ကျားဖြူပါတီ (SNDP) လင်းခေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ မတ် ၂၇

နိုင်ငံရေး အမြင်မတူမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေတွေ၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကောင်းအောင်၊ ငြိမ်းချမ်းသွားအောင် အားလုံး ဝိုင်းရမှာပါ

    ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လင်းခေးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ စိုင်းဆေဟန်သည် ၂၀၂၅ ရွေးကောက်ပွဲတွင် ရှမ်းနှင့်တိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ-SNDP) ကိုယ်စားပြု၍ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
    မတ်လ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-ကျားဖြူပါတီ (SNDP)မှ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်အား တွေ့ဆုံ၍ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာသည့် လွှတ်တော် အခင်းအကျင်း၊ အနာဂတ်နိုင်ငံရေး၊ ငြိမ်းချမ်းရေးအလားအလာအပေါ် အမြင်အပါအဝင် ပြည်သူ့ကိုယ်စား ပြု၍ ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘယ်လို သယ်ပိုးထမ်းရွက်မလဲ စသည့်ဖြင့် မေးမြန်းထားပါသည်။

TREND ။        ။ NLD ပါတီကို ဝင်ဖြစ်ခဲ့ပုံနဲ့ NLD ပါတီကနေ ကျားဖြူပါတီ ဝင်ရောက်ခဲ့ပုံလေး ဦးစွာပြောပြပါဦး။
SSH      ။        ။
ကျွန်တော် နိုင်ငံရေးလုပ်တယ်ဆိုတာက ကျွန်တော့်ရဲ့ခံယူချက်က ကျွန်တော့်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်တာ။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက လင်းခေးမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မရှိလို့။ ပြီးတော့ ရှမ်းပါတီမှာကလည်း လူတွေပြည့်နေတဲ့ အခြေအနေပေါ့။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်က တစ်ထောင့်တစ်နေရာကနေ နိုင်ငံရေးဆိုတာ ဝင်ရမှာပဲ။ ဝင်ပြိုင်ရမယ်ဆိုပြီး တော့ ပြိုင်ခဲ့တာပါ။ ပြိုင်တော့ ရှုံးပါတယ်။ ရှုံးတော့လည်း အဲဒီအရှုံးကို လက်ခံခဲ့ပါတယ်။ ရှုံးသွားတာ တစ်ပိုင်းပြီးပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ အများကြီး တိုက်ခိုက်ခံရတယ်။ ကျွန်တော့်ကို ဟိုကူးဒီကူးပေါ့။ ကျွန်တော်ပြောပြချင်တာက ကျွန်တော်တို့နိုင်ငံနဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံကိုပဲ ကြည့်လိုက်ပါ။ သူတို့ နိုင်ငံရေးက ကျွန်တော်တို့ထက်တောင် အစောကြီး လုပ်ခဲ့တာ။ ဒါပေမဲ့ သူတို့က ပြည်သူတွေအတွက် အကျိုး ဖြစ်ထွန်းမယ်၊ လုပ်ဆောင်ပေးနိုင်မယ့် နေရာဆိုရင် အကူးအပြောင်းတွေ လုပ်ကြတာပဲ။ ပြီးတော့ ၂၀၂၃ မှာ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရတာတွေ ရှိခဲ့တယ်။ ပါတီမှတ်ပုံ ပြန်တင်ခိုင်းတယ်။ ရွေးကောက်ပွဲမှာဆိုရင် အကြီးဆုံးက ရွေးကောက်ပွဲကော်မရှင်လေ။ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်း မလိုက်နာရင် ရွေးကောက်ပွဲဝင် လို့မရသလို မှတ်ပုံမတင်ရင် ဖျက်သိမ်းခံရမှာပဲလေ။ အဲဒီတုန်းကဆိုရင် ရှမ်းပါတီ နှစ်ခုလုံး အဖျက်ခံရတယ်။ ကျားဖြူလည်း အဖျက်ခံရတယ်။ ကျားခေါင်းလည်း အဖျက်ခံရတယ်။ အဲဒီလို ဖျက်သိမ်းခြင်းခံရတော့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ပါတီအမည်ကို ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုပြီး မှတ်ပုံပြန်တင်တယ်။ အဲဒီမှာ ကျားဖြူပါတီကနေ ပါတီထဲဝင်ပြီး လုပ်ဆောင်ပေးဖို့ ဆက်သွယ်လာတယ်။ ကျွန်တော်ကလည်း ဘယ်ပါတီနဲ့မှ မသက်ဆိုင်တော့တဲ့အတွက် ရပါတယ်လို့ အကြောင်းပြန်ခဲ့တယ်။ ကျွန်တော်တို့က ပါတီတစ်ခုဖျက်ပြီးရင် ဥပဒေလမ်းကြောင်းအရ ဘာမှမသက် ဆိုင်တော့ဘူးလေ။ အဲဒါကြောင့် ကျားဖြူပါတီထဲကို ဝင်ရောက်ခဲ့တာပါ။ အမှန်ကတော့ ကျွန်တော်က NLD မှာ နေတာ သိပ်မကြာဘူး။ ပြီးတော့ ကျွန်တော်က NLD ပါတီဝင်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ပါတီဝင် နံပါတ်ရှိမှ ဝင်ပြိုင်ရမယ်ဆိုတော့ လင်းခေးက ယာယီနံပါတ်နဲ့ ရွေးကောက်ပွဲဝင်စေခဲ့တာ။ ပြောရရင် ၂၀၂၀ ရွေးကောက်ပွဲ ကာလမှာ NLD က ကိုယ်စားလှယ်လောင်း ရှာတာ။ ကျွန်တော်တို့ဘက်မှာ ကိုယ်စား လှယ်ကမရှိလို့ ကျွန်တော့်ကို ကိုယ်စားလှယ်အဖြစ် ဝင်ပေးဖို့ ဖိတ်ခေါ်လို့ လက်ခံပြီးဝင်ခဲ့တာပါ။ ကျွန်တော်က NLD ပါတီဝင်မဟုတ်ဘူး။ ဒါကိုမသိတော့ ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြတာပေါ့။ ကျားဖြူပါတီ မှတ်ပုံ တင်တယ်။ ကျားဖြူပါတီထဲ ဝင်ပြီးတော့ လင်းခေးမှာ တာဝန်ခံအနေနဲ့ ပထမဦးဆုံး လုပ်ခဲ့ပါတယ်။ ဗဟိုကနေ ရှမ်းပြည်စည်းရုံးရေးမှူးတာဝန် ပေးခဲ့တယ်။ နောက်ပိုင်း ရွေးကောက်ပွဲကာလ နီးကပ်လာတော့ ကျွန်တော့်ကို ပါတီရဲ့ ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ (၂) ဆိုပြီး တာဝန်ပေးခဲ့ပါတယ်။ လက်ရှိအခြေအနေအထိ ကျားဖြူပါတီရဲ့ ရှမ်းပြည်နယ်ဒုဥက္ကဋ္ဌ(၂) တာဝန်ဆောင်ရွက်နေပါတယ်။ 

TREND ။        ။ နိုင်ငံရေးအခြေအနေအရပ်ရပ်တွေကြားကနေ လွှတ်တော်အခင်းအကျင်း ပြန်လည်စတင်နိုင်ခဲ့ပြီဆိုတော့ ဒီနိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
SSH  ။        ။
အခုလိုမျိုး ရွေးကောက်ပွဲရှိလာတော့ နဂိုအခြေအနေတွေထက် အများကြီး ကောင်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတာ ရှိပါတယ်။ ကျွန်တော်တို့က ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးလို့ ရ သွားပြီပေါ့။ ရွေးကောက်ပွဲရှိ လာတော့ လွှတ်တော်ပေါ်လာပြီ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပေါ်ပေါက်လာပြီ။ ဒါကြောင့် ပြည်သူတွေရဲ့ဆန္ဒကို ဖော်ဆောင်ပေးဖို့က ကျွန်တော်တို့တာဝန် ဖြစ်သွားပါပြီ။ လွှတ်တော်ရှိလာပြီဆိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အသီးသီးက ကိုယ့်ဒေသ ဖွံ့ဖြိုးရေးတွေအပါအဝင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အသီးသီးအတွက် လွှတ်တော်မှာ တင်ပြဆွေးနွေးလို့ ရသွားပါပြီ။ အရင်တုန်းကဆိုရင် ပြည်သူရဲ့လိုအပ်ချက်တွေကို ဘယ်ကိုသွားပြီး တင်ရမှန်းမသိတဲ့ အခြေအနေ ဖြစ်ခဲ့တာပေါ့။ အခုကျတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာပြီဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သူတို့ကိုယ်စား လွှတ်တော်မှာလာပြီးတော့ အစိုးရဆီမှ တင်ပြဆွေးနွေး တောင်းဆိုနိုင်သွားပါပြီ။ အရင်တုန်းကတော့ ကျွန်တော်တို့ ဘာမှပြောပိုင်ခွင့် မရှိဘူးလေ။ အဓိကကတော့ ခရီးသွားတဲ့အချိန်မှာ အစစ် အဆေးများတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ ကြုံနေရတာတွေရှိတယ်။ အဲဒီအခါမှာ ကျွန်တော်တို့လည်း ဘာမှ လုပ်ပေးလို့မရခဲ့ပါဘူး။ အခုလိုမျိုး ကိုယ်စားလှယ်ဖြစ်ပြီဆိုတော့ ပြည်သူ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မေးခွန်းမေးပေးလို့ ရ တယ်။ အဲဒါက အခွင့်အရေးတစ်ခုပါ။ နောက်ပြီး အရင် တုန်းက ပြောလို့မရတဲ့ စကားတွေလည်းပဲ လွှတ်တော်ထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ နိုင်ငံတော်ယာယီသမ္မတကြီးကလည်း မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ ပြောကြားခဲ့တဲ့ စကားအရဆိုရင် အရင်တုန်းက ဘာမှမလုပ်နိုင်တဲ့ အခင်းအကျင်း ဖြစ်တယ်ဆိုပေမယ့် အခုက လုပ်ဆောင်နေပြီဆိုတဲ့ အဓိပ္ပာယ် မျိုး ပြောသွားတယ်။ ဒါက ကောင်းတဲ့ဘက်ကို ပြန်လှည့်လာတဲ့သဘောပါ။ ဒါကြောင့် အခုအခြေအနေက ပြည်သူ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်လို့ ရသွားပါပြီ။ ဆိုတော့ ဒီလို လွှတ်တော်ပေါ်လာတာကလည်း အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ ဆိုတာကတော့ ကိုယ်တွေ့ပါပဲ။ ရွေးကောက်ပွဲပြီးတော့ ပြည်သူလူထုအသံတွေ ဖော်ဆောင်ပေးရတယ်။ တချို့တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာဆိုရင် သက်ဆိုင်ရာနယ်မြေမှူးတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးညှိ နှိုင်းပေးတာမျိုး လုပ်ပေးလို့ရ တယ်။ အရင်တုန်းက တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာတော့ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘာမှလုပ်ပေးလို့မရဘူး။ တရားဝင်ပြည်သူ့ကိုယ်စားလှယ်လည်း မရှိသေးဘူးဆိုတော့ ဘာမှလုပ်လို့၊ ပြောလို့မရတဲ့ အခြေအနေတွေပါ။ လက်ရှိအခြေအနေကတော့ လွှတ်တော်လည်း ပေါ်လာပြီ၊ အစိုးရအဖွဲ့သစ်လည်း မကြာမီပေါ်လာတော့မှာဆိုတော့ ပြည်သူ့ကိုယ်စား လှယ်တွေက သက်ဆိုင်ရာနယ် မြေမှာ ကိုယ့်အလုပ်ကို သိဖို့လိုပါတယ်။ အဲဒီမှာ ဒေသအတွက် အလုပ်တွေ လုပ်နိုင်ပြီဆိုရင် ဒေသခံပြည်သူတွေ စိတ်အေးရပါပြီ။ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်လို့ ရသွားပါပြီ။ 

TREND ။        ။ လွှတ်တော်ကနေ လူထုအတွက် ဘယ်လိုကောင်းကျိုးရလဒ်တွေ ဖော်ဆောင်ပေးသွားဖို့ ပြင်ဆင်ထားလဲ။
SSH      ။        ။
အဓိကကတော့ ကျွန်တော်တို့ တောင်တန်းဒေသ ရှမ်းပြည်နယ်မှာဆိုရင် လူနေမှုဘဝက နှောင့်နှေးတယ်။ နှောင့်နှေးတော့ ဒေသဖွံ့ဖြိုးရေးရော၊ လမ်းပန်းဆက်သွယ်ရေးရောပေါ့။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးက ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ တွေ့ကြုံရတဲ့ အခက်အခဲက ခရီးသွားတဲ့အခါ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိတယ်။ အဲဒီမှာဆိုရင် မလိုအပ်တဲ့စိတ်အနှောင့်အ ယှက်တွေလည်း ကြုံရတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမျိုး မှတ်ပုံတင်ကိုင်ပြီးတော့ အများကြီး အစစ်အဆေးခံရတယ်ဆိုတော့ တိုင်းရင်းသားဆိုရင် ပိုဆိုးတယ်။ ဗမာစကားကို ပိုပြီးနားမလည်တော့ အခက်အခဲတွေ ကြုံရတာပေါ့။ ဆိုတော့ အခုလိုမျိုး လွှတ် တော်ရှိပြီ၊ ပြည်သူ့ကိုယ်စားပြုမှု ရှိလာပြီဆိုတော့ မလိုအပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ဖယ်ရှားသင့်ရင်လည်း ဖယ်ရှားဖို့၊ ဒါမှမဟုတ်ရင်လည်း စုပေါင်းသင့်ရင်လည်း စုပေါင်းပေးဖို့အတွက် တင်ပြဆွေးနွေးနိုင်တဲ့ အခွင့် အလမ်းရှိသွားတာပေါ့။ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာက တိုင်းပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တာပေါ့။ အခုဆိုရင်လည်း တချို့တိုက်ပွဲဒဏ်တွေ ခံနေကြရတယ်။ ရှမ်း ပြည်မှာဆိုရင်လည်း တိုက်ပွဲဖြစ်တာ များတယ်။ ထိခိုက် နစ်နာရတာကတော့ ပြည်သူတွေပါ။ ပြောရရင် ဟိုဘက်ပစ်လည်း ပြည်သူပဲခံရတယ်၊ ဒီဘက်ပစ်လည်း ပြည်သူပဲခံရတယ်။ ကျွန်တော်တို့ ပါတီမူဝါဒကလည်း ငြိမ်းချမ်းရေးကို အဓိကထားလုပ်ချင်တယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းများအားလုံးကို တတ်နိုင်သလောက် ကြားထဲကနေ ချိတ်ဆက်ပေးရမယ်၊ ချိတ်ဆက်ပေးနိုင်တယ် ဆိုရင် ချိတ်ဆက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။ အခုက တိုင်းပြည်ငြိမ်းချမ်းရေးကို မျက်နှာမူပြီး သွားရမယ့် အချိန်ပါ။ ဒါမှ ပြည်သူတွေရဲ့ စားဝတ်နေရေးရော၊ လုံခြုံရေးရော အားလုံး အဆင်ပြေသွားမှာပါ။

TREND ။        ။ ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းများအားလုံးကို ကြားထဲကနေ ချိတ်ဆက်ပေးဖို့ အဆင်သင့်ရှိနေတာက ဘယ်လို ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိလဲ။
SSH     ။        ။
ဆောင်ရွက်ဖို့ဆိုတာ အခု တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာက တချို့က ပုဒ်မ ၁၇-၁ အထုတ်ခံထားရတာဆိုတော့ ကျွန်တော်တို့ ဆက်သွယ်ဖို့ မသင့်ဘူးလေ။ ဒါပေမဲ့ လာမယ့်အစိုးရ သစ်လက်ထက်ပေါ့။ ကျွန်တော် ထင်ပါတယ်၊ နိုင်ငံတော်ကလည်း ကမ်းလှမ်းထားပါတယ်။ NCA လမ်း ကြောင်းအတိုင်းလျှောက်ဖို့ ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။ အခု အခင်းအကျင်းအရက NCA ထိုးထားတဲ့အဖွဲ့တွေရှိသလို NCA မထိုးရသေးတဲ့အဖွဲ့တွေ ရှိနေတယ်။ အဲဒီလို NCA မထိုးရ တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လာမယ့်အစိုးရသစ်လက်ထက်မှာ လက်မှတ်ရေးထိုးကြဖို့ အလားအလာ ရှိနေတယ်။ ကျွန်တော်တို့သိရသလောက် လက်မှတ်ရေး ထိုးဖို့ အလားအလာရှိနေတော့ ထိုးပြီဆိုရင်တော့ NCA လမ်းကြောင်းအတိုင်း သွားကြရမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာ ပြန်ပြီး တော့ ဆွေးနွေးကြရမှာပါ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ဆိုရင် လွှတ်တော်မှာ က ရေးရာကော်မတီဆိုတာ ရှိပါတယ်။ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးရာ ကော်မတီဆိုတာရှိတယ်။ အဲဒီရေးရာကော်မတီဖွဲ့ပြီဆိုရင် ကျွန်တော်တို့လည်း ပါဝင်ရမယ်။ အဲဒီလိုပါဝင်ပြီးတော့ ကော်မတီထဲမှာ ချမှတ်ထားတဲ့အတိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရမှာပါ။ အဲဒီလို ဆောင်ရွက်မှလည်း သင့်တော်မှာပါ။ အဲဒီကော်မတီကလည်း ဖွဲ့စည်းရေးကိစ္စက မကြာမီလာတော့မှာပါ။ လက်ရှိ အခြေအနေအရကတော့ တိုက်တာ ခိုက်တာတွေကတော့ ပြီးသွားပါပြီ။ အဲဒီလို တိုက်တာ ခိုက်တာတွေ နောက်ထပ်မဖြစ်အောင် သင်ခန်းစာယူသွား ကြမှာပါ။ ဘာကြောင့်လဲဆိုရင် ပျက်စီးသွားရတာက ကျွန်တော်တို့နိုင်ငံပါ။ ပြောရရင် ပြည်ပကနေ ကျွန်တော်တို့ကိုလာပြီး ရန်ရှာတာ မဟုတ်ဘူး၊ ကျွန်တော်တို့အချင်းချင်း နိုင်ငံရေးအမြင်မတူ ကြလို့၊ အချင်းချင်း ပစ်တာခတ်တာ ဖြစ်တာလေ။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားညီအစ် ကိုအချင်းချင်းပဲလေ။ ပြည်ထောင်စုလွှတ်တော် နာယကကြီး ပြောသွားသလိုပါပဲ၊ ကျွန်တော်တို့ လွှတ်တော်ထဲကို ရောက်လာပြီ၊ အဲမှာပါတီစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေခဏထား ပြီးတော့ တိုင်းပြည်ကို ဘယ်လိုရှေ့ဆက်လို့ သွားမလဲ၊ ပူးပေါင်း လုပ်ဆောင်ကြဖို့ဆိုတာ ပြောသွားတယ်။ ဒါကလည်း မှန်ပါတယ်။ 

TREND ။        ။ အနည်းစု အနိုင်ရထားတဲ့ ပါတီကိုယ်စားလှယ်ဖြစ်တော့ တိုင်းပြည်အကျိုး၊ ဒေသအကျိုး ပြုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အဆိုတွေ၊ မေးခွန်းတွေ အောင်မြင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုပမ်း ဆောင်ရွက်သွားဖို့ရှိလဲ။
SSH     ။        ။
ကျွန်တော်တို့ပါတီက အနိုင်ရခဲ့တာကတော့ အနည်းစုပေါ့။ ပြည်သူ့လွှတ်တော်မှာ ခုနစ်ယောက်၊ အမျိုးသားလွှတ်တော်မှာ တစ်ယောက် ကျားဖြူပါတီက စုစုပေါင်းရှစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့က ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းလုပ် ဆောင်သွားကြမှာပါ။  ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်မှာ အများစုဆိုတော့ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် တို့လွှတ် တော်ကို ရောက်ကြပြီဆိုတော့ လွှတ်တော်မှာ ပါတီမခွဲ၊ လူမျိုးမခွဲဘဲ တိုင်းပြည်နဲ့လူထုအကျိုး လုပ်သင့်လုပ်ထိုက်တာတွေ စုပေါင်းပြီး လုပ် ဆောင်သွားမှာပါ။ ဒီလို စုပေါင်းပြီး လုပ်ကြဖို့လည်း ပါတီရဲ့ မူဝါဒ ရှိထားပါတယ်။ ပြီးတော့ ပါတီရဲ့အဓိက ကြေညာစာတမ်းမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင် ဖို့အချက်ပါပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရဖို့အတွက်လည်း သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးတော့ ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်ပေးဖို့၊ တိုက်တွန်းပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒီအဆိုတွေ၊ မေးခွန်းတွေ အောင်မြင်ဖို့ ဆိုတာကတော့ မေးသင့်တဲ့မေးခွန်း၊ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေဆိုရင် ကျွန်တော်တို့မေးရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒေသက လမ်းပန်းဆက်သွယ်ရေးက နှောင့်နှေးနေတယ်။ ဒီအခြေအတွေကို ဆောင်ရွက်ပေးဖို့က ဘယ်အစိုးရဖြစ် ဖြစ် တက်လာတဲ့အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က ဒေသအကျိုးနဲ့ဆိုင်တဲ့ မေးသင့်မေးထိုက်တာတွေကို ပြည်သူ့ကိုယ်စား လွှတ်တော်မှာ မေးမြန်းသွားကြရမှာပါ။ လွှတ်တော်ကိုယ် စားလှယ်ဆိုတော့ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ သိပါတယ်။ ဥပဒေပြုရေးကိစ္စတွေရော၊ ဒေသဖွံ့ဖြိုး ရေးကိစ္စတွေရော အပိုင်းခွဲပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်တော့ ကျွန်တော်တို့က အနည်းစု အနိုင်ရထားတာဆိုတော့ အဆိုတင်သွင်းတဲ့အခါမှာ အခက်အခဲဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ပအိုဝ်းပါတီရော၊ ကျွန်တော်တို့ပါတီရော ရှိတာက တိုင်းရင်းသားဆိုရင် ၁၂ ယောက်ပဲ ရှိ တယ်။ အဆိုတစ်ခု တင်သွင်းမယ်ဆိုရင်  အဲဒီအဆိုကို ထောက်ခံဖို့၊ လက်ခံဖို့ဆိုတာ အယောက် ၃၀ လောက် ထောက်ခံပေးမှ အဆိုက အောင်မြင်ဖို့ရှိပါတယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့တင်မယ့် အဆိုတွေနဲ့ပတ်သက်ပြီး အခုလက်ရှိအများစု အနိုင်ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုပဲ အကူအညီ တောင်းပြီးတော့ ကျွန်တော်တို့အဆိုကို ထောက်ခံပေးဖို့ ပူးပေါင်းဆောင်ရွက်သွားကြရမှာပါ။ ကျွန်တော် တို့က အတိုက်အခံဖြစ်တဲ့ အဆိုတွေ မတင်ပြပါဘူး။ အဆိုတွေ အောင်မြင်ဖို့ဆိုတာက သဟဇာတဖြစ်မယ့် အဆိုမျိုးပဲ လွှတ်တော်မှာ တင်ပြတောင်း ဆိုဖို့ ရှိပါတယ်။ 

TREND ။        ။ လွှတ်တော်အခင်းအကျင်း၊ လွှတ်တော်အခန်းကဏ္ဍကနေ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဘယ်လိုဖော် ဆောင်ပေးနိုင်လဲ။
SSH     ။        ။ 
အဓိကကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဆောင်ရွက်တာ အကောင်းဆုံးပါ။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်ဆင်သင့်တာတွေ လွှတ်တော်ထဲမှာ ပြင်ဆင်ရမယ်ဆိုတာ ဖြစ်လာတာပါ။ ကျွန်တော်တို့သိရသလောက် အချက်ပေါင်း ၄၃ ချက် ပြင်ဆင်ဖို့ ရှိပါတယ်။ ဒီအချက်အလက်တွေက ဘယ်ပုဒ်မတွေလဲ၊ ဘယ်အကြောင်း အရာတွေလဲဆိုတာ မသိရသေး ပါဘူး။ အဲဒီ ၄၃ ချက် ပြင်ရမယ်၊ အခုခေတ်နဲ့ မကိုက်ညီတဲ့ ပုဒ်မတွေဆိုရင်လည်း ပြင်သင့်ရင်လည်း ပြင်ရမှာပါ။ ဒါကလည်း အများစုအနိုင်ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးစီးဦးဆောင်လုပ်ရမယ့် သဘောရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးက ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပါတယ်။ ဆက်စပ်မှုဆိုတာကို ပြောချင်တာက တန်းတူညီမျှမှုတို့၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေါ့။ ဒီမိုကရေစီဖယ်ဒရယ်စနစ်ပေါ့၊  အာဏာခွဲဝေကျင့်သုံးတဲ့ စနစ်၊ ပြည်နယ်မှာဆိုရင်လည်း ပြည်နယ်အာဏာသက်ရောက်မှု အပြည့်အဝရှိဖို့လေ။ ပြီးတော့ အရင်တုန်းကဆိုရင် ဖက်ဒရယ်ဆိုတာ ပြောလို့မရတဲ့ စကားလေ။ အခုက ဖက်ဒရယ်၊ ဖက်ဒရယ်ဆိုပြီး ပြောလာကြတယ်။ ဖက်ဒရယ်ဆိုတာကတော့ အဓိက ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုစနစ် ကျင့်သုံးဖို့ပဲ။ ပြောရရင် တိုင်းရင်း သားတွေက ပိုသိတယ်ဗျ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ လွတ်လပ်ရေးရက တည်းက တိုက်ပွဲတွေဖြစ်တယ်လေ၊ သူတို့ငယ်ငယ်ကတည်းက တိုက်ပွဲတွေပဲကြုံခဲ့ရပြီး ပညာကို ကောင်း ကောင်းမသင်ခဲ့ရဘူး။ အဲဒီခေတ် လွတ်လပ်ရေးရပြီးခေတ်ကာလက တောခိုခဲ့ကြတယ် ဆိုတဲ့ အကြောင်း အရင်းကလည်း အာဏာခွဲဝေမှု မတည့်ကြလို့၊ မတည့်ကြတော့ တောခို၊ တောခိုပြီးတော့ တော်လှန်ရေး လုပ်ကြတာပေါ့။ အဓိက ပြောချင်တာကတည်း နိုင်ငံရေးဘောင်ကျဉ်းလို့ လက်နက်ကိုင် ပဋိပက္ခဘောင်က ကျယ်လာခဲ့တာပါ။ အခုအခြေအနေမှာကတော့ နိုင်ငံရေးဘောင်ကျယ်လာအောင်၊ ပဋိပက္ခဘောင် ကျဉ်းမြောင်းသွားအောင် ပေးသင့်ပေးထိုက်တာတွေ တိုင်းရင်းသားတွေလိုအပ်နေတဲ့ ဖက်ဒရယ်နဲ့ အခွင့် အရေးတွေကို ဥပဒေနဲ့အညီ ပေးသင့်တယ်။ ဦးစားပေးပြီးတော့လည်း လုပ်ဆောင်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးသင့်တယ်လို့ မြင်ပါတယ်။ အခြေခံ ဥပဒေပြင်ဆင်သင့်တဲ့အခါ အဓိကကတော့ လွှတ်တော်ထဲမှာ အများဆုံးအနိုင်ရထားတဲ့ ပါတီကြီးက လုပ်နိုင်ခြေရှိသလို လုပ်လည်း လုပ်သင့်ပါတယ်။ ကျွန်တော်တို့ ဒီအခင်းအကျင်းမှာ ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်ချင်တယ်၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ချင်တယ်ဆိုရင် အခုလိုအချိန်က အသင့်တော်ဆုံးအချိန်လို့ ပြောချင်ပါတယ်။ အများကြီးအနိုင် ရထားတဲ့ ပါတီကြီးအနေနဲ့လည်း လုပ်ပိုင်ခွင့်တွေ အများကြီးရှိနေပါတယ်။

TREND ။        ။ လက်ရှိအခြေအနေတွေ ကျော်လွှားနိုင်ပြီးတော့ နိုင်ငံရေးအမြင်မတူမှုတွေ ပြေလည် ငြိမ်းချမ်းဖို့ ဘယ်လို ကြိုးပမ်းဆောင်ရွက်မလဲ။
SSH     ။        ။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် သက်ဆိုင်သူများအားလုံး Stakeholders များ ပါဝင်ပြီးတော့၊ ပူးပေါင်းပြီးတော့ အဖြေရှာမယ်၊ စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာသင့်ပါတယ်။ ကြိုးပမ်းဆောင်ရွက်မယ့် နည်းလမ်းတွေကတော့  အစိုးရဖွဲ့မှ ပါတီကြီးကတော့ သူ့တို့မူဝါဒနဲ့ နည်းလမ်းတွေရှိကြမှာပါ။ ကျွန်တော်တို့ပါတီကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မူဝါဒရှိထားပြီးသားဆိုတော့ တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်တာ၊ ညှိနှိုင်းဆောင်ရွက်ပေးတာ၊ ကြားဝင်ဆောင်ရွက်ပေးတာတွေ လုပ် ဆောင်ပေးရမှာပါ။ အဖွဲ့အစည်းတွေဆိုတာကတော့ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းအဖွဲ့တွေပေါ့။ တခြားမြို့နယ်၊ တခြားတိုင်းမှာဆိုရင်လည်း တခြားအဖွဲ့တွေ၊ တခြားပါတီတွေ၊ သက်ဆိုင်ရာပါတီတွေက ငြိမ်း ချမ်းရေးအတွက် ညှိနှိုင်းအဖြေရှာပေးတာမျိုး လုပ်ဆောင်ကြလိမ့်မယ်လို့ မြင်ပါတယ်။ အဓိကကတော့ အရင်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအမြင်မတူမှုတွေ ဒီလို နိုင်ငံရေးအမြင် မတူမှုတွေကြောင့် ပေါ်ပေါက်လာ တဲ့အခြေအနေတွေ၊ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကောင်းအောင်၊ ငြိမ်းချမ်းသွားအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။ ကျွန်တော်တို့ရဲ့ သားသမီးတွေ၊ မျိုးဆက်သစ်တွေအတွက်၊ အနာဂတ်တွေအတွက် စိတ်အေးရအောင်ပါ။ မဟုတ်ရင် ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်သွားနေရင် ဒီအခင်းအကျင်း၊ ဒီအရှုပ်အယှက်ကြီးက ပြီးမှာမဟုတ်တော့ပါဘူး။ တော်လှန်ရေးဆိုတာကြီးကလည်း သူတို့လုပ်လာတာက ရှမ်းပြည်နယ်မှာဆိုရင် နှစ်ပေါင်း ၇၀၊ ၈၀ နီးပါး လောက်ရှိနေပြီ၊ လူ့သက်တမ်းတစ်ဆက်တောင် ကျော်လာပြီလေ။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လည်သုံး သပ်ကြည့်တဲ့အခါ ကျွန်တော်တို့ ဘာတွေရလဲ၊ ဘာမှမရဘူးဗျ၊ ဘာရလဒ်မှ မရခဲ့ဘူး။ တကယ်တမ်းရ လိုက်တာက ရွာပျက်တာ၊ မြို့တွေ ပျက်စီးတာ၊ အဆောက်အအုံတွေ ပျက်စီးတာ၊ ပြည်သူတွေ ထိခိုက်နစ်နာ သေကျေရတာ အဲဒီလိုပဲရလာတာ။ ငြိမ်းချမ်းရေး ရလာလားဆိုရင် ဘာမှ မရဘူး။ ခဏလေး ငြိမ်တယ်၊ ပြီးရင် ပြန်ဖြစ်တယ်ပေါ့။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးရဖို့ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ဖြေလျှော့ပေးဖို့၊ ကောင်းတဲ့ အကြံဉာဏ်တွေယူပြီးတော့၊ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအပေါ်မှာ သင်ခန်း စာယူပြီးတော့ နောက်နောင် အဲဒီလိုမျိုး မဖြစ်အောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုတာ စုပေါင်းပြီး တော့ အဖြေရှာရင် ရလဒ်တစ်ခု၊ အဖြေတစ်ခုတော့ ရနိုင်ပါတယ်။ လူဆိုတာအမှားနဲ့ မကင်းပါဘူး၊ဒါပေမဲ့ အဲဒီလိုအမှားမျိုးတွေ ထပ်ခါထပ်ခါ မမှားအောင် သုံးသပ်ဆင်ခြင်ကြရမှာပါ။

TREND ။        ။ နိုင်ငံရေးအမြင်မတူမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေတွေ၊ ထိခိုက်နစ်နာဆုံး ရှုံးမှုတွေကို သင်ခန်း စာယူပြီး တိုင်းပြည်ကောင်းအောင်၊ ငြိမ်းချမ်းသွားအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြီး ပြောပေးပါဦး။
SSH ။        ။
အမြင်မတူတာကတော့ နိုင်ငံရေးသဘောသဘာဝလို့ နားလည်ပါတယ်။ အမြင်မတူ တာနဲ့ပတ်သက်ပြီး သာဓက ပြောပြချင်ပါတယ်။ လက်ဝှေ့သမားတွေတောင် ကြိုးဝိုင်းစင်မြင့်ပေါ်မှာ ထိုး သတ်ပြီးတော့ သွေးထွက်သံယိုဖြစ်တာတောင် ပွဲပြီးရင် တစ်ဦးကိုတစ်ဦး ချက်ချင်းဖက်ကြတယ်။ တချို့ ဆိုရင် ထိုင်ပြီးကန် တော့တာတွေ ရှိပါတယ်။ ဒါက အားကစားစိတ်ဓာတ်ပါ။ နိုင်ငံရေးလည်း ထိုနည်း တူစွာပါပဲ။ အမြင်မတူလို့ နိုင်ငံရေးလုပ်ကြတာဆိုပေမယ့် ဒီလိုလုပ်ကြတဲ့အခါမှာ စောစောက လက်ဝှေ့သမား သာဓကလိုပါပဲ၊ အားကစားစိတ်ဓာတ် ကိုယ်စီရှိထားကြဖို့ လိုပါတယ်။ အဲဒီစိတ်ဓာတ်မျိုးနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်မယ်၊ အဲဒီလိုစိတ် ဓာတ်မျိုး ရှိကြမယ်ဆိုရင် ဒီနိုင်ငံကို ပြန်လည်ထူထောင်လို့ ရပါပြီ။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 56

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61171

© 2022 - 2026 News. All Rights Reserved.