ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

ငြိမ်းချမ်းတဲ့လမ်းစဉ်ကိုပဲ ရွေးကြပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ် . . . 

 ၂၀၂၆ ၊ နိုဝင်ဘာ ၁

ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၏ အခြေအနေ၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းနှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

TREND ။        ။ စက်တင်ဘာ ၃ ရက်က ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လိုင်ဟာမြားကျေးရွာအနီးက ပတ္တမြားနဂါးသတ္တုတူးဖော်ရေးလုပ်ငန်းကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းအခြေအနေတွေ သိပါရစေ။
NYYW    ။    ။
လိုင်ဟာမြား ခနောက်စိမ်းတွင်းကတော့ ကုမ္ပဏီအနေနဲ့ လုပ်နေတာတော့ ကြာပါပြီ။ ၁၀ နှစ်ကျော်လောက် ရှိပါပြီ။ ခု ၂၀၂၆ ခုနှစ်မှပဲ ခနောက်စိမ်း သတ္တုရိုင်းကနေပြီးတော့မှ ကုန်ချော ၉၉ ဒသမ ၆၅ ရာခိုင်နှုန်းအထိ ၁၀ နှစ်ကျော်ကြာပြီးမှ ကုန်ချောကို ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒီလို ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခနောက် စိမ်းထုတ်လုပ်တဲ့နေရာ နှစ်ခုပေါင်းကို ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၀၀ ကျော် ပေးအပ်နိုင်ခဲ့ပါတယ်။ တိုင်းရင်း သားလူမျိုးပေါင်းစုံ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနေကြပါတယ်။

TREND ။        ။ ခုလိုကုန်ကြမ်းကနေ ကုန်ချောအထိ တိုးမြှင့်ထုတ်လုပ်လာနိုင်ပြီဆိုတော့ ဒေသတွင်း စီးပွားရေးလုပ်ငန်း အခြေအနေတွေ ဘယ်လို ရှိလာနိုင်ပါသလဲ။ ပြည်သူလူထုအနေနဲ့လည်း ဘယ်လိုအကျိုးအမြတ်တွေ ရှိလာနိုင်ပါသလဲ။
NYYW    ။    ။
ခုလက်ရှိကတော့ ကုန်ချောအထိ ထုတ်လုပ်လာနိုင်ပြီ ဆိုပေမယ့် လုပ်ငန်းရှင်အနေနဲ့ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဘာတွေအခက်အခဲ ရှိနေလဲဆိုရင် သူတို့ရဲ့ ပို့ကုန် လုပ်ငန်းလိုင်စင်ရဖို့ အချိန်ကြန့်ကြာမှု အခက်အခဲတွေ ရှိပါတယ်။ နောက် အခွန်ဆောင်တဲ့အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ ဒီကန့်သတ်ချက်လေးတွေ အဆင်ပြေသွားရင်တော့ လုပ်ငန်းရှင်အတွက် အဆင်ပြေသလို ကျွန်မတို့နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေ ပိုရမယ်။ ဒီလိုဆိုရင် အစိုးရ၊ လုပ်ငန်းရှင်၊ ဒေသခံ သုံးဦးသုံးဖလှယ် အဆင်ပြေသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်လေ့ လာတဲ့အချိန် အနည်းငယ်အတွင်းမှာတော့ တူးဖော်တဲ့နေရာတွေ သွားတယ်။ ခနောက်စိမ်းသန့်စင်တဲ့ အဆင့်ဆင့်ကို သွားရောက်လေ့လာဖြစ်တယ်။ သန့်စင်မှုကထွက်လာတဲ့ ရေဆိုးရေညစ်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင် ဘယ်လို ထိန်းသိမ်းဆောင်ရွက်တယ်ဆိုတာ လေ့လာတယ်။ နောက်ပြီး တူးဖော်မှုကနေ ခနောက် စိမ်းပါဝင်မှုမရှိတဲ့ ကျောက်သားတွေကို ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွင်း ပြန်သုံးတာတွေ ရှိတယ်။ အကြမ်းဖျင်းသိရတာက ပို့ကုန်လိုင် စင်ရဖို့ဆိုရင်လည်း နှစ်လလောက် ကြာမြင့်တာရှိတယ်။ ဒီလိုဆိုတော့ တစ်ဖက်ကဝယ်လက်နဲ့ အဆင်မ ပြေတာတွေ ရှိတယ်လို့ သိရပါတယ်။ အခွန်နဲ့ပတ်သက်ပြီးတော့လည်း အနည်းငယ်အခက်အခဲ ရှိတယ်လို့ သိရပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကတော့ အကြံဉာဏ်ပေးခဲ့တာ ရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုအဆင့်မှာသော် လည်းကောင်း၊ ပြည်သူ့လွှတ်တော်မှာသော်လည်း ကောင်း၊ အမျိုးသားလွှတ်တော်မှာ သော်လည်းကောင်း သက်ဆိုင်ရာ ရေးရာကော်မတီတွေ ရှိပါတယ်။ သဘာ၀ပတ်ဝန်းကျင်နဲ့ သတ္တုတူးဖော်ရေးနဲ့ပတ်သတ်တဲ့ ကော်မတီတွေရှိတယ်။ ဒီကော်မတီတွေဆီကိုလာပြီးတော့မှ  လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ အခက်အခဲတွေကို ကော်မတီတွေကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့မှ နိုင်ငံတော်အတွက် အကျိုးအမြတ်ရှိအောင် ဆောင်ရွက်ကြဖို့ လုပ်ငန်းရှင်တွေကို အကြံပြုခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း လွှတ်တော်က သက်ဆိုင်ရာကော်မတီ တွေဆီကို လာရောက်ပြီး ကုမ္ပဏီဘက်က အခက်အခဲတွေ လာရောက်တင်ပြမယ်လို့ ပြောပါတယ်။ ကော်မတီတွေကလည်း ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့  အဖြေရှာကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

TREND ။        ။ လက်ရှိ နိုင်ငံတော်သမ္မတကြီးအနေနဲ့ကလည်း ပြည်တွင်းကအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအပြင် နိုင်ငံခြားဝင်ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေကို ဂရုစိုက်ပြီး ထောက်ပံ့အား ပေးကူညီမှုတွေ လုပ်နေတယ်။ ဒီလိုအခြေအနေမှာ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲက ဘယ်အတိုင်းအတာထိ ပြေလည်မယ်လို့ မျှော်လင့်ပါသလဲ။
NYYW    ။    ။
နိုင်ငံတော်သမ္မတကြီးကလည်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ အားပေးတဲ့အချိန်လည်း ဖြစ်နေတယ်။ ကုမ္ပဏီဘက်ကလည်း နှစ်ပေါင်းများစွာ ခနောက်စိမ်းတူးဖော်ပြီး ကုန်ကြမ်းအနေနဲ့ ရောင်းခဲ့ကြရတယ်။ အဲဒီကာလမှာတော့ ထိုက်သင့်သလောက် မရရှိဘူးပေါ့။ အခုဆိုရင် ကုန်ချောကို ၉၉ ဒသမ ၆၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်တယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် ဂုဏ်ယူ ဝမ်းသာရပါတယ်။ အဆင့်မြင့် ကုန်ချောအနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ရောင်းချမှာဆိုတော့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အများကြီးရရှိအောင် ဆောင်ရွက်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်ကိုက်ကာလလို့ ပြောရမှာဖြစ်ပါတယ်။ ခုလည်း လွှတ်တော်လည်းရှိနေတော့။ အစိုးရရယ်၊ လွှတ် တော် ရယ်၊ လုပ်ငန်းရှင်ရယ် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ရင် အကောင်းဆုံးအဖြေတစ်ခု ထွက်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်ရှင့်။

TREND ။        ။ ပအိုဝ်းဒေသအနေနဲ့ ငြိမ်းချမ်းရေးကို လျှောက်လှမ်းခဲ့တာ ကြာပြီဖြစ်သလို ငြိမ်းချမ်းရေးကိုလည်း မပျက်မယွင်း ဆောက်တည်ထားနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကနေရရှိလာတဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အတွေ့အကြုံလေး မျှဝေပေးစေလိုပါတယ်။
NYYW    ။    ။
ကျွန်မတို့ဒေသက ငြိမ်းချမ်းနေတယ်ဆိုတာကလည်း တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ လူထုအကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်လို့ပါ။ လွန်ခဲ့တဲ့ နှစ်တွေမှာတော့ ပအိုဝ်းဒေသရဲ့ အစွန်အဖျားတွေ နယ်စပ်ဒေသတွေမှာတော့ စစ်ဘေးဒဏ်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒီလိုအခြေအနေတွေ မဖြစ်ချင်လို့ ကျွန်မတို့က ငြိမ်းချမ်းရေးကို ပိုတန်ဖိုးထား တာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ပျက်ပြားသွားရင် အဓိက ပြည်သူလူ ထုတွေရဲ့ နစ်နာဆုံးရှုံးမှုတွေက အများကြီးရှိတယ်။ ဒီလိုဖြစ်ရင် ပြန်လည်ထူထောင်ဖို့အချိန်တွေ အများကြီးယူရမယ်။ ဒါကြောင့် ကျွန်မတို့က ငြိမ်းချမ်းရေးကို ပိုပြီးတော့ လိုလားတယ်။ ပိုပြီးတော့မှ တန်ဖိုးထားတယ်။ ဒါကြောင့်  ကျွန်မတို့နိုင်ငံတွင်းက တိုင်းရင်းသားပေါင်းစုံအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံက ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ။ ဒါကြောင့် ငြိမ်းချမ်းတဲ့လမ်းစဉ်ကိုပဲ ရွေးကြပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

TREND ။    ။ စက်တင်ဘာ ၂၂ ရက်က ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မ တီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ အခြေစိုက် Shandong Huache Energy Technology Co.,Ltd. တို့ တွေ့ဆုံပြီး ဒီဇယ်စက်ခေါင်းတွေကို ဘက်ထရီလျှပ်စစ် စက်ခေါင်းတွေအဖြစ် အဆင့်မြှင့်ပြောင်းလဲ တပ်ဆင်ရေး ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး သိရပါစေ။
NYYW    ။    ။
တွေ့ဆုံခဲ့တဲ့ တရုတ်ကုမ္ပဏီနဲ့ ကျွန်မတို့နိုင်ငံတော်အစိုးရနဲ့ ဘက်ထရီစက်ခေါင်းတွေလုပ်ဖို့ ဆောင်ရွက်နေတာက အခုဆိုရင် တပ်ဆင်နေတာ ရှိတယ်။ အချို့လိုင်းတွေမှာဆိုရင်လည်း ပြေးဆွဲနေတာ တွေရှိပါတယ်။ တရုတ်ကုမ္ပဏီကတစ်ခုတည်း မဟုတ်ဘူး။ နှစ်ခုလောက် တင်ဒါအောင်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာ တပ်ဆင်ပြီးစီးပြီး ပြေးဆွဲနေတာတွေလည်း ရှိနေပြီ။ ကျန်တာတွေကို ဆက်လက်လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ တွေ့ဆုံမှုကတော့ တရုတ်ကုမ္ပဏီဘက်က သူတို့လုပ်ဆောင်ချင်တဲ့ ပုံစံလေးတွေ၊ ရေရှည်မှာ သူတို့သွားချင်တဲ့ ပုံစံလေးတွေ ကော်မတီကို လာပြီးမှ ဆွေးနွေးတာ ဖြစ်ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနဘက်ကလည်း မီးရထား စက်ခေါင်းနဲ့ပတ်သက်ပြီးတော့မှ ကော်မတီရယ်၊ ဝန်ကြီးဌာနရယ်၊ ကုမ္ပဏီရယ် သုံးပွင့်ဆိုင် တိုက်ရိုက်ဆွေးနွေးပြီးတော့ လိုအပ်ချက်တွေ တင်ပြကြတယ်။ ဆက်လက်ပြီးတော့ ကုမ္ပဏီဘက်က ဘယ်လိုလုပ်ချင်တယ်။ မီးရထားဘက်က ဘယ်လိုအခြေအနေရှိတယ်ဆိုတာ တွေ့ဆုံပြီးတော့မှ အစည်းအဝေး လုပ်ကြတဲ့သဘောပါ။

TREND ။   ။ အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးလည်း ဖြစ်တယ်။ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့အတွက် လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေမှာ အကန့်အသတ်တွေ ရှိပါသလား။ တန်းတူညီမျှတဲ့ အခွင့်အ ရေးတွေရော ရပါသလား။
NYYW    ။    ။
ကျွန်မတို့ လွှတ်တော်တစ်ခုလုံး မှာဆိုရင်တော့ အမျိုးသမီးတွေ ပါဝင်မှုကတော့ အထိုက်အလျောက်တော့ ရှိပါတယ်။ တိုင်းရင်းသားပါတီတွေမှာ ကြည့်လိုက်ရင်တော့ နည်းတဲ့အထဲမှာပါတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကျရာအခန်းကဏ္ဍမှာ နိုင်ငံအတွက် ဆောင်ရွက်မှာပါ။ ခုဆိုရင် ကော်မတီတိုင်းမှာ အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်တွေ ပါပါတယ်။ ကျွန်မကတော့ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီမှာ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခွင့်ရတဲ့အတွက် ကျွန်မအနေနဲ့ အင်မတန်မှ ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေ အားလုံးအတွက် ပို့ဆောင်ဆက် သွယ်ရေးကဏ္ဍဆိုတာ နိစ္စဓူဝသွားလာနေရတာဖြစ်တော့  အဲဒီကဏ္ဍလေးမှာ ထဲထဲဝင်ဝင် ပါဝင်ရတာကြောင့် ပြည်သူလူထုတွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်တာတွေ၊ သူတို့ရဲ့အခက်အခဲတွေကို ကျွန်မတို့ကော်မတီအနေနဲ့ ပေါင်းစပ်ပါဝင်ပြီး လူထုအတွက်၊ အများအကျိုးအတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေပြီးတော့မှ လုပ်ပေးရတာကို ကျွန်မအနေနဲ့ အင်မတန်မှ ဝမ်းသာ ဂုဏ်ယူရပါတယ်။ ဒါကြောင့် ပြည်သူနဲ့နိုင်ငံအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့အတူ ပေါင်းစပ်ပြီး အကောင်းဆုံးလုပ်ဆောင်သွား ပေးပါ့မယ်လို့ ပြောချင်ပါတယ်။

TREND ။     ။ လက်ရှိ အစိုးရလက်ထက်မှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် မီးရထားအခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်ဆောင်ထားတာ ရှိတယ်။ တစ်ဖက်မှာလည်း စိတ်မကောင်းဖွယ်ရာဖြစ်တဲ့ မီးရထားကို ခဲနဲ့ပေါက်တဲ့ ဖြစ်စဉ်မျိုးတွေ၊ ရထားနဲ့ မတော်တဆ တိုက်မိတဲ့ ဖြစ်စဉ်မျိုးတွေ ရှိတယ်။ ဒီကိစ္စရပ်တွေအပေါ် ဘယ်လိုသုံးသပ် ချင်ပါသလဲ။
NYYW    ။    ။
ကျွန်မတို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်အရ အမြန်ရထားတွေ တိုးချဲ့ပြေး ဆွဲလာကြပြီ။ ပြည်သူတွေကလည်း ရထားအပေါ်မှာ စိတ်ဝင်စားမှု များပါတယ်။ ရထားခရီးစဉ်တွေဟာ အချိန်လည်း တိကျတယ်၊ ဈေးနှုန်းကလည်း သင့်တင့်တယ်။ ဒီအပေါ်မှာ စိတ်ဝင်စားမှု များကြပါတယ်။ လမ်းခရီးမှာ မတော်တဆဖြစ်တာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့်လမ်းဆုံလမ်းခွတွေမှာ ပြည်သူလူ ထုတွေသိအောင် သတိပေးတဲ့ဆိုင်းဘုတ်တွေ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်ဆောင် ပေးဖို့လိုပါတယ်။ ရထားကိုခဲနဲ့ပစ်တဲ့ ကိစ္စတွေကလည်း လူထုကို အသိပညာတွေရလာအောင် ဟောပြောတာတွေ၊ အသိပညာပေးတာတွေ လုပ်ပေးဖို့ လိုပါတယ်။

TREND ။    ။ နောက်ဆုံးအနေနဲ့ ဒီတစ်ခေါက် ကျင်းပတဲ့ လွှတ်တော်မှာ ကိုယ်စားပြုရာဒေသက ပြည်သူတွေရဲ့အသံကို လွှတ်တော်က ကြားစေဖို့ ဘာတွေများ ယူဆောင်လာပါသလဲ။
NYYW    ။    ။
ကျွန်မက ပင်လောင်းမဲဆန္ဒနယ်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုံးမြို့နယ်ထဲက တစ်မြို့ နယ်ရဲ့ ကိုယ်စားပြုသူဖြစ်တယ်။ လွှတ်တော်နားစဉ် ကာလမှလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်နဲ့ပေါင်းပြီးတော့မှာ ဒေသအကျိုးကို ဆောင်ရွက်ပါတယ်။ ဒေသရဲ့ လိုအပ်ချက်အမျိုးမျိုးကို တင်ပြကြပါတယ်။ လိုအပ်ချက်မှာ ဒေသဦးစီးကိုယ်တိုင် လည်းပါတယ်။ ပြည်နယ်လည်း ပါတယ်။ ဌာနဆိုင်ရာလည်း ပါတဲ့အတွက်ကြောင့် တိုက်ရိုက်ဖြေရှင်းလို့ရတာကို ဌာနနဲ့ တိုက်ရိုက်ဖြေရှင်းပေးတာ ရှိပါတယ်။ ပြည်ထောင်စုအဆင့်နဲ့မှ ဖြေရှင်းပေးမှ ရမှာကိုတော့ လွှတ်တော်တွင်းမှာ မေးခွန်းတွေ မေးမြန်းသွားဖို့ ရှိပါတယ်။ ကျွန်မ မဲဆန္ဒနယ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံအတွက်  လိုအပ်ချက်တွေကို တတ်နိုင်သလောက် လွှတ်တော်မှာ မေးမြန်းသွားဖို့ ရှိပါတယ်။ ပြည်သူ့အသံတွေကို လွှတ်တော်ထဲ ယူဆောင်လာတာတွေ ရှိပါတယ်။ လိုအပ်တာတွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ အခြေအနေပေါ် မူတည်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ဆောင်ရွက်ပေးမှာပါ။ ဘတ်ဂျက်ဆိုတာ ဘယ်လိုမျိုးဆိုတာတော့ ကျွန်မရဲ့ ပြည်သူတွေ၊ ဒေသခံတွေသိအောင် ရှင်းပြထားပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို အမြန်ဆုံး ဖြည့်ဆည်းနိုင်အောင်တော့ လွှတ်တော်မှ သူတို့ အသံတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

TREND ။        ။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66237

© 2022 - 2026 News. All Rights Reserved.