Breaking

ပြည်တွင်း MSME လုပ်ငန်းတွေက Packing ပိုင်းကောင်းအောင် မလုပ်နိုင်သေးဘူး . . . . 'ချမ်း' လူသုံးကုန်လုပ်ငန်းပိုင်ရှင် ဒေါ်ခင်ချမ်းမြေ့သူနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ ဇန်နဝါရီ ၃၀

    ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ သည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စားလုပ်ငန်း အများဆုံး ပါဝင်လျက်ရှိသည်။ 'ချမ်း' လူသုံးကုန်ထုတ်လုပ်ရေး အသေးစား၊ အလတ်စားလုပ်ငန်းအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးလျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ် စားလုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်း ဈေးကွက်ထဲတွင် လူသုံးကုန်ပစ္စည်းများအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းနှင့် 'ချမ်း' လူသုံးကုန်လုပ်ငန်းပိုင်ရှင် ဒေါ်ခင်ချမ်းမြေ့သူအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

TREND    ။    ။ 'ချမ်း' လူသုံးကုန်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို  ပြောပြပေးပါဦး။
DKCMT    ။    ။
'ချမ်း' လူသုံးထုတ်ကုန်အနေနဲ့က အဓိကတော့ လူသုံးကုန် ၂၁ မျိုး ထုတ်လုပ်ထားပ တယ်။ သုံးနှစ်အတွင်း ၂၁ မျိုး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ စပြီး ထုတ်လုပ်တုန်းကတော့ ထုတ်ကုန်နှစ်မျိုးပဲ ထုတ်လုပ်တာပါ။ ဗိုက်အဆီကျတဲ့ Lotion လေးရယ်၊ ချင်းအာနိသင်ပါပြီး အပူဘက်သိပ်မရောက်တဲ့ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းပျောက်ကင်းစေတဲ့ ထုတ်ကုန်လေးတွေကို ထုတ်ဖြစ်ခဲ့ပါတယ်။ ထုတ်ကုန် ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်က နေ့စဉ်နဲ့အမျှ ခေါင်းလျှော်ဖို့၊ ရေချိုးဖို့၊ အဲဒါတွေ ရွေးချယ်ရတာတွေအတွက် ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

TREND    ။    ။ 'ချမ်း' လူသုံးထုတ်ကုန် အမျိုးအစားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ထုတ်လုပ်ထားလဲဆိုတာ သိပါရစေ။
DKCMT    ။    ။
ထုတ်ကုန်တွေ အကုန်လုံးကလည်း သဘာဝနည်းနဲ့ထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။ Lotion ခြောက်မျိုး၊ Shampoo က သုံးမျိုး၊ ရေချိုးဆပ်ပြာ သုံးမျိုးရှိပါတယ်။ မြန်မာနိုင်ငံက သူတွေ တော်တော်များများက သနပ်ခါးကြိုက်ကြတော့ ဒါလေးအတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထား တဲ့ အမှုန့်ဆိုရင် သစ်ခေါက်စုံ သနပ်ခါးမှုန့်ရှိတယ်။ နောက် Scrub လည်းရှိတယ်။ လူသုံးကုန်ထဲမှာ ဆပ်ပြာ လည်းပါတယ်။ ချင်းနဲ့ အသုံးပြုပြီး လုပ်ထားတဲ့ Lotion ဆိုလို့ ရှိရင် အော်ဒါ အရမ်းများတယ်။ Lotion နဲ့ပတ်သက်ပြီး ခြောက်မျိုး ထုတ်ထားပါတယ်။ ချင်းပါတဲ့အတွက် ဒူးနာ၊ ခါးနာတွေကို သက်သာစေတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ပဲ အဆီများများ၊ မျိုးရိုးလိုက်လို့ပဲ အဆီများများ အဆီတွေကို နေ့စဉ် လျှော့ချပေးတဲ့ ငရုတ်ကောင်း၊ သံလွင်ဆီပါတဲ့ဟာ လိမ်းရုံနဲ့ အဆီကျတဲ့ ထုတ်ကုန်တွေပါဝင်ပါတယ်။ မျက်နှာမှာ ဝက်ခြံတွေပေါက်တယ်ဆိုရင် ဟော်မုန်းကြောင့်ပဲ ဖြစ်ဖြစ်၊ အငန် စားလို့ပဲဖြစ်ဖြစ်၊ နေပူထဲသွားလို့ အပူကြောင့်ပဲဖြစ်ဖြစ် ဟော်မုန်းတွေပါတဲ့ ဝက်ခြံတွေဆိုရင်လည်း အဆင်ပြေတဲ့ထုတ်ကုန်တွေလည်း ပါတယ်။ နောက်အသားအရေ ပျော့ခြင်းအတွက် လိမ်းလို့ရတဲ့ သခွားသီး အာနိသင် ကော်လဂျင်တွေလည်း ပါတယ်။ တင်းတိတ်အတွက် Lotion တွေလည်း ပါဝင်ပါတယ်။ တင်း တိတ်နဲ့ပတ်သက်ရင် အမေရိကန်ထုတ်ကုန်မှ၊ ဂျပန်ထုတ်ကုန်မှ ကောင်းတာဆိုပြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာပဲ တင်းတိတ်ကို ဖယ်ရှားပေးလို့ရတဲ့ သဘာ၀ သစ်ဥ၊ သစ်ဖု အစေ့အဆန်တွေ ရှိနေတယ်။ ဒါကို ကျွန်မက ရှာဖွေတွေ့ရှိသွားတယ်။ အဲဒါကြောင့် Lotion နဲ့ ကိုယ်ပိုင်ဖော်မြူလာလေးနဲ့ ပေါင်းစပ်ပြီး တော့ ထုတ်လုပ်ထားပါတယ်။ နောက်တစ်မျိုးက ရေသောက်နည်းလို့ပဲဖြစ်ဖြစ်၊ အာဟာရ ချို့တဲ့လို့၊ ဗီတာမင် ချို့တဲ့လို့ အသားအရေ ခြောက်တာဆိုရင် မျက်နှာကနေ တစ်ကိုယ်လုံးလိမ်းလို့ရတဲ့ ဗီတာမင် Lotion ဆိုပြီးထုတ်လုပ် ထားပါတယ်။ နောက်ပြီး ဒီထုတ်ကုန်တွေကို MSME ပွဲတော်တွေမှာလည်း ဝင်ရောက် ပြသခဲ့ပါတယ်။ ဒီအတွက်လည်း ပြည်ထောင်စုအဆင့် အသေးစား၊ အလတ်စား MSME ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုရရှိခဲ့တဲ့ အပေါ်မှာလည်း ဂုဏ်ယူရပါတယ်။ 

TREND    ။    ။ ထုတ်ကုန်တွေကို ဈေးကွက်ထဲ ဖြန့်ဖြူးတာ ဘယ်အဆင့်ထိ ရောက်နေပြီလဲ။
DKCMT    ။    ။
ကျွန်မဒီလုပ်ငန်းထဲ စဝင်တာက ယုံကြည်မှုက ဝယ်သူတွေကြောင့် ရှိလာတာပါ။ ငယ်ငယ်လေးကတည်းက စီးပွားရေးလောကထဲကသူ မဟုတ်ဘူး။ အားကစားဘက်မှာ ထူးချွန်ပြီးတော့ နိုင်ငံ့ပညာရှင်အဖြစ်နဲ့ နိုင်ငံတကာကို သွားခဲ့ရတယ်။ ဆိုတော့ ကျွန်မက ကိုယ့်ထုတ်ကုန်ရဲ့ အရည်အသွေးကြောင့် ယုံကြည်မှုရှိတယ်။ ထုတ်ကုန်ရောင်းတဲ့သူတိုင်းက ထုတ်ကုန်ကို ကောင်းအောင်လုပ်တဲ့သူတွေ ချည်းပဲပေါ့။ သုံးစွဲသူတိုင်းက တစ်ကိုယ်ရည်စာ ကောင်းမွန်ချင်လို့ ထုတ်ကုန်ကောင်းကို လိုက်ရွေးချယ်တာ။ ထုတ်လုပ်သူတွေဆိုတာက အားလုံးကို ကောင်းစေချင်တာပါ။ ထုတ်လုပ်သူတွေ၊ လုပ်ငန်းရှင်တွေ အားလုံးက ထုတ်ကုန်တွေကို ပိုကောင်း အောင်လုပ်ကြပါတယ်။ တချို့ပြပွဲမှာ နိုင်ငံခြားက ထုတ် လုပ်သူတွေနဲ့ ရောပြရတာတွေလည်း ရှိတယ်။ ကျွန်မတို့ ထုတ်ကုန်လေးတွေက အမှန်တိုင်းပြောရရင် အာနိသင် ကောင်းအောင် လုပ်နိုင်တယ်။ Packing ပိုင်း ကောင်းအောင် မလုပ်နိုင်ဘူး။ ဘူးခွံနဲ့ ထုတ်ပိုးမှု အပိုင်းမှာအဆင် မပြေသေးဘူး။ ဒီလိုမျိုးစပြီး လုပ်လိုက်တော့ နိုင်ငံတကာက လာကြည့်တဲ့သူတွေက ထုတ်ကုန်တွေကို သဘောကျပါလား။ ကိုယ့်ရဲ့ ထုတ်ကုန်တွေမှာလည်း ပြင်စရာက ထုပ်ပိုးမှုအပိုင်း ပါလားဆိုပြီး တွေးမိပါတယ်။ အဲဒီလိုမျိုး ထုပ်ပိုးမှုပုံစံတွေရဖို့ ဘူးခွံတွေကလည်း ပြည်ပကနေ မှာနေရ တုန်းပဲ၊ အဲဒီလိုကျတော့လည်း ပြည်ပကို ဝင်ငွေစီးထွက်တာ၊ အချိန်ကြာမြင့်တာတွေကြောင့် မမှာချင်ဘူး။ ဆိုတော့ ထုပ်ပိုးမှုပုံစံတွေကို ပြည်တွင်းထုတ်ကုန်တွေနဲ့ပဲ လုပ်ထားပါတယ်။ ဘူးပုံစံတွေ ကွဲပြားပေမယ့် အရည်အသွေးကောင်းမွန်ပြီး ထုတ်ကုန်တွေက သဘာ၀ထုတ်ကုန်တွေဖြစ်တဲ့အတွက် ပြည် ပက အများကြီးစိတ် ဝင်စားတယ်။ အဲဒီလိုလာမေးကြရင် သေချာရှင်းပြလိုက်တယ်။ ကျွန်မ ထုတ်ကုန်မှာ ဆိုလို့ရှိရင်တော့ ဘယ်လိုပဲသုံးသုံး ဘာကိုမှ မထိခိုက်စေပါဘူး။ ဒါက သဘာ၀ စစ်စစ်ဖြစ်တဲ့အတွက် ကြောင့်ပါ။

TREND    ။    ။ ဒါဆိုရင် 'ချမ်း'ကို ပြည်ပကနေ မှာယူတာမျိုးတွေရော ရှိပါသလား။
DKCMT    ။    ။
အခုဆိုရင် ထုတ်ကုန်တွေကို အများဆုံးမှာတာက ဒူဘိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းကလည်း မှာပါတယ်။ အဲဒီထဲမှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံဆိုရင် ကိုယ့်အိမ်နီးချင်းနိုင်ငံ ဖြစ်သလိုပဲ အဲဒီမှာ မြန်မာတော်တော်များများလည်း ရောက်နေတာဖြစ်တဲ့အတွက် တော်တော်လေးမှာကြတယ်။ အမေရိကန်ကလည်း တော်တော်လေး မှာကြပါတယ်။ 

TREND    ။    ။ ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းတွေဖွံ့ဖြိုးဖို့ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။
DKCMT    ။    ။
နိုင်ငံတော်အနေနဲ့ကတော့ လုပ်ငန်းရှင်တိုင်းကို ထောက်ပံ့ချင်တာပါ။ လုပ်ငန်းရှင်တိုင်းကို ထောက်ပံ့နိုင်မှသာ လုပ်ငန်းရှင်တွေကလည်း ပြန်လည်ထောက်ပံ့နိုင်ပြီးတော့ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့လည်း ကြိုးစားပေးပါ။ အိမ်ထဲမှာနေရင်းနဲ့တော့ နိုင်ငံတော်က လာထောက်ပံ့ပေးမှာ မဟုတ်ဘူး။ လုပ်ငန်းကြီးတစ်ခု အောင်မြင်ဖြစ် ထွန်း စေချင်တယ်ဆိုရင် လုပ်ငန်းက ဘယ်လောက်အထိ အကျိုးပြုသလဲ။ ပတ်ဝန်းကျင်ကို အကျိုးပြုတာလား။ နိုင်ငံအတွက်ကို ဘယ်လောက်အကျိုးပြုလဲဆိုတဲ့အပေါ်မှာ ကြည့်မှာပဲ။ အဲဒီလိုမျိုး လုပ်ငန်းရှင်တွေကို ထောက်ပံ့ပါလိမ့်မယ်။ 

TREND    ။    ။ ဖြည့်စွက်ပြောချင်တာ ရှိပါလား။
DKCMT    ။    ။
MSME ညီအစ်ကိုမောင်နှမတွေ အားလုံးရောင်းကောင်းစေချင်တယ်။ MSME ထုတ်လုပ်သူတွေကို အားရှိအောင်လို့ ကိုယ့်မြန်မာနိုင်ငံ ပြည်တွင်းက သူတွေပဲလေ။ ထုတ်ကုန်‌တွေကို ပြည်ပနိုင်ငံသားက ဝယ်ယူတာမျိုးက ရှားတယ်လေ။ ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဝယ်ကြတာပေါ့။ တခြား လူမျိုးတစ်ယောက်က ဝယ်ဖို့ဆိုရင် စဉ်းစားသလို ထပ်ခါထပ်ခါလည်း မေးတယ်။ သေချာ ရှင်းပြနိုင်လို့ရှိရင်တော့ ဝယ်တာပေါ့။
    ပြည်တွင်းမှာရှိတဲ့ ကိုယ့်နိုင်ငံသားအချင်းချင်းကို ပြည်တွင်းထုတ်ကုန်တွေကို အသုံးပြုမယ်ဆိုပြီး ထုတ်လုပ်တဲ့ သူတွေအတွက်လည်း အားရှိစေပါတယ်။ တကယ်လို့ ထုတ်ကုန်‌ထုတ်လုပ်တဲ့သူတွေ အကျိုးအမြတ်တွေ ရရှိတယ်ဆိုရင်လည်း ကိုယ့်ဆီဝယ်ယူတဲ့သူတွေရယ်၊ ပြည်တွင်းက သူတွေကို ပြန်ပြီးလှူဒါန်းမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးတွေ ကြုံခဲ့ဖူးပါတယ်။ အဲဒီလိုမျိုး ကြုံတွေ့လာတိုင်းလည်း အမြဲလှူဒါန်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လှူဒါန်းသွားပါမယ်။ အခြားသော လှူဒါန်းရမယ့် ကိစ္စမျိုးတွေ ကြုံလာမယ်ဆိုလို့ရှိရင်လည်း တစ်ထောင့် တစ်နေရာကနေ လှူချင်ပါတယ်။ MSME ထုတ်လုပ်တဲ့သူတွေ အားရှိအောင်လို့ ဝယ်ယူ အားပေးကြတဲ့သူ တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 48

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61486

© 2022 - 2026 News. All Rights Reserved.