ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်လွင်တိုးနှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇူလိုင် ၁၁

    မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ကို ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ၏ အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များ၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းရှင်များ  တက်ရောက်ခဲ့ကြသည်။ ထို့ကြောင့် မဲခေါင်ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့သည့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်လွင်တိုးနှင့်တွေ့ဆုံပြီး ပြည်တွင်းခရီးသွားလုပ် ငန်းအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ မဲခေါင်ဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ ပါဝင်ဆွေးနွေးဖြစ်ပုံနဲ့ အန်ကယ့်အမြင်လေး ပြောကြားပေးပါဦး။
Dr.TLT    ။    ။
မဲခေါင်ဖိုရမ်မှာ ကျွန်တော်က ကမ္ဘောဒီးယားဘက်က ဝန်ကြီးနဲ့ ဝန်ကြီးဦးမောင်မြင့်တို့ MoU ထိုးတာတော့ သိရပါတယ်။ ကျွန်တော်တို့ ကမ္ဘောဒီးယားနဲ့ မြန်မာကြားမှာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ကမ္ဘောဒီးယားကိုသွားတယ်။ MoU တွေ ထိုးကြတယ်။ တိုးတက်မှုအနေနဲ့ကတော့ Sister City ဆိုတော့ ဆီရမ်ရိနဲ့ ပုဂံနဲ့ကြားမှာ ဆက်သွယ်မှုတွေရှိအောင် လေကြောင်း လိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ ကိစ္စ ဆွေးနွေးတာတော့ ကြာပါပြီ။ အခုလည်း နားလည်မှုစာချွန်လွှာထိုးတဲ့ကိစ္စမှာ ဖနွမ်းပင်နဲ့ ပုဂံ အပြန်အလှန် လေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲဖို့ပေါ့။ ကမ္ဘောဒီးယား-မြန်မာကို မပြေးဆွဲနိုင်သေးတာက ဒီကိုလာဖို့ကတော့ ခုံမပြည့်ရင် မပြေးဆွဲနိုင်ဘူး။ ဖနွမ်းပင်ကတော့ စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် MAI ကတော့ လေယာဉ်ပြေးနေတယ်။ ပြည့်တော့ ပြည့်တာပေါ့။ ဒါကလည်း အရေးကြီးတယ်။ မြန်မာက အရင်တုန်းက အနောက်နိုင်ငံတွေ တိုက်ရိုက်ပျံတယ်။ ဒူဘိုင်း၊ ရန်ကုန်၊ ဖနွမ်းပင်သွားတာ အရမ်းအဆင် ပြေတယ်။ ကမ္ဘောဒီးယားကလည်း သုံးရက်၊ လေးရက်လောက်လည်ရင် လည်စရာ မရှိတော့ဘူး။ ဒါလေးတွေ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်သွားပြီ။ ကမ္ဘောဒီးယားကို လေယာဉ်တွေ တောက်လျှောက်ဆင်းလို့ရပြီ။ လေဆိပ်တွေလည်း ဖနွမ်းပင်မှာရော၊ ဆီရမ်ရိမှာရော တိုက်ရိုက်လေယာဉ်ဆင်းတယ်။ ပြီးတော့ အဲဒီကမှတစ်ဆင့် ဗီယက်နမ်သွားတာ ရှိတယ်။ ထိုင်းဘက်ပျံတာတွေ ရှိတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းပြီးမှ မြန်မာကို လာတယ်။ မြန်မာကတစ်ဆင့်ခံ ဖြစ်သွားတယ်။ တစ်ချိန်တုန်းက ကမ္ဘောဒီးယားက တစ်ဆင့်ခံဆိုတော့ ပြောင်းပြန်ဖြစ်သွားတယ်။ ကျွန်တော်တို့က အဓိကပြန်လုပ်ရမှာက နှစ်နိုင်ငံလေကြောင်း တိုက်ရိုက် ပျံသန်းနိုင်အောင်နဲ့ ဗီဇာကင်းလွတ်ခွင့်ပေါ့၊ ကမ္ဘောဒီးယားလူမျိုးတွေက ဗီဇာကင်းလွတ်ခွင့်ရတယ်။ မြန်မာလည်းရတယ်။ ဒါပေမဲ့ တတိယနိုင်ငံတွေကို တစ်နိုင်ငံက ဗီဇာရထားတယ်ဆိုရင်၊ ဒီဘက်လည်း ဗီဇာ Free ပေးမယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့၊ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်မယ်လို့လည်း မြင်ပါတယ်။ နောက်တစ်ခုက ကမ္ဘောဒီးယားရဲ့ အားသာချက် ကဘာလဲဆိုရင် ငွေကြေးစီးဆင်းမှုမှာ တအားလွယ်တယ်။ ဘဏ်အကောင့်တွေ၊ ဒေါ်လာအကောင့်တွေက ထိုင်းတို့၊ စင်ကာပူတို့ထက် ချောမွေ့တယ်။ အဲဒါကြောင့်မို့လို့ သူလည်း ကွန်မြူနစ်နိုင်ငံလို့ ပြောလို့ရတယ်။ ဒါပေမဲ့ စီးပွားရေးမှာ အကုန်ဖြေလျှော့တယ်။ အနောက်အုပ်စုနဲ့လည်း ပြေလည်အောင် ဆက်ဆံနိုင်တဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းက အရမ်းကို တိုးတက်လာတယ်။ တစ်ဦးချင်းစီကလည်း အင်္ဂလိပ်လို ပြောဆိုနိုင်တယ်။ နောက်လမ်းဘေးဈေးသည်က အစ ဒေါ်လာကို လက်ခံတယ်။ သူ့တိုင်းပြည်မှာ ဝယ်မယ်ဆိုလည်း Brand တံဆိပ်တွေကအစ ဝယ်လို့ရတယ်။ ဒါတွေက ခရီးသွားလုပ်ငန်းရဲ့အားသာချက်တွေ၊ လက်မှုယဉ်ကျေးမှုတစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်တို့လည်း ကမ္ဘောဒီးယားမှာ စီးပွားရေးပေါင်းစပ်လုပ်ရင် တဖြည်းဖြည်းနဲ့ ရွေ့လာမှာ သေချာတယ်။ မြန်မာအနေနဲ့လည်း ဒီလိုမျိုးတွေကို ပြန်မီအောင်လိုက်ဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်။

TREND    ။    ။ မဲခေါင်ဖိုရမ်ကို တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်း အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
Dr.TLT    ။    ။
မဲခေါင်ကတော့ ဗီယက်နမ်က နံပါတ်(၁) ပဲ။ သူ့မှာရှိတဲ့ ခရီးသွားလုပ်ငန်းကလည်း အောင်မြင်တယ်။ စီးပွားရေးအရရောပေါ့၊ မော်တော်ကားတွေကအစ EV ကားတွေ တင်ပို့နိုင်နေပြီ၊ ဆန်တင်ပို့နေတယ်။ ထိုင်းလည်း အဲဒီလိုပဲ ဆိုပေမယ့် စီးပွားရေးမှာက နည်းနည်း နှေးလာတယ်။ ကမ္ဘောဒီး ယားနဲ့ လာအိုကလည်း တစ်ချိန် ကိုယ့်အောက်မှာရှိပေမယ့် အခုက ကိုယ်နဲ့ ပိုတူလာတယ်။ တက်လာ တယ်။ တကယ်တော့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာက အလားအလာ အရမ်းကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကမ္ဘာကသိအောင် ကြေညာတဲ့အခါမှာ ဘတ်ဂျက်သုံးစွဲမှုက အကန့်အသတ်ဖြစ်နေတယ်။ ဒါတွေကို လုပ်ရည်ကိုင်ရည်ရှိ တဲ့သူကလည်း အကန့်အသတ် ဖြစ်သွားတယ်။ ဒါတွေ ကြောင့် မြန်မာက နောက်ကျခဲ့တာပါ။ ကျန်တဲ့နိုင်ငံကတော့ နှစ်ပိုင်းရှိတာပေါ့။ အာဆီယံအားတစ်ခုတည်း မဟုတ်ဘဲနဲ့ အနောက်နိုင်ငံနဲ့ စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတာတွေ ဖြေလျှော့နိုင်တဲ့ နည်းလမ်းတွေ၊ နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဖြစ်လာရင် ကျွန်တော်တို့မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းက တစ်ဟုန်ထိုး တိုးတက်လာမယ်လို့ မြင်တယ်။ နယ်မြေတွေလည်း ငြိမ်းချမ်းရင်ပေါ့။

TREND    ။    ။ လက်ရှိအစိုးရအနေနဲ့လည်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ဆောင်ရွက်နေတဲ့ အပိုင်းလေးကိုလည်း အကြံပြုပြောကြားပေးပါဦး။
Dr.TLT     ။    ။
ခရီးသွားလုပ်ငန်းအခြေအနေက အခုအချိန်မှာ အီလည်လည်ဖြစ်နေသေးတယ်။ ကျွန်တော်တို့က အရှိန်အဟုန်နဲ့လုပ်ရမယ်။ အခုအချိန်မှာ ဘယ်နိုင်ငံကို အဓိကထားမှာလဲ။ ဆောင်ရွက်ထားတာတွေတော့ ရှိပါတယ်။ လေကြောင်းလိုင်းတွေလည်း အထိုက် အလျောက်တိုးတက်လာတာရှိတယ်။ ဘယ်နိုင်ငံကို အဓိကထားမလဲဆိုတာက အာဆီယံနိုင်ငံတွေမှာ ဘယ်နိုင်ငံကို အဓိကထားပြီး သွားကြ တာများလဲ။ အာဆီယံနိုင်ငံထဲမှာ လာလည်တဲ့နိုင်ငံက ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံပဲလာတာ တွေ့ရတယ်။ မလေးရှား၊ စင်ကာပူက စီးပွားရေးအရ လာတာရှိတယ်။ ကမ္ဘောဒီးယားနဲ့ချိတ်ဆက်တော့ ဘယ်နှယောက် လာလဲ၊ မလည်နိုင်ဘူး။ တတ်နိုင်တဲ့သူကတော့ ထိုင်းကိုသွားရင်သွားမယ်၊ အနောက်နိုင်ငံကိုသွား ရင်သွားမယ်။ မြန်မာကိုလာလည်ဖို့ဆိုတာက ယဉ်ကျေးမှု လည်းတူတယ်။ စရိတ်တွေက သူတို့ထက်ပိုကြီးတယ်။ တတိယနိုင်ငံကို အဓိကထားမယ်။ တတိယနိုင်ငံဆိုတာ စီးပွားရေးပိတ်ဆို့မှုတွေ ရှိပေမယ့် အာရှနိုင်ငံတွေထဲမှာ ထိုင်းပြီးသွားရင် တရုတ်၊ တရုတ်ပြီးသွားရင် ကိုရီးယား၊ ကိုရီးယားပြီးသွားရင် ဂျပန်ပေါ့၊ ဒါက လစဉ်စာရင်းတွေအရ နောက် ရုရှားတွေ လာတယ်။ တိုးတက်မှုကတော့ နှေးပါသေးတယ်။ သူတို့က အလည်အပတ်လာတာထက် စီးပွားရေးအရလာတဲ့သူတွေ၊ နိုင်ငံရေးအရလာတဲ့သူတွေ များနေသေးတယ်။ အိန္ဒိယတွေလည်း လာနေကြပြီ။ သူတို့တွေကိုလည်း ဗီဇာ Free ပေးသင့်တယ်လို့ထင်တယ်။ Visit myanmar year 1996 ကျင်းပခဲ့တာ နှစ် ၃၀ ပြည့်ပြီ၊ နောက်နှစ်ကျ ထပ်မံပြီးတော့ ကျင်းပဦးမလားဆိုတာ စဉ်းစားရမယ်။ နောက် နယ်မြေလုံခြုံမှုလည်း အရေးကြီးပါတယ်။ အဓိကလိုအပ်တဲ့ အခြေခံအဆောက်အ အုံတွေပေါ့၊ ဒါတွေကလည်း ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပေါ့နော်။ ဒါတွေတော့ လိုအပ်နေတယ်။ လူငယ်နဲ့ လူလတ်ပိုင်းကတော့ အပြင်ကိုထွက် ကုန်ကြတယ်။

TREND    ။    ။ ဖြည့်စွက်ဖြေကြားချင်တာလေး ရှိရင် ပြောကြားပေးပါဦး။
Dr.TLT    ။    ။
ကျွန်တော်တို့ အဓိကပြောချင်တာက ရန်ကုန်မြို့လိုနေရာမှာ 5 Star ဟိုတယ်ကြီးတွေတောင် ဒေါ်လာ ၇၀၊ ၈၀ လောက်နဲ့ရတယ်။ တခြားနိုင်ငံ မှာဆိုရင်မရဘူး။ အနောက်နိုင်ငံကိုတော့ မဆိုလိုပါဘူး။ ဘန်ကောက်လိုနေရာမျိုးတွေ တကယ့် ဟိုတယ်ကြီးတွေ ဆိုရင် ဒေါ်လာတစ်ရာ၊ နှစ်ရာလောက် ရှိတတ်တယ်။ ဒါပေမဲ့ ထိုင်းမှာ လူတွေဘာလို့ ဝင်တိုးနေလဲဆိုတာက လူတန်းစားတိုင်း တည်းခိုနိုင်၊ စားသောက်နိုင်မယ့် အခြေအနေမျိုး ဖန်တီးထားတယ်။ အဲဒါ ဘာလဲဆိုတော့ ဒေါ်လာရယ်လို့ မခွဲခြားဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ ငွေကြေးသုံးစွဲမှုက နှစ်ပိုင်းဖြစ်နေတယ်။ ဒေါ်လာဈေးက နှစ်ခု၊ သုံးခုဖြစ်နေ တော့ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အခက်အခဲရှိပါတယ်။ ပြည်တွင်းလည်းတစ်ဈေး၊ နိုင်ငံခြားသား လည်း တစ်ဈေးဆိုပေမယ့် ဒီဟာတွေကို ဒေါ်လာနဲ့အခွန်ပေးရတာတွေ၊ ငှားရမ်းခပေးရတာတွေ Import ပစ္စည်းပေးရတဲ့ဟာတွေကျတော့ အောက်ဈေးနဲ့ပေးရတဲ့အခါကျတော့ သူတို့မှာရှုံးတယ်။ ဒါတွေကို နိုင်ငံတော်ကနေ ကူညီဖြေရှင်းပေးရင်တော့ ကောင်းလာမှာပါ။ အဖြေရှာပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကို ပံ့ပိုးပေးနိုင်မှာ ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ခိုင်သူဇာ
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 34

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.