၂၀၂၆ ၊ ဇူလိုင် ၂
နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေးများကို လေ့လာသုံးသပ်နေသူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ၏ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအပေါ် အမြင်သဘောထားများအား ဆက်သွယ်မေးမြန်းထားသည်။
TREND ။ ။ လက်ရှိ မြေပြင်လက်နက်ကိုင် ပဋိပက္ခအခြေအနေကို ဘယ်လိုသုံးသပ်ချင်လဲ၊ ဘယ်လို အပြောင်းအလဲတွေကို အဓိကတွေ့မြင်ရလဲ။
Dr.KS ။ ။ လက်ရှိအခြေအနေမှာ အစိုးရဘက်က PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ ဖိတ်ခေါ်ထားတာ ဖြစ်တယ်။ လက်နက်ချ အလင်းဝင်တယ်ဆိုတာ အလင်းမဝင်ရင် စစ်ရေးအရ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ ရပ်တည်ချက်လို့ မြင်တယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တော့ EAO လမ်းကြောင်းကနေ အခွင့်အရေးပေးပြီး လက်ခံပြီး ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုက တပ်မတော်ဘက်က နယ်မြေရှင်းလင်းမှုအပိုင်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတယ်။ ထိန်းသိမ်းခံထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်အောင်၊ တိုက်စစ်ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်နေတာကို တွေ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ AA ကို EAO အဆင့်ထဲမှာ မထည့်ချင်တဲ့ အပိုင်းတွေ့တယ်။ အဲဒီအခြေအနေကနေ အခုက EAO အဖြစ် လက်ခံပြီးတော့ ငြိမ်းချမ်းရေးကော်မတီက ဆောင်ရွက်ဖို့ အခြေအနေလို့ ယူဆမိတော့ အလားအလာကောင်းတယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာရင် သူတို့လည်း EAO အဖြစ် ရပ်တည်နိုင်မယ့်အခွင့်အလမ်းရှိလာမယ်။ မလာဘူးဆိုရင်တော့ ဒီဘက်က စစ်ရေးရှင်းလင်းမှုတွေ ဆက်လုပ်မယ့် သဘောလို့ မြင်တယ်။ AA ကို အရင်က EAO စာရင်းထဲမှာ မပါသေးဘူး။ ရခိုင် AA နဲ့ပတ်သက်ရင် AA က EAO အဖြစ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်သွယ်ပြီး ဆွေးနွေးလာမယ်ဆိုရင် EAO အဖြစ် ရပ်တည်နိုင်တဲ့ လမ်းကြောင်းကို ဖွင့်ပေးထားတဲ့ အခြေအနေလို့ မြင်တယ်။ ဒါကြောင့် EAO အဖြစ် ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် အစိုးရဘက်က လက်ခံနိုင်တဲ့ အခြေအနေရှိတယ်။ မဟုတ်ဘဲ ငြိမ်းချမ်းရေးမလုပ်ဘူးဆိုရင် တော့ AA ကိုလည်း ရှင်းလင်းတဲ့ Action Operation တွေ၊ စစ်ဆင်ရေးတွေ လုပ်လာနိုင်တယ်လို့ မြင်တယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ အညာဒေသ အခြေအနေတွေကို ကြည့်ရရင် PDF စိုးမိုးနယ်မြေဆိုတာ မရှိအောင် လုပ်ဆောင်နေတဲ့ သဘောတွေ့ရတယ်။ PDF တွေ လက်နက်မချရင်တော့ ရှင်းလင်းခံရမယ့်သဘော၊ EAO နယ်မြေတွေမဟုတ်တဲ့ ပြည်မရဲ့နယ်မြေတွေမှာဝောာ့ သူတို့ကို ထားမှာမဟုတ်ဘူး။ အခု လည်း စစ်ရေးရှင်းလင်းမှုတွေ အင်တိုက်အားတိုက် လုပ်လာနေပြီ။ ကရင်ဘက်မှာတော့ အဖွဲ့တွေအကြား ကွဲပြားမှုတွေ များနေပြီ။ သူတို့အချင်းချင်းရဲ့ ပြဿနာ ပိုများနေတယ်။ KNU မှာ တပ်မဟာနယ်မြေ ခြောက်ခု၊ ခုနစ်ခုမှာ တစ်ခုနဲ့တစ်ခုကြား ကွဲပြားမှုတွေရှိနေပြီး ဗဟိုရဲ့အမိန့်ကိုလည်း နာခံတဲ့သူ ခပ်ရှားရှားပဲ။ ကရင်မှာက စုစည်းမှုမရှိတော့ တပ်မဟာခရိုင်တစ်ခုချင်းစီကို အစိုးရဘက်က အရေးယူ ဖော်ဆောင် တာတွေ လုပ်လာနိုင်တယ်လို့ မြင်တယ်။ KNU ထဲမှာက အဖွဲ့တချို့က ငြိမ်းချမ်းရေးယူချင်တယ်။ တချို့ကတော့ မယူချင်ဘူး။ အဲဒီလို သဘောထားမတူ တဲ့အတွက် အချင်းချင်း ခွဲထုတ်တာတွေ ဖြစ်နေတယ်။ နိုင်ငံရေးကို ရိုးရိုးသားသားလုပ်တဲ့သူ နည်းလာပြီ။ သူက စီးပွားရေးအခွင့်အလမ်းက အများကြီးသာနေ တယ်။ အထူးသဖြင့် ကရင်ပြည်နယ်မှာ သတ္တုရိုင်းတွေက အမျိုးအစား ခုနစ်မျိုး၊ ရှစ်မျိုးလောက် နေ့စဉ် တန်ချိန်ရာနဲ့ချီ ထွက်နေတာ၊ အဲဒီ စီးပွားရေးအခွင့်အလမ်းတွေအပေါ်မှာ KNU က လက်မလွှတ်နိုင်ဘူး။ လက်မလွှတ်ချင်ကြတော့ ခရိုင်တစ်ခုချင်းစီမှာ ကိုယ်ပိုင်အင်အားနဲ့ ရပ်တည်လာကြတာ ဖြစ်တယ်။ ကရင်အဖွဲ့တွေမှာ ခရိုင်ခေါင်းဆောင်တွေက ကိုယ်ပိုင်တပ်ဖွဲ့အင်အားတွေ ရှိပေမယ့် KNU ဗဟိုကော်မတီမှာ တပ်ဖွဲ့အင်အား မရှိတော့ဘူး။ အဲဒါကြောင့်လည်းဗဟိုကော်မတီရဲ့ အာဏာသက်ရောက်မှု မရှိတော့ဘူးလို့ မြင်တယ်။ တပ်မဟာတွေအောက်မှာက တပ်ရင်းတွေ ခြောက်ခု၊ ခုနစ်ခုလောက် ရှိနေတာကိုး။ တပ်မဟာမှူးလုပ်ရတာနဲ့၊ နယ်မြေမှူးလုပ်ရတာနဲ့ KNU ဗဟိုကော်မတီရဲ့အမိန့်ကို မနာခံတော့တဲ့ အခြေအနေ တွေဖြစ်နေတယ်။ KNU မှာက သူတို့အတွင်းထဲမှာကို အကွဲအပြဲတွေ များနေပြီ။ စုစုစည်းစည်းနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးယူနိုင်မယ့် လက္ခဏာတော့ ကျွန်တော်မမြင်သေးဘူး။ ဘာလို့လဲဆိုတော့ တစ်ဖွဲ့က ငြိမ်းချမ်းရေးယူမယ်ဆိုရင် နောက်တစ်ဖွဲ့ကခွဲထွက်ပြီး အဖွဲ့သစ်ထောင်တာမျိုးတွေ လုပ်နေ တယ်။ KNU တပ်မဟာအောက်က တစ်ဖွဲ့ချင်းစီခွဲထုတ်ပြီး ကိုယ်ပိုင်ရပ်တည်နေကြတာ။ အခု KNU ဗဟိုကော်မတီ ခေါင်းဆောင်တွေဘက်ကလည်း ငြိမ်းချမ်းရေးယူမယ့်အသံ တစ်စုံတစ်ရာ မထွက်သေးဘူး။ နောက်တစ်ခုက သူတို့ အနေနဲ့ KK Park လိုဟာမျိုး၊ ရွှေကုက္ကိုလို နေရာမျိုးတွေမှာ အွန်လိုင်းလိမ်လည်မှု စင်တာတွေကနေ ငွေကြေးအကျိုးအမြတ် အများကြီးရထားတာဆိုတော့ အဲဒီဘက်ကို အားသန်နေတုန်း။ ငြိမ်းချမ်းရေးဘက်ကို သိပ်စိတ်မဝင်စားဘူး။ KNU ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးယူမယ့် အခြေအနေ၊ ငြိမ်းချမ်းရေးစကားကို မပြောတော့ဘူး။ အရင် အဘ မူတူးစေးဖိုးတို့လို မဟုတ်ဘူး။ လက်ရှိ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကိုကြည့်ရင် အခုထက်ထိကိုပဲ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ကိုက်ညီတဲ့ စကားလုံးတွေ မသုံးကြသေးဘူး။

TREND ။ ။ PDF အဖွဲ့တွေမှာလည်း အချင်း ချင်းအကွဲအပြဲတွေ၊ ဖမ်းတာဆီးတာ၊ သတ်ဖြတ်နေကြတာဆိုတော့ သူတို့ရဲ့ အခြေအနေတွေအပေါ် ဘယ်လို မြင်လဲ။
Dr.KS ။ ။ လက်ရှိ PDF တွေက နိုင်ငံရေးလမ်းကြောင်း၊ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးအယူဝါဒတွေကို လက်ခံပြီး လုပ်နေတာ မဟုတ်တော့ဘူး။ လက်ထဲရောက်လာတဲ့ သေနတ်နဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတာပဲ ရှိတော့တယ်။ ပြီးတော့ သူတို့မှာ ဗဟိုဦးစီး၊ အမိန့်နာခံတယ်ဆိုတဲ့ စနစ်မျိုး မရှိတော့ဘူး။ ကျွန်တော်တို့နယ်မြေထဲမှာ တွေ့ရတဲ့ PDF အဖွဲ့ တော်တော်များများလည်း အဲဒီလို အခြေအနေမျိုး ဖြစ်နေတယ်။ ပြောရရင်တော့ လက်ထဲရောက်လာတဲ့ သေနတ်လေး ကိုယ်ကျိုးအတွက် အသုံးချတာမျိုးတွေ ဖြစ်ကုန်ပြီ။ ကျွန်တော်တို့နယ်မြေထဲမှာ မြေပြင်မှာ တွေ့ရတယ်။ ဒါကြောင့် အခုအချိန်မှာ ငြိမ်းချမ်း ရေးယူမယ်၊ အလင်းဝင်မယ်၊ လက်နက်အပ်မယ်ဆိုရင် အသက်ရှင်ရပ်တည်ခွင့်ရမယ်၊ ပုံမှန်မိသားစုဘဝထဲမှာ ပြန်လည်နေထိုင်နိုင်မယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ စစ်ရေးရှင်းလင်းမှုတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေပဲ ရှိတယ်။ သူတို့ရဲ့ NUG ရဲ့ MOD လို့ခေါ်တဲ့ ကာကွယ်ရေးဌာနဆိုလား၊ အဲဒါကလည်း လက်ရှိအချိန်မှာ ဘာ Command သက်ရောက်မှုမှ သိပ်မရှိတော့ဘူး။ အဲဒီလိုမျိုး ဗဟိုနဲ့အဆက်အသွယ် ပြတ်သွားရင် သူတို့ ဆက်လက်ရပ်တည်နိုင်ဖို့က ပိုပြီး ခက်ခဲလာပါပြီ။ ထောက်ပံ့ပို့ဆောင်ရေးလမ်း ကြောင်း တွေကလည်း အခုက ဘယ်လိုမှ မလွယ်ကူတော့ဘူး။ အစိုးရဘက်က X-ray စစ်ဆေးရေး စခန်း တွေ၊ စစ်ဆေးရေးဂိတ်တွေကိုတိုးချဲ့ပြီး ထိန်းချုပ်နေတာဆိုတော့ လက်နက်တွေက အစောပိုင်းကာလမှာပဲ ရောက်သွားခဲ့တာဖြစ်ပြီး ကြားထဲမှာ အခုနောက်ပိုင်းမှာ မရောက်နိုင်တော့ ခက်ခဲလာတယ်။ အဲဒီလိုအခြေအနေကြောင့် သူတို့ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် စောစောစီးစီး အလင်းဝင်တာက သူတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။
TREND ။ ။ PDF တွေ လက်ရှိ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ရပ်တည်နေကြတယ်လို့ မြင်လဲ။
Dr.KS ။ ။ သူတို့ကတော့ ကျွန်တော်တို့ မကွေးဘက်မှာဆိုရင် သစ်ဝါးထွက်တဲ့နေရာဆိုရင် သစ်,ဝါးအပေါ်မှာ ငွေကြေးရှာဖွေနေကြတယ်။ ရေနံထွက်တဲ့နေရာဆို ရေနံကို အခြေခံတယ်။ ရေနံနယ်မြေ တွေဆိုရင်လည်း လက်ယက်တွင်းတွေမှာလည်း အခွန်ကောက်ပြီး ဝင်ငွေရှာနေကြတာ ဖြစ်တယ်။ အဲဒီလို ဝင်ငွေရတဲ့ နေရာတွေမှာတော့ သူတို့ ရပ်တည်နိုင်တယ်။ ဝင်ငွေမရှိတဲ့ နေရာတွေမှာတော့ သူတို့အင်အား ဘာမှ မရှိတော့ပါဘူး။ ဘယ်မြို့နယ်မှာမှ လူအင်အား ၁၀ ရာခိုင်နှုန်းတောင် မပြည့်တော့ဘူး။ ဒါကြောင့် ဆက်လက်ရပ်တည်ဖို့က သူတို့အတွက် မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော်မြင်တယ်။ အဓိကကတော့ မကွေးတိုင်းထဲမှာဆိုရင် ပေါက်နဲ့ မြိုင်ဒေသတို့လို နေရာတွေက ရေနံလက်ယက်တွင်းတွေ အများကြီးရှိတဲ့ နေရာတွေရှိတယ်။တခြားမြို့နယ်တွေမှာတော့ အဲဒီလို ဝင်ငွေရတဲ့ လုပ်ငန်းတွေမရှိဘူး။ တချို့ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ရွှေလို အဖိုးတန် သယံဇာတထွက်တဲ့ နေရာတွေရှိတယ်။ အဲဒီနေရာတွေမှာ တူးဖော်ပြီး ဝင်ငွေရှာကာ ရပ်တည်နေကြတာ ပုံမှန်ကတော့သူတို့မှာ အခွန်အခဆိုတာ မရှိတော့ဘူး။ အလှူငွေလည်း မရတော့ဘူး။ ပြည်သူတွေကလည်း သူတို့ကို လှူတယ်ဆိုတာ မရှိတော့ဘူး။ ပြည်ပထောက်ပံ့မှုဆိုတာလည်း မရှိတော့ဘူး။ အဲဒါကြောင့် သယံဇာတထွက်တဲ့ နေရာတွေတော့ သူတို့ အချိန်နည်းနည်း ဆက်ရပ်တည်နိုင်ဦးမယ်။ အဲဒီအချိန်အတွင်းမှာလည်း အဖွဲ့ထဲက ထွက်ပြီး အလင်းဝင်သွားတဲ့သူ တွေလည်း ရှိနေတယ်။ PDF အဖွဲ့တွေ ကြာကြာရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ နိုင်ငံရေး မူဝါဒလမ်းကြောင်း သေသေချာချာ မရှိတော့ဘူး။
TREND ။ ။လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းစတွေ မြင်နေရပြီလား။ ဒီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။
Dr.KS ။ ။ အခု ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးကော်မတီနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်ကြဖို့ အစိုးရက ဖိတ်ခေါ်ထားတယ်။ အဲဒီဖိတ်ခေါ်ချက်ကို လက်ခံပြီး လာရောက်တွေ့ဆုံနေတဲ့ EAO အဖွဲ့တွေလည်း အများကြီးရှိတယ်။ ဒါတွေက နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်လာမယ့် အလားအလာဖြစ်တယ်။ မကြာခင်မှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပဖို့ရှိတယ်။ အရင်က သဘောတူထားတဲ့အချက် ၄၃ ချက်လည်း ရှိတယ်။ အဲဒီအချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီး အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲသွားဖို့လည်း ရှိတယ်။ အများသဘောတူထားတဲ့ အချက်တွေ ရရှိပြီးဖြစ်တဲ့အတွက် နိုင်ငံရေးလမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းက ပိုပြီးပွင့်လာမယ်။ သူတို့ တောင်းဆိုထားတဲ့အချက်တွေကို အခြေခံဥပဒေနဲ့ အာမခံပေးနိုင်မယ်ဆိုရင် သေချာပါတယ်၊ ငြိမ်းချမ်းရေးရဖို့ ပိုပြီးလွယ်ကူလာမယ်။ အဲဒီလိုဖြစ်လာဖို့ ကြားခံစေ့စပ်ပေးမယ့် အင်အားစုတစ်ခု လိုအပ်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အဆင့်ပဲဖြစ်ဖြစ်၊ မြို့နယ်အဆင့်ပဲဖြစ်ဖြစ် စပြီးတော့ အရင်ဆုံး သူတို့အချင်းချင်း ဆွေးနွေးပြီးမှပေါ့။ သူတို့က ပြည်ထောင်စုဆီကို တိုက်ရိုက်ဆွေးနွေးလာတာ မျိုးပေါ့။ အစိုးရဘက်က ဖိတ်ခေါ်ထားပေမယ့်လည်း သူတို့အဖွဲ့ချင်း ခွဲထုတ်ပြီးတော့ ပြောချင်တဲ့သူတွေလည်း ရှိမှာပဲလေ။ ဒါကြောင့် အဲဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာအောင် ကြားခံစေ့စပ်ပေးမယ့်သူတွေ အများကြီးလိုတယ်။ အဓိကကတော့ မြို့နယ်အလိုက်ကိုပဲ မြို့မိမြို့ဖတွေက ဦးဆောင်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပေးတာမျိုးပေါ့။ ပြီးတော့ EAO အဖွဲ့ငယ်တွေရဲ့ သဘောထား တွေကလည်း အရေးကြီးတယ်။ EAO ဗဟိုကော်မတီက နိုင်ငံရေးဂုဏ်သိက္ခာအရဆိုတဲ့ စကားလုံးတွေသုံး ပြီး အဖွဲ့အင်အားနဲ့အပြောအဆို လွန်ခဲ့တာတွေရှိတယ်။ သူတို့သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ထားတာ၊ လွန်ထားတာတွေရှိတယ်။ ဒါပေမဲ့အဲဒါတွေကို အောက်ခြေ အားလုံးက လိုက်နာတာ မဟုတ်ဘူး။ အားလုံးလည်း သဘောတူတာ မဟုတ်ဘူး၊ အောက်ခြေတပ်ဖွဲ့ငယ်တွေနဲ့ ကြားခံစေ့စပ်သူတွေ ချိတ် ဆက်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းကြောင်းကို ပိုပြီး တွန်းအားပေးနိုင်လိမ့်မယ်။ အောက်ခြေအများစုက ငြိမ်းချမ်းရေးယူဖို့ စိတ်ဝင်စားလာပြီဆိုရင် ဗဟိုကော်မတီကလည်း လိုက်ပါလာမှာပဲ။ ဒါကြောင့် ကြားခံစေ့စပ်သူ အခန်းကဏ္ဍက အများကြီးအရေးကြီးတယ်လို့ မြင်တယ်။
TREND ။ ။ လက်ရှိ လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ သုံးသပ်ချင်လဲ။
Dr.KS ။ ။ လွှတ်တော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ အများသဘောတူ ဆုံးဖြတ်ပြီး ထွက်ပေါ်လာတဲ့အချက်တွေကို အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းချက်အဖြစ် အာမခံနိုင်အောင် ဆောင်ရွက်ပေးနိုင်တယ်။ အစိုးရကို တိုက်တွန်းတာဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းတာဖြစ်ဖြစ် မီဒီယာကနေတစ်ဆင့် အသံထွက်ပေးနိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုကလည်း ဒီနည်း လမ်းနဲ့ပဲ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာအောင် ဆွဲခေါ်ရမှာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ သူတို့လိုချင်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းပေးတာမျိုးပေါ့။ ဥပမာရောင်းတဲ့သူက ၁၀၀ လိုချင်တာပေါ့၊ ဝယ်တဲ့သူက ၅၀ နဲ့ပဲ ဝယ်ချင်တယ်ဆိုရင် ကြားကျအောင် ၇၅ လောက်မှာ သဘောတူညီမှုရအောင် ဆောင်ရွက်ပေးရမှာပေါ့။ တစ်ဖက်က တောင်းဆိုသမျှ အကုန်မရနိုင်သလို၊ ဒီဘက်ကလည်း ပေးနိုင်သမျှအကုန်မဟုတ်ဘူး။ အစိုးရဘက်ကလည်း နည်းနည်းတိုးပေး၊ တစ်ဖက်ကလည်း နည်းနည်းလျှော့ပေးပြီး ကြားကျကျ အဖြေထွက်အောင်ပေါ့။ ဒီကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဆောင်ရွက်နိုင်ပါတယ်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးလိုလားချက်တွေကို ရေရှည်အာမခံ ပေးနိုင်ဖို့ ဘယ်လိုနိုင်ငံရေး အာမခံချက်မျိုးတွေ လိုအပ်မယ်လို့မြင်လဲ။
Dr.KS ။ ။ နိုင်ငံရေး အာမခံချက်တွေ၊ သဘောတူညီချက်တွေနဲ့ပတ်သက်ပြီး နှုတ်ကတိ၊ စာရွက် စာတမ်း၊ စာချုပ်အဆင့်နဲ့ပဲ မလုံလောက်ဘူးလို့ မြင်တယ်။ အခြေခံဥပဒေပြဋ္ဌာန်းချက်ထဲကို ပါဝင်သွားတာ ကောင်းတယ်။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေအဖြစ် ပါဝင်သွားတဲ့ အခြေအနေမျိုး ရောက်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးညီလာခံတွေမှာ ရရှိထားတဲ့ Union Accord (ပြည်ထောင်စုသဘောတူညီချက်) တွေရှိတယ်။ အဲဒီသဘောတူညီချက်တွေကို အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဆောင်ရွက်ရမယ်၊ အစိုးရဘက်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပိုမိုကျင်းပပြီး၊ တစ်ဖက်ကတောင်းဆိုတဲ့အချက်တွေကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရမယ်။ အဲဒီကနေ သဘော တူညီချက် တွေကို အခြေခံဥပဒေအရ အာမခံချက်ရှိတဲ့ ပြဋ္ဌာန်းချက်တွေအဖြစ် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် နိုင်ငံ တကာကလည်း အားပေးနိုင်သော၊ နိုင်ငံတကာက နှစ်ဖက်လုံးအတွက် ရပ်တည်ပေးနိုင်သော သဘောထားတွေ ရပ်တည်ချက်တွေ ပိုမိုရရှိလာမယ်လို့ မြင်ပါတယ်။
TREND ။ ။ အညာဒေသမှာ ပဋိပက္ခအခြေအနေချုပ်ငြိမ်းဖို့နဲ့ လမ်းမှားရောက်နေတဲ့ လူငယ်တွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့ ဖြည့် စွက်ပြောကြားပေးပါ။
Dr.KS ။ ။ လူငယ်တွေနဲ့ပတ်သက်ပြီး အဓိကပြောချင်တာက လက်နက်ကိုင်ပဋိပက္ခ ဆူပူသောင်းကျန်းမှု ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လုံခြုံရေးအရ အရေးပေါ်အခြေအနေ ကြေညာထားရတာတွေ၊ အုပ်ချုပ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရတာတွေရှိတယ်။ ပြီးတော့ အဲဒီလိုမျိုး နယ်မြေမအေး ချမ်းမှုတွေကြောင့် သူတို့ မိသားစုတွေရဲ့၊ သူတို့ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုး မှုတွေ အများကြီး နှောင့်နှေးနေတယ်။ အချို့ဆိုရင် အသက်မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးရတာတွေရှိတယ်။ ဒါတွေဟာ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသရဲ့ ဆုံးရှုံးမှုတွေ ဖြစ်တယ်။ အထူးသဖြင့် ပညာရေးဆုံးရှုံးမှုက ရေရှည်မှာ ပြန်ပြင်လို့မရနိုင်တဲ့ အမှားတွေအထိ ဖြစ်သွားနိုင်တယ်။ ကျန်းမာရေးဆုံးရှုံးမှုကလည်း အလားတူပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအခြေအနေတွေကို သဘောပေါက်နားလည်ပြီး အစိုးရက ဖိတ်ခေါ်ထားတဲ့ အချိန်မှာ တည်တည်ငြိမ်ငြိမ်၊ ဂုဏ်သိက္ခာရှိရှိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတာက မိသားစုအတွက်လည်း အကောင်းဆုံးဖြစ်မယ်၊ ကိုယ့်ဒေသအတွက်လည်း အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် PDF လူငယ်တွေအနေနဲ့ မိသားစုနဲ့ ဆက်သွယ်ပြီး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကတစ်ဆင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ လွယ်ကူနေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက် တွန်းလိုပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )