မဟာသင်္ကြန်ကာလတွင် အဝေးပြေးခရီးသည်များအတွက် ယာဉ်လိုအပ်ချက်ရှိပါက တိုးချဲ့ပြေးဆွဲပေးသွားမည် . . . . YRTC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် တွေ့ဆုံမေးမြန်း

၂၀၂၆ ၊ ဧပြီ ၄

    ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ့ YRTC အနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် YBS ယာဉ်များကို ကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ကြောင့် လက်ရှိတွင် YBS ယာဉ်များအနေဖြည့် ယာဉ်ခေါက်ရေ ပြည့်မီအောင်ပြေးဆွဲနေမှု အခြေအနေများ၊ မဟာသင်္ကြန်ကာလတွင် ခရီးသည်များ အဆင်ပြေစေရန် ဆောင်ရွက်ထားမှု အခြေ အနေများနှင့်ပတ်သက်၍ YRTC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ အခုလက်ရှိ စက်သုံးဆီလိုအပ်ချက်ကြောင့် စုံ/မ စနစ်နဲ့ ပြေးဆွဲဆောင်ရွက်နေမှု အခြေအနေလေးကိုလည်း ရှင်းပြပေးပါဦး။
UHKM    ။    ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းတာဝန်ပေးချက်အရ YRTC ရဲ့ ကြီးကြပ်မှုအောက်မှာ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်စီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၃ စီး၊ Diesel အသုံးပြုယာဉ် ၄၂၃ စီး ရှိပါတယ်။ ၂၀၂၆ ခုနှစ် မတ်လဆန်းပိုင်းမှာယာဉ် ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၄၀၀ စီးခန့်၊ ခရီးသည် ၁ ဒသမ ၄၆ သန်းခန့် ရှိရာမှယခု စက်သုံးဆီ ကန့်သတ် ချက်ကြောင့် စုံ/မ ခွဲခြားလိုက်တဲ့အခါမှာ ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၅၀၀ စီးခန့်၊ ခရီးသည် ၁ ဒသမ ၇ သန်းခန့် ရှိလာခဲ့ပါတယ်။ ယခင်ထက် ခရီးသည် နှစ်သိန်းငါးသောင်းကျော် စီးနင်းလာကြောင်း တွေ့ရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ YBS ယာဉ်ထွက် အင်အားတိုးတက်ရေး CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြို ပို့ဆောင်ရွက်ပါက CNG ပိတ်သိမ်းအရေးယူသွားမှာ ဖြစ်ပါတယ်။

TREND    ။    ။ YBS ယာဉ်လိုင်းတွေအနေနဲ့ ခေါက်ရေပြည့် ပြေးဆွဲနိုင်ဖို့အတွက်ရော ဘယ်လိုဆောင်ရွက်ထားလဲဆိုတာကိုလည်း ပြောပြပေးပါဦး။
UHKM    ။    ။
YBS ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ တစ်နေ့လျှင် ဒီဇယ်လီတာ ၂၀ ကို တန်းစီဝယ်ယူခြင်းမှ တိုးမြှင့်ပြီးတော့ ထပ်မံ၍ လီတာ ၂၀ ကို တိုးမြှင့်ပေးမှာ ဖြစ်တဲ့အတွက် နေ့စဉ် လီတာ ၄၀ ကို  ညဉ့်အချိန်မှာ ဆီဖြည့်ပြီး YBS ယာဉ်ခေါက်ရေ ပြည့်မီအောင် ပြေးဆွဲနိုင်ရေး စီစဉ်ပေးထားတဲ့အတွက် ခရီးသွားပြည်သူများအတွက် ယာဉ်ထွက်စီးရေက လက်ရှိထက် ခရီးသည် တိုးတက်လာမှာ ဖြစ်ပါတယ်။

TREND    ။    ။ CNG အသုံးပြုတဲ့ ယာဉ်တွေအနေနဲ့လည်း စည်းကမ်းဖောက်ဖျက်ရင် ဘယ်လိုအရေးယူ ဆောင်ရွက်သွားမလဲ။
UHKM    ။    ။
CNG အသုံးပြုတဲ့ YBS ယာဉ်တွေကိုလည်း နိုင်ငံတော်ကနေပြီးတော့ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပြီး ဝယ်ယူသုံးစွဲခွင့်ပြုတဲ့အတွက် CNG ယာဉ်တွေအနေနဲ့ အခြားယာဉ်လိုင်းတွေမှာ အသုံးပြုရင် CNG ကို ပိတ်သိမ်းသွားခြင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

TREND    ။    ။ မကြာမီ ကျရောက်တော့မယ့် သင်္ကြန်ကာလမှာ နေရပ်ပြန်မယ့် ခရီးသည်တွေအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အဝေးပြေးယာဉ်လိုင်းတွေကို ဘယ်လိုများ စီစဉ်ဆောင်ရွက်ထားလဲဆို တာကိုလည်း ပြောပြပေးပါဦး။
UHKM    ။    ။
သင်္ကြန်ကာလအတွင်း အဝေးပြေးစီမံချက် သင်္ကြန်ကာလအတွင်း လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်မှတ်ဝယ်ယူမှုအဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမို တောင်းခံမှု မရှိစေရေး သင့်တင့်မျှတတဲ့ နှုန်းထားဖြင့် ရက်အလိုက် မှန်ကန်စွာ ရောင်းချရန်၊ သတ်မှတ် ခရီးစဉ်များအတိုင်း အဆင်ပြေစွာ ပြေးဆွဲနိုင်စေရန် အောင်မင်္ဂလာအဝေးပြေးဝင်းနဲ့ ဒဂုံ-ဧရာ အဝေးပြေး ဝင်းရှိ ယာဉ်လိုင်းများကိုလည်း မှာကြားထားပြီး ဖြစ်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များကို စက်သုံးဆီလုံလောက်ရေး နိုင်ငံတော် အကြီးအကဲကိုယ်တိုင် လမ်းညွှန်ထားပါသဖြင့် ခရီးသွား ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် မှာကြားလိုပါတယ်။ အောင်မင်္ဂလာ - ယာဉ်လိုင်းပေါင်း ၂၁၅ လိုင်း၊ ယာဉ်စီးရေ ၁၅၆၆ စီး၊ ဒဂုံ-ဧရာ- ယာဉ်လိုင်းပေါင်း ၁၀၃ လိုင်း၊ ယာဉ်စီးရေ ၇၂၄ စီး ရှိပါတယ်။ အရန်မော် တော်ယာဉ် စီစဉ်ထားမှုအနေနဲ့ သင်္ကြန်ကာလအတွင်း ခရီးစဉ်များမှ ယာဉ်အချို့ပျက်ခြင်း၊ မမျှော်မှန်းနိုင် သော ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းတို့အတွက် ယာဉ်များ အချိန်မီစီစဉ်နိုင်ရန် အလှည့်ကျစနစ်ဖြင့် အရန်မော်တော်ယာဉ်များ ထားရှိသွားမှာ ဖြစ်ပါတယ်။ အခုခရီးသည်တွေထက် ခရီးသည် ပိုပြီး များပြားလာတယ် ဆိုရင်လည်း ယာဉ်တွေကို တိုးချဲ့ပြီးပြေးဆွဲပေးဖို့ ရှိပါတယ်။

TREND    ။    ။ မြို့တွင်းမှာ ပြေးဆွဲမယ့် အခြေအနေလေးကိုလည်း ရှင်းပြပေးပါဦး။
UHKM    ။    ။
သင်္ကြန်ကာလအတွင်း မြို့တွင်း YBS စီမံချက်အနေနဲ့ ယာဉ်လိုင်းကုမ္ပဏီ ၁၅ ခုနဲ့  ယာဉ်လိုင်း ၇၁ လိုင်း၊ ယာဉ်စီးရေ ၁၁၇၆ စီးဖြင့် သင်္ကြန်ပွဲ တော်ကာလ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အတွင်းမှာ ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ မဟာသင်္ကြန်ကာလအတွင်းမှာလည်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ မော်တော်ယာဉ်များ သွားလာနိုင်ရေးကိုလည်း စီစဉ် ဆောင် ရွက်လျက်ရှိပါတယ်။ ယာဉ်မတော်တဆ မဖြစ်စေရေး၊ လမ်းခရီးမှာ ယာဉ်ချို့ယွင်းချက် မဖြစ်စေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်များ အနေနဲ့ ပုံမှန်ယာဉ်စီးခနှုန်းထားများ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ပြေးဆွဲ ဆောင်ရွက်နိုင်အောင်လည်း ကြပ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

TREND    ။    ။ YRTC အနေနဲ့ EV Bus ကား နှစ်စီးဝယ်ယူထားပြီး စမ်းသပ်ပြေးဆွဲနေမှုနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
UHKM    ။   
။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်များမှာ လျှပ်စစ်ဘတ်စ်ကားများ EV Bus အစားထိုးပြေးဆွဲနိုင်ရေး စီမံချက်ချမှတ်၍ လေ့လာသုတေသနပြုခြင်း၊ တရုတ်နိုင်ငံမှ EV ထုတ်လုပ်သော ကုမ္ပဏီများအား ခေါ်ယူတွေ့ဆုံခြင်းကို ၂၀၂၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ EV Bus စမ်းသပ်ပြေးဆွဲနိုင်ရန်အတွက် အမျိုးသားအဆင့် လျှပ် စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး ဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဝင် ပို့ကုန်တင်ပို့လျက်ရှိသော ကုမ္ပဏီ၏ တင်သွင်းခွင့်ပြုချက် လိုင်စင်နှင့် Pathein Auto Trading Co.,Ltd မှတစ်ဆင့် EV Bus 8.19 meter (2)  စီး တင်သွင်းခွင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားခဲ့ရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ဝယ်ယူ ခဲ့ပါတယ်။ လက်ရှိအဆိုပါ EV Bus ကားတွေကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးစီးမှုနဲ့ ကျင်းပဆောင်ရွက်တဲ့ ဘာ သာရေးဆိုင်ရာ အခမ်းအနားများ၊ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများ၊ တိုင်းဒေသကြီး အခမ်းအနားများ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ဈေးရောင်းပွဲတော်များနဲ့ အခြားကျင်းပဆောင်ရွက်သည့် အခမ်း အနားများမှာ အခမဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
    လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ကျင်းပတဲ့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ပြခန်းမှာ EV Bus နှစ်စီးကို ပြသခဲ့ပါတယ်။ ပြခန်းလာရောက်တဲ့ သူနာပြုသင်တန်းသူ သင်တန်းသားများ၊ ကျောင်းသူကျောင်းသားများကိုလည်း အခမဲ့လိုက် ပါပို့ဆောင်ပေးခဲ့ပါတယ်။ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် တောင်သူလယ်သမားများကို အခမဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီလို ပွဲတော်တွေမှာ အခမဲ့ပြေးဆွဲပေးခဲ့ပြီး EV Bus တွေကို အသုံးပြုပြီး အခြေခံပညာအဆင့် အာကာသနည်း ပညာအခြေခံ နွေရာသီသင်တန်းသူ သင်တန်းသားများကို အထက(၂)ဒဂုံ မှာ ၉-၃-၂၀၂၆ မှ ၃-၄-၂၀၂၆ အထိ နေ့စဉ်အခမဲ့ ပို့ဆောင်ပေးလျက် ရှိပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UHKM    ။    ။
မြန်မာနိုင်ငံ ကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် စာရင်းအရ မော်တော်ယာဉ် (၅၅၈၅၇၈၅ စီး)ရှိပြီး EV ယာဉ် ၂၇ç၅၂၇ စီး သုည ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ လောင်စာဆီသုံးယာဉ်များအတွက် လိုအပ်သော စက်သုံးဆီနှင့် ဒီဇယ်ဆီကို တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသလို လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေသဖြင့် Public Transportation ကို အားပေးရန် လျှပ်စစ်ကို အခြေခံထားတဲ့ ပို့ဆောင်ရေးစနစ်များအား အကောင်အထည်ဖော်ရန် နိုင်ငံတော်မှ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနှင့် လောင်စာများ လမ်းညွှန်မှုပြုထားပါတယ်။ အများပြည်သူ ခရီးသွားလာမှု လျော့ပါးသက်သာပြီး ခေတ်မီတိုးတက်ကောင်းမွန်သော လုံခြုံချောမွေ့စေရေးအတွက် ၂၀၂၁ ခုနှစ်တွင် သုည ဒသမ ၀၅ ရာခိုင်နှုန်းသာရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၃၂ ရာခိုင်နှုန်း၊ ၂၀၄၀ ပြည့်နှစ်တွင် ၆၇ ရာခိုင်နှုန်း၊ ၂၀၅၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း EV ယာဉ်အသုံးပြုရန် နိုင်ငံတော်မှ ရည်မှန်းထားပါတယ်။ နိုင်ငံတော်ရဲ့ ရည်မှန်းချက်နဲ့အညီ YRTC အနေဖြင့် EV Bus YBS ယာဉ်များတွင် အစားထိုးပြေး ဆွဲနိုင်ရေး နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ စမ်းသပ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61302

© 2022 - 2026 News. All Rights Reserved.