၂၀၂၆ ၊ ဧပြီ ၃၀
လက်နက်နဲ့တိုက်လို့ ဘယ်တော့မှ အဆုံးအဖြတ်ရလာမှာ မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခရဲ့ အဆုံးအဖြတ်က တိုင်းပြည်နာတာပဲ ရှိပါတယ် ...
နိုင်ငံတော်အစိုးရက လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသည်။ NCA လက်မှတ် ထိုးထားသည့် EAO များ၊ NCA မထိုးရသေးသည့် EAO များ၊ NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် EAO များဟူ၍ အပိုင်းများခွဲကာ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး NCA ပါ သဘောတူညီချက်များကို ပြီးစီး အောင် မြင်သည်အထိ အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေး၊ တွေ့ဆုံဆွေးနွေး နိုင်ရေး ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်သွားကြရန် ဖိတ်ခေါ်ထား သည်။ အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO-NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ နိုင်ငံတော်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် အမြင်လေး ပြောပြပါဦး။
KOAK ။ ။ အခုကတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပေါ်လစီချလိုက်တယ်လို့ မြင်ပါတယ်။ ဘာတွေလုပ်မယ်ဆိုပြီး ပေါ်လစီ ချလိုက်တာပေါ့။ ပေါ်လစီ ချလုပ်ပေမယ့် အသေးစိတ် လုပ်မယ့် အဖွဲ့တွေရဲ့ ဖိတ်ကြားမှုတွေ၊ အစီအစဉ်တွေ ပါလာဖို့ လိုသေးတယ်။ အဲဒါတွေက မထွက်သေးဘူးဆိုတော့ အစိုးရအဖွဲ့ အစည်းအဝေး ထိုင်မယ်လို့ ကြားတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ရက် ၁၀၀ အတွင်းမှာတော့ ငြိမ်းချမ်းရေးအတွက် စတင်ဆောင်ရွက်နိုင်မယ့် ကိစ္စတွေပါ၊ ပြီးပြတ်မယ့် ကိစ္စတွေတော့ ဒီ ရက် ၁၀၀ အတွင်းမှာ မဖြစ်နိုင်သေးပါဘူး။ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးအတွက် အစပျိုးမယ်။ ပြန်ပြီးတော့ အစဖော် တယ်ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NCA ထိုးပြီးသား ခုနစ်ဖွဲ့ကလည်း Peace Forum တို့၊ Peace Talk တို့ ဒီကြားထဲမှာ တခြားနည်းနာတွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့တာ ရှိခဲ့တာကိုး။ ဒီသုံး၊ လေးနှစ်အတွင်းမှာ အဲဒီလို ဆွေးနွေးခဲ့တာတွေရှိခဲ့တော့ အဲဒါတွေကို ဆက်သွားမယ်ဆိုရင် NCA စာချုပ် အကောင်အထည်ဖော်တဲ့ကိစ္စတွေ ဖြစ်လာမှာပါ။ NCA စာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေလည်း စာချုပ်အပေါ်မှာ ဝေဖန်သုံးသပ်တာတွေ စာချုပ်နဲ့ပတ်သက်ပြီး နောက်ထပ် ဖြည့်စရာတွေ ဆွေးနွေးမှာပေါ့။ ဒီဆွေးနွေးမှုတွေကို ရက် ၁၀၀ အတွင်းမှာ စလုပ်မယ်၊ ပြန်လည်ဖော်ထုတ်မယ်၊ စလုပ်မယ်ဆိုပြီးတော့ ပေါ်လစီချတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ တစ်ခုခုတော့ အစတော့ ရှိရမှာပါ။ အစထွက်မှ ပန်းတိုင်ကိုရောက်ဖို့ လမ်းတစ်ဝက်လား၊ နောက်ပြီးတော့ ညှိနှိုင်းတဲ့အချိန်မှာ ၅၀၊ ၅၀ လား၊ သူလိုချင်တာ ၅၀၊ ကိုယ်လိုချင်တာ ၅၀ ဖြစ်မလား အဲဒီလိုတော့ ရှိတာပေါ့။ တစ်ဖက်ဖက်က ရာနှုန်းပြည့် သူသတ် မှတ်တဲ့ရလဒ်၊ ကိုယ်သတ်မှတ်တဲ့ ရလဒ်ဆိုတာမျိုးတော့ ရမှာ မဟုတ်သေးဘူး။ ဒါက ကျွန်တော်တို့ ဆွေးနွေးလာတဲ့ အတွေ့အကြုံအရ ပြောတာပါ။ ဒါကြောင့် ဆွေးနွေးတယ်ဆိုကတည်းကိုက နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှု ရရမယ်။ အပေးအယူ ရှိရမယ်။ အဲဒီလိုရှိမှ ဆွေးနွေးပွဲဆိုတာ အောင်မြင်မှာပါ။ ဒါကြောင့်မို့လို့ ဘယ်သူပဲ ဝင်ဆွေးနွေးဆွေးနွေး အဲဒီမူနဲ့ပဲ သွားမယ်လို့ ယူဆပါတယ်။
TREND ။ ။ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချက်အပေါ် ဘယ်လိုရှုမြင်လဲ။
KOAK ။ ။ ကြိုတင်ကန့်သတ်ချက်ဆိုတာက နှစ်ဖက်လုံး မထားမှ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း မထားနဲ့၊ နိုင်ငံတော် အစိုးရဘက်ကလည်းမထားနဲ့ အဲဒီလို အဓိပ္ပာယ်ကို ဆိုလိုတာပါ။ ကြိုတင်ကန့်သတ်ချက်ဆိုတာက တချို့အဖွဲ့တွေ ထုတ်ထားတာရှိတယ်။ သူတို့ရဲ့ ကြိုတင်စည်းကမ်းတွေကို လိုက်နာမှ၊ ကတိပြုမှ ဆွေးနွေးမယ်ဆိုပြီး ပြောတာရှိတယ်။ အဲဒါကြောင့် ကြိုတင်ကန့်သတ်ချက်မထားနဲ့ဆိုတာက ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့အတွက် ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပဏာမ Foundation ပေါ့ဗျာ။ ပလက်ဖောင်းဖြစ်ပါတယ်။

TREND ။ ။ ပြီးခဲ့တဲ့ကာလတွေမှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုတွေအရ NCA စာချုပ် အကောင်အထည်ဖော်တဲ့ကိစ္စတွေ ဖြစ်လာမယ်ဆိုတော့ အခု အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ဘယ်လိုအခြေအနေ အခင်းအကျင်းတွေ ပေါ်လာနိုင်လဲ။
KOAK ။ ။ အဆင့်သုံးဆင့်တော့ ပေါ်လာနိုင်ပါတယ်။ တစ်က NCA ထိုးပြီးသားအဖွဲ့တွေက သဘောတူပြီးသား၊ ထိုးပြီးသား အပစ်အခတ်ရပ်စဲရေး ရှိပြီးသားဆိုတော့ NCA စာချုပ် အကောင်အထည်ဖော်ဖို့ ကိစ္စ ဆက်သွားလို့ရမယ်။ NCA မထိုးရသေးတဲ့ အဖွဲ့တွေကျတော့လည်း NCA အပေါ်မှာ သုံးသပ်ဆွေးနွေးတာတို့၊ နောက်ထပ် ဖြည့်စွက်တာတို့၊ အဲဒါနဲ့ NCA ထိုးမယ်ဆိုရင် NCA ကို နောက်ဆက်တွဲနဲ့တကွ ထိုးတာတို့ အဲဒီလိုတွေ ဖြစ်လာနိုင်တယ်။ အဲဒီမှာမှ ကြားထဲမှာ ခိုးလိုးခုလု ဖြစ်နေတာက NCA ထိုးပြီးတော့ ပြန်ထွက် သွားတဲ့အဖွဲ့၊ လက်မှတ်မထိုးထားတာ မဟုတ်ဘူး၊ NCA လက်မှတ်ထိုးခဲ့ပြီးပြီဖြစ်ပေမယ့် NCA ပျက်ပြီဆိုပြီး ထွက်သွားတဲ့အဖွဲ့တွေ ပြန်ဝင်လာရင်တော့ NCA လမ်းကြောင်းဝင်မလား၊ လမ်းကြောင်းအသစ်လားဆိုတာ အသေအချာ မပြောနိုင်သေးပေမယ့် ဒါလည်း တွေ့ဆုံဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ဖြစ်လာမှာပါ။ ဒါကြောင့် ဒီဆွေးနွေးမှုတွေကို ရက် ၁၀၀ အတွင်းမှာ စလုပ်မယ်လို့ ပြောတာက ရောပြီးတော့ ဆွေးနွေးလို့ မရဘူး။ တစ်ဆင့်ချင်း ဆွေးနွေးသွားရင် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
TREND ။ ။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်က ပြီးခဲ့တဲ့အစိုးရနှစ်ဆက် သမ္မတဦးသိန်း စိန်၊ NLD လက် ထက်တို့မှာ NCA ရေးထိုးခဲ့ကြတဲ့ အဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။
KOAK ။ ။ NCA ၁၀ဖွဲ့နဲ့ ပတ်သက်ရင် သုံးဖွဲ့ကတော့ NCA ပျက်ပြီဆိုပြီး NCA ကနေ ထွက်ခွာသွားခဲ့တယ်။ ဒါကတော့ သူတို့ကိစ္စမို့ မပြောတော့ပါဘူး။ ကျွန်တော်တို့ NCA လမ်းကြောင်းကိုပဲ ကိုင်စွဲပြီးတော့၊ လိုက်နာပြီးတော့ ထိန်းသိမ်းနေတဲ့ အဖွဲ့တွေကျတော့ NCA စာချုပ်မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဆက်လက် ဆွေးနွေးရမှာပေါ့။ အဲဒီ အကောင်အထည်ဖော်မှုမှာ NCA လမ်းပြ မြေပုံမှာ တိတိကျကျရေးထားတာက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွေ ခေါ်ယူရမယ်။ ငြိမ်းချမ်းရေးညီလာခံက ဆွေးနွေးချက်တွေ နိုင်ငံရေးသဘောတူညီချက်တွေကနေတစ်ဆင့် လက်ရှိဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိဥပဒေတွေကို ပြင်သွားမယ်ဆိုတဲ့ NCA ရဲ့ လမ်းညွှန်ချက်တွေက ရှိပြီးသား ဖြစ်တာကိုး။ အဲဒါတွေ ဆက်လုပ်သွားဖို့၊ ဆက်ပြီးတော့ ဖော်သွားဖို့ ကျွန်တော်တို့ NCA ထိုးပြီး သားအဖွဲ့တွေရဲ့ တာဝန်ဖြစ်တာပေါ့။ ဆွေးနွေးရမယ့် Agenda ပေါ့။ မထိုးသေးတဲ့ အဖွဲ့တွေကလည်း သူတို့ Agenda သက်သက်ရှိတာပေါ့။ ထိုးပြီးမှ ပြန်ထွက်သွားတဲ့ အဖွဲ့တွေလောက်ပဲ ဒီလမ်းကြောင်းနဲ့ ဘယ်လိုပါ မလဲဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။ ဒါတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါကြောင့် NCA ထိုးထားတဲ့ အဖွဲ့ တွေရယ်၊ ထိုးပြီးတော့ ပြန်ထွက်သွားတဲ့ အဖွဲ့တွေရယ်၊ နောက်ပြီးတော့ လုံးဝမထိုးရသေးတဲ့ အဖွဲ့တွေ ရယ် အဲဒီလိုတော့ခွဲပြီးတော့ ဆွေးနွေးသွားမယ်လို့ ယူဆပါတယ်။ ဆွေးနွေးပွဲ အဆင့်သုံးဆင့် ပေါ်လာနိုင်တဲ့ကိစ္စတော့ အခုလက်ရှိ ဒီကိစ္စ ကိုင်တွယ်နေတဲ့ အစုအဖွဲ့တွေကပဲ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဖိတ်ခါ်လာတဲ့အပေါ်၊ အခင်းအကျင်းအပေါ် ကြည့်ပြီးတော့ လမ်း ကြောင်းက ရှိထားပြီး သားဆိုတော့ စောင့်ကြည့်ရမှာပါ။ အခုကဝောာ့ NSPNC က ခပ်သွက်သွက်တော့ လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်တဲ့အဖွဲ့ကလည်း ခပ်မြန်မြန်၊ ခပ်သွက်သွက် တိုင်ပင်နေ ကြတယ်လို့ သတင်းရပါတယ်။ အဲဒါလည်း ကောင်းတဲ့ လက္ခဏာပါပဲ။ လာမယ့်အပတ်ထဲမှာလည်း သဘောထားတွေ ထွက်လာနိုင်ပါသေးတယ်။
TREND ။ ။ NCA ရေးထိုးတဲ့ NCA လမ်း ကြောင်းပေါ် ရပ်တည်နေတဲ့ 7 EAO Alliance အနေနဲ့ကရော ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆက်လက် ပါဝင်ဆောင်ရွက်မလဲ။
KOAK ။ ။ အခုကတော့ ကျွန်တော်တို့ လုပ်နိုင်တာက ကြားကာလလို ဖြစ်သွားတာပေါ့လေ။ ဒီလွန်ခဲ့တဲ့ လေး၊ ငါးနှစ်က ကြားကာလလို ဖြစ်သွားတဲ့ အချိန်မှာတော့ အရင် ၁၀ နှစ်ပေါ့၊ ဦးသိန်းစိန် ငါးနှစ်၊ ဒေါ်စု ငါးနှစ်မှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဘယ်လောက် အောင်မြင်လဲ၊ ဘယ်လောက် မအောင်မြင် ဘူးဆိုတာကို ပြန်လည်သုံးသပ်တဲ့ Review ပေါ့။ Peace Process Review ကိုပဲ လုပ်နိုင်သေးတယ်။ အဲဒီ Review တွေ လုပ်ထားခြင်းအားဖြင့် ဘာတန်ဖိုးရှိလဲဆိုရင် Peace Process တွေကို ပြန်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့က လုပ်ထားတဲ့ Review ကို အခြေခံပြီးတော့ Peace Process အ ကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းချက်က ဒါတွေ ဖြစ်ပါတယ်။ အားသာချက်က ဒါတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအားသာချက်တွေကိုယူ၊ အားနည်းချက်တွေကို ပြုပြင်ပြီးတော့ Peace Process အောင်မြင်အောင် ဆက်သွားသင့်တယ်ဆိုတာမျိုး ဆွေးနွေးရင် Review ကို ကိုင်ပြီး စဆွေးနွေးဖို့၊ ဆွေးနွေး ပြီးရင် နောက်ထပ် NCA အကောင်အထည်ဖော်ဖို့ မဟာဗျူဟာကို တင်သွင်းသွားဖို့ပေါ့။ ဒါကတော့ ကျွန်တော်တို့ ရှိပြီးသား NCA ခုနစ်ဖွဲ့ က ပြင်ဆင်နေတာပေါ့။ ကျန်တဲ့အဖွဲ့တွေတော့ ကျွန်တော် မသိဘူး။ သူတို့ ထွက်သွားတဲ့အဖွဲ့က ဘယ်လိုပြင်မယ်၊ တချို့ကလည်း ပြန်မလာဘူးလို့ ပြောတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ မဖြစ်နိုင်တာ မရှိတော့ အပြောင်းအလဲ လည်း ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ လုံး၀ မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေ၊ 'ဝ'တို့၊ မိုင်းလားတို့၊ SSPP တို့၊ ကချင်တို့၊ မြောက်ပိုင်းအဖွဲ့တွေမှာလည်း သူတို့ Idea ရှိကြပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို ဘယ်လိုပုံစံ၊ ဘယ်လိုကဏ္ဍ၊ ဘယ်လိုပုံ ဖိတ်ခေါ် မလဲ၊ သူတို့အနေနဲ့ ဘယ်လို ပြန်ချဉ်းကပ်မလဲဆိုတာကတော့ သူတို့ မဟာဗျူဟာနဲ့သူတို့ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ ခန့်မှန်းရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စကားပြောမယ်၊ ညှိနှိုင်းမယ်ဆို ကတည်းက နှစ်ဖက် အပစ်အခတ်ရပ်စဲရေးလေးကတော့ အရင်ပဏာမ ရပ်စဲထားဖို့ လိုတဲ့အတွက် တစ်ဖက်က ရန်လိုမှုတွေ၊ ပဋိပက္ခတွေ သွားနိုင်တယ်။ အဲဒီလို ခန့်မှန်းပါတယ်။
TREND ။ ။ နှစ်ဖက်က အပစ်အခတ်ရပ်စဲ ရေးကိစ္စက ဘယ်လိုအခင်းအကျင်း၊ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်လာမလဲ၊ ဒါကို နှစ်ဖက်ဘယ်လိုချိတ်ဆက်ဆောင်ရွက်ကြမလဲ။
KOAK ။ ။ သူရပ်ချင်တဲ့ အဖွဲ့နဲ့ဆိုရင်တော့ စကားပြောမယ့်အဖွဲ့တော့ သူရပ်မှာပေါ့။ စကားမပြောတဲ့အဖွဲ့နဲ့တော့ သူဘယ်ရပ်မလဲ။ ဒါကြောင့် ဖြစ်နိုင်ရင် နေပြည်တော်ဘက်က စကားပြောဖို့ လက်ခံလိုက်ပြီဆိုရင် အဲဒီအဖွဲ့နဲ့ကစပြီးတော့ အပစ်ရပ်ရတော့မှာပေါ့။ အပစ်မရပ်ဘူးဆိုရင်ဝော့ာ စကားပြောဖို့ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် အပစ်ရပ်ဖို့အတွက် နှစ်ဖက်တောင်းဆိုရမှာပေါ့။ နှစ်ဖက်တောင်းဆို လို့ အပစ်ရပ်သွားရင် အဲဒီနှစ်ဖွဲ့ကြားမှာ ဆွေးနွေးပွဲ ဖြစ်လာမှာပါ။ မူအားဖြင့်တော့ ကျွန်တော် အဲဒီလိုပဲ မြင်ပါတယ်။
TREND ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုမှာ မြောက်ပိုင်းအဖွဲ့တွေ ပါလာနိုင်သလား။
KOAK ။ ။ သတင်းသဲ့သဲ့တော့ ကြားတယ်။ မြောက်ပိုင်းအဖွဲ့တွေထဲမှာ ဥပမာ မိုင်းလားဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ထိုးချင်နေတာပဲ။ ဒါပေ မဲ့ ထိုးခွင့်မကြုံဘူး။ SSPP ဆိုရင်လည်းပဲ သူ ပါချင်တာပဲ။ သူတို့က Bilateral (နှစ်ဖက်သဘောတူညီချက်စာချုပ်)ထိုးထားတဲ့ အဖွဲ့တွေ။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် Bilateral ထိုးထားပြီးပြီဆိုရင် Nationwide ထဲမှာလည်း ပါလာဖို့ သူတို့အနေနဲ့ ထပ်မံဖြည့် စွက်တောင်းဆို လို့ရတာပေါ့။ အဲဒါကလည်း ဖြစ်ပေါ်လာမယ့်ကို အခြေအနေကို စောင့်ကြည့်ရမှာပါ။ ဘာပဲပြောပြော သူတို့ဒေသတွေမှာ အပစ်ရပ်နေတာကိုက ပြည်သူတွေအတွက် အနည်းဆုံးတော့ သက်သာရာ သက်သာကြောင်း ဖြစ်တာပေါ့။ အဲဒါကြောင့် မြောက်ပိုင်းအဖွဲ့အတွက်တော့ အပစ်ရပ်ထား တာကနေတစ်ဆင့် ဆွေးနွေးပွဲ တက်လာမယ်ဆိုရင်လည်း တက်လာနိုင်တဲ့ အခြေအနေတွေရှိတာပေါ့။
TREND ။ ။ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မှာက NCA ထိုးတဲ့ အဖွဲ့တွေအနေနဲ့ NCA ပါ သဘောတူညီ ချက်တွေကို ပြီးစီးအောင် အတူတကွ ပူးတွဲအကောင် အထည်ဖော်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရမယ်ဆိုတာပါတော့ ဒါကို အကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးပမ်းမလဲ။
KOAK ။ ။ သဘောတူပြီးသားကို အကောင်အထည်ဖော်တာပါ။ သဘောတူပြီးသားတွေကို အကောင်အထည် မဖော်နိုင်သေးတာတွေ ရှိတယ်။ အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် နှစ်ဦးနှစ်ဖက် ဝိုင်းကြိုးစားရမယ်ဆိုတာ နိဒါန်းမှာလည်း ပါပါတယ်။ အောင်မြင်သည်အထိ နှစ်ဦးနှစ်ဖက် အကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ပြုသည်ဆိုပြီးတော့ NCA နိဒါန်းမှာ ပါပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုး ထားတဲ့သူတွေက NCA ကို အကောင်အထည်ဖော်ဖို့ တာဝန်လည်း ရှိပါတယ်။ ဒါကြောင့် အခုထက်ထိ အကောင်အထည်မဖော်နိုင်တာတော့ ပြန်လည်သုံးသပ်ပြီး Review လုပ်ပြီးတော့ အကောင်အထည်ဆက်ဖော်ရမှာပါ။
TREND ။ ။ NCA မရေးထိုးရသေးတဲ့ အဖွဲ့တွေ ကိုယ့်ဒေသနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက် သဘောတူညီထားတဲ့ သဘောတူညီချက်များအတိုင်းအစိုးရနဲ့ လက်တွဲပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ ဒီဖိတ် ခေါ်ချက်အပေါ် ဘယ်လိုမြင်လဲ။
KOAK ။ ။ NCA မထိုးထားတဲ့ အဖွဲ့တွေကတော့ NCA အပေါ်မှာ မကျေနပ်တာရှိမယ်။ မကြိုက်သေးတာ ရှိမယ်။ ပြင်ဆင်ချင်တဲ့အရာတွေ ရှိမယ်။ ဒါကြောင့် NCA ဆိုတာက နောက်ထပ် အချိန်မရွေး ပါဝင်ထိုးချင်တဲ့သူက ထိုးလို့ရတယ်။ သူတို့ထည့်သွင်းချင်တဲ့ နောက်ဆက်တွဲတွေ ထည့်မယ်ဆိုလည်း ညှိနှိုင်းပြီးတော့ ထည့်လို့ရတယ် NCA + ပေါ့။ အဲဒီပုံစံနဲ့ လုပ်ပြီးတော့ လက်မှတ်ဝင်ထိုးလည်းရနေတာပဲ။ ဒါတော့ မထိုးသေးတဲ့ အဖွဲ့တွေရဲ့ ပြင်ဆင်မှုပေါ့။ သူတို့လည်း သူတို့တောင်း ဆိုချင်တာတွေ ရှိမယ်။ ထည့်ချင်တာတွေ ရှိမယ်။ ဥပမာ မိုင်းလားဆိုရင် သူတို့ဒေသကို တရားဝင်ပေ့ါ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမျိုး သတ်မှတ်ပေးတာ လိုချင်တယ်၊ အဲဒီလို လိုချင်ရင် သူတို့ Bilateral မှာကိုပဲ အဲဒီအချက်ကို ထပ်ထည့်ပြီးတော့ NCA + 1,2,3 ပေါ့၊ သူလိုချင်တဲ့ အချက်တွေ ထည့်ပြီး တော့ ထိုးသွားရင်လည်း ရတာပဲ။ အဲဒါမျိုးတွေ ဖြစ်လာ နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ နှစ်ဖက်သဘောတူ ညီထားချက်တွေက Bilateral မှာ ပါတယ်။ တစ်ဖွဲ့ချင်း စီပေါ့၊ သူတို့ ဒေသအလိုက်၊ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိတယ်။ SSPP တို့ဆိုရင် အဲဒီလို ထိုးထားတာ။ Nationwide မှာသာ မထိုးရသေးတာ၊ ပြည်နယ်အဆင့် ထိုးထားတာ ရှိတော့ အဲဒီအထဲမှာပါတဲ့ အချက်တွေကို အစိုးရနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ ရည်ညွန်းထားတာပါ။ သို့သော် လည်းပဲ ဘာပဲဖြစ်ဖြစ် အားလုံးကို ပြန်လည်ပြီးတော့ Review ပြန်လုပ်ပြီး နောက်ဆုံး Nationwide အထိ ပါလာဖို့ လိုတဲ့ဟာကို ကြိုးစားရမှာပါ။
TREND ။ ။ NCA လမ်းကြောင်းက သွေဖည် နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရေး ပြန်လုပ်ဖို့ ဖိတ်ခေါ်မှုကရော ငြိမ်းချမ်းရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရလာနိုင်လဲ။
KOAK ။ ။ ကျွန်တော်ထင်တယ်၊ မြောက်ပိုင်းအဖွဲ့တွေကတော့ KIA က လွဲလို့ပေါ့၊ လာကြမယ်။ ကျွန်တော်တွက်တာပေါ့။ မြောက်ပိုင်းအဖွဲ့တွေကတော့ နဂိုကတည်းက အပစ်ရပ်ထားတာပေါ့။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ TNLA၊ MNDAA၊ 'ဝ'၊ မိုင်းလားကတော့ သူတို့ဆီမှာ အပစ်ရပ်ထားပြီးသား ဖြစ်တာကိုး။ ဒါကြောင့် တစ်စိတ်တစ်ပိုင်းကတော့ ငြိမ်းချမ်းရေးရယူပြီးသား ဖြစ်နေတော့ Nationwide စာချုပ်နဲ့ပတ်သက် ပြီးတော့ ဖိတ်ခေါ်ရင် သူ့တို့လည်း သူတို့သဘောထား ပြောပြီးတော့ ပါလာနိုင်တယ်။ ဒါကြောင့် ကျွန်တော်ထင်တယ်၊ အလယ်အလတ်အုပ်စု၊ ခေါင်းမာအုပ်စုနဲ့ NCA ထိုးပြီးသား အုပ်စုတော့ သုံးဖွဲ့ကွဲသွားနိုင်တယ်။ ခေါင်းမာကတော့ နောက်ဆုံးအဆင့်ကျန်ရင် ကျန်နေမှာပေါ့။ ဒါပေမဲ့ လက်နက်နဲ့တိုက်လို့ ဘယ်တော့မှ အဆုံးအဖြတ် ရလာမှာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော် လက်နက် ကိုင်ပဋိပက္ခရဲ့ အဆုံးအဖြတ်က တိုင်းပြည်နာတာပဲ ရှိပါတယ်။ ဆွေးနွေးပွဲက အဆုံးအဖြတ်ဖြစ်နေတာ လည်း အားလုံးအသိပါပဲ။ ဒါကြောင့် ဆွေးနွေးပွဲကို ဘယ်လိုဝင်ကြမလဲဆိုတာပဲ ပြင်ဆင်ပုံ ပြင်ဆင်နည်း မတူကြတာဘဲ ဖြစ်ပါတယ်။

TREND ။ ။ အခုဆိုရင် လက်နက်ကိုင်အဖွဲ့ အသီးသီးဆီကို ရောက်နေကြတဲ့ PDF တွေဟာ နိုင်ငံတော်ရဲ့သဘောထားအမှန်ကို သိရှိပြီးတော့ လက်နက်ချ အလင်းဝင်လာကြတာ များပြားလာတာ တွေ့နေရတယ်။ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ လျော့ကျရေးနဲ့ PDF တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ် လာနိုင်လဲ ဆက်စပ်သုံးသပ်ပြပါဦး။
KOAK ။ ။ အဲဒါကတော့ ကျွန်တော်သဘောထား မပေးနိုင်ဘူး။ PDF လည်း ကျွန်တော် မပတ်သက်ဘူး။ သူတို့ထွက်သွားတယ်၊ ဝင်သွားတယ်ဆိုတဲ့ အပေါ်မှာလည်း ဝေဖန်ဖို့ ခက်ပါတယ်။ သူတို့အနေအထားနဲ့ သူတို့ပေါ့။ ကျွန်တော်တို့က လာရာနဲ့ လားရာ မတူဘူး။ တိုင်းရင်း သားလက်နက်ကိုင်တွေရဲ့ နှစ်ပေါင်း ၇၀ ကျော် လှုပ်ရှားမှုနဲ့ အခု သုံး၊ လေးနှစ်မှာ လှုပ်ရှားလာတဲ့ အဖွဲ့တွေနဲ့ မတူကြဘူး။ မတူကြတော့ မတူတဲ့အခြေခံကို သွားပြီးတော့ မသုံးသပ်တတ်ဘူး၊ ဒါကြောင့် သဘောထားမပေးတာပါ။
TREND ။ ။ ပြည်ပရောက်နေတဲ့ ဆန့်ကျင်ဘက် အုပ်စုတွေကရော နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ပါ ဝင်လာနိုင်သလား။
KOAK ။ ။ မသိဘူးဗျ၊ ဒါပေမဲ့ သူတို့ချည်း ပဲတော့မရဘူး။ ဒါကြောင့် သူတို့ နောက်ဆုံးဖွဲ့လိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဘာညာ အဲဒီအဖွဲ့ကတော့ ချိတ်လိုက်တာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ချိတ်လိုက်တဲ့ အခါကျတော့ Package လုပ်လိုက်တဲ့အခါကျတော့ အဲဒီ Package အနေနဲ့က တော့ ဝိုင်းထဲကို ဆွဲသွင်းလာနိုင်တာပေါ့။ Package ဖြစ်သွားတာကိုး။ ဥပမာ KIA ၊ KNU၊ KNPP/ CNF ဒါတွေက Package ထဲမှာ ရှိပြီးသား၊ NUG / CRPH ဆိုတာက Package မရှိတဲ့အခါကျတော့ Package တွဲလိုက်တဲ့ သဘောပါပဲ။ Package တွဲလိုက်ပြီးတော့ ဒီ Package တွဲလိုက်တဲ့ဟာကို နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုး ရအဖွဲ့က ဘယ်လို သဘောထားမလဲဆိုတာ သူတို့ အကဲစမ်းလိုက်တဲ့သဘောလို့ ယူဆပါတယ်။ အဲဒါကို တော့ သက်သက်ခေါင်းစဉ်နဲ့၊ အခြေအနေနဲ့ သုံးသပ်ရမှာဖြစ်တော့ ကျွန်တော်တို့က တိုင်းရင်းသားလက် နက်ကိုင်ဘက်က သုံးသပ်ဖို့ မသင့်တော်ပါဘူး။
TREND ။ ။ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ၊ NCA အကောင်အထည်ဖော်မှုတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးနဲ့ပတ်သက်ပြီး အကြံပြုလိုတာရှိရင် ဖြည့်စွက်ပြောကြားပေးပါဦး။
KOAK ။ ။ ကျွန်တော်တို့ NCA ထိုးထားတဲ့ အဖွဲ့ကတော့ ကြီးကြီးကျယ်ကျယ် ပြောစရာမရှိပါဘူး။ NCA ထိုးထားပြီးသားဖြစ်တော့ ကျင့်ဝတ်တွေအတိုင်း ပူးပေါင်းအကောင်အထည်ဖော်ကြမယ်။ အကောင်အထည်ဖော်ဖို့အတွက် ဦးစားပေးသင့်တယ်။ အခုလက်ရှိ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို လည်း အဲဒီလို အကြံပြုတောင်းဆိုချင်ပါတယ်။ ကျန်တဲ့ အဲဒီထက်ပိုပြီးတော့လည်း အများကြီးမပြောချင် ပါဘူး။ NCA မှာက တော်တော်ပြည့်ပြည့်စုံစုံ ရေးထားပြီးသား ဖြစ်ပါတယ်။ NCA ရဲ့ လမ်းပြမြေပုံကို ဆက်လိုက်ပါ။ NCA ရဲ့ ကြားကာလ စီမံချက်များဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ပါ။ ပူးပေါင်းပါ။ ကျွန်တော်တို့ကတော့ ဆွေးနွေးမယ်ဆိုရင် ဒါပဲ။ နောက်ပြီးတော့ Peace Process Review လုပ်ထား ပြီးသားရှိပါတယ်။ အဲဒီ Review ကိုလည်း သက်ဆိုင်ရာ ဆွေးနွေးဘက် အဖွဲ့အစည်းတွေကို တင်ပြပြီးတော့ Review အတိုင်း အားနည်းချက်တွေကို ပြင်မယ်။ အားသာချက်တွေကို မြှင့်တင်ပေးမယ်ဆိုရင် ရပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာလဲ အဲဒီလောက်ပါပဲ။ တကယ်လို့ NCA မထိုးတဲ့အဖွဲ့တွေ NCA လမ်း ကြောင်းပေါ် ရောက်လာပြီဆိုရင် အဲဒီဒေသမှာ တည်ငြိမ်အေးချမ်းမှုရလာမယ်။ NCA လမ်းပြမြေပုံအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားရင် အဖွဲ့ပိုစုံလာတာပေါ့။ ပိုစုံလာပြီးတော့ နိုင်ငံရေးအမြင်၊ အတွေးအခေါ်တွေ၊ နိုင်ငံရေးသဘော တူညီချက်ရရှိစေဖို့ ပိုပြီးတော့ နီးစပ်လာနိုင်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေး သဘောတူညီချက်ရမှ သေချာပေါက် ငြိမ်းချမ်းရေးရမှာကိုး။ နိုင်ငံရေး သဘောတူညီချက် မရမချင်းကတော့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်။ နိုင်ငံရေး သဘောတူညီချက်တွေက နောက်ဆုံး ဆွေးနွေးတိုင်ပင်ပြီးတော့ ရလာတဲ့ဟာတွေက အဆုံးအဖြတ်ဖြစ်မှာပါ။ ဒါကြောင့် နိုင်ငံရေး သဘောတူညီချက်တွေ ရရှိဖို့အတွက် အားလုံးပါဝင်လာ ပြီးတော့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ပိုပြီး တော့ သာယာတဲ့ တည်ငြိမ်အေးချမ်းတဲ့တိုင်းပြည် ဖြစ်လာမှာပါ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )