ပြည်ထောင်စုစိတ်ဓာတ် ပြည့်ပြည့်၀၀ ထားနိုင်မှ တိုင်းပြည် ငြိမ်းချမ်းပြီးတော့ ဖွံ့ ဖြိုးတိုးတက်မှာ . . . ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် ဆက်သွယ် မေးမြန်းခြင်း

၂၀၂၆ ၊ ဩဂုတ် ၂၇

    ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေး နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တိုင်းရင်းသားတို့၏ သဘောဆန္ဒများနှင့်ပတ်သက်၍ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

TREND ။        ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ မှတ်ပုံ တင်ထားတဲ့ နိုင်ငံရေးပါတီတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးပါတီအစုအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒီဖွဲ့ စည်းမှုအပေါ် ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
USAP    ။    ။
အားလုံးပါဝင်တဲ့ သဘောဖြစ်သွားတာ တွေ့ရပါတယ်။ အရင်ကတော့ အနိုင်ရတဲ့ ၃၁ ပါတီပဲ ပါဝင်ခွင့်ရတယ်လေ။ အခုကတော့ အားလုံးတက်ရောက်တာ ၅၅ ပါတီ ရှိတယ်။ အဲဒီတော့ အနိုင်မရတဲ့ ပါတီလည်းပါတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးပါတီတွေအားလုံး ပါဝင်ခွင့်ရသွားတဲ့အတွက် အားလုံးရဲ့ သဘောထားတွေနဲ့ ငြိမ်းချမ်းရေးအတွက် စုပေါင်းလုပ်လို့ ရတာပေါ့။

TREND ။        ။ အရင်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee - UPDJC) ဆိုပြီး ဖွဲ့ခဲ့တယ်။လက်ရှိကတော့ နိုင်ငံရေးပါတီတွေပဲ သီးခြားဖွဲ့စည်းတာဆိုတော့ ငြိမ်းချမ်းရေးအတွက် ပါတီတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
USAP    ။    ။
ပြီးခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်က အတွေ့အကြုံအရကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ NSPNC နဲ့ တွေ့ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ အဓိကဆွေးနွေးကြတယ်။ ရလဒ်အနေနဲ့ကတော့ သဘောတူညီချက် ၄၃ ချက်ရတယ်။ ရတဲ့အချက်တွေ လွှတ်တော်ကို တင်ပြထားပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ NSPNC က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်မ လဲဆိုတာ ဆွေးနွေးခဲ့ကြတာပေါ့။ ငြိမ်းချမ်းရေးကြတော့ NSPNC နဲ့ EAO တွေနဲ့ ဆွေးနွေးတာပေါ့။ အဲဒီအချိန်ကတော့ ကျွန်တော်တို့ မပါခဲ့ဘူး။ ခုတော့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေ တစ်ဖက်တစ်လမ်းက ပါဝင်ရတာပေါ့။ နိုင်ငံရေးပါတီတွေအနေနဲ့ ပြောရရင် ငြိမ်းချမ်းရေးကို အရမ်းလိုချင်တယ်ဗျ။ ပြည်သူလူထုက လက်နက်ကိုင်ပဋိပက္ခကြောင့် အရမ်းဒုက္ခ ရောက်နေကြတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ဖြစ်ပေါ် လာတဲ့ အခြေအနေတွေအရ ပြည်သူလူထု ဒုက္ခရောက်ရတာပေါ့။ ခုဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ် နေတာက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တချို့တစ်ဝက် နောက်ရှမ်းမြောက် ဒေသအချို့၊ ရခိုင်ပြည်နယ်ဆိုတော့ ခြုံကြည့်ရင်တိုင်းပြည်က မငြိမ်းချမ်းဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ ငြိမ်းချမ်းမှပဲ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာ။ မဟုတ်ရင် တိုင်းပြည်က နစ်နာနေရဦးမှာပဲ။

TREND ။   ။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ကတော့ အလုံးစုံ ငြိမ်းချမ်းရေးအတွက် မျှော်မှန်းပြီး ငြိမ်းချမ်းရေး လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်  သုံးသပ်ပေးပါခင်ဗျ။
USAP    ။    ။
သမ္မတကြီးအနေနဲ့ကလည်း တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့ဆန္ဒ အပြည့်အ၀ ရှိတယ် ဆိုတာ တွေ့ရတယ်။ ဒီဆန္ဒကြောင့်ပဲ NCA ထိုးထားတဲ့ EAOs တွေရော၊ NCA မထိုးထားတဲ့ EAOs တွေရော အကုန်လုံးကို ဖိတ်ခေါ်တာတွေ့ရပါတယ်။ ဒီလိုဖိတ် ခေါ်မှုကြောင့်ပဲ အကုန်လုံးနီးပါး လာရောက်တွေ့ဆုံ ဆွေးနွေးနေတာကို တွေ့ရပါတယ်။ NCA မထိုးထားတဲ့ ခုနစ်ဖွဲ့မှာ ငါးဖွဲ့က လာပြီပေါ့ဗျာ။ ဝမ်ဟိုင်း လာတယ်။ ကိုးကန့်လာတယ်။ 'ဝ'လာတယ်။ မိုင်းလားလာတယ်။ TNLA လာတယ်ပေါ့ဗျာ။ နောက်ထပ်လာဖို့ ရှိကြတယ်။ ကျန်နေတာက ကချင်နဲ့ ရခိုင် ကျန်နေတယ်။ ဒီအဖွဲ့တွေလည်း လာရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

TREND ။   ။ အစိုးရအနေနဲ့က ကြိုတင်ကန့် သတ်ချက်တွေမထားဘဲ ငြိမ်းချမ်းရေးဖိတ်ခေါ်နေတဲ့ အခြေအနေမှာ လာရောက်တွေ့ဆုံပြီး သူတို့ဖြစ်ချင်တာတွေ တောင်းဆိုကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ဒီလိုအခြေအနေကို တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးကို အမိအရဆုပ်ကိုင်သင့်ပါသလဲ။
USAP    ။    ။
လာရောက်တွေ့ဆုံပြီး တိုင်းရင်းသားတွေတောင်းဆိုကြသလို အစိုးရဘက်က လိုက်လျောတာတွေလည်း တွေ့ရတော့ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေအနေနဲ့ အခုအစိုးရလက်ထက်မှာ သူတို့လိုချင်တဲ့အခွင့်အရေးတွေကို အပြည်အ၀ မဟုတ်ရင်တော့ ရသင့်သ လောက် ရကြတာပေါ့ဗျ။ ဒီနေ ရာမှာ အကြံပြုချင်တာကတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဘက်ကို  ပိုပြီး ဇောင်းပေးဖို့လို တယ်။ တိုင်းရင်းသားတွေက သူတို့လိုချင်တာ ဖက်ဒရယ်လေ။ သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အာဏာခွဲဝေမှုလေးတွေ လိုချင်ကြတာပေါ့။ ၂၀၀၈ အခြေခံဥပဒေအရလည်း ဖက်ဒရယ်ကို အခြေခံတဲ့အချက်တွေ အများကြီးပါတော့ တချို့တစ်ဝက်ကို ပေးလိုက်ရင် အာဏာခွဲဝေမှုလေးတွေ ရလာနိုင်ပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက လုပ်ပိုင်ခွင့်ရသွားရင်  ကျေနပ်မှုအတိုင်းအတာတစ်ခုအထိ ရောက်သွားနိုင်ပါ တယ်။ နောက်တစ်ခုက အုပ်ချုပ်ရေးမှာ အရင်တုန်းက  မဆလခေတ်၊ လမ်းစဉ်ပါတီခေတ်မှာ ပါတီကောင်စီက ပါတီက ကောင်စီအပေါ်မှာရှိတယ်။ ကောင်စီကလည်း သက်ဆိုင်ရာ မြို့နယ်တွေ၊ လမ်းစဉ် ပါတီခေတ်မှာ ခရိုင်မရှိဘူးဗျ။ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ တင်းပြည့်ပါတီ ဝင်တွေက မဲထည့်ပြီးတော့ ကောင်စီဥက္ကဋ္ဌ ရွေးတယ်။ပါတီယူနစ်က လမ်းညွှန်တယ်။ အဲဒီတော့ မြို့နယ်တိုင်း  မြို့နယ်တိုင်းမှာ ဒေသခံတွေက အုပ်ချုပ်နေတော့ ပိုကောင်းတယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်က NSPNC နဲ့တွေ့တော့ ကျွန်တော် တင်ပြခဲ့ပါတယ်။ ကျွန်တော်တို့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်သွားမယ်လို့ ပြောတဲ့အခါ အောက်ခြေ ရပ်/ကျေးက ရွေးကောက်ပွဲ၊ ပြည်နယ်မှာလည်း ဝန်ကြီးချုပ်က ရွေးကောက်ပွဲနဲ့သွားတယ်။ ဒါပေမဲ့ မြို့နယ်နဲ့ခရိုင်မှာကြတော့ ရွေးကောက်ပွဲမဟုတ်ဘဲ ဝန်ထမ်းတွေကနေ ခန့်ထားလိုက်တော့ နည်းနည်း လိုအပ်ချက် ရှိတာပေါ့။ ဒါကြောင့် မြို့နယ်၊ ခရိုင်ကိုရွေး ကောက်ပွဲနဲ့ရွေးလိုက်ပြီး ရွေးကောက်ခံက ဥက္ကဋ္ဌ လုပ်ပြီး  ထွေ/အုပ်က အတွင်းရေးမှူးလုပ်ဆိုတာမျိုး ဖြစ်စေချင်တာပေါ့။ ဒါကို တိုင်းရင်းသားတွေက လိုချင်တော့ ကျွန်တော်တို့ တင်ပြထားတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်မှာတော့ ခရိုင်နဲ့ပတ်သက် လို့ သဘောတူထားတာ ရှိတယ်ဗျ။ ခရိုင်ကို ရွေးကောက် တင်မြှောက်တဲ့စနစ်နဲ့ သွားမယ်ဆိုတာ သဘော တူထား တာရှိတယ်။ မြို့နယ်တော့ မပါသေးဘူး။ သူ့မြို့နယ်၊ သူ့ဒေသမှာ အုပ်ချုပ်တယ်ဆိုရင် သူက သူ့မြို့နယ်ဖွံ့ဖြိုး တိုးတက်အောင်၊ ငြိမ်းချမ်းအောင် သူလုပ်မှာပဲ။ ဝန်ထမ်း ကတော့ အပြောင်းအရွှေ့နဲ့ ဘယ်ဒေသက လာမှန်းမသိတော့ ဒေသအကြောင်း သိပ်မသိတော့ လုပ်ရကိုင်ရ ခက်တာပေါ့။ တိုင်းရင်းသားတွေ လိုလားတာလေးတွေ နည်းနည်းဖြည့် ဆည်းပေးစေချင်တာကြောင့် ပြောတာပါ။

TREND ။        ။ နိုင်ငံတော်သမ္မတကြီးကလည်း တိုင်းရင်းသားတွေ သဘောဆန္ဒပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃ ချက်ကို လွှတ်တော်ကိုတင် ပြထားတာရှိတော့ ဒီအချက်တွေ ပြင်ဆင်ဖြည့်စွက်နိုင်ရင် တိုင်းရင်းသားတွေရဲ့ စိတ်ကျေ နပ်မှု ဘယ်လောက် အတိုင်းအတာရသွားနိုင်မလဲဗျ။
USAP    ။    ။
အတိုင်းအတာတစ်ခုအထိတော့  တိုင်းရင်းသားတွေဘက်က ကျေနပ်မှုရသွားနိုင်ပါတယ်။ ချက်ချင်းကြီး တိုင်းရင်းသားတွေ အလုံးစုံ ကျေနပ်လောက်တဲ့အထိ မဟုတ်ပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာက  တစ်ဆင့်ချင်းသွားရမှာလေ။ အစိုးရကလည်း သူ့ဘက်ကနေ ဖြည်းဖြည်းချင်း လျှော့ကြည့်မှာပေါ့ဗျာ။ အခြေအနေကောင်းရင် သူ့ဘက်ကလည်း ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက် သွားပေးမှာပေါ့။ ဒါကြောင့်လည်း ကျွန်တော်တို့က နိုင်ငံရေးပါတီ အစုအဖွဲ့လုပ်ထားတာဟာ ဆွေးနွေးဖို့ ရည်ရွယ်ကြတာပေါ့ဗျာ။ စကားပြောဆိုကြရင်း ပြေလည်မှုရတဲ့အထိ ဖြည်းဖြည်းချင်း သွားကြတာ အကောင်းဆုံးပေါ့။

TREND ။        ။ နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ အဓိကအဟန့် အတားတွေက ဘာတွေ ဖြစ်နိုင်သလဲ။ အဟန့်အတားတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသင့်ပါသလဲ။
USAP    ။    ။
ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့တွေ အတော်လေး ကြိုးစားရဦးမယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် သိပ်မရှိတော့ဘူး။ တပ်မဟာတွေ ဆိုပြီး ကွဲနေတာတွေက ခက်နေတာ။ အဲဒီတပ်မဟာတွေလည်း ကိုယ့်စီးပွားရေး ကိုယ်လုပ်နေကြတယ်။ အဲဒီတော့ ဘယ်လိုဖြစ်နေသလဲဆိုရင် လက်နက်ကိုင်ပြီး စီးပွားရှာတဲ့ သဘောမျိုးဖြစ်သွားတယ်။ ဒါကြောင့် တော်တော်လေး စိတ်ရှည်ရှည်ထားပြီး လုပ်ရမယ်။ လက်နက်ကိုင်လာတာကြာတော့ လက်နက်ကနေအကျိုးစီးပွား ရလာပြီးတော့ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်လာတာပေါ့။ နောက်တစ်ချက်က မူးယစ်ဆေးဝါးကြောင့်လည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်တယ်လို့ ပြောလို့ရတယ်။ ခုမူးယစ်ဆေးဝါးတင် မဟုတ်ဘူး ကျားဖျန့်ကိစ္စကလည်း ပေါ်လာတော့ ပိုဆိုးတာပေါ့ဗျာ။ ပြောရရင် ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ စစ်တိုက်တာ အဖြေမရဘူးဗျ။ လက်နက်ကိုင်ပြီး တိုက်ခိုက်နေတာ အဖြေမပေါ်ဘူးဗျ။ ပြည်သူလူထုပဲ ဒုက္ခရောက်တာ။ အခုကြည့်လေ စစ်ကိုင်းတိုင်းက ပြည်သူလူထု ဘယ်လောက်ဒုက္ခရောက်လဲ။ ရေကြီးတာ လည်း သွားမကူ နိုင်ဘူးဗျာ။ ဘယ်သူမှလည်း မသွားရဲကြဘူး။ ပြည်သူပဲ ဒုက္ခရောက်ရတာပဲဗျ။

TREND ။        ။ တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာတွေများ တိုက်တွန်းပြောဆိုချင်တာ ရှိသလဲဗျ။
USAP    ။    ။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက နှစ်ပေါင်း ၈၀ ပြည့်တော့မယ်။ အဖြေမပေါ်ဘူး။ လွတ်လပ်ရေးရကတည်းက တိုက်လာတာပဲ ဘယ်မှာအဖြေပေါ်လို့လဲ။ စားပွဲဝိုင်းမှာ ဆွေးနွေးပြီး ညှိနှိုင်းတာ အကောင်းဆုံးပဲ။ ကရင်တော်လှန်ရေးလုပ်လာတာနှစ် ပေါင်း ၈၀ ပြည့်တော့မယ်။ ၂၀၂၈ ဆိုရင် နှစ်ပေါင်း ၈၀ ပြည့်ပြီ။ အချိန်တွေကုန်ပြီးတော့ ပြည်သူလူထုလည်း ဒုက္ခရောက်၊ ကလေးတွေလည်း ပညာ သင်ကြားခွင့်ဆုံးရှုံး၊ အလုပ်အကိုင်လည်း ကောင်းကောင်းမလုပ်ရ တချို့ပြည်သူတွေ အရမ်းဒုက္ခရောက် ကြရတာ။ ဒါတွေကို အဆုံးသတ်ဖို့က ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓာတ်မျိုး မွေးမှရမယ်။ ကိုယ့်တစ်ဘို့တည်း ကြည့်လို့မဖြစ်ဘူး။ အားလုံး ပြည်ထောင်စုစိတ်ဓာတ် ပြည့်ပြည့်၀၀ ထားနိုင်မှ တိုင်းပြည်က ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှာပါ။ တစ်ဆက်တည်း ပြောချင်တာကတော့ နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်ပခရီးစဉ်တွေသွားတာဟာ လမ်းစတော့ ပွင့်လာပြီလို့ ပြောလို့ရတယ်ဗျ။ တိုင်းပြည်ရဲ့ အလားအလာက အရင်ထက်စာရင် ကောင်းလာတယ်လို့ ပြောလို့ရ ပါတယ်။

TREND ။        ။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဒီငါးနှစ်တာ အစိုးရသက်တမ်းကာလဟာ ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ကောင်းကို ချနိုင်မယ်လို့ မျှော်လင့်လို့ရလားဗျ။
USAP    ။    ။
မျှော်လင့်လို့ ရတာပေါ့ဗျ။ ခုဆိုရင် တိုင်းရင်းသားတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောနေကြပြီလေ။ NSPNC လည်း နားထောင်နေတယ်လေ။နားထောင်ပြီးတော့ သမ္မတကို တင်ပြကြမှာပေါ့လေ။ သမ္မတကိုယ်တိုင် မလာပေမယ့် သူတို့က သမ္မတကိုယ်စားပဲလေ။ တချို့အဖွဲ့တွေဆိုရင် သမ္မတကြီးနဲ့ တိုက်ရိုက်တောင် တွေ့ဆုံကြတာ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးစကား ပြောကြ၊ ညှိနှိုင်းကြတာဟာ အကောင်းဆုံးပဲလို့ ကျွန်တော်တို့က လက်ခံယုံကြည်တယ်။ ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပေးမယ့် ကာလတွေလို့ ယုံကြည်မျှော်လင့်ထားပါတယ်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64959

© 2022 - 2026 News. All Rights Reserved.