၂၀၂၆ ၊ ဇန်နဝါရီ ၂
၂၀၂၅-၂၆ ခုနှစ်တွင် ကျင်းပသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ လသာမြို့နယ်ဥက္ကဋ္ဌ၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလေးဝင်းနှင့်တွေ့ဆုံ၍ အပိုင်း(၂) တွင် ပါဝင်ယှဉ်ပြိုင်ခြင်းနှင့် လသာမြို့နယ်မှ ပြည်သူများအတွက် ဆောင်ရွက်ပေးမည့်အချက်များကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။
TREND ။ ။ ဆရာ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီနဲ့ ကိုယ်စားပြု မဲဆန္ဒနယ်ကို ပြောပြပေးပါဦး။
ULW ။ ။ ကျွန်တော်က မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ လသာမြို့နယ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ လသာမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။
TREND ။ ။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အဓိကအချက်တွေကိုလည်း ပြောပြပေးပါဦး။
ULW ။ ။ ကျွန်တော် ပြောချင်တာကတော့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဗဟိုဥက္ကဋ္ဌ ဦးကျော်စွာစိုးရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေ၊ ပါတီနဲ့ပတ်သက်တဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ကြိုက်နှစ်သက်လို့ ပါတီကို ဝင်ရောက်ခဲ့ပြီး အခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ ရင်ဆိုင်ကျော်ဖြတ်နေ တာတွေကို ကိုယ်တိုင် မားမားမတ်မတ် ရပ်တည်ပြီး ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ပြီး သူကိုယ်တိုင် လက်ရှိလှုပ်ရှားမှုတွေကို ကြည့်ပြီး၊ ဆုံးဖြတ်ပြီးတော့ ယုံကြည်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
TREND ။ ။ပါတီအနေနဲ့ ပြည်သူတွေအတွက် ဘယ်လိုအချက်တွေကို အဓိကထား ဆောင်ရွက်ပေးသွားမလဲ။
ULW ။ ။ ကျွန်တော်တို့ ပါတီအနေနဲ့က မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဆိုသော်လည်း တောင်သူလယ် သမားတွေကိုပဲ ကိုယ်စားပြုတာမဟုတ်ဘဲနဲ့ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပြည်သူတွေ ထဲက ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေ ခံစားနေရတဲ့၊ ကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ပြည်သူတွေ လုံခြုံမှုရှိဖို့အရာတွေ အားလုံးကိုလည်း ကျွန်တော်တို့ ခံစားနေရတယ်။ ကျွန်တော်တို့ကလည်း ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ခံစားနေရတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ဆိုရင် ကုန်ဈေးနှုန်းကို ဒီ့ထက်ပိုပြီး ဖြေလျှော့နိုင်ဖို့၊ ဈေးသက်သာဖို့ကို ပိုပြီးတော့ ရည်ရွယ်ချက်ရှိတဲ့အတွက် ဆောင်ရွက်ပေးသွားမယ်။ မြန်မာပြည်မှာက အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အားလုံးက ဒေသထွက်တွေဖြစ် တယ်။ မြန်မာနိုင်ငံကထွက်တဲ့ စားသောက်ကုန်တွေပဲ၊ ဒီစားသောက်ကုန်တွေ ဈေးနှုန်းကြီးမြင့်တာက မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကောင်းမွန်တဲ့ ဈေးနှုန်းတစ်ခုနဲ့ စားသောက်သင့်တယ်လို့ ထင်တယ်။ ပါတီဥက္ကဋ္ဌကြီးကလည်း ဒီလိုပဲ ကုန်ဈေးနှုန်းကိစ္စကို ဒီ့ထက်ပိုပြီး ဖြေလျှော့နိုင်အောင် ကြိုးစားမယ်။ နောက် တစ်ခုက တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေကိုလည်း ဒီ့ထက်ပိုပြီးတော့ ဆောင်ရွက်နိုင်အောင်နဲ့ ပြန် လည်ရရှိရေးတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်။ အခြေခံလူတန်းစားတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့နဲ့ အလုပ်သမားတွေ ဝင်ငွေတိုးအောင် လည်းကိုလည်း အများကြီးကြိုးစားသွားဖို့ ရှိပါတယ်။
TREND ။ ။ လူငယ်တော်တော်များများ ပြည်ပကို သွားရောက်ပြီး အလုပ်လုပ်နေကြတယ်။ ပိုပိုပြီး များလာတယ်။ ဒီလိုလူငယ်တွေအတွက်လည်း ဘာတွေဆောင်ရွက်ပေးသွားမလဲ။
ULW ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေက အခြေခံပညာကို ပြီးဆုံးအောင် မသင်ကြားဘဲနဲ့ ပြည်ပကို သွားရောက်ပြီး အလုပ်လုပ်ကိုင်တာတွေ ရှိတယ်။အခွင့်အလမ်းရှာကြတယ်။ ဒီလို အခွင့်အလမ်း ရှာတဲ့အခါမှာ လူငယ်တွေအတွက် ပညာရေးစနစ်၊ ဒီ့ထက်ပိုမို ကောင်းမွန်ပြီးတော့ ထိရောက်တဲ့ ပညာရေး စနစ်ကိုလည်း ထားရှိစေချင်တယ်။ ပြည်ပကိုသွားပြီး မိသားစုအတွက် အခွင့်အလမ်းတွေ ရှာတာက သူတို့အနေနဲ့ မိသားစုတွေကို ငွေကြေးပြန်ထောက်ပံ့တဲ့အခါမှာ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိအောင် အခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်တွေ ပေးသင့်တယ်။ ဒါမှလည်း နိုင်ငံနဲ့ မိသားစုအပေါ်မှာ အကျိုးပြုရာ ရောက်မယ်။ နိုင်ငံခြား ဝင်ငွေလည်းတိုးမယ်။ အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေကို အသိအမှတ်ပြု လက်မှတ်ပုံစံမျိုးနဲ့ အခြေခံအတန်းပညာကို ပြီးဆုံးသည်အထိ သင်ကြားနိုင်အောင်လည်း ကျွန်တော်တို့ပါတီမှာ အစီအစဉ်တွေ ရှိပါတယ်။
TREND ။ ။ လက်ရှိဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်လေးတွေကိုလည်း ပြောပြပေးပါဦး။ နောက်ပြီး လသာမြို့နယ်အတွက် ဘာတွေကို တင်ပြတောင်းဆိုပေးသွားမလဲ။
ULW ။ ။ လသာမြို့နယ်မှာကတော့ စည်းရုံးရေးလေးတွေ ဆောင်ရွက်တာတွေရှိတယ်။ လသာမြို့ နယ်အတွက် အလုပ်ပေးချင်ဆုံးက ဟိုအရင်တုန်းကခေတ်လို ညဈေးတန်းမှာ ပြည်သူတွေ လုံခြုံစိတ်ချစွာနဲ့ ပျော်ရွှင်စွာ သွားလာနေတဲ့ပုံစံမျိုးကို ပြန်လိုချင်တယ်။ အခုအချိန်မှာ ပြည်သူတွေက ကုန်ဈေးနှုန်း ကျပ်တည်းလာမှုတွေကြောင့် ပျော်စရာရှိရင်တောင် အပြည့်အ၀ မပျော်နိုင်ဘူး။ ပြည်တွင်းကုန်ဈေးနှုန်းကြီး မြင့်တာက ကုန်သွယ်ရေးလမ်းကြောင်းတွေကြောင့်လည်း ဖြစ်တယ်။ အဲဒါတွေကို ဖြေလျှော့သင့်သလောက် ဖြေလျှော့ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် အရာအားလုံး ပြေလည်သွားမယ် လို့ယုံကြည်တယ်။ နောက် တရုတ်တန်းကလည်း အချက်အချာကျတဲ့နေရာ ဖြစ်တယ်။ ကျွန်တော့် ငယ်ဘ၀ တရုတ်တန်းက အရမ်းပျော်စရာ ကောင်းတယ်။ ကုန်ဈေးနှုန်း အရမ်းကြီးမြင့်တာတွေ မရှိဘူး။ တရုတ်တန်းကို လာရောက် တဲ့ ခံစားချက်အပြည့်အဝကို ရစေချင်တယ်။ ကျွန်တော့်အနေနဲ့ အရွေးချယ်ခံရရင် ပြည်သူတွေ ကြုံတွေ့နေတဲ့ အခက်အခဲမှန်သမျှကိုလည်း အကောင်းဆုံး ပြောပြပေးစေချင်တယ်။ အကောင်းဆုံး ဖန်တီး ပေးစေချင်ပါတယ်။
TREND ။ ။ မကြာမီက ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ကျင်းပခဲ့တယ်။ ဒီအပေါ်မှာ ပြည်သူတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုလည်း ပြောပြပေးပါဦး။
ULW ။ ။ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တာ တွေ့ရတယ်။ အဲဒီမှာ ပြည်သူတွေအနေနဲ့လည်း ကောင်းမွန်တဲ့ အရွေ့ တစ်ခုကို ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒနဲ့ လာရောက်ပြီးတော့ မဲပေးကြတာကို တွေ့ရတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို ပြောင်းလဲဖန်တီးချင်တယ်ဆိုတာ သိသာထင်ရှား မြင်သာတာတွေ့ရ တယ်။ ဒါကြောင့် အပိုင်း(၁)ကတော့ အောင်မြင်စွာ ပြီးဆုံးသွားတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
ULW ။ ။ စောစောကပြောသလို အပိုင်း (၁) မှာ ပြည်သူတွေမဲပေးတာ တွေ့ရသလို၊ ကျွန်တော်တို့ပါဝင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီရက်မှာလည်း ကျွန်တော် ပါဝင်ယှဉ်ပြိုင်တဲ့ လသာမြို့နယ် ပြည်သူတွေအနေနဲ့လည်း အပိုင်း (၂) မှာ မဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတောင်သူလယ် သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးလေးဝင်း ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကို ပြည်သူတွေရဲ့ ဝန်းရံအားပေးမှုနဲ့ လွှတ်တော်ထဲ ရောက်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေလို လားတောင့်တတဲ့ အခက်အခဲတွေကို ကျွန်တော် ကြိုးစားပြီးတော့ ပြည်သူတွေအစား တင်ပြတောင်းဆိုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တင်ပြတောင်ဆိုပေးသွားမယ်လို့လည်း ပြောကြားချင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )