၂၀၂၆ ၊ ဇန်နဝါရီ ၂၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၊ (၂)တွင် မွန်ညီညွတ်ရေးပါတီ (MUP) သည် လွှတ်တော်သုံးရပ်အတွက် နေရာ ၁၇ နေရာ ရရှိထားပြီး တတိယ အင်အားကောင်းသည့် တိုင်းရင်းသားလူမျိုးစုပါတီတစ်ခု ဖြစ်လာသည်။ MUP ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် အခြေအနေများ၊ စည်းရုံးမှုနှင့် ဒေသခံတို့၏ ရွေးကောက်ပွဲအပေါ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့နှင့်ပတ်သက်၍ MUP ဥက္ကဋ္ဌ နိုင်လဝီအောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေ ဦးစွာသိပါရစေ။
NLWA ။ ။ ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ပဲလေ။ ရွေးကောက်ပွဲဖြစ်လာပြီဆိုရင် နိုင်ငံရေးပါတီတွေအားလုံးက မဖြစ်မနေ ဖြတ်သန်းရမှာပါ။ ဒီလို ရွေးကောက်ပွဲ ဝင်တယ်ဆိုတာက ဘာကို မျှော်မှန်းသလဲဆိုရင် ကျွန်တော်တို့က မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီဖြစ်တဲ့အတွက် မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုအားလုံး၊ မွန်အပါအဝင်ပေါ့။ မွန်ပြည်သူတစ်ရပ်လုံးရဲ့ အခက်အခဲ တွေ ဘာရှိသလဲ၊ သူတို့ရဲ့ အခွင့်အရေးတွေ ဘာလိုအပ်သလဲ၊ နောက် သူတို့ရဲ့ စားဝတ်နေရေး ဘယ်လိုအခက်အခဲရှိသလဲ ဒါကို ကျွန်တော်တို့က မွန်ပြည်နယ်အခြေစိုက်ပြီး လုပ်နိုင်သလောက် လုပ်ချင်တာကိုး။ လုပ်တဲ့နေရာမှာလည်း မွန်ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်ဆိုပြီး လွှတ်တော်ကနေ တင်ပြတောင်းဆိုမယ်ပေါ့။ ဒါကိုတော့ ကတိကဝတ်တော့ မပေးဘူး။ ကျွန်တော် တို့ပါတီ ရွေးကောက်ပွဲ ဝင်မယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးဖို့ အခက်အခဲတွေ ကြုံခဲ့ရတယ်။ မဝင်ရဲကြတဲ့ အခက်အခဲရှိခဲ့တော့ အခက်အခဲပေါင်းစုံကြားကနေ တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ အားလုံး ၃၈ ဦးပဲ ရွေးနိုင်ခဲ့တာပေါ့။ ရွေးကောက်ပွဲစနစ်ကလည်း PR စနစ်ရှိတဲ့အတွက် PR ကိုလည်း ဖြည့်ရတယ်။ ဒါကြောင့် ပါတီဝင်တွေရော ပါတီအကျိုးလိုလားတဲ့သူတွေရော စည်းရုံးပြီးတော့ သူတို့ ရှင်းပြလိုက်တော့မှ သူတို့ ပါဝင်လာတယ်။ PR အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၈ ဦး ဝင်ပြိုင်နိုင်ခဲ့တယ်။
အဲဒီအထဲကမှ ဇန်နဝါရီ ၂၄ ရက်အထိ ၁၇ ယောက် အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ စည်းရုံးတဲ့အခါမှာ ဘယ်သူ့ကိုမှ တိုက်ခိုက်မပြောဘူး။ ပြည်သူတွေကို ခင်များတို့ မဲပေးကြရမယ်၊ မဲပေးမှ ပါတီကိုယ်စားလှယ်တွေ လွှတ်တော်ကို ရောက်မယ်။ ပြည်သူရဲ့ အခွင့်အရေးတွေရရှိအောင် တောင်းဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရအောင် လုပ်နိုင်လိမ့်မယ်ပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ချင်တဲ့ ဆန္ဒ ရှိနေတယ်။ ငြိမ်းချမ်းမှ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး နောက်ပြည်သူတွေရဲ့ လုံခြုံရေးအားလုံး လုပ်ဆောင်နိုင်မယ်လို့ မျှော် မှန်းလို့ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ခဲ့တာပေါ့။ ဝင်တဲ့အခါမှာ ပြည်သူတွေကလည်း ဝန်းရံပေးတယ်။ အားပေးကြပါတယ်။

TREND ။ ။ MUP ပါတီက ဒေသခံလူထုကို မဲဆွယ်စည်းရုံးတဲ့အခါ ဘယ်အချက်ကို အဓိကထား ပြောဆိုစည်းရုံးခဲ့လဲ။
NLWA ။ ။ စည်းရုံးရေး ဆင်းတဲ့အခါမှာလည်း အရင်ကလို ခမ်းခမ်းနားနားနဲ့ မသွားနိုင်ဘူး။ အဓိက လက်ကမ်းစာစောင်ဝေတယ်။ မဲထည့်ပုံထည့်နည်းနဲ့ ကြိုက်တဲ့ပါတီကိုပေး၊ သို့သော် မဲပေးမမှားဖို့ ရှင်းပြ တယ်။ တချို့နေရာကျတော့လည်း လက်ကမ်းဝေတာတောင် ယူမယ့်သူမရှိဘူး။ သို့သော်လည်း ကျွန်တော်တို့က သည်းခံပြီးတော့ အချိန်ယူပြီး ရှင်းပြပေးပါတယ်။ အဲဒီလိုရှင်းပြတော့ နောက်ပိုင်းကျတော့မှ အပြင်နည်းနည်း ထွက်လာတယ်။ ကျွန်တော်တို့က ဂျာနယ်လည်းထုတ်တယ်။ ရှင်းပြတာတွေ တောက်လျှောက်လုပ်တော့ အဲဒီကနေ တစ်ဆင့်တစ်ဆင့်ပွားပြီးတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားသူ များလာတယ်။ နောက်တစ်ခါ မဲမထည့်ခြင်းအားဖြင့် ရမဲဆုံးရှုံးမယ်၊ နိုင်ငံအတွက် တာဝန်မကျေဘူး၊ ဘယ်သူ့ကို မဲထည့်ပါလို့ ပြောတာထက်ကို ကျွန်တော်တို့ မွန်ပြည်နယ်အခြေစိုက် ဖြစ်တဲ့အတွက် မွန်ညီညွတ်ရေး ပါတီကို မဲပေးမယ်ဆိုရင် မွန်ပြည်နယ်အကျိုးကို ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းရမယ်ပေါ့။ အဲဒီအခွင့်အလမ်းကို မဲမထည့် ခြင်းအားဖြင့် ဒီအခွင့်အလမ်း မရဘူးဆိုတာ ရှင်းပြပါတယ်။ ရအောင် ဝန်းရံပေးဖို့ မဲထည့်ကြဖို့ ဆော်သြခဲ့ပါတယ်။ အဓိကကတော့ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေး ပါတီ ဖြစ်သော်လည်း မွန်အပါအဝင် မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး စားဝတ်နေရေး အဆင်ပြေအောင် နိုင်သလောက် ရွက်ဆောင်ပေးမယ်ပေါ့။ ဘာတွေလုပ်ပေးမယ်ဆိုတာမျိုးတော့ ကတိကဝတ်မပေးဘူး။ သို့သော်လည်း ကျွန်တော်တို့၊ ခင်ဗျားတို့နဲ့ တစ်သားတည်းဖြစ်အောင်၊ အလုပ်အကျွေးပြုနိုင်အောင် မဲထည့်ပေးမှ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဝိုင်းကူဖြေရှင်းပေးနိုင်မယ်၊ မဲမပေးခဲ့ရင်တော့ ပြည်သူတွေရဲ့ အခက်အခဲတွေ အစစအရာရာ ဖြေရှင်းဖို့ရာ အခွင့်အလမ်းမရှိဘူး။ ဒါကြောင့် မွန်ဒေသမှာရှိတဲ့ လူထုအကျိုးကို ဆောင်ရွက်ပေးချင်တယ်၊ မွန်အများစုရှိတဲ့အတွက် မွန်ညီညွတ်ရေး ပါတီမနိုင်ဘူးဆိုရင် မွန်အတွက် အခွင့်အရေးဆုံးရှုံးမယ်ဆိုတာမျိုး အများကြီး ရှင်းပြခဲ့ရတာပေါ့။
TREND ။ ။ အပိုင်း(၁)၊ (၂)အရ ပါတီအနေနဲ့ ဘယ်မြို့နယ်တွေမှာ အားရကျေနပ်မှုရှိခဲ့လဲ၊ ပါတီအပေါ် လူထုရဲ့ဝန်းရံထောက်ခံမှု ဘယ်လိုအခြေအနေရှိတယ်လို့ သုံးသပ်ချင်လဲ။
NLWA ။ ။ အားရတာကတော့ မုဒုံရော၊ ရေးရော၊ သံဖြူဇရပ်ရော၊ ပေါင်၊ ချောင်းဆုံတို့ ရောပေါ့။ မော်လမြိုင်လည်း အားရပါတယ်။ သို့သော်လည်းပဲ ပြည်သူ့လွှတ်တော်ရနိုင်တဲ့ အခြေအနေမှာ ကပ်ရှုံးခဲ့တယ်။ ပြည်သူလူထုတွေကတော့ ဆန္ဒရှိလို့ မဲလာပေးကြတာ ရှိတယ်။ တချို့ကျတော့လည်း မဲမထည့်ရင် တာဝန်မကျေ ဘူးဆိုတဲ့အသိနဲ့ မဲလာထည့်ကြတယ်၊ တချို့ကျတော့လည်း အကြောင်းအမျိုးမျိုးနဲ့ လာ ထည့်ကြတယ်၊ အဲဒီလို မဲပေးမယ်ဆိုရင် မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ မွန်ပါတီကိုပဲ ပေးကြစို့ဆိုတဲ့ဟာ ဖြစ်လာတယ်၊ မွန်ပြည်နယ်မှာ အခြေ စိုက်တဲ့ပါတီဖြစ်တဲ့အတွက် မွန်ပြည်နယ်အကျိုး လုပ်နိုင်မယ်။ ဒါကြောင့် မွန်ပြည်နယ်မှာရှိတဲ့ မွန်ပါတီကို ငါတို့အားပေးကြစို့ဆိုတာမျိုး ရှိလာတယ်လို့ သုံးသပ်မိတယ်။
ကျွန်တော်ကလည်း လှည့်နေတာဆိုတော့ တစ်ခါတလေ သူတို့ဆီက အသံတွေ ကြားရတယ်။ မဲပေးမယ်ဆိုရင် မွန်ပါတီကိုပဲပေးမယ်၊ မွန်ပါတီက မွန်ပါတီ အခြေစိုက်ပဲ၊ အနီးကပ်ရှိတာ မွန်ပါတီဆိုတော့ သူတို့က နီးနီးကပ်ကပ်ရှိတယ်၊ ပြောရဆိုရ လွယ်တယ်ဆိုတာမျိုးလည်း ကြားခဲ့ရပါတယ်။
TREND ။ ။ မွန်ဒေသခံတွေရဲ့ ရွေးကောက်ပွဲအပေါ် ပူးပေါင်းပါဝင်မှုနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု ဘယ်လိုအခြေအနေတွေ တွေ့ရလဲ။
NLWA ။ ။ ရွေးကောက်ပွဲအပေါ် အားလုံးက ဆန္ဒရှိကြပါတယ်။ ပြီးတော့ ပြည်သူလူထုကို ကျွန်တော်တို့က ရှင်းပြတယ်။ နိုင်ငံရေးပါတီဆိုတာ ပြည်သူတွေရဲ့ အခက်အခဲတွေကို လွှတ်တော်မှာ တင်ပြခွင့်က ဥပဒေအရ အခွင့်အရေးရှိတယ်ဆိုတာ သူတို့သိသွားကြတယ်။ ဘာလို့ လဲဆိုတော့ အခက်အခဲ ပြဿနာတွေဆိုတာ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းလို့မရဘူး၊ အကောင်းဆုံးက ဥပဒေအတွင်းမှာ ညှိနှိုင်းဆောင်ရွက်မှသာ အဖြေတစ်ခုခု ထွက်မယ်ဆိုတာကို ရှင်းပြတာ သူတို့က လက်ခံကြတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ဆောင် ရွက်လို့ရတယ်။ အချင်းချင်း ပဋိပက္ခမဖြစ်အောင်၊ သွေးထွက်သံယို မဖြစ်အောင်၊ လူငယ်ပညာတတ် အရင်းအမြစ်တွေလည်း မဆုံးရှုံးရအောင် လွှတ်တော်ကနေ တွန်းအားပေးမယ်။ ကြိုးစား ဆောင်ရွက်ပေးမယ်ဆိုတော့ အဲဒါကိုပြောပြတော့ သူတို့လည်း လက်ခံကြတယ်၊ အားပေးကြတယ်။ သို့သော်လည်းပဲ သိတဲ့အတိုင်းပဲ ခြိမ်းခြောက်မှုတွေ ရှိတဲ့အခါကျတော့ အကြောက်တရားက ရှိနေတယ်။ အကြောက်တရားသာ မရှိခဲ့ရင် မဲပေးသူ ဒီ့ထက်များမယ်၊ ပါတီတွေ လည်း မဲပိုရသွားနိုင်တယ်။ နောက်တစ်ချက်ရှိတာက ဥပမာ ရေးမှာဆိုရင် ရွာကြီးတွေ သုံး၊ လေး၊ ငါးရွာလောက်ရှိတယ်။ မဲထည့်ခွင့်မရှိတာတွေပေါ့။ မဲဆန္ဒနယ်မြေ သတ်မှတ်တဲ့အခါ မဲထည့်ခွင့် ဒေသ၊ မဲထည့်ခွင့်မရှိတဲ့ ဒေသရှိတယ်မဟုတ်လား၊ အဲဒီမဲထည့်ခွင့်မရတဲ့ ဒေသက ပြည်သူတွေက အခုရွေး ကောက်ပွဲအခင်းအကျင်းကို ကြည့်ပြီး အားမလို အားမရ ဖြစ်ကြတယ်။ နောင်ကို အဲဒီဒေသတွေအတွက် စဉ်းစားပေးဖို့ တင်ပြကြတယ်။ အားလုံး ငြိမ်းချမ်းသွားလို့ရှိရင် မဲပေးနိုင်ကြဖို့ သူတို့ လိုလားနေကြတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးပေါ့၊ တည်ငြိမ်အေးချမ်းချင်တယ်ပေါ့။ အဲဒီလိုဖြစ်မှလည်း သူတို့ရွေးကောက် ပွဲမှာ ပူးပေါင်းပါဝင် နိုင်မယ်လို့ ပြောကြတယ်။ သူတို့ဆန္ဒတွေကို အကြံပြုကြတယ်။ လွှတ်တော်ထဲရောက်ရင် ဒါကို တင်ပြညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲအလွန် မှာ ဒီလိုအခြေအနေတွေကို သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြသွားဖို့ရှိတယ်။ ဒါကတော့ ကျွန်တော် တို့ပါတီတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရဘူး။ ဝင်ရွေးတဲ့ပါတီတွေ ၅၇ ပါတီ ရှိတယ်။ ပါတီတွေ တွေ့တိုင်း၊ တွေ့ဆုံဆွေးနွေးတဲ့ အခမ်းအနားတွေမှာ ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရအောင် ဆိုပြီး ဆွေးနွေး တိုင်ပင်တာတွေ ရှိပါတယ်။ တူညီတဲ့ဆန္ဒတစ်ခု ယူပြီးတော့ မကြာခဏတွေ့ကြရအောင်၊ ဆွေးနွေးကြရ အောင်ပေါ့။ တိုင်ပင်ဆွေးနွေး ကြပါတယ်။ ဒီအရွေ့တစ်ခုကို ရောက်ဖို့က လမ်းဆုံမှာ ရပ်နေမယ့်အစား ဝိုင်းဝန်းလုပ်ကြရအောင်ဆိုတော့ အားလုံးက သဘောတူညီကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အားလုံး ဆန္ဒရှိကြတယ်၊ တူညီကြတယ်။ တိုင်းပြည်ငြိမ်းချမ်းအောင်၊ နိုင်ငံတိုးတက်အောင် စုပေါင်းလုပ်ကြဖို့ နိုင်ငံရေးပါတီအားလုံးက ဆန္ဒတွေ ရှိနေကြတယ်။
TREND ။ ။ မဲထည့်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ဒေသခံတွေ ဘယ်လိုကြုံတွေ့နေရလဲ။ ပြီးတော့ လက်ရှိ မွန်ဒေသအခြေအနေကိုလည်း သိရသလောက် ပြောပြပါဦး။
NLWA ။ ။ အပြင်က ခြိမ်းခြောက်တာ၊ စာလည်း ထုတ်တာရှိတော့ ကြောက်ကြတာပေါ့။ ဒီကြားထဲမှာလည်း တချို့နေရာတွေမှာ ပစ်တာခတ်တာ ရှိတာကိုး။ ခြိမ်းခြောက်တာတွေရှိတော့ လွှတ်တော်ကိုယ် စားလှယ်လည်း ကြောက်ကြရတာ။ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် မဲထည့်တဲ့ နယ်မြေတွေ ကျဉ်းတာကိုး။ အခုက မြို့ပေါ်လောက်ပဲ။ ဥပမာ ရေးမြို့နယ်ဆိုရင် လမိုင်းမြို့၊ ခေါဇာမြို့၊ ကုလားဂုတ်ကျွန်း၊ ရေးမြို့ အဲဒီလောက်ပဲ ပါတယ်။ ကျန်တဲ့ ရွာကြီးတွေ မပါဘူး။ ဒါက နယ်မြေ အခြေအနေအရ မဲဆန္ဒနယ် ခွဲလိုက်တယ်။ မဲထည့်တဲ့ နယ်မြေတွေကျဉ်းတော့ မဲပေးသူနည်းတာ။ တကယ်လို့ ခြိမ်းခြောက်မှုတွေသာ မရှိရင် ပါတီတွေ မဲပိုရမယ်။ ပြည်သူလူထုကတော့ အခုအထိလည်း စိုးရိမ်ကြောင့်ကြမှု ရှိနေကြတယ်။ တချို့ ရင်တမမနဲ့ သွားလာနေကြရတဲ့ အခြေအနေ တွေ့ရတယ်။ သူတို့ တာဝန်ကျေခဲ့ကြပေမယ့် သူတို့မဲ ထည့်ခဲ့တာ သူတို့မှာ အပြစ်ဖြစ်မလားဆိုတာ မျိုးတောင် စိုးရိမ်မှုတွေရှိနေကြတာ တွေ့ရတယ်။ ခြိမ်း ခြောက်တဲ့ သူတွေကြောင့် စိုးရိမ်နေကြရတာ။
TREND ။ ။ လက်ရှိ မွန်ဒေသအခြေအနေကိုလည်း သိရသလောက် ပြောပြပါဦး။
NLWA ။ ။ မွန်ပြည်နယ်ဆိုတာကတော့ လုံးလုံး ငြိမ်းချမ်းတယ်လို့ ပြောလို့မရသေးဘူး။ ပစ်ခတ်မှု ဆိုတာက ရေးမြို့ပတ်ဝန်းကျင် ရှိတယ်။ မုဒုံပတ်ဝန်းကျင်မှာ ရှိတယ်။ အဲဒီမှာက မကြာမကြာ ဖြစ်တတ်တယ်။ သတိထားပြီး သွားလာလှုပ်ရှားနေကြရပါတယ်။ ဒေသအေးချမ်းမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖူလုံမှာပါ။အဲဒီအခြေအနေဆိုရင် သူခိုးဓားပြမရှိဘူး။ အခုက ရော်ဘာသမားက ရော်ဘာ မခြစ်ရဲဘူး။ မဲထည့်မယ့်သူတွေကလည်း မဲထည့်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေရှိတော့ မဲဆန္ဒရှင်တွေက သူတို့လည်း စိုးရိမ်နေကြတယ်။ မသွားရဲ၊ မလာရဲ အခြေအနေတချို့ရှိတော့ စားဖို့ နေဖို့လည်း ခက်တယ်။ ကျောင်းသားတွေရဲ့ ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် အစစ အရာရာ အခက်အခဲရှိနေကြတာ တွေ့ရ တယ်။
TREND ။ ။ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲက အချိုးကျကိုယ်စားပြုစနစ် PR ပါတော့ PR အရ တိုင်းရင်းသားပါတီတွေ လွှတ်တော်နေရာတွေရလာတာ တွေ့ရပါတယ်။ ဒီအပေါ် သုံးသပ်ပါဦး။
NLWA ။ ။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမှာဆိုတော့ တိုင်းရင်းသား ပါတီတွေ ပါလာတာ ကောင်းပါတယ်။ တိုင်းရင်းသားအရေးက တိုင်းရင်းသားပါတီမပါရင် ဘယ်လိုမှ ပူးပေါင်းမဆောင်ရွက်နိုင်ဘူးလေ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ သူတစ်မျိုးငါတစ်ဖုံ တောင်းနေမယ့်အစား လွှတ်တော်မှာ ညှိနှိုင်းကြမယ်၊ တင်ပြတောင်း ဆိုကြမယ်ဆိုရင် အဖြေကောင်းတစ်ခုတော့ ရနိုင်ပါတယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ နေရာများများ ပါစေချင်ပါတယ်။ မွန်တစ်ခုတည်းပါနေလို့လည်း မရဘူး။ တခြား တိုင်းရင်းသားပါတီတွေ များများပါလာ ပြီးတော့၊ ဝန်းရံပြီးတော့၊ စုပေါင်းပြီးတော့ နိုင်ငံ့အရေး၊ ကိုယ့်ပြည်နယ်အရေး တစိုက်မတ်မတ် ထဲထဲဝင် ဝင်လုပ်လို့ရမှာပါ။
TREND ။ ။ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုနဲ့အတူ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဆိုတာ တွေ့ရပါတယ်၊ အကောင်အထည်ဖော်မှုအပိုင်း ရှင်းပြပေးပါဦး။
NLWA ။ ။ ပါတီရဲ့ မျှော်မှန်းချက်ပေါ့။ ပြီးတော့ ဒါကလည်း ပါတီက ချမှတ်ထားတဲ့မူပေါ့။ အဲဒါကို မလုပ်ဘူးဆိုရင် လက်နက်ကိုင်ပဋိပက္ခက ထပ်ဖြစ်နေမယ်။ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ကျွန်တော်တို့ပါတီက မလိုလားသလို တခြားတိုင်းရင်းသားပါတီတွေကလည်း မလိုလားကြဘူး။ အဲဒီတော့ အားလုံးက မလိုလားကြဘူးဆိုတဲ့ ဆန္ဒတွေ တူကြတယ်။ ဘယ်လိုလုပ်မလဲ လုပ်နည်း လုပ်ဟန်လိုတယ်။ လုပ်နည်းလုပ်ဟန်ကို နည်းလမ်းရှာရမှာပေါ့။ အဲဒီလို ရှာဖို့ဆိုတာကလည်း ကျွန်တော် တို့ နိုင်ငံရေးပါတီတွေ စုဖို့ဆိုတာ လွှတ်တော်တစ်ခုပဲရှိတယ်။ ကျွန်တော်တို့က သွားမဆွေးနွေး၊ သူတို့ကလည်း မလာနိုင်ဆိုတဲ့ အခြေအနေမှာ လွှတ်တော်သာလျှင် လိုချင်တဲ့ အခွင့်အရေး၊ လိုချင်တဲ့ပန်းတိုင်၊ လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ် အဲဒီလိုမျိုး ဖော်ဆောင်ချင်တဲ့ဟာကို လွှတ်တော်မှာ တွေ့ဆုံညှိနှိုင်းတိုင် ပင်ပြီး အဖြေရှာမှရမှာ။ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားလို့ရမှာ။ အဲဒီလို ကြိုး စားတဲ့အခါ တခြားနိုင်ငံရေးပါတီတွေနဲ့ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဒါက ရေရှည် Plan ပါ။ ပြီးတော့ တိုင်းရင်းသားတွေမှာ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့လိုချင်တဲ့ပုံစံ တစ်ခုနဲ့တစ်ခု မတူဘူး၊ နယ်မြေလည်း မတူကြဘူးလေ။ ကျွန်တော်တို့ ဟိုတုန်းက ကြုံဖူးပါတယ်။ ညောင်နှစ်ပင် အမျိုး သားညီလာခံတက် ဖူးတယ်။ တက်ဖူးတဲ့အခါကျတော့ ညှိတဲ့အခါ တိုင်းရင်းသား အားလုံးက သူ့ရဲ့ဒေသ၊ သူ့ရဲ့အခြေအနေအားလုံးကို ခြုံငုံပြီးတော့ ဖတ်ကြည့်တယ်။ ဖတ်ကြည့်တော့ မတူညီကြတာ တွေ့ရ တယ်။ အားလုံးက လိုချင်ကြတယ်၊ ဒါပေမဲ့ ဘယ်လို စလုပ်ရမယ်ဆိုတာ မသိဘူး။ အဓိက အရေးကြီးတာက အာဏာရပါတီက ဦးစီးပြီးတော့ မဖြစ်နိုင်စရာတော့ အကြောင်းမရှိဘူးလေ။ နိုင်ငံတော်အစိုးရ နဲ့ တိုင်ပင်ရမယ်၊ လူကြီးတွေနဲ့ တိုင်ပင်ရမယ်။ တိုင်းရင်းသားတွေနဲ့ရော အားလုံး တိုင်ပင်နှီးနှောမယ်ဆိုရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ။ တိုင်းရင်း သားတွေထဲမှာ လည်း အမြင်မတူတာတွေ အမျိုးမျိုးရှိနေ တော့ ဒါတွေကိုလည်း သည်းခံရမယ်၊ အချိန်လည်း ယူရမယ်။ ဒီနေ့လုပ် ဒီနေ့ဖြစ်တာ မဟုတ်တော့ အချိန်ယူရမယ်။ သည်းခံစိတ်ထားရမယ်။ ကိုယ်စီကလည်း အတ္တစိတ်တွေ ပျောက်အောင်လုပ်ရမယ်။ အဲဒါတွေကို သည်းခံပြီးတော့ လုပ်ရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ အားလုံးက လက်နက်ကိုင်ပဋိပက္ခကို မလိုချင်ကြပါဘူး။ ဒီအခြေအနေမှာ မွန်ပြည်နယ်တစ်ခုတည်း အေးချမ်းနေလို့လည်း မရဘူး၊ တခြားတိုင်းနဲ့ပြည်နယ်တွေ အားလုံး တည်ငြိမ်အေးချမ်းဖို့ အရေးကြီးတော့ တစ်နိုင်ငံလုံး လွှမ်းခြုံ တဲ့ငြိမ်းချမ်းရေးလို့ ပြောတာကိုး။ လောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် ဆန္ဒအနေနဲ့ မွန်ပြည်နယ်ကို အရင် ကြိုးစားကြည့်မယ်။ ဒီကနေ နီးစပ်ရာတွေ အေးချမ်းအောင်ပေါ့။ ကရင်ပြည်နယ် ရှိမယ်၊ တနင်္သာရီရှိမယ်၊ ပဲခူးတိုင်းရှိမယ်ပေါ့။ ရှမ်းရှိမယ်၊ ချင်းရှိမယ်၊ ရခိုင်တို့၊ ဘာတို့ရှိမယ် အဲဒီလိုပေါ့။ ဒါပေမဲ့ တခြားတိုင်းနဲ့ ပြည် နယ်တွေမှာလည်း ငြိမ်းချမ်းရေးအတွက် သူ့နေရာ၊ သူ့ပုံစံတူ ရှိနေကြပါတယ်။ အဲဒီအခြေအနေကနေ တူညီအောင် ချိန်ခွင်ညှိမှရမယ်။ ဒါကြောင့် တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က အချိန်ယူရမယ်ပေါ့။ ဒါက ပါတီအနေနဲ့ Long term Plan ချမှတ်ထားတာပါ။
TREND ။ ။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ တိုင်းပြည်ငြိမ်းချမ်းဖို့နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပါဦး။
NLWA ။ ။ တိုင်းပြည်ငြိမ်းချမ်းဖို့က နောက်ဆုံးမှာ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းနိုင်မှာပါ။ လက်နက်ကိုင် နည်းလမ်းက ဘယ်လိုမှ အဖြေမရနိုင်ပါဘူး။ လက်နက်ကိုင်နည်းနဲ့ ရှင်းမယ်ဆိုရင် ဂျာအေးသူ့အမေရိုက်ဆိုသလို ဘယ်လိုမှလည်း ပြီးမှာမဟုတ်ဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ တွေ့ဆုံ ဆွေးနွေးပြီးတော့ သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒ တင်ပြညှိနှိုင်းမှရမယ်။ မညှိနှိုင်းလို့ရှိရင် ဒီအတိုင်းသွားနေရင် ကျွန်တော်တို့က သံဝေဂတွေ ရှိလာပြီ။ အတွေ့အကြုံတွေလည်း ရှိလာပြီဆိုတော့ ကောင်းတာက ကိုယ့်အချင်းချင်း ညှိနှိုင်းတာက အကောင်းဆုံးပါ။ သူများနိုင်ငံ ဖိအားပေးမှ လုပ်တာထက် ကိုယ့်အချင်းချင်း ညှိနှိုင်းအဖြေရှာတာ အကောင်းဆုံးပါ။
TREND ။ ။ မွန်ပြည်နယ်က ပြည်သူတွေအပါအဝင် နိုင်ငံသားတာဝန် ကျေပွန်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေအားလုံးအတွက် ပါတီဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဖြည့်စွက်ပြောကြားပးပါဦး။
NLWA ။ ။ မှာစရာတစ်ခုပဲရှိပါတယ်။ မဲပေးတဲ့ ပြည်သူတွေက နိုင်ငံသားတာဝန် ကျေပွန်ခဲ့ကြပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး ကြိုး စားကြဖို့လိုပါမယ်။ ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံအကျိုး၊ ပြည်နယ်အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ကြဖို့ ထပ်လောင်းမှာ ချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ် ( ၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )