Breaking

နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို အာရုံစိုက်လုပ်နေချိန်မှာ ငြိမ်းချမ်းရေး ရယူကြမယ့် အဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်သင့်တယ် . . . ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၆ ၊ ဧပြီ ၂၃


    ပြည်သူတွေလိုလားသည့် ဒီမိုကရေစီအစိုးရအသစ်နှင့်  လွှတ်တော်များ ပြန်လည်အသက်ဝင်လာပြီဖြစ်သလို  ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ အစိုးရသစ်လက်ထက် နိုင်ငံရေးအခင်းအကျင်း၊ လွှတ်တော် အခင်းအကျင်းနှင့် အတူ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမှု အခြေအနေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အခြေ အနေတို့နှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ဒီမိုကရေစီ အစိုးရသစ် ပေါ်ပေါက်လာပြီး လွှတ်တော်များ ပြန်လည်အသက်ဝင်လာပြီဖြစ်တဲ့ နိုင်ငံရဲ့အရွေ့ အပြောင်းအလဲအပေါ် သုံးသပ်ပြပါဦး။
UTTU    ။    ။
အခု အစိုးရသစ် ပေါ်ပေါက်လာပြီ။ နိုင်ငံတော်သမ္မတကြီးကလည်း နှစ်သစ်ကူးမိန့်ခွန်းမှာရော၊ ဒီနှစ်သစ်ကူး မိန့်ခွန်းမတိုင်ခင်မှာရောပေါ့။ အဓိက ဘာကို လုပ်ဆောင်မလဲဆိုတာ ပေါ်လွင်နေပါပြီ။ အဲဒါက ဘာလဲဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်မယ်။ တစ်ခါတည်းမှာပဲ ငြိမ်းချမ်းရေးနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးကို ခြေလှမ်းလှမ်းလိမ့်မယ်ဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဖွဲ့တယ်။ အဲဒီကနေ လုပ်ငန်း ကော်မတီ၊ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီနှစ်ရပ် ထပ်ဖွဲ့တယ်။
    ဒါကိုကြည့်ခြင်းအားဖြင့် ဒီအဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ အဓိကထား လုပ်ဆောင်ကြမယ်ဆိုတာ ထင်သာမြင်သာ သွားတွေ့ရတယ်။ နောက်တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းရေးခြေလှမ်း စတဲ့ဟာက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား ၄၀၀၀ ကျော်ကို လွှတ်တဲ့အထဲမှာလည်း နိုင်ငံရေးသဘော တရားအရလို့ မြင်ပါတယ်။ ပြစ်ဒဏ်လျှော့ပေါ့တဲ့အထဲမှာပါသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ရှိတယ်ဆိုတဲ့အခါ ဒါသည် ငြိမ်းချမ်းရေးရဲ့ ခြေလှမ်းလည်း ဖြစ်တယ်။ ပြီးတော့ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်မှာလည်း ပါပါတယ်။ ဒါဘာလဲဆိုရင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်ဆိုတာပါတယ်။ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထား မှုရယ်၊ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန်ဖို့ ဆိုတဲ့အချက်တွေပေါ့။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို ပေးခဲ့တာကို ထောက်ရှုခြင်းအားဖြင့် ငြိမ်းချမ်းရေးရဲ့ ခြေလှမ်းတွေထဲမှာ တစ်ခု ပါဝင်လိမ့် မယ်လို့ မြင်ပါတယ်။ ပြောရရင် အစိုးရသက် တမ်းကလည်း ၁၀ ရက်ကမှ ကျမ်းကျိန်ကြတာ။ အခု (ဧပြီ ၁၈) ဆိုရင် ရက်ပေါင်းက  ရှစ်ရက်ပဲ ရှိသေးတယ်။ အစိုးရတစ်ရပ်ရဲ့ ရှစ်ရက်တာကာလမှာ တစ်ခုပြီးတစ်ခု ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတွေ လှမ်းနေတာကို မြင်သာပါတယ်။

TREND ။        ။ နိုင်ငံတော်သမ္မတက အကျဉ်းသားအကျဉ်းသူ ၄၃၀၀ ကျော်နဲ့အတူ ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြား သား အကျဉ်းသား အကျဉ်းသူ ၁၇၉ ဦးကိုလည်း လွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့မှုအပေါ် ဘယ်လို သုံးသပ်ချင်လဲ။
UTTU    ။    ။
နှစ်ဆန်းတစ်ရက်နေ့ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ်ကြီးမှာဆိုရင် နိုင်ငံသားတွေကို နှလုံးစိတ်ဝမ်း အေးချမ်းစေတယ်။ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲ ဆောင်ရွက်မယ်။ နောက်ပြီး လူသားချင်းစာနာ‌ ထောက်ထားမှုဆိုတဲ့ အကြောင်းအရာတွေနဲ့ လွတ်ငြိမ်းချမ်းသာပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ကောင်းမြတ်တဲ့ စိတ်စေနာကောင်းနဲ့ သဘောထားတွေအပေါ်မှာ ကျွန်တော်တို့ကလည်း တစ်ထပ်တည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အားလုံးက ကျွန်တော်တို့ နိုင်ငံ သားတွေ ဖြစ်ပါတယ်။ သို့သော် မေးစရာမေးခွန်း တစ်ခုရှိတာက နိုင်ငံခြားသားတွေကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တယ်ဆိုတဲ့ မေးခွန်းမေးစရာရှိပါတယ်။ ဒီနိုင်ငံခြားသားတွေကျတော့ ဘာလို့ လွှတ်ပေးရသလဲဆိုတော့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဒီလိုဆောင်ရွက်ပေးမှုဟာ တချို့သော အကျပ်အတည်းတွေ၊ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ သြော်... တို့နိုင်ငံအပေါ်မှာလည်း ဒီလိုစေတနာထားခဲ့ပါလားဆိုတဲ့ ထောက်ထားစရာတွေလည်း ပေါ်ပေါက်လာစရာ အကြောင်းရှိလာတဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေးအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီလွတ်ငြိမ်းချမ်းသာပေးခဲ့တာသည်  မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အင်မတန်မှ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုလို့ မြင်ပါတယ်။

TREND ။        ။ နိုင်ငံတော်သမ္မတကြီးက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်သွားမယ်လို့ ဧပြီ ၁၀ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်မယ့် အခြေအနေအပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။
UTTU    ။    ။
တည်ငြိမ်ရေးလုပ်တဲ့နေရာမှာ ငြိမ်းချမ်းရေးဆိုတာ ပါလာပြီ။ တည်ငြိမ်ရေးလုပ်တဲ့နေရာမှာ သူအဓိက ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်မယ် ဆိုတဲ့ဟာက ဒီလမ်းကြောင်းက ပေါ်နေပြီ။ ဘာကြောင့်လဲဆိုရင် အစိုးရစပြီး တာဝန်ယူခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ သုံးခုလုံးကို ဆက်တိုက်ဖွဲ့စည်းခဲ့တယ်။ ပြောရရင် တည်ငြိမ်အေး ချမ်းရေးဆိုတဲ့နေရာမှာ ငြိမ်းချမ်းရေးပါသလို အခြား မငြိမ်းချမ်းသေးတဲ့ဒေသတွေကို ငြိမ်းချမ်းအောင်လုပ်မယ့် အစီအစဉ်တွေလည်း ပါတယ်ဆိုတာ လူတွေ နားလည်ထားကြတယ်။ သို့သော် ကျွန်တော်တို့ရဲ့ အစိုးရတစ်ရပ်ဟာဆိုရင် အလေးထားပြီး လုပ်ဆောင်မယ့်ဟာ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်မှာ ဖြစ်တယ်။
    ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ထောက်ရှုပြီးတော့ ပြောရမယ်ဆိုရင် သမ္မတကြီးက နိုင်ငံရေးရဲ့ဖြစ်စဉ်တွေဟာ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ‌ဖြေရှင်းကြရအောင်ဆိုပြီး ဖိတ်ခေါ် သွားတယ်။ ပြောချင်တာကမင်းတို့ ငြိမ်ငြိမ်မနေရင် တိုက်မယ်ဆိုတဲ့စကား တစ်ခွန်းမှမပါဘူး။ ဆိုတော့ ဒီလို ကောင်းမွန်တဲ့ အခြေအနေ၊ အနေအထားမှာ မိမိတို့နိုင်ငံကို တကယ်တည်ငြိမ်အေးချမ်းချင် တယ်ဆိုရင် အပြောမဟုတ်ဘဲနဲ့ လက်တွေ့ပေါ့။ အခု နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို တကယ်အာရုံ စိုက်လုပ်နေချိန်မှာ ငြိမ်းချမ်းရေးရယူကြမယ့် အဖွဲ့တွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ ဒီလို သုံးသပ်မိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို တကယ်ချစ် တယ်ဆိုလို့ရှိရင် အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံ လိုလားနေတဲ့ တည် ငြိမ်အေးချမ်းရေးက အလျင်အမြန် ရရှိသွားမယ်။ တည်ငြိမ် အေးချမ်းမှုရမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကလည်း ပိုမို ဖွံ့ဖြိုးတိုးတက်မှုလာမှာ ဖြစ်ပါတယ်။
    တည်ငြိမ်အေးချမ်းမှုရမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကလည်း ပိုမိုဖွံ့ဖြိုးတိုးတက်မှုလာမှာ ဖြစ်ပါတယ်။ အဲဒီတော့ဘာလုပ်ရသလဲဆိုရင် ဖွံ့ဖြိုးတိုးတက်အောင်လို့ တည်ငြိမ်အေးချမ်းမှု လမ်းကြောင်းကို သွားကြရတာ ဖြစ်တဲ့အတွက် တကယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ မိမိနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကနေ ပိုမိုတိုးတက်ချင်တယ်ဆိုရင် ကျွန်တော်တို့သည် ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ နောက် သမ္မတကြီး ပြောခဲ့သလို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။

TREND ။        ။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းသည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း TNLA က ဂုဏ်ပြုသဝဏ်လွှာကို ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က ပေးပို့ခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့တစ်ခုကနေ အခုလို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့တဲ့အပေါ်  ဘယ်လိုမှတ်ချက်ပေးချင်လဲ။
UTTU    ။    ။
ပြောရမယ်ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့အစည်း၊ ဒီတစ်ဖွဲ့တည်းတင် မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း လက်နက်ကိုင်နေမယ့်အစား နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရင် အေးအေးချမ်းချမ်းနဲ့ မပြီးကြဘူးလား။ ဒါဆိုရင် ဖြစ်နိုင်ခြေကို တောင်းဆိုပြီးတဲ့အခါ နိုင်ငံ တော်အစိုးရဘက်ကလည်း လုပ်ပေးနိုင်တဲ့ အခြေအနေတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ကြမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ကို အမြန်ရောက်ကြမှာပါ။ ဒါမှ မဟုတ်ဘဲနဲ့ မဖြစ်နိုင်တဲ့ကိစ္စကို တွန်းပြီးတိုက်နေမယ်ဆိုရင် ထိခိုက်နစ်နာဆုံးမှုတွေ ဖြစ်လာမယ်။ စစ်တိုက်ရင်ဗျာ၊ ဘာပဲဖြစ်ဖြစ် ပျက်စီးကြမယ်၊ အသက်ဆုံးရှုံးကြမယ်။ ဒါကြောင့် ကိုယ့်အချင်းချင်း ရန်ဖြစ်ကြမလား၊ ညီအစ်ကိုချင်း ညှိညှိနှိုင်းနှိုင်းနဲ့ ပေါင်းစပ်ပြီးတော့ အောင်မြင်မှုလမ်းကြောင်းကို သွားမလားဆိုတာ စဉ်းစားပြီးတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ပြောချင်တာကတော့ ရန်ဖြစ်နေမယ့်အစား စည်းစည်းလုံးလုံးနဲ့ အတူလက်တွဲပြီး ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူလိုလားတဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အလျင်အမြန် ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

TREND ။        ။ အစိုးရသစ်အနေနဲ့ အဓိက ဦးစားပေးဆောင်ရွက်ရမယ့် အရေးကြီးကိစ္စတွေက ဘာဖြစ်မလဲ။ 
UTTU    ။    ။
စိန်ခေါ်မှုတွေဆိုတာက ဘယ်အစိုးရပဲတက်တက်၊ အစိုးရတွေ တက်လာတဲ့အခါမှာ လုပ်နေကိုင်နေတာတွေကို ဝေဖန်ကြမယ် ထောက်ပြကြမယ်ဆိုတာ ရှိကြမှာပါ။ အဲဒီလိုရှိကြတဲ့အခါမှာ ကျွန် တော်တို့ လက်ရှိလျှောက်လှမ်းနေတဲ့ အနေအထားတွေအပေါ်မှာ အမနာပ ပြောနေကြသူတွေလည်း ရှိတယ်။ ဒါက ဖြတ်ခဲ့ရတဲ့ အစိုးရတိုင်း ကြုံ‌တွေ့ခဲ့ရတဲ့ကိစ္စပါ။ နောက်ကိစ္စတစ်ခုကတော့ တည်ငြိမ်အေး ချမ်းရေး၊ သွားနေတဲ့လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့အတွက် တည်ငြိမ်‌အေးချမ်းအောင် ကြိုးစားကြရတယ်။ ပိုမိုပြီးတော့ တည်ငြိမ်အေးချမ်းအောင် ကြိုးစားကြရမယ်ဆိုတာကလည်း ဘာပဲပြောပြော စိန်ခေါ်မှုတွေထဲမှာ တစ်ခုပါတယ်။ ပြောချင်တာကတော့ ၂၀၁၀-၂၀၁၅ အခင်း အကျင်းနဲ့ အခု ကျွန်တော်တို့ လျှောက် လှမ်းရမယ့် အခင်းအကျင်းက ကွာခြားချက်ရှိတယ်။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်အေးချမ်းမှုက အခု ဆိုလို့ရှိရင် လမ်းဖြောင့်ဖြူးခါစကာလကို စလျှောက်ရမယ့် အစိုးရမျိုး ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ လျှောက်ရမယ့်လမ်းမတူပါဘူး။ ဒါတွေကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် စိန်ခေါ်မှုတွေဆိုတာကလည်း မဖြစ်မနေ ကြုံကြရမယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးပဲ ဖြစ်ဖြစ်၊ အခု အစိုးရသစ်အပါအဝင်ပေါ့။ နိုင်ငံတော် သမ္မတကြီးနဲ့ ဒုတိယသမ္မတနှစ်ဦးတို့ကလည်း အားလုံးက အတွေ့အကြုံကောင်းများရှိကြတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များနဲ့ ‌လျှောက်လှမ်းကြမှာဖြစ်တယ်။ လျှောက်လှမ်းကြတဲ့ နေရာမှာလည်း အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးဆိုတဲ့ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ကလည်းပဲ တတ်နိုင်သမျှ ခွဲခြား ကျင့်သုံးပြီးတဲ့အခါ အပြန်အလှန် ထိန်းကျောင်းသွားမှာ ဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲ၊ ဘယ်လို စိန်ခေါ်မှုမျိုးမဆို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။

TREND ။        ။ USDP ပါတီဝင် အများစုပါဝင် ဖွဲ့စည်းထားတဲ့အစိုးရ၊ USDP ပါတီဝင် အများစုစိုးမိုးထားတဲ့ လွှတ်တော်အခင်းအကျင်းမှာ အပြန်အလှန်ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ ပြောဆိုမှုတွေ၊ စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဒီအပေါ် ဘာပြောချင်လဲ။
UTTU    ။    ။
ပြည်သူတွေကနေပြီးတော့ ကျွန်တော်တို့ပါတီကို Landslide ထောက်ခံလိုက်တယ်။ လွှတ်တော်ပေါ်လာတယ်။ အဲဒီလွှတ် တော်ကြီးကနေ အစိုးရဆိုတာ ပေါ်ပေါက်လာတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အခါမှာ မဏ္ဍိုင်ကြီးသုံးရပ်ကို ပိုင်းခြား ခွဲဝေလိုက်တယ်။ ဥပမာ လွှတ်တော်ကဏ္ဍ၊ အစိုးရကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍဆိုပြီး ပိုင်းခြားသွားပြီ။ အဲဒီလို ကဏ္ဍကြီးသုံးရပ်က ကိုယ့်လုပ်ငန်းကို အဓိက လုပ်ကြရတယ်။ လွှတ်တော်ကလည်း ဥပဒေပြုရေးတွေ ဆောင်ရွက်သလို အစိုးရအတွက် ဘာတွေလို အပ်သလဲ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေလိုအပ်သလဲဆိုတဲ့ ဒီလို ဥပဒေတွေ အတည်ပြု ပြဋ္ဌာန်းပေးတယ်။ အလားတူ အစိုးရကလည်းပဲ သူရဲ့လုပ်ကိုင်နေတဲ့ အပေါ်မှာလုပ်တဲ့ မူဝါဒပဲဖြစ်ဖြစ်၊ လုပ်နည်း ကိုင်နည်းတွေ လွဲချော်နေတာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဲဒီနေရာမှာ ဘာကို ကြည့်ရသလဲဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့မျက်နှာကိုပဲ ကြည့်ရပါတယ်။
    နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ မျက်နှာကို ကြည့်ပြီးတဲ့အခါမှာ မှားနေရင် မှားနေတဲ့ဟာကို ဥပဒေနဲ့အညီ ဒီမိုကရေစီ နည်းလမ်းကျကျ ထောက်ပြမှသာလျှင် ဒီမိုကရေစီရဲ့ အသွင်သဏ္ဌာန် အနှစ်သာရ ရရှိမှာ ဖြစ်ပါတယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံ ဖြစ်ပြီးတော့ ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ လျှောက်လှမ်းမှုဖြစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိပါတီက အစိုးရ၊ လွှတ်တော်ဖြစ်နေစေကာမူ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ Right တွေကနေပြီးတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ မျက်နှာကိုကြည့်ပြီး အပြန်အလှန် ထိန်းကျောင်းမှုတွေ မဖြစ်မနေ လုပ်ဆောင်ကြရပါမှာ ဖြစ်ပါတယ်။

TREND ။        ။ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့ လွှတ်တော်ကနေ ဘယ်လို အပြန်အလှန်ထိန်းကျောင်းမှုတွေ ဆောင်ရွက်သင့်လဲ။
UTTU    ။    ။
အစိုးရကောင်းတစ်ရပ် ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ဆိုရင် Corruption (အကျင့်ပျက်ခြစားမှု) အဲဒါကို အဓိကထား ကြည့်တယ်။ အဂတိတရား တကယ် ကင်းရှင်းကြရဲ့လား။ မကင်းရှင်းဘူးဆိုလို့ရှိရင် သူ့ရဲ့ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ သွားလား၊ မသွားဘူးလား။ မသွားဘူးဆိုရင် မေးခွန်းမေးမြန်းတာ တွေ အဆိုတင်သွင်းတဲ့ကဏ္ဍ‌တွေနဲ့ ထိန်းကျောင်းရမှာပါ။ ပြောချင်တာကတော့ ကောင်းတာတွေကိုပဲ သယ်ဆောင်လာကြဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံအများကြီး တည်ဆောက်ရ မှာဖြစ်ပါတယ်။ ရန်ဖြစ်နေကြဖို့ အချိန်မရှိတော့ပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းလုပ်မှရမယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ်မှာ တကယ်စေတနာရှိကြ တယ်ဆိုရင် သွားနေတဲ့အရွေ့မှာ ပါဝင်ပူးပေါင်းဖို့ လိုပါတယ်။ ဒါမှသာလျှင် ဒီအရွေ့ဟာ ပိုမိုအားကောင်း လာပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း အားလုံးကို တည်ငြိမ်အေးချမ်းမှုရော၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော လက်တွဲညီညီ ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

TREND ။        ။ USDP ပါတီအနေနဲ့ လွှတ်တော်နေရာ အနည်းစုရခဲ့တဲ့ ပါတီကိုယ်စားလှယ်တွေနဲ့ရော လွှတ်တော်တွင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်သွား ဖို့ရှိလဲ။
UTTU    ။    ။
ကျွန်တော်တို့ ဖြတ်ခဲ့ရတဲ့ ၂၀၁၀၊ ၂၀၁၅ သမိုင်းရှိပါတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရစဉ်သမိုင်းမှာ ပြန်ကြည့်ရင် ကျွန်တော်တို့က ကိုယ့်ပါတီက မဟုတ်လို့ လုံးဝကြီး ကန့်ကွက် လိုက်မယ်၊ လုံး၀လက်တွဲမခေါ်တဲ့ ပုံစံမျိုး အဲဒါတွေ ဘယ်တော့မှမလုပ်ဘူး။ ဒီလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဘယ်ပါတီကမဆို နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးပြုတဲ့အဆို ဆိုရင် ဝိုင်းထောက်ခံပေးတယ်။ အဓိက ကျွန်တော်တို့ ကြည့်တာသည် လူပုဂ္ဂိုလ်ထက် နိုင်ငံသားတွေရဲ့ မျက်နှာကို ကြည့်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ အမြဲတမ်း ပြောနေကျစကားက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ ဘာမှမခွဲခြားဘဲနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားမျက်နှာကိုပဲ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီတွေ အနည်းစုရတဲ့ ပါတီတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ အကုန်ပူးပေါင်းနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း တကယ် ကောင်းကျိုးပြုတယ်ဆိုရင် ‌ထောက်ခံဖို့ ဝန်မလေးပါဘူး။ 

TREND ။        ။ ဒီမိုကရေစီ အစိုးရအသစ်နဲ့ လွှတ်တော်များ ပြန်လည်အသက်ဝင်လာပြီဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်၊ စာမျက်နှာသစ် နိုင်ငံရေးအခင်းအကျင်းမှာ တိုင်းရင်းသားပြည်သူအားလုံးအတွက် ဘယ်လို အကျိုးရလဒ်တွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လဲ၊ ဖြည့်စွက် ပြောကြားပေးပါဦး။
UTTU    ။    ။
ကျွန်တော်တို့တစ်တွေ ယုံကြည်ချက်က အခုထက် ပိုမိုပြီးတော့ တည်ငြိမ်အေးချမ်းသွားမယ်။ အခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်သွားမယ်။ အားလုံးပေါ့။ ဒါဆိုလို့ရှိရင် ဖြစ်ရောဖြစ်နိုင်ပါ့မလား ဆိုတဲ့ တချို့မေးခွန်းတွေ၊ တချို့လူတွေ သုံးသပ်ကြတာရှိတယ်။ ဒီလိုသုံးသပ်ကြပေမယ့် တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့က မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် စနစ်တိုင်းမှာ ထိုခေတ် စနစ်အပေါ်မှာ၊ အခြေခံသော မူဝါဒအပေါ်မှာ၊ သူတို့ကန့်သတ်တဲ့ မူဝါဒတွေ အပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုတွေ၊ ဖွံ့ဖြိးတိုးတက်မှုတွေ ဆောင်ရွက်ရပါ တယ်။ လက်ရှိအနေအထားသည် တိုင်းပြည် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည် ပိုမိုတည်ငြိမ်အေးချမ်းဖို့ ဒီဟာတွေကို ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံဟာ ပိုမိုတည်ငြိမ်အေးချမ်းမှု၊ ပိုမိုဖွံ့ ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ပြည်သူတွေ ရရှိပိုင်ဆိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ် 
  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 25

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61627

© 2022 - 2026 News. All Rights Reserved.