နိုင်ငံခြားသားအကူအညီမယူဘဲ သူတို့ငွေကြေးကို ဒေသခံတွေကပဲ ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်တာက ထူးခြားမှုတစ်ခု . . . ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးနှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ စက်တင်ဘာ ၁၇
   
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့က နိုင်ငံခြားသား အရမ်းနည်းပါတယ်။ သူ့ဒေသခံပြည်သူတွေနဲ့ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ပြီးတော့ ဒေသခံတွေနဲ့ပဲ ပျော်ရွှင်စရာ လေ့လာရေးခရီးစဉ်တွေ သွားကြတယ်။ သင်္ဘောစီးတာတွေနဲ့ အခြားဈေး ကွက်တွေမှာ ဒေသခံတွေကပဲ ပြန်လည်ဦးဆောင်ပြီးတော့ သူ့ငွေကြေး ပြန်လည်ပတ်အောင် လုပ်နိုင်တာ တွေ့ရတယ်။ အဲဒါ ထူးခြားမှုတစ်ခုပဲ”ဟု ပြောကြားခဲ့သည့် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် အကြောင်းအရာများ မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ ချုံချင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို သွားရောက်လေ့လာဖြစ်ခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါဦး။
Dr. KMO ။    ။
ကျွန်တော်တို့ ချုံချင့်ပြည်နယ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ ကျေးလက်ကနေပြီး မြို့ပြသို့ဆိုတဲ့ အစီအစဉ်အတိုင်း ကျွန်တော်တို့ ကိုယ့်လုပ်ငန်းတွေကို အသေးစိတ် ပြသပါတယ်။ ကျေးလက်ကနေ စိုက်ပျိုးရေး ထုတ်ကုန်တွေကို တန်ဖိုးမြင့် ထုတ်ကုန်လုပ်၊ လုပ်ပြီးတော့ ဈေးကွက်ထဲမှာ ပို့တာတွေကိုလည်း အသေးစိတ် ကျွန်တော်တို့တွေကို လိုက်လံ ပြသပြီး ရှင်းပြခဲ့ပါတယ်။ အဲဒီလိုလိုက်လံပြသတဲ့အခါမှာ ချုံချင့်မြို့ရဲ့ ပြည်ပရေးရာဆက်ဆံရေး တာဝန်ခံကနေ လိုက်လံပြသတာဖြစ်ပါတယ်။ နောက် ချုံချင့်မြို့မှာရှိတဲ့ ပါတီတာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိကတွေ့ရတာကတော့ သူတို့က လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးကို အဓိကထားပြီးတော့ ဆောင် ရွက်တယ်။ နောက်ကျွန်တော်တို့တွေက ချုံချင့်မြို့ရဲ့ ဖွံ့ဖြိုးမှု နောက်အကျဆုံးနေရာလည်း ရောက်ခဲ့ပါသေးတယ်။ အဲဒီမှာလည်း သူတို့စိုက်ပျိုးတဲ့ ရေဝါးစိုက်ပျိုးမှုပေါ့။ ဒါကိုလည်း ပြသခဲ့ပါတယ်။ ရေဝါးစိုက်ပျိုးမှုက တရုတ်တစ်ဧကဆိုရင် မြန်မာက ငါးပုံတစ်ပုံပေါ့။ အဲဒီငါးပုံပုံ တစ်ပုံမှာမှ တစ်ဧကကို ခုနစ်တန်ထွက်တယ်။ အဲဒါကို လူတွေစားသုံးတဲ့ ဈေးကွက်ထဲပို့ပေးတယ်။ သူက ဈေးကွက်လည်းရှိတယ်။ သူတို့ဆီမှာ ဘာကို အတုယူသင့်လဲဆိုရင် သူတို့နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးပြီးတော့ ဒေသခံလူတွေကနေပြီး ဈေးကွက်ကြီးကို အကောင်အထည် ဖော်ဆောင်နေတာကို တွေ့ရတယ်။ ချုံချင့်မြို့က နိုင်ငံခြားသား အရမ်းနည်းပါတယ်။ သူ့ဒေသခံပြည်သူတွေနဲ့ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ပြီးတော့ ဒေသခံတွေနဲ့ပဲ ပျော်ရွှင်စရာ လေ့လာရေး ခရီးစဉ်တွေ သွားကြတယ်။ သင်္ဘောတွေစီးတာတွေနဲ့ အခြား ဈေးကွက်တွေမှာ ဒေသခံတွေကပဲ ပြန်လည်ဦးဆောင်ပြီးတော့ သူ့ငွေကြေး ပြန်လည်ပတ်အောင် လုပ်နိုင်တာ တွေ့ရတယ်။ အဲဒါ ထူးခြားမှုတစ်ခုပဲ။။ ဘယ်နိုင်ငံခြားသားအကူအညီမှမယူဘဲနဲ့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးကိုမြှင့် တင်ပြီး တော့ ကိုယ့်နိုင်ငံရဲ့ လူထုတွေကို စီးပွားရေးကောင်းအောင် လုပ်ပေးတယ်။ သူ့တို့ကနေပြီး သုံးစွဲပြီး တော့ အဲဒီငွေကြေးကိုလည်ပတ်အောင် လုပ်လိုက်တာပဲ။ တစ်ချိန်က ကျွန်တော့်ဆရာ ဆွစ်ဇာလန် သံအမတ် ကြီးပြောသလိုပဲ တစ်ဒေါ်လာပဲ၊ ဒါပေမဲ့ တစ်ဒေါ်လာကို လူအယောက်တစ်ရာဆီ ရောက်လို့ရှိရင် ဒေါ်လာတစ်ရာ ဖြစ်သွားတယ်ဆိုတဲ့အတိုင်း အဲဒီစနစ်နဲ့ တရုတ်ပြည်က လည်ပတ်နေတာပါ။

TREND    ။    ။ ဆရာပြောချင်တာက သူ့နိုင်ငံက ငွေကြေးစီးဆင်းမှုစနစ်က ထူးခြားတယ်လို့ပြောလို့ရမလား။ နောက်ဘာတွေလေ့လာခွင့် ရခဲ့ပါသလဲ။
Dr. KMO ။    ။
ငွေကြေးစီးဆင်းမှု ကောင်းအောင် လုပ်တဲ့သဘောပေါ့။ လုပ်ငန်းတွေအကုန်လုံး အစစအရာရာ အဆင်ပြေပြီးတော့ သူ့ရဲ့ငွေကြေးစီးဆင်းမှုကို အဓိကပြောချင်တာပါ။ စောစောက ကျွန်တော်ပြောတဲ့ တစ်ဒေါ်လာကပဲ လူအယောက် ၁၀၀ ဆီ ရောက်ပေးအောင်လုပ်ပြီး ဒေါ်လာ ၁၀၀ ဖြစ်အောင် လုပ်တဲ့စနစ်ဖြစ်တယ်။ ဒီစနစ်ကိုတွေ့ရတယ်။ နောက်ကုန်ထုတ်လမ်းတွေ ကောင်းဖို့ လိုအပ်ပါတယ်။ တရုတ်ပြည် ကျေးလက်ဒေသက ရွာတစ်ရွာကို ရောက်ပါတယ်။ ရောက်တဲ့အခါမှာ ကားလမ်းက တစ်စီးစာပဲ သွားလို့ရတယ်။ ကားတောင် နှစ်စီးရှောင်လို့မရဘူး။ မြို့ပြကြီးကတော့ အထပ်မြင့်တွေနဲ့ မျက်စိတညောင်းပဲ၊ တောင်ပေါ်တွေမှာရော အထပ်မြင့်တွေ ဆောက်ထားတာ။ မြစ်ကမ်းနားဘေးနဲ့ တောင်ပေါ်ဒေသမှာ အထပ်မြင့်တွေ ဆောက်ထားတယ်။ မြို့က တောင်ပေါ်ဒေသပဲ၊ ဒါပေမဲ့ အထပ်မြင့်တွေနဲ့ စည်ကားနေတယ်။ ကုန်ထုတ်လုပ်ငန်းဆိုလည်း စောစောက ကျွန်တော်ပြောသလို ကားလမ်းတစ်လမ်းပဲရှိ တယ်ဆိုပေမယ့်။ သူတို့က စိုက်တဲ့ပစ္စည်းကို ပြန်လည်ရောင်းချဖို့ ဈေးကွက်ရှိတယ်။ ကျွန်တော်တို့ ကျေးလက်နေ ပြည်သူတွေကလည်း ထုတ်ကုန်တွေ မရှိဘူးလားဆိုတော့ ထုတ်ကုန်ရှိပါတယ်။  ဈေးကွက် မရှိတဲ့အခါကျတော့ ပြည်သူတွေက မထုတ်နိုင်ဘူးဖြစ်နေတာ။ နိုင်ငံတော်အစိုးရအနေနဲ့ ဈေးကွက်ကို လည်း ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လျှပ်စစ်ကတော့ အခုဆိုရင် ဆိုလာတွေလည်း ရောက်လာပြီ ဆိုတော့ ပူစရာတော့ မလိုဘူး။ ရေအားလျှပ်စစ်ကပေးရင်တော့ ပိုကောင်းတာပေါ့။ သူတို့မှာတော့ ရေအားလျှပ်စစ်ကနေပြီးတော့ ပေးတယ်။ များလည်းများတာကိုး၊ ဆည်တွေ၊ တာတမံတွေကနေပေး တယ်။ စိုက်ပျိုးမြေတွေက အများကြီးရှိတယ်။ အရင်တုန်းက တွေ့ခဲ့တဲ့ တောင်ယာစနစ်က သိပ်မရှိ တော့ဘဲနဲ့ မြေပြန့်လွင်ပြင်တွေ လုပ်ပြီးတော့ စိုက်ပျိုးမြေတွေကို လုပ်ထားတာတွေ့ခဲ့ရတယ်။ လေ့လာခွင့် ရရှိခဲ့ပါတယ်။

TREND    ။    ။ ချုံချင့်မြို့မှာ လေ့လာခဲ့တဲ့ အတွေ့အကြုံတွေကို ဘယ်လိုမျိုး ပြန်လည်မျှဝေဖို့ အစီအစဉ်ရှိလဲဆိုတာ ပြောကြားပေးပါဦး။
Dr. KMO ။   
။ ကျွန်တော်တို့က တရုတ်ပြည် ချုံချင့်မှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို ဥပမာအနေနဲ့ပြောမယ်ဆိုရင် စိုက်ပျိုးရေးမှာဆိုလည်း အသေးစိတ် ပြောပြတယ်။ ချုံချင့်မြို့ရဲ့မြေနေရာမှာ ဒီနေရာက ဘာစိုက်ပျိုးလို့ရမယ်၊ ဒီနေရာက ဘာစိုက်ပျိုးလို့ရတယ် ဆိုတဲ့ သုတေသနစင်တာတွေ ရှိတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တွဲဖက်ပြီးတော့လုပ်တယ်။ ကျောက်ငါးမွေး မြူရေးစနစ်ကိုလည်း ပြတယ်။ ငါးမွေးမြူတဲ့အခါမှာ မြေတူးပြီးတော့ မမွေးတော့ဘဲ၊ ပလတ်စတစ်ကန်တွေပြုလုပ် ပြီးတော့ပဲ မွေးတယ်။ အစာကျွေးတဲ့စနစ်ကိုပါ သေချာလုပ်ထားတယ်။ ပြီးတော့ ဈေးကွက်ထဲအထိရောက်အောင် ဘယ်လိုပို့လဲဆိုတာ ပြောပြတယ်။ ကျွန်တော်တို့ ဆီမှာဆိုရင် ငါးမြစ်ချင်း၊ ငါးကြင်း၊ တီလားပီးယားမွေးမြူ ရေးတွေကို မိရိုးဖလာအတိုင်း မွေးတယ်။ မွေးမြူတာချင်း ကွာသွားတယ်။ သူတို့က ဖန်လုံအိမ်ပုံစံအတိုင်း မွေးမြူ တာဆိုတော့ ပိုးမွှားအန္တရာယ်တွေမှာလည်း လျော့နည်း လာတာတွေ့ရတယ်။ သူတို့ကတော့ ငွေကြေးလည်း ရှိတယ်။ နည်းပညာလည်းရှိတဲ့ အခါကြတော့ ကျွန်တော်တို့ အတုယူစရာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း နည်းပညာတွေကို ပြန်လည်ပြီးတော့ ဖြန့်ဝေပေးဖို့ အကူအညီတောင်းထားတာတွေ ရှိပါတယ်။ ပြည်သူတွေလက်ထဲကို ကျွန်တော်တို့ မရောက်ရောက်အောင် ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

TREND    ။    ။ သူတို့က စိုက်ပျိုးရေးပဲဖြစ်ဖြစ်၊ မွေးမြူရေးပဲဖြစ်ဖြစ် ရေနဲ့ပတ်သက်ပြီး သေချာလုပ်ဆောင်တယ်။ ပြီးမှ ကျန်တဲ့နည်းပညာထပ်ပြီး ပေါင်းစပ်လုပ်ဆောင်တယ်။ ဒီမှာက သဘာဝနည်း အတိုင်းပဲဆိုတော့လေ။ ရေအရင်းအမြစ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် ဘယ်လောက်အထိ အရေးကြီးတယ်လို့ ဆရာအနေနဲ့ လေ့လာတွေ့ရှိခဲ့တာလေး ပြောပြပေးပါဦး။ 
Dr. KMO ။    ။
ကျွန်တော်တို့မှာက သဘာဝကပေးတဲ့ မြစ်ချောင်းအင်းအိုင်တွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာလည်း ရှိတော့ရှိပါတယ်။ မြို့ကတော့ အဓိက ရန်စီမြစ်နဲ့ မြစ်ဝါမြစ်ကမ်းနံဘေးပေါ်မှာ တည်ရှိ တဲ့မြို့ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ရေအရင်းအမြစ်က ပိုများတယ်။ သူတို့က သူတို့မှာရှိတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည်ပြီး စစ်ဆေးတယ်။ ပိုးသတ်တယ်။ ကလိုရင်းထည့်တယ်။ လုံးဝသန့်စင်ပြီ ဆိုတော့မှ သောက်သုံးရေအဖြစ်လည်း သုံးတယ်။ မွေးမြူရေးလုပ်တဲ့အခါမှာ လည်းသုံးတော့ အနာအဆာ နည်းတာပေါ့။ သူတို့က အော်တိုစနစ်သုံးတာ၊ သူတို့နိုင်ငံက နည်းပညာတွေကို ကျွန်တော်တို့တွေက အတု ယူဖို့အများကြီး လိုအပ်နေပါသေးတယ်။

TREND    ။    ။ နောက်တစ်ခုက တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တရုတ်ကွန်မြူနစ်ပါတီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရတယ်။ ပါတီအနေနဲ့ရော ဘာတွေလေ့လာ ဖြစ်ခဲ့လဲ။ 
Dr. KMO    ။    ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း တရုတ်ကွန်မြူနစ်ပါတီအပါအဝင် သူ့နိုင်ငံမှာလည်း ဒီမိုကရေစီပါတီ ရှစ်ပါတီရှိပါတယ်။ ကျွန်တော်တို့တွေလည်း အားလုံးသွားရောက်ပြီးတော့ လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ကို ဦးဆောင်နေတာကတော့ ကွန်မြူနစ်ပါတီက ဦးဆောင်နေတာ ဖြစ်ပါတယ်။ လူဦးရေကလည်း သန်း ၁၀၀ ကျော် ပါတီဝင်ဦးရေပါ။ အခြားပါတီတွေမှာလည်း သန်းနဲ့ချီတဲ့ ပါတီ၊ သိန်းနဲ့ချီတဲ့ပါတီ၊ သောင်းနဲ့ချီတဲ့ ပါတီတွေလည်း ရှိတယ်ဆိုတာကို ဒီမိုကရေစီပြတိုက်ကို သွားပြီးတော့ လေ့လာခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ပါတီချင်းရော၊ စီးပွား ရေးလုပ်ငန်းရှင်တွေ အချင်းချင်းရော၊ ပြည်သူလူထုတွေရော အားလုံးကို သင့်တော်သလို ဖိတ်ပြီးတော့ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်မှုတွေကို ကျေးလက်ကနေ၊ မြို့ပြကို ဘယ်လိုဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာကို အဓိကပြသခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပြန်လည်ပြီးတော့ ပြည်သူတွေကို ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်မလဲဆိုတာတွေကို အစည်းအဝေးလုပ်ပြီး ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 39

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65716

© 2022 - 2026 News. All Rights Reserved.