ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ဗဟိုအတွင်းရေးမှူး (၂) နော်သဇင်တုပ် နှင့် ဆက်သွယ်ခြင်း

လူငယ်တွေကို ပြောချင်တာက မိုးကောင်းကင်ကို ဒူးနဲ့တိုက်မှာလား၊ အုတ်နံရံကို ခေါင်းနဲ့ ဆောင့်မှာလား

၂၀၂၆ ၊ အောက်တိုဘာ ၈

    ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများ၏ ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရသည့် အခြေအနေများနှင့်ပတ်သက်၍ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၏ ဗဟိုအတွင်းရေးမှူး(၂) နော်သဇင်တုပ်နှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

TREND ။        ။ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကနေပြီးတော့ ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဘယ်လို အကျိုးအမြတ်တွေ ရခဲ့လဲ။
NTZT    ။          ။
ကျွန်မအနေနဲ့ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ နှစ်ရက်ကြာ ဆွေးနွေးပြောဆိုကြတဲ့ဖိုရမ်မှာ အဓိကဆွေးနွေးဖြစ်တာကတော့ ဒီကာလအတွင်းမှာ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာရယ်။နောက်ငြိမ်းချမ်းရေးကိစ္စပါပဲ။ ဒီအပေါ်မှာ အခြေခံပြီး အုပ်စုတွေခွဲပြီး ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ပြည်သူတွေ ပြန်လည်ထူထောင်ရေး အစရှိတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆွေးနွေးပြီး ရလာတဲ့ကိစ္စတွေကို စုစည်းပြီး ဖိုရမ်ဒုတိယနေ့မှာ စာတမ်းတွေ ဖတ်ကြပါတယ်။ နောက်တက်ရောက်လာကြသူတွေဆီကနေ ဒီဖိုရမ်နဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ တောင်းခံကြတယ်။ ဆွေးနွေးကြတယ်။ ပြည်နယ်အတွက် အားလုံးက ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတာ မြင်ရတယ်။ နောက်ကျွန်မတို့အနေနဲ့ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဆိုတာလည်း ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းမှုမှာတော့ နည်းနည်းလိုအပ်ချက်တွေရှိတယ်။ ဒါကိုလည်း ပြင်ဆင်ဖို့ ငြိမ်းချမ်းရေး အကြံ ပေးအဖွဲ့က အကြံပြုသွားတာတွေ ရှိပါတယ်။ အဓိကအကြံပြုတာကတော့ ဖွဲ့စည်းတဲ့နေရာမှာ Third Party အနေနဲ့ ရှိပေးဖို့ အကြံပြုသွားပါတယ်။ နောက် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ဆက်သွားမယ်။ ဒါက ဖျက်လို့မရဘူး။ ဒါပေမဲ့ ပြင်ချင်တာတွေ၊ ဖြည့်စွက်ချင်တာတွေတော့ လုပ်ခွင့်ရှိတယ်လို့ ပြောသွားပါတယ်။ ငြိမ်းချမ်းရေးကို လိုလားကြသူတွေ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့ အခြေအနေတစ်ရပ်ဖြစ်သလို ငြိမ်းချမ်းရေးစကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။

TREND ။    ။ နိုင်ငံရေး ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေတွေအပေါ် ဘယ်လိုများ မြင်မိပါသလဲ။
NTZT    ။          ။
တချို့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို ပြန်လာချင်ကြပါတယ်။ အခုက ဘယ်လို ဖြစ်နေလဲဆိုတော့ KNU ၊ DKBA စသဖြင့် ခေါင်းစဉ်ကြီးအောက်တွေမှာ ရှိကြပေမယ့် အောက်မှာ အုပ်စုလေးတွေ၊ အစုအဖွဲ့လေးတွေ များနေကြတယ်။ ဒီလိုအုပ်စုလေးတွေ များသွားတော့ စကားက များများလိုက် ပြောရမလို ဖြစ်သွားပါတယ်။ တစ်ဖွဲ့ချင်းစီ ပြောရမလိုဖြစ်နေတာပါ။ ဥပမာ KNU ဆိုရင်လည်း တပ်မဟာ တစ်ခုချင်းနဲ့ စကားပြောရမလို ဖြစ်သွားတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ကျွန်မတို့ ကရင်ပြည်နယ်မှာ ကြတော့ ပြည်နယ်ကို ထိခိုက်တာမျိုးကိုတော့ လက်နက်ကိုင်အဖွဲ့တော် တော်များများက မလိုလားကြပါဘူး။ တတ်နိုင်သမျှ သူတို့မထိခိုက်စေချင်ဘူး။ ပြီးခဲ့တဲ့ အခင်းအကျင်းမှာဆိုရင်လည်း တချို့နေရာတွေမှာ တော်တော်ထိခိုက်နစ်နာမှုတွေများခဲ့တဲ့ အခါကြတော့ အဖွဲ့တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲတွေကို လျှော့ချနေတာတော့ မြင်တွေ့ရပါတယ်။

TREND ။    ။ အစိုးရအနေနဲ့ကလည်း ငြိမ်းချမ်းရေးကို အားထည့်လုပ်ဆောင်နေတာ တွေ့ရတယ်။ တွေ့ဆုံမှုတွေလည်း မပြတ်ဆောင်ရွက်နေတာ တွေ့ရတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေအပေါ် ဘာများ သုံးသပ်လိုပါသလဲ။
NTZT    ။  ။
အစိုးရသစ်တက်လာပြီး နောက်မှာ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တဲ့နေရာမှာ ကြိုတင်ကန့်သတ်ချက် မထားဘူးဆိုတာမျိုး ပြောဆိုပြီး ဖိတ်ခေါ်တာ တော်တော်လေး သဘောကျတယ်။ ကြို တင်ကန့်သတ်ချက်မထားဘူးဆိုတဲ့ စကားအရ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဘောင်မခတ်ထားဘူး။ ဒီနေ့ပြောချင်ရင်၊ ဒီနေ့ လာဆွေးနွေးချင်ရင် ဒီနေ့လာလို့ရတယ်။ ဘာပြောချင်လဲ၊ ဘာဆွေးနွေးချင်လဲဆိုတာကိုလည်း စည်းနဲ့ဘောင်နဲ့ ကန့်သတ်မထားဘူး။ ဒီလိုကြောင့် စကားပြောရတာ ဘောင်လွတ်သွားတယ်။ ညှိနှိုင်းဆွေးနွေးစရာ၊ ပြောစရာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ ကျွန်မက မြင်ပါတယ်။

TREND ။     ။ မူလကတော့ နိုင်ငံရေးသဘောထားကွဲလွဲမှုကနေ PDF ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ တဖြည်း ဖြည်း အကြမ်းဖက်လမ်းစဉ်ကို ရောက်သွားပြီး လူငယ်တွေဟာ အကြမ်းဖက်မှုဘက်ကို ပိုအားသန်သွားတယ်။ ဒီအပေါ်ကို ဘယ်လိုများ သုံးသပ်မိပါသလဲ။
NTZT    ။          ။
လူငယ်တွေကို ပြောချင်တာက မိုးကောင်းကင်ကို ဒူးနဲ့တိုက်မှာလား။ အုတ်နံရံကိုခေါင်းနဲ့ ဆောင့်မှာလားလို့ မေးချင်ပါတယ်။ တစ်ခါတလေမှာ ဖြစ်ချင်တာတစ်ခုတည်းနဲ့ အကျိုးမရှိတာ လုပ်ကြမလား။ ထိခိုက်နစ်နာမှုများတဲ့လမ်းကို ရွေးမလားဆိုတာ သူတို့ကို စဉ်းစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကပဲ ထိခိုက်နစ်နာမှုများပြီး အောင်မြင်မှုရဖို့က မသေချာဘဲ စတေးရတဲ့ကိစ္စကတော့ ကျွန်မတို့နိုင်ငံရဲ့ လူသားအရင်း အမြစ်တွေပဲ အများကြီး ဆုံးရှုံးရတာပါ။ အကျိုးမဲ့လူငယ်တွေအများကြီး ဆုံးရှုံးတာမြင်ရတော့ အနာဂတ်အတွက် စိတ်ပူမိတယ်။ နောက် ပညာရေးဆိုရင်လည်း ဟိုမရောက် ဒီမရောက်တွေ ဖြစ်ကြတယ်။ ဒီတော့ လူငယ်တွေကို ပြောချင်တာက ဖြစ်ချင်တာကို အေးအေးဆေးဆေး ပြောဆိုပြီး ညှိနှိုင်းပြီး စိတ်ရှည်လက်ရှည်သွားကြဖို့ ပြောချင်ပါတယ်။ လူငယ်ဆိုတာကတော့ စိတ်မြန်တယ်။ ခုချက်ချင်းလုပ် ခုချက်ချင်းရချင်ကြတယ်။ အဲဒီလိုမဟုတ်ဘူး။ အချိန်အတိုင်းအတာလေးတစ်ခု တော့ ယူကြရမယ်။ လူကြီးတွေနဲ့လည်း ဆွေးနွေးစေချင်တယ်။ လူငယ်တွေအနေနဲ့ တစ်ဖက်အသံကိုပဲ နားမထောင်ဘဲနဲ့ နှစ်ဖက်အသံကို နားထောင်ပြီး ဘာဖြစ်သင့်လဲဆိုတာ ပြန်ပြီးသုံး သပ်သင့်ပါပြီ။ နောက် တစ်ခုပြောချင်တာက ကျွန်မတို့ ပြည်နယ်မှာရောက်လာတဲ့ PDF တွေဆိုရင် တခြားဒေသတွေကိုရောက်တဲ့ PDF တွေလောက်တော့ မဆိုးကြဘူး။ ကရင် EAO တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတော့ နည်းနည်း တော့ အထိန်းအကွပ်ရှိတော့ ပရမ်းပတာဖြစ်တာတော့ နည်းနည်းသက်သာတယ်လို့ ပြောချင်ပါတယ်။ သူတို့ကို ဘယ်သူက ဦးဆောင်သလဲ။ ဦးဆောင်တဲ့လူရဲ့ အတွေးအခေါ်နဲ့လည်း ဆိုင်တယ်။

TREND ။        ။ တိုင်းပြည်ငြိမ်းချမ်းရေးသွားမယ်ဆိုရင်တော့ လူငယ်တွေကလည်း ချန်လှပ်ထားလို့ မရတဲ့ လူသားအရင်းအမြစ်တွေဖြစ်တယ်။ လက်ရှိ ပဋိပက္ခတွေကြောင့် ထိခိုက်နေရတဲ့ လူငယ်တွေရဲ့ အနာဂတ်နဲ့ ၎င်းတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုလမ်းကြောင်းမျိုး တွေ ဖွင့်ပေးဖို့လိုမလဲဗျ။
NTZT    ။          ။
ကျွန်မအနေနဲ့ ပြောချင်တာကတော့ ယုံကြည်မှုတွေရှိလာဖို့ ယုံကြည်လောက်တဲ့ အခင်းအကျင်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ လူငယ်တွေလက်ခံ နိုင်တဲ့ အခင်းအကျင်းတစ်ခုရဖို့ လူငယ်တွေ ဘာဖြစ်ချင်တာလဲဆိုတာ မေးဖို့လိုတယ်။ လူငယ်တွေလည်း ပွင့်ပွင့်လင်းလင်း ပြောကြဖို့လိုတယ်။ သူတို့လည်း ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေပေးပြီး အရင်ဆုံး လုပ်ပြနိုင်ခဲ့ရင် တခြားလူငယ်တွေလည်း မှန်ကန်တဲ့လမ်းကြောင်း ပြန်ရောက်လာနိုင်တယ်။ လူငယ်အချင်းချင်း ဆွဲဆောင်တာ ပိုပြီးတော့ ကောင်းပါတယ်။ လူငယ်အချင်းချင်းပြောတဲ့စကားက သူတို့ရဲ့နား ပိုဝင်နိုင်တယ်။ ပြီးတော့ လူငယ်အချင်းချင်းမှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာမျိုးတွေ လုပ်စေချင်ပါတယ်။ လူငယ်တွေ လက်နက်ကိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်ဖို့လား ဘာလိုချင်တာလည်း ဒါကို သဲသဲကွဲကွဲ ဖြစ်ဖို့လိုတယ်။ တချို့လူငယ်တွေကျ တော့လည်း သူတို့ရဲ့ဘဝမှာ ဖြတ်သန်းလာတဲ့ပုံစံတွေက အခြေခံအားဖြင့် မတူကြဘူး။ ဒါကြောင့် ခံယူချက်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေက ကွာခြားကြတယ်။ ဒါကြောင့် သူတို့ရဲ့လုပ်ရပ်တွေက လွဲသွားတာလည်း ဖြစ်နိုင်သလို သူတို့ရဲ့နေထိုင်ဖြတ်သန်းလာတဲ့ပုံအရ စိတ်တွေက ပုံမှန်မဖြစ်ဘူးလို့ တစ်ခါတလေ စဉ်းစားမိပါတယ်။

TREND ။     ။ ကနဦး ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ကရင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ဖွဲ့ထားတယ်ဆိုတော့။ ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဘယ်အတိုင်းအတာအထိ အထောက်အပံ့ပေးနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
NTZT    ။          ။
ကော်မတီရဲ့ ရည်ရွယ်ချက်ကတော့ငြိမ်းချမ်းရေးကို ဦးတည်ပြီး အားလုံး ပါဝင်လာနိုင်ရေးကို ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့လည်း ခုမှစပြီး ရည်မှန်းချက်၊ မျှော်မှန်းချက်တွေချပြီး လုပ်နေတယ်။ နောက် ဖွဲ့စည်းပုံလည်း ပြင်နေတယ်။ လိုအပ်ချက်တွေ ပြင်ဆင်ပြီးရင်တော့ ကရင်တွေအများဆုံးနေထိုင်တဲ့ ဒေသတွေက ငြိမ်းချမ်းရေးတွေကို ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ခုမှ အစပျိုးတာဆိုတော့ အောင်မြင်မှုအတိုင်းအတာကို အကောင်းဆုံးမျှော် လင့်ထားတယ်။ ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာကတော့ တကယ်ဆောင်ရွက်ကြည့်မှ သိနိုင်မှာပါ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောရရင် တိုင်းပြည်ငြိမ်းချမ်းမှပဲ ပြည်သူတွေရဲ့ စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ကောင်းလာနိုင်တယ်။ အချို့ဒေသတွေ မှာဆိုရင်လည်း ငြိမ်းချမ်းမှပဲ အဲဒီဒေသတွေမှာ မှီတင်းနေထိုင်ကြသူ တွေကို အစိုးရကပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ပဲဖြစ်ဖြစ် အကူအညီပေးလို့ရမှာပါ။ နောက်ငြိမ်းချမ်းမှပဲ ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်သွားလို့ရမှာပါ။ ငြိမ်းချမ်းရေးကို မသွားနိုင်ရင် အချို့ပြည်နယ်က တိုင်းရင်းသားတွေ အခက်အခဲ ပိုလာနိုင်မယ်။ ခုဆိုရင် သဘာဝဘေး အန္တရာယ်တွေနဲ့က စိုးရိမ်စရာ အခြေအနေတွေ ရှိနေတယ်။ ခုတောင် ပြန်လည်ထူထောင်ရေးအတွက် အတော်လေး ကြိုးစားရမှာဆိုတော့ အလုံးစုံပျက်သုဉ်းရေးကို မသွားကြဖို့ ကျွန်မက တိုက်တွန်းချင်တယ်။ ကျွန်မတို့ရဲ့ အနာဂတ်ကို လှမ်းကြည့်လိုက်ရင် ကျွန်မတို့က စိုးရိမ်စရာ အခြေအနေတွေကို မမြင်ချင်တော့ဘူး။ ဒါကြောင့် တိုင်းရင်းသားတွေအားလုံး ဆင်ခြင်စေချင်တယ်။ကိုယ့်ရဲ့အမုန်းစိတ်တွေ ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေ မှန်ကန်လားဆိုတာ ပြန်သုံးသပ်စေချင်တယ်။

TREND ။        ။ မကြာသေးခင်က NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးပါတီတွေကို ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင် ရွက်သူများအဖြစ် သတ်မှတ်သွားမယ်လို့ ပြောကြားတဲ့အတွက် ငြိမ်းချမ်းရေးမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို  သုံးသပ်ပေးစေလိုပါတယ်။
NTZT    ။          ။
ကျွန်မတို့နိုင်ငံရေးပါတီ ၃၁ ပါတီကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ြှဏဃြမှာ ပါပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ငြိမ်းချမ်းရေးဖြစ် စဉ်နဲ့ပတ်သက်ပြီး ဆက်လက်ပြီး လုပ်ဆောင်ရမယ့်ကိစ္စတွေကို လစဉ်အစည်းအဝေးတွေလည်း လုပ်သွားမှာဆို တော့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ လတ်တလောမှာ တင်ပြကြတာတွေ ရှိတယ်။ ဆက်လက်လုပ်ဆောင်ရမှာ တွေကို တစ်ဆင့်ချင်းသွားရမှာတွေလည်း အများကြီးရှိတယ်။ အမြဲတမ်း NSPNC နဲ့ပူးပေါင်းဆောင် ရွက်နေပါတယ်။ ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ နိုင်ငံရေးပါတီတွေ လုပ်သာကိုင်သာ ရှိလာတယ်။ ပြောဖို့ ဆိုဖို့ လမ်းကြောင်းတစ်ခု ရှိလာတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေကို အချိန်နဲ့တစ်ပြေးညီ ပြောလို့ရတယ်။ ဆွေးနွေးတင်ပြလို့ရတဲ့ လမ်းကြောင်းတစ်ခု ရှိသွားတယ်။ အရင်ကလို အကြာကြီးနေမှ တစ်ခါလောက်တွေ့ခွင့်ရ၊ ပြောခွင့်ရတာမဟုတ်ဘဲ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေရရှိပြီး ငြိမ်းချမ်းရေးသဘော ထားတွေကို  နိုင်ငံရေးပါတီတွေက ပြောလို့ဆိုလို့ ရသွားပါတယ်။

TREND ။        ။ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးကို သူ့လက်ထက်မှာ ပြီးပြတ်စေချင်တဲ့သဘောရှိတော့ ဒီအလားအလာက ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲဗျ။
NTZT    ။          ။
ခုအခြေအနေမှာက ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး တရားဝင် တွေ့ဆုံမှုတွေလည်း ရှိသလို ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုတွေနဲ့ တွေ့ဆုံတာတွေ လည်းရှိတော့ ဆွေးနွေးပြောဆိုတဲ့ လမ်းကြောင်းတွေက များလာပါတယ်။ ဒီလိုတွေ့ဆုံပြီး တစ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေလည်း တီးခေါက် မေးမြန်းလို့ ရကြတယ်။ ကျွန်မတို့က ဒီလိုဖြစ်ချင်တယ်ဆိုပေမယ့် EAO တွေဘက်က သဘောထားတွေက လက်ရှိစိတ်ခံစားချက်အပေါ်မှာ မူတည်ပြီးတော့မှ ကျွန်မတို့လည်းကြိုး စားရမှာပါ။ ကျွန်မတို့ ပူးပေါင်းပြီး ဘယ်လိုအကောင်းဆုံး သွားမလဲ။ အစိုးရကိုလည်း ကျွန်မတို့ ကူညီပေးရမယ်။ သူတို့ ဖြစ်ချင်တာ၊ အစိုးရဘက်ကဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကြားမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်။ နိုင်ငံရေးပါတီတွေကလည်း ငြိမ်းချမ်းရေးကဏ္ဍမှာ သံတမန်လို ဖြစ်သွားတာကြောင့် ဒီလိုပုံစံမျိုးနဲ့ ဆက်သွားရင် အတိုင်းအတာတစ်ခု သမ္မတကြီး မျှော်မှန်းထားသလို ဖြစ်သွားမယ်လို့ သုံးသပ်လို့ရပါတယ်။ ခုချိန်မှာ ငြိမ်းချမ်းရေးကို ပါဝင်ကြတဲ့သူတွေရဲ့ စိတ်ပါဝင်စားမှုကလည်း အရေးကြီးလာပါတယ်။ နှစ်ဖက်ကြားမှာ ဘယ်လို အကောင်းဆုံးဖြစ်အောင် ညှိပေးနိုင်မလဲဆိုတာ ပါဝင်တဲ့သူတွေရဲ့ အရည်အချင်းကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။

TREND ။        ။ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66506

© 2022 - 2026 News. All Rights Reserved.