မှားယွင်းပစ်ခတ်မှုများ ဖြစ်ပွားလာ နိုင်သည့်အတွက် ပြည်ထောင် စုလမ်းမကြီးပေါ်မှသာ လုံခြုံစိတ်ချစွာဖြင့် သွားလာကြပါရန် အသိပေးပန်ကြားအပ်ပါသည်ဟု ရေးသား ဖြန့်ဝေထားသည်။ ထိုဖြန့်ေ၀သည့်စာကို ရရှိသူက လူမှုကွန်ရက်ပေါ် ထပ်ဆင့်ဖြန့်‌ေ၀ ထားရာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၏ ဒုက္ခအဖုံဖုံ ဇာတ်လမ်းအစုံ ကြုံသမျှ အချင်းချင်းဝေမျှနေကြလေသည်။ "ပျော်တာပေါ့ အရင်နှစ်က မိုးညှင်းနဲ့ မဲဇာ ၁၆ ရက်ကြာလို့"ဟူ၍ ဒုက္ခများစွာ ကြုံခဲ့ရသူများက သည်လမ်းပိုင်းပွင့်သွားသည်ကို လွန်စွာပျော်ရွှင်နေကြလေသည်။ ထိုကဲ့သို့ အပျော်များစွာကြားထဲက လက်နက် ကိုင်ထားသည့် PDF ညီငယ်ညီမငယ်များကိုလည်း တပ်မ တော်က ဤကဲ့သို့ စေတနာရှေ့ထား၍ ဆောင်ရွက်နေသည်များကို မြင်တွေ့ပြီး အမြန်ဆုံးအလင်း ဝင်နိုင်ကြပါရန် နှိုးဆော်နေသည့် ပြည်သူအများစုကို လည်း တွေ့မြင်နေရလေသည်။             
 ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 48

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62177

© 2022 - 2026 News. All Rights Reserved.