မကွေးတို့၊ မန္တလေးတို့ဘက်က PDF တွေ KIA ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလာပြီး အသေခံကြတာ . . . . တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ စက်တင်ဘာ ၁၇

    KIA ၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲများကြောင့် ဒေသခံပြည်သူများ၏ အခက်အခဲများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် တိုင်းရင်းသားပြည်သူများကို တိုက်ခိုက်နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်သော သဘောထားများကို တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်နှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

 

TREND ။     ။ မန္တလေးကို နေရပ်ရှောင်လာတဲ့ ဗန်းမော်မြို့ခံ ပြည်သူတွေရဲ့ နေရပ်ပြန်ခရီးစဉ်မှာ ဗန်းမော် မရောက်ခင် ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းနားမှာ KIA ရဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဉ်အပေါ် ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
SHA      ။        ။
စစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးပေါ့ဗျာ။ KIA က ဗန်းမော်ကိုတိုက်ခိုက်တာ အတော်လေးကြာနေပြီ။ ဒေသခံပြည်သူတွေကလည်း ကိုယ့်အရပ်ဒေသကို ပြန်ချင်ကြတာပေါ့။ တချို့ကလည်း အချိန် တန်ရင် ပြန်ကြရမှာပဲဆိုပြီး ပစ္စည်းတွေ မယူလာကြဘူး။ ကိုယ်နိုင်သလောက်ပဲ သယ်လာကြတာ။ ဗန်းမော်စစ်ရှောင်တွေက အနီးကပ်ဆုံး ရွှေကူရှိမယ်။ အနီးက ကျေးရွာတွေမှာ ရှောင်တဲ့သူတွေရှိမယ်။ အောက်ပိုင်းကဆိုရင် မန္တလေးဘက်ကို ဆင်းလာတာ ရှိမယ်။ ကသာဘက်မှာ ရှောင်နေတဲ့သူတွေ ရှိတယ်။ ရန်ကုန်အထိ ရှောင်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီလို စစ်ရှောင်နေရင်း အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာတယ်။ နောက်တစ်ချက်က အလုပ်အကိုင် အခွင့်အလမ်းက ရှားပါးတဲ့ အခါကြတော့ ခု သင်္ဘောအုပ်စုကြီး ပြန်တက်တဲ့အခါမှာ သူတို့ပြန်လိုက်သွားမယ်။ ကိုယ့်အရပ်ဒေသမှာ ဆိုတော့ အိမ်လခ ပေးစရာမလိုဘူး။ ကိုယ့်ဒေသမှာ ရှာဖွေစားသောက်လို့ ရတယ်ဆိုတော့ ပြန်လိုက်သွားတဲ့လူတွေ အတော်ကို များပါတယ်။ လိုက်သွားကြတာကတော့ မန္တလေးက တက်သွားတဲ့လူတွေ များပါတယ်။ နေရပ်မစွန့်တဲ့ ဆွေမျိုးတွေကလည်း ပြန်လာခဲ့ကြ၊ သူများရပ်ရွာမှာ အခက်အခဲဖြစ်မယ်။ ဒီလိုပြန်ခေါ်ကြတော့ ပြန်သွားကြတာ တော်တော်များများ ပါသွားတယ်။ တပ်မတော် သင်္ဘောတွေရဲ့နောက်မှာ အရပ် သား သင်္ဘောတွေလိုက် သွားကြတာပေါ့။ ဖြစ်စဉ်မှာ မီးလောင်ပျက်စီးသွားတာက  အရပ်သားတွေရဲ့ သင်္ဘောပါ။

TREND ။    ။ KIA အနေနဲ့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ် စဉ်အပေါ်  နိုင်ငံရေးပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။
SHA      ။        ။
KIA ကို ပြောချင်တာကတော့ ဟိုတုန်းကလို လမ်းဟောင်းကြီးတွေ၊ နည်းလမ်းဟောင်းကြီးတွေ မလုပ်စေချင်တော့ဘူး။ ခေတ်စနစ်တွေလည်း ပြောင်းလာပြီ။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ရှောင်ရှားစေချင်တယ်။ စစ်ရေးနဲ့ပတ်သက်တာကို ပစ်ခတ်တိုက်ခိုက်တာဟာ စစ်ရေးနဲ့ ပတ်သက်တဲ့ စစ်ပွဲကိုးဗျ။ ခုဖြစ်သွားတဲ့ဟာက လက်နက်မဲ့ ပြည်သူတွေကို တိုက်ခိုက်တာကတော့ မဖြစ် စေချင်ဘူး။ ကျွန်တော်ပြောတဲ့ ဟိုတုန်းကဆိုတဲ့ကိစ္စက တခြားပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့ဒေ သမှာ ယခင်က နဝတ၊ နယကလက်ထက်က ၈၈ မတိုင်ခင်ကတည်းက ဖားကန့်တို့၊ တနိုင်းတို့ တက်မယ်ဆိုရင် ယာဉ်တန်းနဲ့ တက်ရတာကိုး။ KIA ရဲ့ နှောင့်ယှက်မှုတွေ အရမ်းများတော့ ယာဉ်တန်းနဲ့တက်တယ်။ ယာဉ်တန်းနဲ့ တက်တဲ့အခါကြတော့ ကားတွေရာချီ တက်ကြတာပေါ့ဗျာ။ ဖားကန့်အတွက် လိုအပ်တဲ့ စားကုန်သောက်ကုန် တစ်နှစ်စာ အကုန်လုံး သယ်သွားကြရတယ်။ တပ်မတော်က လုံခြုံရေး ပေးတယ်။ တပ်မတော်က လုံခြုံရေးပေးတဲ့အခါ KIA က လမ်းမှာ ဖြတ်တိုက်တဲ့အခါ ကားတွေမီးလောင်တာ ရှိတယ်။ ကုန်ပစ္စည်းတွေ ဆုံးရှုံးရတာတွေ ရှိတယ်။ အမျိုးမျိုးကြုံခဲ့ရတာပေါ့။ ခုလည်း တိုက်ခိုက် ဖျက်ဆီးခံရတာက စစ်သင်္ဘောတွေ မဟုတ်ပါဘူး။ နိုင်ငံတော်သင်္ဘောတွေလည်း မဟုတ်ဘူး။ ပုဂ္ဂလိက ပိုင်သင်္ဘောတွေဖြစ်ပါတယ်။ ခုသင်္ဘောတွေ မီးလောင်တာဟာ နိုင်ငံတော်ဆုံးရှုံးတာ မဟုတ်ဘူး။ ပုဂ္ဂလိက ပိုင်ဖြစ်တဲ့အတွက် ပုဂ္ဂလိကတွေ ဆုံးရှုံးကြတာပေါ့။ ပြည်သူတွေပါပဲ။ အဲဒီလိုကြောင့် ပြောချင်တာက ယခင်တုန်းကနဲ့ယခု မတူတော့ဘူး။ ဒကြောင့် အရပ်သားတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို စစ်တိုက်မယ်ဆိုရင် မထိခိုက်စေချင်ဘူးလို့ ကျွန်တော့်အ နေနဲ့ ပြောချင်တယ်ဗျာ။ နောက်တစ်ခုက မြို့သိမ်းတိုက်ပွဲ တွေက မြို့ပျက်ရွာပျက်တွေ ဖြစ်နေတယ်။ ဒီလိုဆိုတော့ ပြည်သူတွေ မြို့ပျက်ရွာပျက်ပြီး ဒုက္ခရောက်အောင် မလုပ်ဖို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

TREND ။        ။ ဗန်းမော်ကို တိုက်ခိုက်ဖို့ KIA အနေနဲ့ ဆောင်ရွက်လာတာဟာ နှစ်အတော်ကြာလာပြီ။ ဒီကာလအတွင်းမှာ ဒေသခံလူငယ်တွေ အဓမ္မဖမ်းဆီးခံရပြီး အင်အားစုဆောင်းခြင်း ခံရတယ်။ ဒီလိုအခြေအနေတွေကြောင့် တိုင်းရင်းသားလူငယ်တွေရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုအပေါ် ဘာများပြော ချင်ပါသလဲ။
SHA      ။        ။
ပြောရရင် ဗန်းမော်ဒေသက သူတို့ ကချင်လူမျိုးတွေ အင်မတန်နည်းပါတယ်။ လွတ်လပ်ရေးရစဉ်ကတည်းက ဗန်းမော်ခရိုင်မှာ ကချင်လူမျိုးက ၁ ရာခိုင်နှုန်းပဲရှိတယ်။ ယနေ့ထိလည်း နည်းပါတယ်။ ဗန်းမော်မြို့ပေါ်လည်း အင်မတန်နည်းပါတယ်။ မြစ်ကြီးနားလောက် မများပါဘူး။ နောက် ကချင် လူမျိုးစုနေထိုင်မှုက မိုးမောက်လည်း အင်မတန်နည်းပါတယ်။ မံစီကတော့ သူတို့လူမျိုးတွေ များပါတယ်။ မံစီမှာ ၄၇ ရာခိုင်းနှုန်းလောက်ရှိတယ်။ ဒါကတော့ လူမျိုးရေးအရ တစ်ပိုင်းပေါ့။ KIA ရဲ့ တော်လှန်ရေးဆိုတာကို ကချင်လူမျိုးတိုင်း ထောက်ခံနေတာ မဟုတ်ဘူး။ တချို့လည်း ဒီစစ်ပွဲကို ရပ်တန့်စေချင်ကြပြီ။ သူတို့သားသမီးတွေ၊ ဆွေမျိုးတွေအများကြီးလည်း သေပေါင်းများလှပါပြီ။ အဲဒါတစ်ချက်တော့ သတိထားစရာ ပြောချင်တယ်။ နောက်တစ်ချက်က သူတို့ဗန်းမော်ကို ဘာကြောင့် တိုက်ရတာလည်း ဆိုတာ ကျွန်တော့်အမြင်ကိုပြောပါ့မယ်။ ဗန်းမော်ကို စစ်ပွဲမဖြစ်ခင်က NLD လက်ထက်မှာ ကချင်လူမျိုးတွေ ဗန်းမော်မှာ မြေဝယ်မယ်ဆိုရင် KIA ကနေပြီးတော့ ငွေထုတ်ပေးတယ်။ ဘယ်လောက်ကျမလဲဆိုတာ သူ့လူမျိုးတွေကို KIA က ငွေထုတ်ပေးတယ်။ မြေအကျယ်အဝန်းများများ စားစားတော့ မရကြပါဘူး။ ခုဗန်းမော် မြို့ကို လာဖျက်တာက ဗန်းမော်မြို့မှာ သူ့လူမျိုးတွေ နေရာချထားချင်လို့ မြို့ကို ဖျက်တာလားလို့ လူမျိုးရေးအရ တွေးမိပါတယ်။ အဲဒါကတော့ ဗန်းမော်မြို့ကို တိုက်ရခြင်း အကြောင်းရင်းပေါ့။ နောက်တစ်ခုက ဗန်းမော်မြို့က စစ်ရေးအရ အချက်အချာကျတယ်။ လိုင်ဇာဆိုရင်လည်း  ဗန်းမော်နယ်ထဲ ပါတာပေါ့လေ။ ဗန်းမော်ဟာ ဗျူဟာအရလည်း အင်မတန် အချက်အချာကျတဲ့နေရာ ဖြစ်တာကြောင့် တိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
    ဒေသခံတွေ ဖမ်းဆီးထိန်းသိမ်းခံရတာကတော့ စစ်အတွင်းမှာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်။ စစ်ပွဲမှာ လူလိုတယ်။ လူသားအရင်းအမြစ် လိုတယ်ဆိုရင် အတင်းအကျပ် ဖမ်းဆီးပြီးတော့မှ စစ်သား လုပ်ခိုင်းတယ်။ ကျွန်တော်တို့ ဒေသခံတွေမှာတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်လို ကြုံတွေ့နေရတယ်။ ဗန်းမော်တိုက်ပွဲမှာ KIA အတော်လေးကို အထိနာတယ်။ ကျွန်တော် စိတ်မကောင်းဖြစ်တာက မကွေးတို့၊ မန္တလေးတို့ဘက်က PDF တွေက KIA ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ လာပြီး အသေခံကြတာ ကျွန်တော် စိတ်မကောင်း ဖြစ်တယ်။ KIA က သူ့လူမျိုး လွတ်မြောက်ရေး အကြောင်းပြပြီး မြို့ဖျက်စစ်ပွဲ ဖန်တီး နေတာကို PDF က သွားပေးဆပ်နေကြတာ။ ကိုယ့်အတွက်၊ ကိုယ့်ဒေသအတွက် ဘာအကျိုးမှမရှိဘဲ အလကား အသက်တွေ အများကြီး ပေးရတာတော့ စိတ်မကောင်း ဖြစ်မိတယ်။


TREND ။        ။ ဥက္ကဋ္ဌကြီးတို့ ပါတီအနေနဲ့ KIA က ဗန်းမော်ကို တိုက်ခိုက်ဖို့ ဆောင်ရွက်နေတာ ရပ်တန်းကရပ်ဖို့နဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက်ကနေ KIA ဆုတ်ခွာပေးဖို့ တောင်းဆိုရတာ ဘာကြောင့်လဲ၊ ဒေသခံပြည်သူတွေရဲ့အခြေအနေကို ပြောပြပေးပါ။
SHA      ။        ။
ကျွန်တော်တို့ဒေသတွေဖြစ်တဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက်ကိုတိုက်တာ နှစ်နှစ်ကျော်သွား ပြီးပေါ့။ စစ်ပွဲကို နိုင်အောင်လည်း မတိုက်နိုင်ဘဲ မြို့ပျက် ရွာပျက်ဖြစ်ပြီး စစ်ဘေးရှောင်တွေ များလာတယ်။ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်းမရှိတဲ့အခါကြတော့ တော်တော်ကြီးကို ဒုက္ခရောက်နေကြတယ်။ နောက် ကချင်အာဇာနည်နေ့မှာ အင်ဘန်လပြောတာရှိတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပြောကြားချက်ပါ။ ဒါက သူတို့ဥက္ကဋ္ဌ အင်ဘန်လ ပြောထားတဲ့ စကားပါ။ ကျွန်တော်တို့ နိုင်ငံရေးပါတီဆိုတာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပါတီထောင် ထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဗန်းမော်ကနေ အမြန်ဆုံး ဆုတ်ခွာပေးတာဟာ ပြည်သူလူထု သူ့နေ ရာနဲ့သူ ပြန်နေရမယ်။ နိုင်ငံရေးဆိုတာ လူထုထောက်ခံမှု မရှိရင်မရသလို တော်လှန်ရေးဆိုတာလည်း ဒီအတိုင်းပါပဲ။ ပြည်သူလူထုထောက်ခံမှုမရှိရင် ဘယ်အရာမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ခုပြည်သူလူ ထုတွေ ဒုက္ခရောက်နေတဲ့ မျက်နှာကို ထောက်ရှုခြင်းအားဖြင့် ဗန်းမော်က ပြန်ဆုတ်ပေးသင့်ပါပြီ။ KIA အနေနဲ့ ဆက်တိုက်နေရင်လည်း နိုင်မှာမဟုတ်ပါဘူး။ ပြန်ဆုတ်ရတော့မယ့် အခြေအနေပါ။ ကျွန်တော်တို့ ပြောချင်တာက မနက်ဖြန် ပြန်ဆုတ်ရမယ့်အစား ဒီနေ့ ပြန်ဆုတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တစ်ရက်ဆိုရင် တစ်ရက် ဒုက္ခသက်သာစေချင်လို့ပါ။ ဒါကြောင့် KIA အနေနဲ့ ပြန်ဆုတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

TREND ။    ။ ငြိမ်ချမ်းရေးလို့ ဆိုလိုက်တာနဲ့ PDF တွေအပါအဝင် တစ်ဖက်မှာလည်း PDF အဖွဲ့တွေ ရှိနေသေးတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကနေ PDF ဆိုတာ ပေါ်လာပေမယ့် လက်ရှိမှာသူတို့ဟာ အကြမ်းဖက်အဖွဲ့တွေဆိုတာ ပိုထင်ရှားလာတဲ့လုပ် ရပ်တွေပြလာတယ်။ ဒီအပေါ်မှာ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
SHA      ။        ။
၁၉၈၈ တုန်းက ကျွန်တော့်အတွေ့အကြုံကို ပြောပြချင်ပါတယ်။ ၈၈ တုန်းက ဒီလိုပါပဲ။ မြို့ပေါ်ဆန္ဒပြပွဲတွေ ဖြစ်တယ်။ ဆန္ဒပြပွဲဖြစ်တဲ့အခါမှာ စစ်အာဏာရှင်ကို မကြိုက်လို့ဆိုပြီး လက်နက်ကိုင် ဖို့တောခိုကြတာပေါ့။ အဲဒီအချိန်မှာ တောထဲမှာကျောင်းသားတွေက ခေါင်းဆောင်ဖြစ်တာ နည်းတယ်။ ခုခေတ်ရန် ကုန်စကားနဲ့ ပြောရရင် ဇိုးတွေ၊ လူမိုက်တွေက ခေါင်းဆောင်ဖြစ်ကြတာ များပါတယ်။ ပညာ တတ်ကျောင်းသူကျောင်းသားတွေက ခေါင်းဆောင်နဲ့မတည့်ရင် သေနတ်နဲ့ ဖြေရှင်းတာ ခံကြရတယ်။ ဒီလိုပဲ တောထဲတောင်ထဲမှာက ဘာဥပဒေမှမရှိဘူး၊ သူတို့မကြိုက်တာလုပ်ရင် သေနတ်နဲ့ ပစ်သတ်မယ်။ ဒါကဥပဒေပဲ။ ဒီလိုပဲ ခုချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများမှာလည်း ဥပဒေဆိုတာ မရှိပါဘူး။ ဥပဒေရှိဦးတော့ လိုက်နာတာ အင်မတန်ရှားပါတယ်။ နည်းနည်းအပြစ်လုပ်တာနဲ့ ပစ်သတ်တာ များပါတယ်။ အသက်နဲ့ရင်းရတာများပါတယ်။ ဒီနေ့ PDF တွေ ဒီလိုမျိုးရင်ဆိုင်ကြုံတွေ့နေရတာ။ KIO ၊ KIA က ထွက်ပြေးလာတဲ့ကလေးတွေ ကျွန်တော့်ဆီလာကြတာ ရှိပါတယ်။ တောထဲမှာ ဒီလိုအခြေအနေတွေ ရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် တခြားလူငယ်တွေကို တောမခိုကြဖို့ ပြောပါတယ်။ ဒါပေမဲ့လည်း အမုန်းတရား အရမ်းကြီးနေတော့ တောထဲဝင်သွားကြတယ်။ ဒီလိုနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ် လာကြတယ်ဆိုတာကလည်း နိုင်ငံရေးအရ ဦးဆောင်မှုပေးသူတွေက မြန်မာနိုင်ငံထဲမှာမရှိဘူး။ နိုင်ငံခြားမှာပါ။ သူတို့အနေနဲ့က ကြီးကြပ်နိုင်တာ မ ဟုတ်ဘူး။ သေနတ်ကိုင်တယ်ဆိုတာ လွယ်တယ်။ နိုင်ငံရေးအရ သေနတ်ကိုင်တာဆိုရင် လူထုကို မထိရဘူး။ ခုက အောက်ခြေမှာ လုပ်ချင်တာလုပ် လက်နက်ကိုင်ပြီး ရမ်းချင်တိုင်းရမ်းနေကြတော့ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်သွားကြတာပေါ့။ နဂိုဗီဇမရှိ သော်လည်း လက်နက်ကိုင်လိုက်ပြီဆိုတာနဲ့ စိတ်ကပြောင်းသွားတာပေါ့။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ၈၈ ကာလ မှာ ပြောသလိုပါပဲ။ တောထဲမှာလုပ်တဲ့ စစ်သင်တန်းဆင်းလာပြီးတော့ ယူနီဖောင်းနဲ့ သေနတ်ကိုင်လိုက်ရတော့ ခြေထောက်နဲ့ မြေကြီးမထိတော့ဘူး ဆိုသလိုပါပဲ။ ခုလည်း PDF တွေအနေနဲ့ ပြန်စဉ်းစားစေချင်တာက NUG ဆိုတာက သူတို့ကို ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတာ စဉ်းစားရမယ်။ ဒီလို စဉ်းစားပြီး အဖြေရှာသင့်တဲ့အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်။

TREND ။   ။ နောက်ဆုံးအနေနဲ့ KIA ရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနစ်နာနေရတဲ့အပေါ် ဘာများ တိုက်တွန်းချင်တာရှိပါသလဲ။
SHA      ။        ။
အဓိက ပြောချင်တာကတော့ KIA အနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကိုရှောင်စေချင်ပါတယ်။ လတ်တလောပျံ့နေတဲ့ ဗီဒီယိုဖိုင်ဆိုရင် ကြည့်လေ။ သင်္ဘောပျက်ပြီး ရေမျောလာတဲ့ ပစ္စည်းတွေနဲ့အတူ လူတစ်ယောက်မျောလာတယ်။ ဒါကို မင်းကပ်မလား၊ မကပ်ဘူးလားဆိုပြီး သေနတ်နဲ့ ဝိုင်းပစ်ကြတယ်။ ရေနစ်နေသူကို သေနတ်နဲ့ပစ်တာကြတော့ အင်မတန်မှ ယုတ်ညံ့တယ်လို့ ပြောချင်ပါတယ်။ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ နောက်တစ်ခုက အရပ်သားပစ်မှတ်တွေနဲ့ အိုးအိမ်ဖျက်ဆီးတဲ့နေရာတွေမှာ စစ်ဆင်ရေးမလုပ်ဖို့ ကျွန်တော်ပြောချင်တယ်။ စစ်ရေးအရပဲပြောပြော၊ လူမျိုးရေးအရပဲပြောပြော၊ တော်လှန်တာပဲပြောပြော လူထုထောက်ခံမှုမရှိဘူးဆိုရင် သူတို့ကျရှုံးမှာပဲ။ KIA အနေနဲ့ ဟိုတုန်းကခြေအနေနဲ့ ခုအခြေအနေနဲ့ သူတို့ ပြန်သုံးသပ်ရင်မြင်မှာပါ။ ခုကြတော့ သူတို့ကိုယ်ကျိုးတွေက မြေပေါ်မြေအောက် သယံဇာတတွေက KIA ခေါင်းဆောင်ပိုင်းတွေက ကိုင်တွယ်ထားပြီး သူတို့ ကြီးပွားနေတာ။ အောက်ခြေက တိုင်းရင်းသားတွေက သေပေးနေရတာ။ ဒါကြောင့် ကျွန်တော်တို့ ပြောချင်တာက မြေပေါ်မြေအောက် သယံဇာတခိုးထုတ်ခြင်းကို ရပ်တန့်ပေးစေချင်တယ်။ ပြည်သူကို ထိခိုက်မယ့် တိုက်ပွဲ တွေကိုလည်း မဖော်ဆောင်စေချင်ဘူး ပြောချင်ပါတယ်။ စစ်ရဲ့ ဆိုးကျိုးတွေလည်း နောင်မဖြစ်ရအောင် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ပြည်သူလူထုအနေနဲ့ နိုင်ငံရေးလမ်းကြောင်းကို အားပေးဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းကို အားပေးနေမယ်ဆိုရင်တော့ စစ်ပွဲတွေဟာ မပြီးဆုံးနိုင်တော့ဘူး။ ပြည်သူဟာ အဆုံးအဖြတ်ပါပဲ။ ပြည်သူဘက်က ရပ်တည်တဲ့ နိုင်ငံရေးပါတီတွေ အားကောင်း မောင်းသန်ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

TREND ။        ။ ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 49

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65716

© 2022 - 2026 News. All Rights Reserved.