ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မေ ၁၅

    မြန်မာနိုင်ငံ ရာသီဥတုနှင့်ကိုက်ညီသည့် တရုတ်နိုင်ငံမှ ထွက်ရှိသော စိုက်ပျိုးရေးပြောင်းများကို တရုတ်နိုင်ငံ ဟူးဘေခနောင် မျိုးစေ့ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။ ဟူးဘေ ခနောင် မျိုးစေ့ကုမ္ပဏီသည် အဓိကပြောင်း မျိုးစေ့များဖြစ်သော KN 909၊ KN8 ၊ KN919 ၊ KN008 တို့ကို နေပြည်တော် ပုဗ္ပသီရီမြို့နယ်ရှိ လယ်တောတွင် စမ်းသပ်စိုက်ပျိုးနေသည့်အပြင် ရှမ်းပြည်နယ် ပင်လောင်း၊ ရွာငံ၊ ရပ်စောက်တို့တွင်လည်း KN909 ၊ KN808 မျိုးစေ့များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိသောကြောင့် တောင်သူများကိုလည်း မိတ်ဆက်၍ ဆောင်ရွက်သွားမည်ဟု ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

 

TREND    ။    ။ မကြာခင်က နေပြည်တော်မှာ တရုတ်နိုင်ငံက ပြောင်းမျိုးစေ့နဲ့ပတ်သက်ပြီး မိတ်ဆက်ပေးဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
Dr.KMO ။    ။
အခု မေ ၅ ရက်မှာ နေပြည်တော် Grand Amara Hotel မှာ ကျင်းပတဲ့ တရုတ်နိုင်ငံ ဟူးဘေ ခန်းပြည်နယ် ခနောင်မျိုးစေ့ ကုမ္ပဏီမှ ထုတ်လုပ်တဲ့ပြောင်းမျိုးစေ့(KN 909)၊ (KN8)? (KN-909) ပြောင်းမျိုးစေ့ ရှစ်မျိုး မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းစိုက်ဧက ၁ ဒသမ ၃ သန်းခန့် ရှိပါတယ်။ ထွက်တာက တန်ချိန်နှစ်သန်းပဲ ရှိတယ်။ ပျမ်းမျှအားဖြင့် တစ်ဧကကို  ပြောင်းတစ်တန်မှ တစ်တန်ခွဲခန့်သာ ထွက်ရှိတယ်။ ဘာလို့လဲဆိုတော့စုစုပေါင်း ထွက်ရှိမှုက တန်ချိန် နှစ်သန်းပဲ ရှိတာကိုး။ အခုမိတ်ဆက်ပေးတဲ့ ခနောင်မျိုးစေ့များကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကတည်းက စမ်းသပ်ပြီးတော့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်း (ရှမ်းပြည်နယ်) ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ စိုက်ပျိုးတာ တစ်ဧက ငါးတန်အထိ ထွက်တယ်၊ တရုတ်နိုင်ငံမှာဆိုရင် ခုနစ်တန်အထိ ထွက်တယ်။ နေပြည်တော်မှာ စိုက်ခဲ့တဲ့ ၁၃ ဧကဆိုရင် စမ်းသပ်စိုက်ပျိုးရာမှာ ရေလိုအပ်ချက်ရှိတဲ့ အချိန်မှာ အခက်အခဲရှိခဲ့တယ်။ ရေမလိုတဲ့အချိန်မှ ရေရခဲ့တယ်။ အဲဒီလိုဖြစ် တာတောင်မှ တစ်ဧက ငါးတန် ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင် ခူးပြီးတော့ Export လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဓိကတော့ အခု ပြောင်းမျိုးစေ့တွေက နိုင်ငံတော်ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေပြီးတော့ တွန်းအားပေးနိုင်တယ်။ နိုင်ငံခြားဝင်ငွေ ရရှိပြီးတော့ တောင်သူတွေ ဝင်ငွေလေးဆတိုးမယ့် မျိုးစေ့တွေ ဖြစ်ပါတယ်။ တောင်သူလယ်သမားနဲ့ ယာလုပ်ငန်းလုပ်တဲ့ သူတွေအတွက်မျိုးစေ့ကို ဒီမှာမှတ်ပုံတင်ပြီးတော့ ဖြန့်ဝေ ပေးသွားမှာ ဖြစ်ပါတယ်။ 


TREND    ။    ။ အခုလိုဆောင်ရွက်တာက ဘယ်လိုရည်ရွယ်ချက်ကြောင့် လုပ်ဆောင်ပေးဖြစ်တာလဲဆိုတာ ရှင်းပြပေးပါဦး။
Dr.KMO ။    ။
အဓိကတော့ ပါတီကလုပ်ဆောင် တာမဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီဝင်တွေက ကုမ္ပဏီတည်ထောင်ထားတာတွေ အသီးသီးရှိကြပါတယ်။ အဲဒီလိုပဲ မြင့်မိုးနိုင်ကုမ္ပဏီက ဒါရိုက်တာ အဖွဲ့ဝင်ဆိုတာက ကျွန်တော်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီပြောင်းမျိုးကို တရုတ်နိုင်ငံ ဟူးဘေ ခနောင်မျိုးစေ့ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်မှာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 


TREND    ။    ။ ဈေးကွက်ရရှိနိုင်မှု အခြေအနေ လေးကိုလည်း ပြောပြပေးပါဦး။ 
Dr.KMO ။    ။
မြန်မာနိုင်ငံမှာက ပြောင်းစိုက်ပျိုးတာက တစ်ဒသမ သုံးသန်းရှိတယ်။ တစ်ဧကကို ငါးတန်အထိ ထွက်ခဲ့တယ်။ ရေလည်းရမယ်။ ပိုးသတ်ဆေးလည်း စနစ်တကျ ပတ်ဖျန်းပြီးတော့ စိုက်ပျိုးမယ်ဆိုရင် ခုနစ်တန်လောက်အထိ ထွက်တဲ့အတွက် တောင်သူတွေအတွက် အထွက်နှုန်းလည်း တိုးလာနိုင်တယ်။ ပြောင်းဈေးကလည်း ကောင်းတဲ့အတွက် တောင်သူတွေက ဥပမာတစ်ပိဿာကို တစ်ထောင်ရမယ်ဆိုရင် အခုမျိုးစေ့က ငါးဆဖြစ်တဲ့အတွက် ဝင်ငွေလေးဆ ပိုတိုးလာမယ်။ ဈေးကွက်လည်းရှိတယ်။ ပြောင်းဆိုရင် မြန်မာပြည်မှာက အရင်က ယိုးဒယားကုမ္ပဏီနဲ့လည်း တွဲလုပ်နေတာတွေရှိတယ်။ တရုတ် ကနေလည်း ပူးပေါင်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ စားနပ်ရိက္ခာ လိုအပ်ချက်က အရမ်းကြီးမားလာတယ်။ ရာသီဥတု ဖောက်ပြန်တာတွေ၊ သဘာဝဘေးအန္တရာယ် တွေ ဖြစ်လာတာ များလာတော့လေ။ ပြောင်းကလူတွေရဲ့ စားနပ်ရိက္ခာနဲ့ တိရစ္ဆာန်အစာတွေအပြင် အမျိုးမျိုး အသုံးပြုကြပါတယ်။ တောင်သူတွေ လိုအပ်နေတာက နည်းပညာတွေပါ။ ကျွန်တော်တို့တွေက နည်းပညာတွေ ဖြန့်ဝေပေးမယ်။ နောက်ပိုင်းမျိုးစေ့တွေကို ကိုယ်တိုင် ထုတ်လုပ်ပေးပြီးတော့ တောင်သူတွေကို ဖြန့်ဝေပေးဖို့ အထိဆောင်ရွက်သွားဖို့ အစီအစဉ်တွေ အများကြီးရှိ ပါတယ်။


TREND    ။    ။ အခု ပြောင်းမျိုးစေ့တွေရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။
Dr.KMO ။    ။
မျိုးစေ့ရဲ့ အားသာချက်က အပူပိုင်းဒေသရဲ့ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်တယ်။ ပိုးမွှားဒဏ်ကိုခံနိုင်တယ်။ တောင်သူတွေက ရေလိုအပ်ချက်ရှိတဲ့အချိန်မှာ ရေမပေးနိုင်ဘူး။ ဒီအခက်အခဲတွေကိုလည်း ကျော်လွှားသွားတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တောင်သူတွေရဲ့စီးပွားရေးကို လေး ဆတိုးလာနိုင်တယ်ဆိုတဲ့ သဘောပါ။ တောင်သူတွေအနေနဲ့ ဝယ်ယူမယ်ဆိုရင် ဒေသခံကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်စားလှယ်တွေထားပြီးတော့ ဆောင်ရွက်နေတာတွေရှိပါတယ်။

 


TREND    ။    ။ လက်ရှိမှာ ဆောင်ရွက်နေတဲ့ ရက် ၁၀၀ စီမံချက်အပေါ် အမြင်လေးကိုလည်း ပြောကြားပေးပါဦး။
Dr.KMO ။    ။
နိုင်ငံတော်သမ္မတကြီးကလည်း  တောင်သူတွေကို ချေးငွေတွေ တိုးပေးပါတယ်။ အရင်က ငါးသောင်းပေးတဲ့နေရာမှာ အခုနှစ်သိန်းဖြစ်လာပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အရှိန်အဟုန်နဲ့ တိုးတက်အောင် နိုင်ငံတော်သမ္မတကြီးက ရက် ၁၀၀ စီမံကိန်း ရေးဆွဲပြီးတော့ ဝန်ကြီးဌာန ၃၁ ဌာနက အားကြိုးမာန် တက်လုပ်ကိုင်နေတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေကလည်း သိသိသာသာ ကျဆင်းလာပါတယ်။ အရင်တုန်းက ရွှေဘိုဆန်တစ်အိတ်ကို တစ်သိန်း ရှစ်သောင်းခွဲကနေ၊ တစ်သိန်းခြောက်သောင်းခွဲ ကျပါတယ်။ ဒါက သိသိသာသာကျတယ်လို့ ကျွန်တော်တို့က ပြောလို့ရပါတယ်။ ပဲဆီဆိုလည်း တစ်ပိဿာကို ၂၅၀၀၀ ကနေ ၂၀၀၀၀ အထိကျတယ်။ စားဆီဆိုလည်း တစ်ပိဿာ ကို ၁၇၀၀၀ ကနေ အခုဆိုရင် ၁၁၅၀၀ ပေါ့နော်။ အဲဒီလိုမျိုး စားကုန်တွေမှာ ကျလာတော့ ပြည်သူတွေအတွက် စားဝတ်နေရေး ခက်ခဲကျပ်တည်းပေမယ့် ဒါတွေကသူတို့အတွက် သက်သာချောင်ချိရေး ဖြစ်လာတယ်။ သမ္မတကြီးရဲ့ ရက် ၁၀၀ စီမံကိန်းက တစ်လအတွင်းမှာပဲ ထူးခြားတဲ့ပြောင်းလဲမှုတွေက ဒေသအသီးသီးမှာ ခံစားနေရပါပြီ။ ကျွန်တော်တို့ကလည်း သမ္မတကြီးရဲ့ တိုင်းပြည်စီးပွား မြှင့်တင်ရေးကဏ္ဍတို့၊ ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးနည်းပညာ၊ မျိုးစေ့တွေနဲ့ တောင်သူတွေ ဘက်ကနေပြီးတော့ တစ်ဖက်တစ် လမ်းကနေပြီးတော့ စီးပွားတိုးတက်အောင် ပါဝင်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ရက်တစ်ရာမှာဆိုရင် လယ်ယာကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြတယ်။ စီးပွားရေး ကဏ္ဍတွေမှာလည်း ဖြေလျှော့မှုတွေကို လုပ်လာတာ တွေ့ရပါတယ်။ ပို့ကုန် သွင်းကုန်ကိစ္စတွေမှာလည်း ဒုသမ္မတကြီးကနေ ဦး ဆောင် ပြီးတော့ လုပ်ဆောင်နေတာ တွေ့ရတော့ ကြိုလည်းကြိုဆိုတယ်။ ဝမ်းလည်းသာပါတယ်။ တိုင်းပြည် စီးပွားရေးဆိုတာ အခုထလုပ်လို့ အခုထဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ မူဝါဒကောင်းတွေချမှတ်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် သုံးလ၊ ခြောက်လနဲ့ တစ်နှစ်တန်သည် အချိန်တွေ စောင့်ကြည့်ပြီးတော့မှ ရရှိလာမယ့် အသီးအပွင့်တွေက ပြည်သူတွေအတွက်ဆိုတာ ယုံကြည်တဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ ဆောင်ရွက်နေတာ တွေကို ဝိုင်းဝန်းပူးပေါင်းပြီးတော့ ရှေ့ဆက်သွားမယ်လို့ ပြောချင်ပါတယ်။ 


TREND    ။    ။ မကြာခင် လွှတ်တော်ပြန်စတော့မယ်။ ဆရာတို့အနေနဲ့ပြည်သူတွေရဲ့အသံကို လွှတ်တော်မှာ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ။
Dr.KMO    ။    ။
လွှတ်တော်တွေကတော့ ဇွန်လမှာ ပြန်စတော့မယ်။ ပြည်သူ့အသံက လွှတ်တော် အသံပါပဲ။ အဓိကပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့ ဘက်ညီညီနဲ့ ရှေ့ဆက်သွားနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံး အပြုသဘောဆောင်ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးမှာ အပြုသဘောဆောင်ပြီး ပါဝင်လာမှာ ဖြစ်ပါတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
Dr.KMO    ။    ။
ကျွန်တော်တို့ကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးတွေ ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေး အစီအစဉ်မှာလည်း ကြိုဆို ထောက်ခံပြီးတော့ ပူးပေါင်းပါဝင်မယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာလည်း အားကောင်းမောင်းသန် ဖြစ်လာအောင် ကျွန်တော်တို့ရဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေမှာ တစ်ဖက်တစ်လမ်းကနေပြီးတော့ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောကြားချင်ပါတယ်။ အခုမျိုးစေ့နဲ့ ပတ်သက်ပြီးတော့လည်း မိတ်ဆက်ပေးတာက၊ ပြည်သူတွေအတွက် စီးပွားဒီရေအလားတိုးတက် ပြီးတော့ ဝင်ငွေတိုးတက်ချင်တာပေါ့နော်။ အဲ့ဒီဆန္ဒလေး တွေကို ဖြည့်ပေးတဲ့အနေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ လက်ရှိဝင်ငွေထက် လေးဆ တိုးလာမယ်ဆိုတော့ ပြည်သူတွေ ဝင်ငွေလေးဆ တိုးလာမယ်။ အစစအရာရာ အဆင်ပြေလာမယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62119

© 2022 - 2026 News. All Rights Reserved.