ငြိမ်းချမ်းရေးအတွက် အတွေးအခေါ်တွေပြောင်းပြီး အတိတ်ကဖြစ်ခဲ့တဲ့ နာကြည်း ချက်တွေကို သင်ပုန်းချေဖို့ လိုတယ် . . .
၂၀၂၆ ၊ စက်တင်ဘာ ၂၄
ကရင်ပြည်နယ် ငြိမ်းချမ်းရေးကြိုးပမ်းနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ လတ် တလောဆောင်ရွက်ချက်များ၊ အနာဂတ်ငြိမ်းချမ်းရေးမျှော်မှန်းချက်များနှင့်ပတ်သက်၍ ဦးစောကြည်လင်းနှင့် ဆက်သွယ်မေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်။
TREND ။ ။ ယာယီနေရပ်ရှောင် ပြည်သူတွေကို ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ သွားရောက် ထောက်ပံ့ခဲ့တယ်လို့ သိရတဲ့အတွက် လက်ရှိဒေသတွင်း အခြေအနေလေးတွေအပေါ် ပြောပြပေးစေလိုပါတယ်။
SKL ။ ။ ကျွန်တော်တို့ ခုတစ်ကြိမ် သွားရောက်ပြီး စစ်ဘေးရှောင်တွေကို သွားရောက်ကူညီတာ က ကော့ကရိတ်(မြောက်ပိုင်း) ဒေသတွေဖြစ်ပါတယ်။ ကော့ကရိတ်(မြောက်ပိုင်း)ဒေသရဲ့ ကျေးရွာအုပ်စုတွေက အိမ်ထောင်စုပေါင်း ၅၀၀၀ နီးပါးလောက် ရှိတယ်။ အိမ်ထောင်စုဝင်တွေကို စာရင်းကောက်ထားမှုအရတော့ လူဦးရေ ၁၉၀၀ နီးပါးလောက် ရှိပါတယ်။ ဒီပြည်သူ တွေ စစ်ရှောင်နေရတာက ခုဆိုရင် လေး၊ ငါးနှစ်လောက်ရှိပြီ။ သူတို့အတွက်က ကိုယ်အရပ်ဒေသကို ပြန်နေဖို့ အရမ်းခက်ခဲသွားတဲ့ အနေအထားကို တွေ့ရပါတယ်။ သူတို့ရဲ့ နေ အိမ်တွေ၊ လုပ်ငန်းကိုင်ငန်းတွေ ပြန်ထူ ထောင်ဖို့ခက်တဲ့ အနေအထားရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က သွားရောက်ပြီး ကူညီတာ တတိယအကြိမ်ရှိပါပြီ။ ဒေသတွင်း အခြေအနေကတော့ ပြည်သူအချို့က ခုလို နေရပ်ရှောင်နေရတော့ စားဝတ်နေရေးကတော့ အရမ်းခက်ခဲကြပါတယ်။ လှူတဲ့သူ ရှိတဲ့အချိန်တော့ နည်းနည်းပါးပါး အဆင်ပြေပေမယ့် ကျန်တဲ့အချိန်က ခက်ခဲပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ လှူတဲ့ပမာဏက သူတို့စားဖို့သောက်ဖို့အတွက် ရက်ပိုင်းစာလောက်ပဲ အထောက်အပံ့ရှိပါတယ်။ ကျွန်တော်တို့ပေးတာ ဆန်အိတ်ပေါင်းက ၅၀၀၀၊ ငါးသေတ္တာဖာပေါင်း ၅၀၀၀၊ နှစ်လီတာ ဆီဘူး ၅၀၀၀၊ အချိုမှုန့် ၅၀၀၀ ကို ခွဲဝေပေးခဲ့ပါတယ်။ ခုလိုပေးတာက ကရင်အမျိုးသား ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ထောက်ပံ့တာလည်း ရှိပါတယ်။ ကျွန်တော်တို့ဘက်လည်း အတိုင်းအတာတစ်ခုအထိ ကူညီကြတာပါ။
TREND ။ ။ ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအနေနဲ့ ဘာတွေအဓိကထား ဆောင်ရွက်နေလဲ။ ရှေ့ဆက်မယ့်အခြေအနေတွေပြော ပြပေးပါ။
SKL ။ ။ ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အစပြုတာကတော့ ၂၀၂၆ ခုနှစ် မေလမှာ စတင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကော်မတီဖွဲ့တာက ဘာကို အခြေခံလဲဆိုရင် လက်နက်ကိုင်အဖွဲ့မှာ KNU/KNLA-PC ၊ DKBA ၊ KNA ဆိုပြီးပါတယ်။ လက်နက်ကိုင်သုံးဖွဲ့ရယ် နောက်ပြီး ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ နိုင်ငံရေးပါတီတွေပါတယ်။ နောက်ဘာသာ ရေးခေါင်းဆောင်တွေ ပါတယ်။ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ ကော်မတီကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လတ်တလော လှုပ်ရှားမှုအနေနဲ့ကတော့ စစ်ဘေးရှောင်တွေ ကြုံနေရတဲ့ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ဝိုင်းကူညီနေတယ်။ ကော်မတီရဲ့အောက်က လူမှုရေးနဲ့ ပဋိပက္ခဖြေရှင်းရေး အထောက်အကူပြုကော်မတီ အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကတော့ ကရင်ပြည်နယ်ကို ကိုယ်စားပြုပြီး ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဒေသတွင်းမှာ စစ်ပွဲပဋိပက္ခတွေ လျော့နည်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ စစ်ပွဲကြီးတွေ၊ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားတဲ့အထိ မမျှော်မှန်းနိုင်သေးပေမယ့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုတော့ အဓိကထားဆောင် ရွက်လာမှာပါ။ ကျွန်တော်တို့နိုင်ငံက လွတ်လပ် ရေးရပြီးကတည်းက ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ ပြဿနာဟာ တော်တော်လေးလည်း နက်ရှိုင်းပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းအောင် ဆောင်ရွက်ဖို့ ရည်ရွယ်တယ်ဆိုပေမယ့် မလုပ်နိုင်သေးတဲ့ အနေအထား မျိုးမှာတော့ စစ်ပွဲရပ်တန့်အောင် အဓိကထားပြီးတော့ လုပ်မှာပဲ။ တိုက်ပွဲတွေမရှိရင် ကျွန်တော်တို့ပြည်နယ်မှာ ခုလို စစ်ရှောင်တွေ မရှိနိုင်ဘူး။ တိုက်ပွဲတွေကြောင့် လူထုက ကြောက်လန့်ပြီးတော့ အိုးပစ်အိမ်ပစ်နဲ့ ငြိမ်းချမ်းတဲ့အရပ်ကို သွားပြီး တိမ်းရှောင်နေကြရတယ်။ ဒါတွေရဲ့ အရင်းခံက စစ်ပွဲ တွေကြောင့်ဖြစ် ရတဲ့ နောက်ဆက်တွဲ အနိဋ္ဌာရုံတွေပဲ။ ဒါကြောင့် စစ်ပွဲတွေ ရပ်တန့်အောင်၊ နောက်ထပ်စစ်ပွဲတွေ မဖော်ဆောင်နိုင်အောင် သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို သွားရောက် တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကားတွေ ဆွေးနွေးသွားမှာပါ။
TREND ။ ။ ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဘယ်လိုရပ်တည်သွားမှာလဲ။
SKL ။ ။ ပြောရရင် ကျွန်တော်တို့က Third Party ပုံစံမျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အဖွဲ့မှာက လက်ရှိအစိုးရနဲ့ သင့်မြတ်ပြီး ငြိမ်းချမ်းရေးခိုင်မာတဲ့ လက်နက်ကိုင်အဖွဲ့ရှိတယ်။ ဒေသလုံခြုံရေး၊ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လုပ်ရကိုင်ရတာ ပိုပြီးတော့ အဆင်ပြေတာပေါ့။ တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် ဖြစ်လာတဲ့အခြေ အနေတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ဘယ်လို စေ့စပ်ညှိနှိုင်းသင့်သလဲ။ လူထုတွေ ထိခိုက်နစ်နာနေတာကို ဘယ်လိုဖြေလျှော့ရင် ရနိုင်မလဲဆိုတာကို တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့အတွက် ဖွဲ့စည်းရတာ ဖြစ်ပါတယ်။
TREND ။ ။ ကရင်လူထုဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခကိုရင်ဆိုင်လာကြတဲ့အတွက် ငြိမ်းချမ်းရေးကို အနည်းနဲ့အများ လိုလားနေကြမှာပါ။ ကရင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးမှာ ဘာတွေက အဓိကအဟန့်အတား ဖြစ်နေရသလဲ။
SKL ။ ။ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးမှာ အဓိကအဟန့်အတားကတော့ သူ့ဘက်၊ ကိုယ့်ဘက် ဘက်နှစ်ဖက် မကျေလည်မှုတွေက ရှိကြပါတယ်။ ဒီမကျေလည်မှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်ပြီးတော့မှ ဖြေရှင်းလိုက်တဲ့ အခါကြတော့ မသက်ဆိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေက တော်တော်လေးကို သနားစရာကောင်းတဲ့ အနေအထား ဖြစ်သွားကြတယ်။ ကျွန်တော်တို့ တကယ်ကြုံတွေ့ရမှာပဲ။ ဒီအခက်အခဲက တကယ့်ကို ဆိုးရွားတဲ့အခက်အခဲလို့ သတ်မှတ်လို့ရပါတယ်။ ဖြစ်စေချင်တာကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ရှင်းစေချင်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မရှင်းဘဲ စစ်ရေးနည်းနဲ့ရှင်း လိုက်တဲ့အခါကြတော့ နောက်ဆုံး မသက်ဆိုင်သူတွေပါ ဒုက္ခရောက်ရတဲ့ အဖြစ်ကို ကျွန်တော်တို့က နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတော့ ကရင်ပြည်နယ်မှာ ဒီလိုဖြစ်ရပ်တွေကို ချုပ်ငြိမ်းစေချင်ပါတယ်။ ဒီလိုအဟန့်အတားတွေကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ကျွန်တော်တို့ ဒေသတွင်း ငြိမ်းချမ်းရေးကော်မတီဖွဲ့ပြီး စတင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
TREND ။ ။ အစိုးရအနေနဲ့ကလည်း ငြိမ်းချမ်းရေးကို အားထည့်လုပ်ဆောင်နေတာ တွေ့ရတယ်။ တွေ့ဆုံမှုတွေလည်း မပြတ်ဆောင်ရွက်နေတာ တွေ့ရတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေအပေါ် ဘာများ သုံးသပ်လိုပါသလဲ။
SKL ။ ။ အစိုးရအနေနဲ့ကတော့ ငြိမ်းချမ်းရေးသဘောထား ပွင့်ပွင့်လင်းလင်း ရှိတာကို မြင်ရတယ်။ လာရောက်ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်။ ကြိုတင်ကန့်သတ်တာ မရှိဘူး ပြောထားတယ်။ သမ္မတကိုယ်တိုင်ကလည်း ဖြစ်နိုင်တာတွေ တောင်းဆိုကြဖို့အထိ ပြောထားတာရှိတယ်။ နောက်နိုင်ငံတော်ကို တော်လှန်တယ်ပဲပြောပြော၊ ပုန်ကန်တယ်ပဲပြောပြော အားလုံးကို ဖိတ်ခေါ်နေတာပါပဲ။ ဖိတ်ခေါ်တော့ လာတဲ့အဖွဲ့တွေလည်း လာကြတယ်။ မြန်မာနိုင်ငံကလည်းပြောရရင် လူမျိုးတစ်မျိုး လက်နက်ကိုင် တစ်ဖွဲ့လောက် ဖြစ်နေတယ်။ လက်နက်မကိုင်တဲ့ တိုင်းရင်းသားက မရှိသလောက် ဖြစ်နေကြတယ်။ လက်နက်ကိုင်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်လာကြတာ လွတ်လပ်ရေးရပြီးကတည်းက ခုထက်ထိပဲလေ။ ဒီသံသရာကြီးက တော်တော်လေးကိုကြာပြီ။ ဒီလိုနှစ်ဖက်ဖြစ်ပြီး တိုက်ကြခိုက်ကြတာအကြောင်း မဟုတ်ပေမယ့် ဘာမှမသက်ဆိုင်တဲ့ လူထုထိခိုက်နစ်နာနေတာကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြုံလာရတော့ ချုပ်ငြိမ်းဖို့သင့်ပြီဆိုပြီး အစိုးရကလည်း တွေးလာတယ်။ ကျွန်တော်တို့ပြည်နယ်မှာ ဆိုရင်လည်း KNU က အရင်ငြိမ်းချမ်းရေးလုပ်ခဲ့တာပဲ။ နောက်မှ အကြောင်းအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကထွက်ခဲ့တယ်။ ခုအခြေအနေမှာ လူထုအကျိုးကို မျှော်ကိုးပြီး လူထုနစ်နာနေတာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ ချဉ်းကပ်သင့်ပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း KNU နဲ့ တွေ့ဆုံဆွေးနွေး သွားဖို့ရှိပါတယ်။ ဆွေးနွေးပြီးလူထုအတွက် အကောင်းဆုံးနည်းလမ်း ဘာရှိမလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်မလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြ ယုံကြည်မှုတည် ဆောက်ရင်းနဲ့ လူထုအတွက် သက်သာရာ သက်သာကြောင်း နည်းလမ်းတွေကို ရှာကြံဖို့ ဆုံးဖြတ်ထားပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးမှာ တစ်ဖက်က လည်း တိုင်းရင်းသားလက်နက်ကိုင်ရှိသလို တစ်ဖက်မှာလည်း နိုင်ငံရေးသဘော ထား ကွဲလွဲမှုကနေ ဖြစ်ပေါ်လာတဲ့ PDF ဆိုတာလည်း ရှိတယ်။ မူလကတော့ နိုင်ငံရေ သဘောထားကွဲလွဲတာကြောင့် ပေါ်လာတယ်ဆိုပေမယ့် PDF အဖွဲ့တွေဟာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာနေတယ်။ ဒီအပေါ် သုံးသပ်ပေးစေလိုပါတယ်။
SKL ။ ။ PDF ကတော့ ၂၀၂၁နောက်ပိုင်းမှ ပေါ်လာတဲ့အဖွဲ့ပေါ့။ ပြောရရင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကနေ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေအရ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေပေါ့။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ သဘောသဘာဝခြင်းမတူဘူး။ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခက လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်လာတာလေ။ PDF ပေါ်လာတဲ့ အခြေအနေအရင်းအမြစ်နဲ့ တိုင်းရင်းသား တွေရဲ့အရင်းအမြစ် မတူကြဘူးပေါ့။ ဒီတော့ သူတို့ရဲ့မူနဲ့ တိုင်းရင်းသားတွေမူ ကွာဟမှုရှိပါတယ်။ ဘယ်လို ပြောရမလဲဆိုတော့ လာရာမတူတော့ လားရာမတူဘူးလို့ ပြောချင်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်း တွေမှာက သူတို့ရဲ့ မူဝါဒ၊ သူတို့ရဲ့ နိုင်ငံရေးပေါ်လစီအားလုံး ရှိကြပါတယ်။ PDF ကတော့ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်က ဖြစ်ခဲ့တဲ့အခြေအနေကို မူတည်ပြီး ဖြစ်လာတယ်။ အာဏာလက်လွတ်ရတယ်ဆိုတဲ့ အနေအ ထားကို မကျေနပ်လို့ လုပ်ကြတယ်။ အဲဒီပြဿနာတွေကြောင့်ပဲ ကျွန်တော်တို့ လက်ရှိရင်ဆိုင်ခဲ့ရတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်လာကြ တယ်။ အကြမ်းဖက်နည်းတွေကိုပဲ အားပေးလုပ်ဆောင်ခဲ့ကြတော့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာကြတယ်။ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။
TREND ။ ။ ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဝင်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာများတိုက်တွန်းလိုပါသလဲ။
SKL ။ ။ ကျွန်တော်တို့ လျှောက်လမ်းမယ့် လမ်းစဉ်ကို ကျွန်တော်တို့ သတ်မှတ်ထားတာ ရှိပါ တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဖွဲ့လိုက်ပြီဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တာ အကုန်လုပ်မယ်။ ကျွန်တော်တို့ ဒေသရဲ့တည်ငြိမ်မှု၊ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုရှိဖို့၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ အဲဒီလို ခံယူပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် ပြောစရာရှိတာကို ဆက်သွယ်ပြောဆိုမယ်။ ပထမဆုံး ကျွန်တော်တို့က ကရင်ပြည်နယ်ကို အခြေစိုက်ပြီး ဖွဲ့တာဖြစ်တာကြောင့် ကရင်ပြည် နယ်အစိုးရအဖွဲ့ သူနဲ့အတူ ပါလာမယ့် ဒေသလုံခြုံရေးအတွက် အရေး ပါတဲ့ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ တိုင်းမှူးတို့၊ ဒုတိုင်းမှူးတို့နဲ့ ထိတွေ့ဆက်ဆံမယ်။ နောက်လွှတ်တော်မှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကော်မတီတွေနဲ့ တွေ့ဆုံပြီး ပြည်နယ်အဆင့် စတင်စကားပြောဖို့ ရှိပါတယ်။ အဓိကကတော့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာနိုင်ရေး ဘာတွေ လုပ်သင့်သလဲဆိုတာ အရင်ဆုံး အဖြေရှာမယ်။ ဒါပထမ အဆင့်ပေါ့။ ပြီးရင် NSPNC လို့ခေါ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဗိုလ်ချုပ်ကြီးရာ ပြည့်တို့အဖွဲ့နဲ့ဆုံပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးခွင့်ရရေး ကြိုးပမ်းသွားမှာပါ။ မကြာခင်မှာ ဒီကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ ကရင်ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ ပြောချင်တာကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်လို့ မပြီးခင် နောက်ကြောင်းပြန်လှည့် သွားပြီး ငြိမ်ချမ်းရေးပိတ်ဆို့နေတဲ့ KNU နဲ့လည်း စကားပြောသွားမှာပါ။ စစ်ပွဲတွေရပ်လိုက်ရင် ပြည်သူတွေ အကျိုးအမြတ် ဘာရလာနိုင်မလဲဆို တာ အဓိက စကားပြောသွားဖို့ ရှိပါတယ်။ ငြိမ်းချမ်းရေးကို အားလုံးလိုချင်ပါတယ်။ ခုတိုက်ပွဲဖော်ဆောင် နေတဲ့ အဖွဲ့တွေလည်း လိုချင်ပါတယ်။ အစိုးရလည်း လိုချင်ပါတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့တစ်တွေ ငြိမ်းချမ်းရေး ကို ဘယ်လိုအကောင်းဆုံး ဖော်ဆောင်မလဲဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာကြံဖို့လိုပါပြီ။ ဒီလိုနည်းလမ်းရှာ နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ပြင်ဖို့ လိုပါတယ်။ မေတ္တာရပ်ခံချင်တာက ငြိမ်းချမ်းရေးအတွက် အတွေးအခေါ်တွေ ပြောင်းပေးကြပါ။ အတိတ်က ဖြစ်ခဲ့တာ တွေနဲ့ နာကြည်းချက်တွေကို သင်ပုန်းချေဖို့ လိုပါတယ်။ ဆက်ပြီးရန်ဖြစ်နေရင် ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် လျှောက်လှမ်းဖို့က မဖြစ်နိုင်တဲ့အနေအထား ဖြစ်နေတယ်။ အတွေးအခေါ်တွေ ပြောင်းလဲပေးကြပါလို့ ပြောချင်ပါတယ်။ အဲဒီလိုပြောင်းလဲနိုင်တဲ့နေ့က ငြိမ်းချမ်းရေးရတဲ့နေ့ပဲ။
TREND ။ ။ ခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )