KIA က မြေရှားသတ္တုကို တရုတ်လုပ်ငန်းရှင်တွေ ရသလောက်ခေါ်ထည့်ပြီး စက်ယန္တရားတွေနဲ့ နေ့ရောညပါ ရသလောက်နှိုက်နေတာ
၂၀၂၆ ၊ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်ဒေသတွင်း အခြေအနေ၊ ငြိမ်းချမ်းရေးဆောင်ရွက်ချက်၊ ဒေသတွင်းစီမံကိန်းများ ပြန်လည်စတင်နိုင်ရေးတို့နှင့် ပတ်သက်၍ ဒီမိုကရေစီပါတီသစ် (ကချင်) ၏ အထွေထွေအတွင်းရေးမှူး ဦးခေါတိန့်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီခေါင်းဆောင် တစ်ဦးကိုမေးချင်တာက လတ်တလော ဒေသတွင်း အခြေအနေတွေ ဘယ်လိုရှိနေလဲ။ ပြည်သူတွေဆီက ဘာတွေကြားနေရပါလဲ။ ပြည်သူတွေ ဘာတွေအခက်အခဲ ကြုံနေရ သလဲ။
UKT ။ ။ အားလုံး အသိပါပဲ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိနေတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်ကတော့ ပိုဆိုးတာပေါ့။ ကချင်ပြည်နယ်မှာတော့ လက်နက်ကိုင်အဖွဲ့က KIA တစ်ဖွဲ့ပဲရှိတယ်။ အားလုံးသိတဲ့အတိုင်း KIA အနေနဲ့က ၂၀၂၁ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သင်တန်းပေးတယ်။ လက်နက် ရောင်းပေးတယ်။ ဒီလိုနဲ့ လက်နက်ကိုင်အဖွဲ့တွေ အင်အားများလာတာကတော့ အညာဒေသက PDF ကြောင့်ပေါ့။ PDF အနေနဲ့က တော်လှန်ရေးဆိုပြီး လုပ်တယ်။ စုဆောင်းရတာကို KIA ဆီပို့တယ်။ သင်တန်းတက်တယ်။ ဒီတော့ KIA က သင်တန်းပေးတယ်။ မင်းတို့က စစ်တိုက်ဖို့လာတာဆိုပြီး KIA က ရှေ့တန်းကို ပို့တယ်။ ဒီလိုရှေ့တန်းပို့လိုက်လို့ ကျန်တဲ့သူတွေကို လက်နက်ခဲယမ်းနဲ့ အောက်ပြည် အောက်ရွာ ပြန်ပို့ တယ်။ ဒီလိုလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတယ်။ ဒီလိုပဲ ကျွန်တော်တို့ ကချင်ပြည်နယ်မှာလည်း KIA ရဲ့ နယ်မြေစိုးမိုးမှု၊ ထိန်းချုပ်မှုတွေ လုပ်လာ တဲ့အခါမှာ တပ်မတော်နဲ့ထိတွေတဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ ဒီလိုဖြစ်တော့ နံပါတ် (၁) ပြည်သူလူထုက စစ်ဘေးရှောင်ရတယ်။ KIA က ထိုးစစ်ဆင်တယ်။ တိုက်ပွဲဖော်ဆောင်တော့ ပြည်သူလူထုတွေက အားလုံး က ရှောင်ရှားကြရတယ်။ အဓိက ရှောင်ရှားကြတာကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်။ ဖားကန့်ဘက်မှာ တိုက်ပွဲဖြစ်ရင်လည်း မြစ်ကြီးနား ရောက်လာတယ်။ ကျွန်တော်တို့ အထူးဒေသ (၁) တိုက်ပွဲဖြစ်ရင်လည်း မြစ်ကြီးနားကို ရောက်လာကြတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူတွေကတော့ အိုးပစ်အိမ်ပစ်၊ ယာပစ်ပြီး ပြေးကြရတယ်။ စစ်ရှောင်ဖို့ ပစ္စည်းတွေ နိုင်သလောက်ယူပြီးလာတယ်။ နောက်ထပ် ကျန်တဲ့ ပစ္စည်းသွားယူရင် အိမ်မှာပစ္စည်းတွေ မရှိတော့ဘူး။
ကျွဲ၊ နွားတွေ မရှိတော့ဘူး။ ဒီလိုဆိုတော့ ဘာစိုက်ပျိုးရေး၊ မွေးမြူရေးမှ မလုပ်နိုင်ဘူး။ စစ်ရှောင်တွေကို အစိုးရက ယနေ့အထိ ထောက်ပံ့နေတယ်။ ကျန်တဲ့ဘာသာရေး၊ လူမှုရေးအသင်းတွေက ထောက်ပံ့နေတယ်။ ဒါပေမဲ့လည်း စစ်ရှောင်တွေအနေနဲ့ ဒုက္ခတွေကိုတော့ ခါးစည်းခံရတာပေါ့။ ၂၀၂၀ နောက်ပိုင်းမှာ ပိုပြီးတော့ ပြည်သူတွေက စစ်ဘေးဒုက္ခတွေကို ခံစားခဲ့ရတယ်။ ပြည်သူတွေက အိုးပစ်အိမ်ပစ် စီးပွားရေးတွေ ပျက်စီးရသလို တစ်ဖက်မှာလည်း ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေး အစစအရာရာ နိမ့်ကျသွားတယ်။ စစ်ရှောင်နေပေမယ့်လည်း လူသစ်စုခံရတယ်။ စုဆောင်းရေးပါ သွားတယ်။ ဒါမျိုးတွေ ဖြစ်နေတော့ ကချင်ပြည်နယ်က ပြည်သူတွေ စစ်ရဲ့ဒဏ်ကို ခံစားနေရပါတယ်။ စစ်ရဲ့ဆိုး ကျိုးကို ခါးသီးစွာ ခံရတဲ့အချိန်မှာ ပြည်သူလူထုအနေနဲ့ကတော့ စစ်ကို မလိုလားတော့ဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ချုပ်ငြိမ်းစေချင်တယ်။
TREND ။ ။ ငြိမ်းချမ်းရေးလမ်းကြောင်းအဖြစ် NCA ကို စတင်ဆောင်ရွက်ချိန်က KIA ပါဝင်ခဲ့တယ်။ နောက်ပိုင်း ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်သွားခဲ့တယ်။ ဒီအတွက် ကချင်ပြည်နယ်ဟာ ယနေ့ချိန်ထိ ငြိမ်းချမ်းရေးအရသာကို မရသေးဘူး။ ကချင်ပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာများပြောချင်သလဲ။
UKT ။ ။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တော့ ကျွန်တော်တို့ ကချင်ပြည်နယ်ကအထူး ဒေသ(၁)ကို ဦးစခုန်တိန့်ယိန်း ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးယူလာခဲ့တယ်။ အထူးဒေသ(၂) ဆိုတာက တော့ KIA ပါ။ KIA က အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA အခန်းကဏ္ဍမှာ ဦးဆောင်ပြီးတော့ ပါဝင် ဆောင် ရွက်ခဲ့တယ်။ NCA စာချုပ်ကိုရေးတယ်။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ဒါကိုဦးဆောင်ပြီး လုပ်ခဲ့တယ်။ နောက်တော့ NCA လမ်းကြောင်းကနေ သွေဖည်သွားတယ်။ သူတို့ဘက်ကတော့ နိုင်ငံတော်အစိုးရနဲ့ တပ်မ တော်ကို အယုံအကြည်မရှိဘူး ဆိုတာမျိုးပေါ့။ ခုဆိုရင် NCA က ၁၁ နှစ် ပြည့်ပြီ။တကယ်တမ်း NCA မှာ ချုပ်ဆိုထားတဲ့အချက်တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုယ်တိုင် တိုင်ပင်ဆွေးနွေးပြီးတော့ လိုအပ်တဲ့အချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဆွေးနွေးပြီးတော့ စာချုပ်ချုပ်ဆို နိုင်ခဲ့တယ်။ ချုပ်ဆိုတဲ့စာချုပ်ကတော့ ကမ္ဘာသိဖြစ်တယ်။ စာချုပ်ရဲ့ ပါဝင်တဲ့အချက်တွေကို လေ့လာတဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ညီမျှတဲ့အခွင့်အရေးတွေပါတာကို တွေ့ရှိရတယ်။ NCA ကတော့ အတည်ပဲ။ ပယ်ဖျက်လို့မရဘူး။ ဒါပေမဲ့ ချုပ်ဆိုတဲ့အချိန်အခါနဲ့၊ ယနေ့အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲတာတော့ လုပ်လို့ရပါတယ်။ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည်ဖော်နေပါ တယ်။
TREND ။ ။ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်အပေါ် သုံးသပ်ပေးစေလိုပါတယ်။
UKT ။ ။ လက်ရှိအစိုးရကို မပြောခင် တပ်မတော်အနေနဲ့ ၂၀၂၀ နောက်ပိုင်း တိုင်းပြည်အာဏာ ထိန်းပြီးတဲ့နောက်မှာတောင် ငြိမ်းချမ်းရေးနှစ်ဆိုပြီး သတ်မှတ်ပြီး ငြိမ်းချမ်းရေးကြိုးစားလာခဲ့တယ်။ ခုအစိုးရသစ် တက်လာတယ်။ အစိုးရကတော့ ငြိမ်းချမ်းရေးကို မဖြစ်မနေလုပ်မှာပါ။ သမ္မတကြီးကလည်း ပြောထားတယ်လေ။ လွတ်လွတ်လပ်လပ် လက်နက်ကိုင်အဖွဲ့အစည်းတွေ လာရောက်ဆွေးနွေးပါ။ ငြိမ်းချမ်းရေးယူကြရအောင်။ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းလုပ်ကြရအောင် ပြောထားတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ပါတယ်။ ခုဆိုရင် NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တွေ့နေတယ်။ အစိုးရကတော့ လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ဆက်တိုက်တွေ့ဆုံပြီး ငြိမ်းချမ်းရေးရဖို့ အဓိက လုပ်ဆောင်နေတယ်။ ကျွန်တော့်အမြင်ကတော့ လက်နက် ကိုင်အဖွဲ့အစည်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်ကတော့ ဖွံ့ဖြိုးတိုးတက်တာပဲ။ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတပေါပြီး ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အနေအထား ရှိပေမယ့်လည်း ပြည်တွင်းပဋိပက္ခတွေကြောင့် ခုလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးစားပွဲ ဝိုင်းကိုခေါ်တယ်။ ဆွေးနွေးတိုင်ပင်ပြီး ငြိမ်းချမ်းရေးကိုဆောင်ရွက်ကြမယ်လို့ပြောထားပြီး မလာတဲ့အဖွဲ့တွေကို နိုင်ငံတော်အစိုးရအနေနဲ့ သည်းခံခွင့်လွှတ် စောင့်ဆိုင်းတာ လည်းကြာပြီ။ အစိုးရအနေနဲ့ ပြတ် ပြတ်သားသား လုပ်ရမယ့် အခန်းကဏ္ဍတွေလည်း ရှိလာနိုင်တယ်။တပ်မတော်ကလည်း ချင့်ချိန်ပြီး သူ့အချိန်အခါနဲ့သူ လုပ်လာတော့ နောက်ဆုံး မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်း အောင် လုပ်ရမှာပါ။ ကျွန်တော့်အမြင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရင်း နောက်ဆုံးပြည်ထောင်စုတပ်မတော်လား၊ နိုင်ငံတော်ကိုကာကွယ်တဲ့ တပ်မတော်တစ်ခုပဲ ရှိရမယ်။ ခုလို လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေရင်တော့ မြန်မာပြည်ကြီးက ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူဘောင်တော့ရှိရမယ်။ လက်နက် ကိုင်အဖွဲ့ တွေဆိုတာကတော့ သူတို့လိုချင်တာလာ တောင်းတာပဲ။ လက်နက်ကိုင်ပြီးတော့ သူတို့ရဲ့ ပါဝါနဲ့ လိုချင်တဲ့ အခွင့်အရေးတွေတောင်းမှာပဲ။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေအပေါ်မှာပဲမူတည်ပြီး ဆွေးနွေးရမယ်လို့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေ ဆိုတာ ဖွဲ့စည်းပုံနဲ့ အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေဖြစ်တယ်။ ဒါကြောင့် လာဆွေးနွေးတဲ့အခါမှာ ဖွဲ့စည်းပုံ ကို လက်ခံလား။ လက်ခံရင်ဆွေးနွေးမယ်။ ဒီဖွဲ့စည်းပုံကို အခြေခံပြီးဆွေးနွေးရင် အဆင်ပြေမယ်လို့ မြင်ပါတယ်။
TREND ။ ။ ခုဆိုရင် ငြိမ်းချမ်ရေးလမ်းကြောင်းမှာ နိုင်ငံရေးပါတီတွေ ထဲထဲဝင်ဝင် ပါဝင်နေရပြီဆိုတော့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ အင်အားက ဘယ်လောက်အတိုင်းအတာထိ ရောက်နိုင်မလဲ။
UKT ။ ။ နိုင်ငံတော်အစိုးရကတော့ နိုင်ငံရေးပါတီများသည် ခိုင်မာတောင့်တင်းသော၊ အများပြည်သူလက်ခံသော၊ ထောက်ခံသောပါတီဖြစ်အောင် ကြိုးစားရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့နိုင်ငံမှာက ပါတီတွေများတယ်။ တချို့ကလည်း ခိုင်မာအားကောင်း တဲ့ပါတီတွေရှိသလို။ တချို့ကလည်း လုပ်စားပါတီတွေ ရှိတယ်။ ဒါတွေကိုလည်း စိစစ်ပြီး တိုင်းဒေသကြီးပြည်နယ်တွေက အစိုးရအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေချိတ်ဆက်ပြီး လုပ်ဆောင်သင့်ပါတယ်။ နောက်ငြိမ်းချမ်းရေးမှာလည်း နိုင်ငံရေးပါတီတွေနဲ့ NSPNC ကချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်ဖို့ရာအတွက် ကိုယ်စားလှယ်တွေ ရွေးထားတယ်။ ရွေးတဲ့အခါမှာ ၃၂ ပါတီကို ရွေးထုတ်လိုက်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ အလုပ်အမှု ဆောင်ကော်မတီ ၁၆ ဦး ဖွဲ့စည်းထားတယ်။ ၁၆ ဦးရယ် အရန်ပါတီက ၁၆ ဦးရယ် ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်ပင်မယ်ဆွေးနွေးမယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်ရှိတယ်။ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တွေ တွေ့ဆုံရင် ၁၇ (၁)နဲ့ ငြိနိုင်တယ်။ အဲဒီကိစ္စလေး တွေရှိတယ်။ နိုင်ငံရေးပါတီတွေ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ပြည်နယ်အလိုက် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်အောင် ၁၇ (၁) ကဲ့သို့ ပုဒ်မနဲ့လွတ်ကင်းနိုင်အောင် ပြင်ဆင်ပေးဖို့ရှိတယ်။ နောက် နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ့်ဒေသတွင်းက လက်နက်ကိုင်တွေနဲ့ ပြောဆိုချင်ရင်၊ ခွင့်တောင်းရင် ပူးပေါင်းဆောင်ရွက်ပေးတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းဒေသကြီးပြည် နယ်အဆင့်ပါတီတွေ၊ ပြည်ထောင်စုအဆင့် ပါတီတွေအနေနဲ့ ငြိမ်းချမ်းရေးကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လုပ်သာကိုင်သာ ရှိလာပါတယ်။ ခုလည်း ငြိမ်းချမ်းရေးကို ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်အောင် ပြင်ဆင်လာတာတွေလည်း တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီ တွေအနေနဲ့လည်း ငြိမ်းချမ်းရေးကဏ္ဍမှာ နဂိုက ထက်ပိုတဲ့ ပူးပေါင်းဆောင်ရွက် ဆွေးနွေးနိုင်တဲ့ အခွင့်အ ရေးတွေ ပေးလာတာ တွေ့ရပါတယ်။
TREND ။ ။ KIA အနေနဲ့ အရပ်ဘက်ပစ်မှတ် တွေကို မတိုက်ခိုက်ဖို့ ဒီမိုကရေစီပါတီသစ်အနေနဲ့ စာထုတ်ပြီး ပြောဆိုတာတွေ ရှိတယ်။ နောက် ရှမ်းနီပါတီဆိုရင်လည်း KIA အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်တာတွေရပ်ဖို့ ပြောဆိုတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ KIA အနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဆက် လက်တိုက်ခိုက်နေသလို မကြာသေးခင်ကလည်း ပုဂ္ဂလိကပိုင် သင်္ဘောတွေကို တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါလဲ။
UKT ။ ။ ဒီဖြစ်စဉ်တွေကို နိုင်ငံရေးပါတီ ရှုထောင့်ကကြည့်မယ်ဆိုရင် စစ်ရေးအရ နှစ်ဖက်ထိပ် တိုက်ထိတွေ့ပစ်ခတ်တာက ကျွန်တော်တို့က တခြားပြောစရာမလိုဘူး။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းက ကျွန်တော်တို့ ပြည်သူလူထုကို တံတိုင်းထားပြီးတော့၊ ဓားစာခံထားပြီးတော့ လုပ်ဆောင်ကြတယ်။ ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ကိုယ့်ရပ်ရွာမှာ ကိုယ်နေချင်တယ်။ ဒါပေမဲ့ လက်နက် ကိုင်အဖွဲ့အစည်းက စစ်ရေးအရ လှုပ်ရှားလာတဲ့အခါမှာ ကြားမှာပြည်သူ လူထုတွေက ဒုက္ခခံရ တယ်။ ကျွန်တော်တို့ စာထုတ်တဲ့အရပ်သားလေယာဉ်ကိစ္စမှာလည်း ဒါက ပြည်သူလူထု အရပ်ဘက် ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ မလုပ်သင့်ဘူး။ ဒီလိုလုပ်တော့လည်း သူတို့ရဲ့သိက္ခာ သူတို့ကျဆင်းအောင် လုပ်တာပါပဲ။ ပြည်သူ့အတွက် လုပ်တယ်ဆိုပြီး ပြည်သူ့အတွက် ဒုက္ခလှလှကြီးကို ပေါ်ပေါ်ထင်ထင်လေး လက်နက်ကိုင်အဖွဲ့အစည်းက ပေးလာတယ်လို့ ပြောလို့ရတယ်။ ဗန်းမော်ဆိုရင်လည်း သူတို့က နယ်မြေချဲ့ထွင်ပြီး လုပ် ဆောင်တယ်။ ဗန်းမော်ဆိုတာကလည်း ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်။ တိုင်းရင်းသားတွေအများကြီး သူ့အိုးအိမ်နဲ့သူ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့တာ။ ဗန်းမော်ကို တိုက်တယ်ခိုက် တယ်။ ဘယ်သူတွေ ဒုက္ခရောက်လဲ။ စစ်ဖြစ်ပြီဆိုတာနဲ့ တစ်ခုမှယူစရာ မရှိတော့ဘူး။ ကျွန်တော်တို့ တိုင်းရင်း သားတွေက စစ်ဆိုတာကို အရမ်းစိတ်နာသွားပြီ။ KIA ကိုလည်း ငြိမ်းချမ်းရေးယူပါ။ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ကြရအောင်ဆိုတဲ့ ဆန္ဒတွေပဲ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းသာယာချင်တယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အစိုးရရဲ့ငြိမ်း ချမ်းရေးဖိတ်ခေါ်မှုကိုလာပြီး နိုင်ငံတော်အစိုးရနဲ့ပူး ပေါင်းဆောင်ရွက်သင့်ပြီလို့ ပြောချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံတွေ ကြည့်လိုက်ရင် ပြည်တွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းသွားခဲ့ပါပြီ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ အတ္တ၊ လောဘ၊ အခွင့်အရေး၊ သဘာဝသယံဇာတတွေကို ထိန်းချုပ်ပြီး ချမ်းသာနေကြတာပဲ။ တကယ်တမ်းနိုင်ငံတော်အတွက် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် စစ်ဆိုတာကတော့ မဖြစ်သင့်တော့ပါဘူး။
ကျွန်တော်တို့ရဲ့ ချီဖွေနဲ့ ပန်ဝါဒေသကိုပဲကြည့်လေ။ အဲဒီဒေသမှာ သတ္တုထွက်တယ်။ ဒီသတ္တုကို အထူးဒေသ(၁)အနေနဲ့ နိုင်ငံတော်ကို တင်ပြတယ်။ သတ္တုထွက် ရှိမှုကိုစမ်းသပ် ဆာဗေးလုပ်တယ်။ ဒီလိုဆိုတော့ ဒီသတ္တုကို အသေးစားစီးပွားရေး လုပ်မယ်ဆိုပြီးတော့ စဉ်းစားကြတယ်။ တကယ်တမ်းတော့ ဒီသတ္တုတွေက နိုင်ငံတော်အဆင့်နဲ့ အကြီးစားစီမံကိန်းနဲ့ လုပ်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က နိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ပြီးတော့ ၂၀၂၄မှာ အကြီးစားလုပ်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒီကြားထဲမှာ ဒါကို တရုတ်ကလည်း သိတယ်။ KIA ကလည်းသိတော့ အလုံးအရင်းနဲ့ ကျွန်တော်တို့ အထူးဒေသ(၁)ကို သိမ်းလိုက်တယ်။ ပြီးတော့ စမ်းသပ် ထုတ်ဖော်ထားတဲ့ဟာတွေကို အပိုင်သိမ်းပြီးတော့ KIA က မြေရှားသတ္တုကို တရုတ်လုပ်ငန်းရှင်တွေ ရသလောက်ခေါ်ထည့်ပြီး စက်ယန္တရားတွေနဲ့ နေ့ရောညရော ရသလောက်အကုန်နှိုက်နေတာ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့လောဘနဲ့ ဆောင်ရွက်နေကြတယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကို ချမ်းသာစေမယ့် ဒီဒေသတွေကို အမြန်ဆုံး ပြန်လည် စိုးမိုးပြီးတော့ နိုင်ငံတော်က စီမံကိန်းနဲ့ ဆောင်ရွက်သင့်ပါတယ်။
TREND ။ ။ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြောကြဆိုကြ ရှိလာတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။
UKT ။ ။ မြစ်ဆုံစီမံကိန်းကတော့ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ရပ်ထားခဲ့တာပေါ့။ နောက်အစိုးရလက်ထက်မှာလည်း ရပ်ထားခဲ့တယ်။ ခုအစိုးရတက်လာတော့ ပြည်တွင်းမှာရင်း နှီးမြှုပ်နှံကြဖို့ သမ္မတကြီးကိုယ်တိုင် ဖိတ်ခေါ်တာတွေ ရှိတယ်။ ဒီလိုအခြေအနေမှာ မြစ်ဆုံစီမံကိန်း ဆိုတာကလည်း မဖြစ်မနေ အကောင်အထည်ဖော်ရမယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးအခြေအနေ အရသာ ဆိုင်းငံ့ထားရတာ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အခါမှာ ပြည်သူလူထုရွေး ကောက်တင်မြှောက်တဲ့ အစိုးရဖြစ်လာတဲ့အခါမှာ နိုင်ငံတော်ရဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါမှာ မြစ်ဆုံစီမံကိန်းကလည်း အဓိကပါနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ကတော့ အကောင်အထည်ဖော်မှာပဲ။ တချို့နိုင်ငံတွေက ကျွန်တော်တို့မြန်မာနိုင်ငံကြီး ချမ်းသာမှာကို မလိုချင်ကြဘူး။ ဒါကြောင့် တစ်နည်းမဟုတ်တစ် နည်းနဲ့ ဖျက်ဆီးနေကြတယ်လို့ ကျွန်တော်တို့က အဲဒီလို သုံးသပ်မိတယ်။ မြစ်ဆုံစီမံကိန်းလုပ်လိုက်ရင် လျှပ်စစ်မီးအား ရမယ်။ ရရင် နိုင်ငံတော်ရဲ့ စက်မှုလက်မှုကဏ္ဍတွေ ဆောင်ရွက်မယ်။ ဒီလိုဆိုရင် ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲက ရှိလာမှာပဲ။ နိုင်ငံတော်ကလည်း ဒီစီမံကိန်းကို ရေရှည်အကျိုးအမြတ်ကြည့်ပြီး လုပ်ထားပြီးသားပါ။ ပြည်သူလူထုအနေနဲ့ ရိုးရိုးသားသားမြင်ရင် လုပ်သင့်တယ်၊ အကောင်အထည်ဖော်သင့်တယ်လို့ မြင်ကြမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေက မှိုင်းမိကြတယ်။ မြစ်ဆုံလုပ်ရင် ဆည်ကြီးက သဘာဝဘေးကြောင့် ပေါက်သွားရင် လူသန်းပေါင်းများစွာ ဒုက္ခရောက်မယ်ဆိုတဲ့ မှိုင်းမိသွားကြတယ်။ ကျွန်တော်တို့အမြင်ကတော့ နိုင်ငံတိုးတက်ဖို့အတွက် ဒါကို အမြန်ဆုံးအကောင်အထည်ဖော်သင့်တယ်လို့ မြင်ပါတယ်။ ကောင်းကျိုးဆိုးကျိုး ဆိုတာကတော့ ရှိမှာပေါ့။ သဘာဝဘေးဒဏ်ဆို တာကြီးကို ခြိမ်းခြောက်ပြောဆိုပြီး ဒါကို ကန့်ကွက်နေမယ်ဆိုရင်တော့ စီမံကိန်းကို ပျက်စီးအောင် လုပ်နေတယ်လို့ သုံးသပ်မိပါတယ်။ အကျိုးအမြတ်ဆိုတာက လုပ်မှကိုင်မှ ထွက်လာမယ်။ အကျိုးအမြတ်က တွက်ချက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ပြီး မြစ်ဆုံစီမံကိန်းသာအကောင်အထည်ဖော် နိုင်ခဲ့မယ်ဆိုရင် အခုချိန်မှာ အကျိုးခံစားနေရပြီ။ ခုလည်း ဒီစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။
TREND ။ ။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ နိုင်ငံတကာဆက်ဆံရေး သံတမန် ပြန်လည်ကောင်းမွန်လာအောင် ခုဆိုရင် နိုင်ငံပေါင်း ကိုးနိုင်ငံအထိ သွားရောက်ပြီး နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ခဲ့တယ်။ ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ပေးစေလိုပါတယ်။
UKT ။ ။ သမ္မတကြီးအနေနဲ့က ၂၀၂၀မှာ သူ့တာဝန်အရ မဖြစ်မနေ တိုင်းပြည်တာဝန်ယူခဲ့တယ်။ နောက်ငါးနှစ်ယူပြီးတော့ ပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲကိုလုပ်တယ်။ ရွေးကောက်ပွဲကလည်း နိုင်ငံရေးပါတီတွေရော၊ ပြည်သူလူထုကပါ အရွေ့တစ်ခုရောက်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကြီးကနေ သမ္မတ ဖြစ်လာတယ်။ ရတဲ့အချိန် မှာ နိုင်ငံတစ်ခုတည်း ရပ်တည်လုပ်ဆောင်မယ့်အစား နိုင်ငံတကာနဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာကြောင့် သမ္မတကြီးခရီးစဉ်တွေက တောက်လျှောက် ဆောင်ရွက်နေတာပါ။ သမ္မတကြီးရဲ့ခရီးစဉ် အားလုံးကို သုံးသပ်တဲ့အခါမှာ အောင်မြင်မှုတွေရတယ်ဆိုတာ သူ့ရဲ့ မိန့်ခွန်းတွေမှာလည်း တွေ့ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံ့မှုနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာကို တွေ့ရပါတယ်။ ဒီနေရာမှာ စေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေရှိသလို ကျွန်တော်တို့နိုင်ငံနဲ့ မူဝါဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာရင် ဖွံ့ဖြိုးတိုးတက်ပြီး တချို့နိုင်ငံတွေကို ကျော်တက်သွားမယ့် အနေအထားတွေ တွေ့ရတယ်။ ခုလို သမ္မတကြီးအနေနဲ့ သံတမန်ရေးရာအရ သွားရောက်ဆောင်ရွက်နေ တာတွေဟာ အောင်မြင်တိုးတက်ဖို့ လမ်းစတွေ ရနေပြီလို့ သုံးသပ်မိပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )