NUG သတ်လို့ အညာပဒက်တွေလည်း ကုန်တော့မည်
တိုင်းပြည်ကို ဒုက္ခပေးနေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏နိဂုံးက လုံး၀လှနိုင်တော့မည် မဟုတ်ပေ။ တော်လှန်ရေး ငါးနှစ်ကျော်လာသည့် ကာလကို ကျော်ဖြတ်လာပြီးချိန်တွင် PDF အချင်းချင်း သတ်ဖြတ်မှုများ၊ NUG လက်အောက်သို့ မဝင်သည့်တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်များအောက်တွင် မထင်လျှင်မထင်သလို သတ်ဖြတ်ခံရနေမှုများကြောင့် PDF တို့ ပြုန်းတီး လာရသည့် သတင်းများက မကြားချင်မှအဆုံး ဖြစ်လာနေသည်။
ဤသတင်းစကားများသည် တော်လှန်ရေး ဘက်အခြမ်းက မခံမရပ်နိုင်တော့၍ ထွက်ပေါ်လာသည့် သူတို့အချင်းချင်း မကျေနပ်ရာမှ ထွက်ပေါ်လာသော သတင်းစကားများသာ ဖြစ်သည်ဟုလည်း ဆိုချင်ပါသည်။ လတ်တလော သူတို့အချင်းချင်း မကျေမနပ် ပေါက်ကွဲ၍ ပြောနေသည့်စကားများ အနည်းငယ်ဖောက်သည်ချလိုပါသည်။ “စစ်ကိုင်း SCEF ဖွဲ့ပြီး KIA ပါဂျောင်အတိုင်း လုပ်နေပြီ။ “ငါ ပçသုံးလုံး အဖွဲ့ဆိုပြီး လုံခြုံမယ် မထင်နဲ့နော်၊ ဗမာအချင်းချင်း ပြန်သတ်ခိုင်းမှာ၊ ခုလည်း လက်နက်ချထားတဲ့ BNRA အဖွဲ့ဝင်ကလေးတွေ ခေါ်ယူသတ်နေတယ် ကြားရတယ်နော်။ SCEF ဖွဲ့ထားပြီးပြီမို့ KIA/KNU မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့ သေခါနီး အသုဘတွေသိဖို့”ဆိုသည့်စကား တော်လှန်ရေးသမားများဘက်က အသံ ထွက်လာနေ၏။ တော်လှန်ရေးသမား များထဲက ထိုကဲ့သို့ အချင်းချင်း သတ်ဖြတ်ခံရမှုများ၊ EAO လက်အောက်တွင် ရှေ့ပြေးအသေခံ ခိုင်းစေခံနေရမှုများအပြင် တိုင်းရင်းသားလက်နက်ကိုင်တို့ကလည်း မကျေနပ်လျှင် မကျေနပ်သလို သတ်ဖြတ်ညှဉ်းဆဲကြသည်။ တော်လှန်ရေးအဖွဲ့အချင်းချင်း အဝေမတည့် မညီညွတ်လျှင်လည်း တုတ်တစ်ပြက်ဓားတစ်ပြက်ခေတ်မှ မောင်းပြန်ခေတ် ဖြစ်သောကြောင့် အချင်းချင်း တိုက်ပွဲဖော်ဆောင်သတ်ဖြတ်ကြပြန်၏။ ထိုကဲ့သို့ သတ်ဖြတ်မှုများ၊ ကြီးနိုင်ငယ်ညှဉ်းမှုများ PDF များအတွက် မကြာခဏ ခံစားနေရသော်လည်း အသံထွက်၍ ပြောကြားသူများကိုလည်း တော်လှန်ရေးသစ္စာ ဖောက်အဖြစ် စွပ်စွဲကာ သတ်ဖြတ်ပြန်၏။ အမှန်တရားကို အသံထွက်ခြင်းသည် တော်လှန်ရေးကို ပြည်သူများ အယုံအကြည်မဲ့ သွားမည်ဆိုသည့် စွပ်စွဲချက်ဖြင့် အသံထွက်သူကို သတ်ဖြတ်ကြခြင်းဖြစ်ကြောင်း အသက်မသေဘဲ တော်လှန်ရေးကို စွန့်ခွာလာသူတို့က ပြောမှသိကြရသည်။
တောတွင်းလက်နက်ကိုင်အဖွဲ့များ၏ လက်နက်နှင့် အချင်းချင်း ရမ်းကား သတ်ဖြတ်မှုများသည် တောတွင်းတွင် နေထိုင်သည့် တော်လှန်ရေးဘက်အခြမ်းတွင် ဘာမျှမထူးဆန်းတော့သည့်ကိစ္စဖြစ် သော်လည်း ပြည်သူကို အသိမခံသည့်အတွက်ကြောင့် အများပြည် သူက သိခွင့်မရခြင်း ဖြစ်သည်။ ဤကဲ့ သို့ တော်လှန်ရေး ခေါင်းစဉ်အောက်က အချင်းချင်းကို ဥပဒေမဲ့သတ်ဖြတ်မှုများ မတရားကျူးလွန်လာ နေသည်ကို တော်လှန်ရေးသမားများ သိသော်လည်း ထွက်ပြေးရန်အခွင့်မသာသဖြင့် တော်လှန်ရေးကို စွန့်ခွာ၍ ထွက်မပြေးကြခြင်းဖြစ်ပြီး အခွင့်သာသူတို့က အချင်းချင်းသတ်ဖြတ်မှုကို မမြင်လို၊ မကြားလို၊ မကြုံတွေ့လိုသဖြင့် အလင်းဝင်လာသူများလည်း အများအပြား ရှိနေသည်မှာ အားလုံး အသိပင်ဖြစ် သည်။ တော်လှန်ရေးဘက်အခြမ်းတွင် မည်မျှ တရားဥပဒေမဲ့၍ ထင်ရာစိုင်းနေသနည်းဟု မေးလာလျှင် ကန့်ဘလူနယ်က တော်လှန်ရေးသမားတစ်ယောက်၏ ပေါက်ကွဲသံကို နားစွင့်ကြည့်ကြည့်ပါ။
“ရဲဘော်တွေအိမ်ထောင်ပြုရင် ထောင်ချရတာနဲ့၊ စာတင်ရတာနဲ့ လူကြီးတွေ မယားကြီးပစ်ပြီး မယားငယ်ယူတော့ ဘယ်သူ့ စာတင်ရတာလဲ”ဟု ကန့်ဘလူနယ်ဘက်က တော်လှန်ရေးသမားတစ်ဦးက ဆိုထားလေသည်။ ထိုစကားနှင့်ပတ်သက်ပြီး ‘’အားကျ၊ အားကျ၊ သူတို့က လူကြီးမို့လို့ ရနေတာပေါ့နော်။ လူငယ်တွေကျရင် တပ်ရင်းကနေ နုတ်ထွက်ခွင့်တင်ရင် ဖမ်းတယ်၊ ထောင်ချတယ်၊ မကျေနပ်ရင် သတ်ပြစ်တယ်၊ သူတို့ လူကြီးတွေကျ ဘာခံရလဲဗျာ”တော်လှန်ရေးလောက၏ မကျေနပ်ချက် ငိုညည်းသံပေါင်း စုံကိုလည်း တွေ့ရသည်။
တော်လှန်ရေးသမားအချင်းချင်း မည်မျှသတ် ဖြတ်နေသနည်းဆိုသည်ကို ‘အမှန်တွေ ပြောနေတာ သတ်ခံရတော့မယ်’ဆိုသည့် သတိပေးစကားများလည်း NUG ၏ ဖိနှိပ် သတ်ဖြတ်ခြင်းခံနေရသည့် အညာ PDF အသိုင်းအဝိုင်းတွင် ပြောဆိုနေကြလေသည်။
ပြိုပျက်နေသောတော်လှန်ရေး
သည်ရက်ပိုင်းအတွင်း တော်လှန်ရေးဘက်အခြမ်းက အပူရုပ်ကို ဟန်လုပ်နေကြလေသည်။ အားတင်းထားဟု အချင်းချင်း ဖေးမရမည့်အစား သူတို့၏ပုတ်သင်ဥများ ပေါ်ပေါက်မည်ကိုပင် ကြောက်နေရသည့် ကာလပင်ဖြစ်သည်။ ပုတ်သင်ဥပေါ်နိုင်သည့်အကြောင်းက ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်း ကိုယ်သိဆိုသည့် အကြောင်းသိများက တော်လှန်ရေးကို စွန့်ခွာကုန်သောကြောင့် ပင်ဖြစ်သည်။ အကြောင်းသိအချင်းချင်းက တော်လှန်ရေးကို စွန့်ခွာကုန်ကြသဖြင့် တော်လှန်ရေး ဘက်အခြမ်းက ပွဲပျက်နေ ပြီဟုပြော၍ ရသကဲ့သို့ ပွဲဆူနေပြီး အချင်းချင်းကိုပင် အားမပေးနိုင်အောင် ဖြစ်နေလေသည်။ တော်လှန်ရေးကို စွန့်ခွာနေကြသူများထဲမှ မြင်းမူမြို့နယ်တိုက်နယ် ပ.က.ဖ PDF နဲ့ အမျိုးသမီးတို့ လက်နက်ချ အလင်းဝင်ဆိုသည့် သတင်းကလည်း အညာတော်လှန်ရေးအသိုင်းအဝိုင်းတွင် ရိုက်ခတ်မှုကြီးမားလှသည်။ ‘စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ တာဝန်ခံမြတ်စိုးနှင့် ဇနီးဖြစ်သူတို့သည် လက်နက် ၁၀ လက်ထက်မ နည်းယူဆောင်ပြီး အလင်းဝင်ရောက်လာ ကြောင်းကို တော်လှန်ရေးသတင်းဌာနများက မကျေမချမ်း တင်ပြနေကြလေသည်။ မြင်းမူမြို့နယ် ပ.က.ဖ တာဝန်ခံ မြတ်စိုးသည် စက်တင်ဘာ ၁၃ ရက်က အလင်းဝင်ရောက် သွားခြင်းဖြစ်ပြီး သူ၏ဇနီး ဖြစ်သူက သူ့ထက် သုံးရက်ခန့်စော၍ ဦးစွာ အလင်းဝင်ပြီး သုံးရက်အကြာတွင် မြတ်စိုးက အလင်းဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အလင်းဝင်ရောက်ရာတွင် လက်နက် ၁၀ လက်ထက် မနည်း ယူဆောင်သွားသည့်အပြင် လက်နက်ဝယ်ယူရန် စုဆောင်းထားသည့် ငွေကြေးများပါ ယူဆောင်သွားခဲ့ ခြင်းဖြစ်ကြောင်း ဆိုနေကြလေသည်။
မြင်းမူမြို့နယ်အတွင်း ယခု စက်တင်ဘာလ အတွင်းမှာပင် PDF ၁၀ ဦးခန့် လက်နက်ချအလင်းဝင် ရောက်သွားကြောင်းလည်း တော်လှန်ဘက်အခြမ်းက သတင်းများတွင် တင်ဆက်ထားလေသည်။ မြင်းမူ က မြေပြင် ပ.က.ဖ တာဝန်ခံ ဇနီးမောင်နှံတို့ အလင်းဝင်ခြင်းနှင့်အတူ မဲဆောက်နိုင်ငံရေး အသိုင်းအဝိုင်းတွင် လှုပ်ခတ်နေသည့် သတင်းက NUG ဝန်ကြီးချုပ်ရုံးက အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းလည်း NUG ကို စွန့်ခွာသွားပြီး နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းသွားသည့် သတင်းပင် ဖြစ်သည်။ ဦးမင်းမင်းသည် မဲဆောက်မြို့မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး အလင်းဝင်ရောက်သွားခြင်း ဖြစ်သည်။
ဦးမင်းမင်းအလင်းဝင်လာခြင်းကြောင့် NUG ၏ ပုတ်သင်ဥများ ပေါ်ပေါက်လာမည်ကို တော်လှန်ရေးဘက်အခြမ်းနှင့် မဲဆောက်နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်နေကြသည်။ NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်း အတွင်းဝန်ဆိုသည်မှာ NUG ဝန်ကြီးပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သောကြောင့် ဦးမင်းမင်း အလင်းဝင်လာခြင်းသည် တော်လှန်ရေးဘက်အခြမ်းတွင် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
“လက်နက်ကိုင် ပုန်ကန်ခြားနားတဲ့အဖွဲ့က အကြီးအကဲတစ်ယောက်ကိုယ်တိုင်က အစိုးရထံ အလင်းဝင်လာခြင်းဟာ ထိုအဖွဲ့အစည်းသည် မညီညွတ်တော့ခြင်း၊ မျှော်လင့်ချက် ကုန်ဆုံးသွားခြင်း၊ အဘက်ဘက်က ကျရှုံးနေခြင်းစသည့် အချက်များကြောင့်”ဟု သုံးသပ်မှုများရှိနေပြီး NUG ဘက်အခြမ်း၏ တုန်လှုပ်စရာအကောင်းဆုံးက NUG ၏ အပုပ်များကို အားလုံးသိသဖြင့် ဖော်ထုတ်လိုက်လျှင် ယခင်ကတည်းက မရှိသည့်ဂုဏ်သိက္ခာက မြောင်းထဲသာမက လုပ်စားနိုင်ငံရေးစားခွက်ပါ ပျောက်မည့် အရေးကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မဲဆောက်နိုင်ငံရေးလောကတွင် မုန်တိုင်းထန်သွားသည့် ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်ပါသည်။
တော်လှန်ရေးရဲဘော်များကို သတ်ဖြတ်ခြင်းက လုပ်ထုံးလုပ်နည်းကို ကျော်လွန်ခဲ့သလား
မေးခွန်းကိုကြည့်ကြပါဦးသာ ဆိုချင်ပါသည်။ သူတို့မေးထားသည့် မေးခွန်းအပြည့်အစုံက ‘မန္တလေး ခရိုင်အမှတ်(၅) တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့က ရဲဘော်တချို့အပေါ် သတ်ဖြတ်ခဲ့တာက လုပ်ထုံးလုပ်နည်းကို ကျော်လွန်ခဲ့သလား}ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ထိုမေးခွန်းနှင့်ပတ်သက်၍ ယခုစာကိုဖတ်နေသူကရော မည်ကဲ့သို့ အမြင်ရှိသနည်းဟုလည်း သူတို့မေးသကဲ့သို့ မေးချင်ပါသည်။ ထိုမေးခွန်းတွင်ပါသည့် အကြောင်းအရာများကို ဆက်၍ကြည့်လျှင် ‘မန္တလေးခရိုင် အမှတ်(၅) တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်အချို့က ၎င်းတို့တပ်ကနေ ထွက်ခွာခွင့်တောင်းတဲ့ ရဲဘော်လေးဦးနဲ့ အမရပူရ ပ.က.ဖ တပ်ဖွဲ့ဝင်တစ်ဦးကို သြဂုတ်လ ဒုတိယအပတ်မှာ ဖမ်းဆီးပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ည ၂ နာရီခန့်မှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာ တစ်ရွာရဲ့တောင်ဘက်မှာ ပစ်သတ်ခဲ့ပြီး ဧရာဝတီမြစ်ထဲကို မျှောချလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တာပါ”ဟု တော်လှန်ရေးဘက်အခြမ်းက မီဒီယာများ တွင် ဖော်ပြထားသည်။
ယခုပစ်သတ်ခံရသည့် PDF ရဲဘော်များသည် တော်လှန်ရေး စတင်စဉ်ကတည်းက အတူတိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များ ဖြစ်ကြပြီး တော်လှန်ရေးငါးနှစ်တာ ကာလလုံး အတူလက်တွဲခဲ့သည့် အဖွဲ့များ ဖြစ်သည်ဟု ဆိုသည်။
“မန္တလေးခရိုင် အမှတ်(၅) တပ်ရင်းမှ ယာယီ တပ်ရင်းမှူး ကျန်ကျောင်း၊ အုပ်ကလေး၊ ကျော်ထက်၊ ဖိုးလမင်းနဲ့ ခန့်ဇော်ဟိန်းတို့က တပ်ရင်းရဲဘော်တွေဖြစ်တဲ့ ရဲဘော် ဂျက်စပဲရိုး၊ ရဲဘော် ရှုပ်ရှုပ်၊ ရဲဘော် စိန်ပန်း၊ ရဲဘော် ဖြိုးငွေစိုးနဲ့ အမရပူရ ပ.က.ဖ ရဲဘော် ဇော်အောင်တို့က သတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ရှိခဲ့တာ”ဟု သတ်ဖြတ်ခဲ့ သူများနှင့် သတ်ဖြတ်ခံရသူ၏ အမည်များကိုလည်း ဖော်ပြထားသည်။
သတ်ဖြတ်ခံရသည့် ရဲဘော်များ၏မိသားစုဝင်များသည် သူတို့၏ သားသမီးများ သတ်ဖြတ်ခံရသည့်အကြောင်းကိုလည်း မသိရှိကြရဟုဆိုသည်။ “မန္တလေး ခရိုင်အမှတ်(၅) တပ်ရင်းမှူး ကျန်ကျောင်း ကတပ်ကနေ ထွက်ချင်တဲ့ ရဲဘော်တွေကို ရှေ့ထွက်ခဲ့လို့ အမိန့်ပေးခဲ့ တဲ့အတွက် ထွက်လာတဲ့တပ်ဖွဲ့ဝင် ၁၅ ဦးထဲက ယင်းရဲဘော်လေးဦးနဲ့ အမရပူရ ပ.က.ဖ တပ်ဖွဲ့ဝင်တစ်ဦးတို့ကို အချုပ်နှစ်လ ချခံပြီးမှ ထွက်ခွင့်ပေးမယ့် အ ကြောင်းပြချက်နဲ့ ချုပ်နှောင်ခဲ့ပြီး စစ်တပ်နဲ့ပတ်သက်လို့ သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ကြောင်း”ဟု သူတို့ သတ်ဖြတ်ခဲ့ခြင်းကို ကာကွယ်၍ ပြောဆိုထားလေသည်။ သူတို့ပြော သည့်အတိုင်း အကယ်၍ စစ်တပ်နှင့် ပတ်သက်သဖြင့် သတ်သည်ဟုဆိုလျှင် ထိုသတ်ဖြတ်ခံရသည့် PDF ရဲဘော်များ သည် တပ်ရင်းက ထွက်ချင်လျှင် ရှေ့ထွက်ခဲ့ဆိုသည့် စကားအတိုင်း ရှေ့ထွက်မလာဘဲ တော်လှန်ရေး သမားများမသိခင် လက်နက်ချ အလင်းဝင်သွားကြမည် မဟုတ်လား။
ငါးနှစ်ကျော် ကာလအထိ မျှော်လင့်ချက် အမှားများပေးခဲ့သည့် တော်လှန်ရေးဘက်အခြမ်းက လူကြီးများ၏ ပြောစကားကို အယုံအကြည် မရှိတော့၍ သူတို့၏အနာဂတ်ကို သူတို့ကိုယ်တိုင် ဖန်တီးခွင့်ရှိသည့် နေရာသို့ သွားလိုကြောင်း လွတ်လွတ်လပ်လပ် ပြောသည့် လူငယ်များ၊ အထူးသဖြင့် သူတို့နှင့် ယုံကြည်ချက်ချင်းတူ၍ ငါးနှစ်တိတိ အတူလက်တွဲခဲ့သည့်လူများ၊ တစ်နည်းအားဖြင့် တစ်သက်လုံး မွေးခဲ့သည့်ကြက် တစ်မနက်တည်းနှင့်ရိုက်ချက်စား ဆိုသကဲ့သို့ လွယ်လွယ်ကူကူ သတ်ဖြတ်လိုက် ခြင်းပင်ဖြစ်သည်။
ဤကဲ့သို့ဖြစ်ရပ်မျိုးက မည်သူ့တွင်အပြစ်ရှိ သနည်းဟုမေးလာလျှင် လူငယ်များကို ဝါဒမှိုင်း တိုက်ပြီး မျှော်လင့်ချက်အမှားများ ပေးခဲ့သည့် နိုင်ငံရေးသမားများနှင့် NUG က လူကြီးများတွင် အပြည့် အ၀ တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )