မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ဝင်းလဲ့မြရည်စံနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မတ် ၁၉

   ဒီဘက်ခေတ်မှာ ထုတ်ကုန်တွေကတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မှာတောင်မှ Brand တစ်ခုအနေနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ လုပ် ဆောင်နိုင်နေပြီ ဖြစ်ပါတယ် . . .

    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day 2026)) ဂုဏ်ပြုသောအားဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း (MCA)တို့ ပူးပေါင်းကာ ဒုတိယအကြိမ်မြောက် “MYANWEN Beauty 2026 – THE MSME SHOWCASE” အသေးစား၊ အလတ်စား စီးပွားရေးပြပွဲကို မတ်လ ၇ ရက်မှ ၈ ရက်ထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နှစ်ရက်ကြာ ကျင်းပခဲ့သည်။ ပြပွဲတွင် အမျိုးသမီးလုပ်ငန်းရှင်များ၏ အထည်အလိပ်၊ အစားအသောက်၊ ကျောက်မျက် နှင့် လက်ဝတ်ရတနာ၊ လက်မှုပညာ၊ Eco-Friendly ထုတ်ကုန်များ၊ အလှကုန် Brand များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည့် ကဏ္ဍစုံမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့သည်။ ယနေ့ခေတ်တွင် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲကြုံတွေ့နေမှု အခြေအနေများကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ရက်တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ဝင်းလဲ့မြ ရည်စံနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ “MYANWEN Beauty 2026 – THE MSME SHOWCASE” ပြပွဲအကြောင်း ပြောပြပေးပါဦး။
DWLMYS    ။    ။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day 2026) ဂုဏ်ပြုသောအားဖြင့် ကျင်းပတဲ့ “MYANWEN Beauty 2026 – THE MSME SHOWCASE” ပြပွဲကို နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဒီပြပွဲရဲ့ ထူးခြားချက်ကတော့ ပေးသောလက်တွေ အများကြီးဖြစ်လာနိုင်တယ်လို့ ရည်ရွယ်ပြီးတော့မှ ကျင်းပတာပါ။ ပထမရက်မှာတော့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးများကွန်ရက်ကနေ လုပ်ငန်း ရှင်တွေအားလုံးအတွက် Develop လုပ်ထားတဲ့ ဒစ်ဂျစ်တယ် Digital Eco System ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေ၊ ပြည်တွင်းဒီဇိုင်နာတွေရဲ့ လက်ရာတွေကို ရင်သပ်ရှုမောဖွယ်ရာ ကြည့်ရှုနိုင်ခဲ့ပါတယ်။ ပြပွဲဒုတိယမြောက်နေ့မှာတော့ မြန်မာနိုင်ငံ အလှကုန်အသင်းကနေ အစီအစဉ်တွေ အများကြီးနဲ့ ကျင်းပခဲ့ပါတယ်။

TREND    ။    ။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်အနေနဲ့ ဒီလိုပြပွဲကျင်းပခြင်းအားဖြင့် MSME လုပ် ငန်းရှင်တွေအနေနဲ့ ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မှာပါလဲ။
DWLMYS    ။    ။
မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်ထဲက တစ်ခုဖြစ်တာက တော့ လုပ်ငန်းရှင်တွေမှာ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲ ဖြစ်ဖြစ် (MSME) အသေးစား၊ အလတ်စားလုပ်ငန်းတွေ အကုန်လုံးကို လက်တွဲပြီးတော့မှ လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ ဒါကြောင့်မို့ နည်းလမ်းပေါင်းများစွာနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီပြပွဲကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကျင်းပရတာကတော့ အမျိုးသမီးတွေရဲ့ လုပ်ဆောင် နိုင်စွမ်းရှိတဲ့ဟာကို ပြသချင်တာလည်း ပါဝင်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် သိလိုသမျှ အချက်အလက်တွေကို တစ်နေရာတည်းမှာ အလွယ်တကူနဲ့ သိရှိနိုင်မယ့် ဝက်ဘ်ဆိုက်တွေ၊ လုပ်ငန်းရှင်တွေမှာရှိတဲ့ ကုန်ထုတ်လုပ်မှုပစ္စည်းတွေကို အလွယ်တကူနဲ့ ဒစ်ဂျစ်တယ် Market Place ကနေတစ်ဆင့် ရောင်းချပေးနိုင်မယ့် E Commerce ရယ်၊ တတိယတစ်ခုအနေနဲ့ကတော့ လုပ်ငန်းတစ်ခု လုပ်တယ်ဆိုတဲ့ နေရာမှာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ဖို့လည်း လို အပ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေအနေနဲ့ သိရှိလိုတဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်ရုံသာမက သူတို့ကြည့်ချင်တဲ့ အကြောင်း အရာတွေကို အွန်လိုင်းကနေ သင်ယူနိုင်မယ့် Learning Management System ကိုလည်း ပူးတွဲလုပ်ဆောင် လျက်ရှိပါတယ်။ ဒီသုံးခုချိတ်ဆက်ထားတဲ့ဟာကို မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) ရဲ့ Digital Eco System လို့ ခေါ်ပါတယ်။ ဒီဟာကို လုပ်ငန်းရှင်တွေ အသီးသီးကို မိတ်ဆက် ပြသခဲ့ပါတယ်။ 

TREND    ။    ။ အစ်မပြောသွားတဲ့ Digital Eco System အကြောင်းလေးကိုလည်း နားလည်သိရှိအောင် ပြောပြပေးပါဦး။
DWLMYS    ။    ။
Digital Eco System မှာက အပိုင်းသုံးပိုင်း ရှိပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ရဲ့ အဓိကလုပ်ဆောင်တဲ့အရာ သုံးခုရှိပါတယ်။ အဲဒီသုံးခုနဲ့အညီ ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စဉ်ဆက်မပြတ်  ဆောင်ရွက်ပါတယ်။ အဲ ဒီထဲကမှ ပထမတစ်ခုဖြစ်တဲ့ သတင်းအချက် အလက်နဲ့ အကျိုးသက်ရောက်တာကတော့ MYANWEN ဝက်ဆိုဘ်မှာ Renovation ပြန်လုပ်ထားပါတယ်။ အဓိကလုပ်တာကတော့ လုပ်ငန်းရှင်တွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ လုပ်လို့ရမယ်။ Up-grade တွေလုပ်လို့ရမယ်။ နိုင်ငံတကာမှာရှိနေတဲ့ အခွင့်အလမ်းတွေကိုလည်း ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီဝက်ဘ်ဆိုက်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ပါ တယ်။ နောက်တစ်ခု ကတော့ Learning Management System ဖြစ်ပါတယ်။ ဒါဟာဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်အောင် လက်တွေ့မှာလည်း အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေရော လက်တွေ့ပိုင်းမှာ ကျွမ်း ကျင်တဲ့ ဆရာ/ဆရာမတွေရဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့မှ သင်ရိုးညွှန်းတမ်းတွေအပေါ်မှာ ဆွဲထားတဲ့ဟာတွေကို ထောက်ပံ့ပေးသွားတဲ့ ပရိုဂရမ်တွေရှိပါတယ်။ ဒီပရိုဂရမ်တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် စတင်တည်ထောင်စဉ်ကတည်းက စဉ်ဆက်မပြတ်လုပ်ဆောင်လာတဲ့ လုပ်ငန်းရှင်တွေ ဈေးကွက်ရရှိရေး အတွက် လက်ရှိမှာလည်း Local Made in Myanmar Fair ဆိုပြီးတော့ ရှော့ပင်းမော်လ်တွေမှာ အများကြီး လစဉ်လတိုင်း ကျင်းပလာတာ အခုဆိုရင် အကြိမ် ၅၀ ကျော်ရှိပါပြီ။ အဲဒါအပြင် အခုလက်ရှိ ဒစ်ဂျစ် တယ်ခေတ်မှာ ဒစ်ဂျစ်တယ်မားကတ်မှာလည်း Market Assest ရှိလာအောင်၊ ကြီးထွားလာအောင် စီစဉ်လုပ် ဆောင်ထားပါတယ်။ E-Commerce ပလက်ဖောင်းကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ E-Commerce ပလက်‌ဖောင်းကနေတစ်ဆင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဈေးကွက်ရရှိနိုင်အောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါ တယ်။ 

TREND   ။    ။ အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
DWLMYS    ။    ။
အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် သူတို့ရဲ့ လုပ်ဆောင်ရတဲ့ တာဝန်တွေအများ ကြီးရှိပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးဆိုလည်း အိမ်ထောင်ရှင် အမျိုးသမီးတာဝန်တွေအများကြီး ရှိပါတယ်။ အဲဒီလိုတာဝန်တွေ အများကြီးကနေမှ လုပ်ငန်းရှင်တစ်ယောက် ပေါ်ထွက်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ရပ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ရက်လို ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ အမြဲတမ်းတွေ့ရှိ နေတာကတော့ ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးပေါ်ထွန်းလာတာ တွေ့ရပါတယ်။ မြို့ပြမှာတင် မဟုတ်ဘဲနဲ့ အခြားဒေသတွေမှာလည်း ကိုယ်ပိုင်အိမ်တွင်း လက်မှုအလုပ်ရုံတွေကနေမှတစ်ဆင့် ထုတ်ကုန်တွေ ထွက်ပေါ်လာတယ်။ အဲဒီထုတ်ကုန်တွေ က တစ်ဆင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာတောင်မှ Brand တစ်ခုအနေနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ အနေနဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေအများကြီးပေါ် ထွက်လာလျက် ရှိပါတယ်။ MSME လုပ်ငန်းမှာလည်း အမျိုးသမီးတွေ အများကြီး ဦးဆောင်ပြီး လုပ်ဆောင်နေတယ်ဆိုတာ တွေ့ရှိရပါတယ်။

TREND    ။    ။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်အနေနဲ့ လုပ်ငန်းစတင်လုပ်ကိုင်မယ့် အမျိုးသမီးတွေကို ဘယ်လိုမျိုး ပံ့ပိုးပေးတာတွေရှိလဲ။
DWLMYS    ။    ။
အဓိကတော့ ပြည်တွင်း NGO တစ်ခုအနေနဲ့ လုပ်ဆောင်ပေးတာကတော့ Networking ပါ။ လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာ ပိုင်ရှင်တစ်ယောက် ဖြစ်သွားတာဟာ ဦးထုပ်တွေအများကြီး ဆောင်းသွား တာနဲ့တူပါတယ်။ ဦးထုပ်တွေ အများကြီးဆောင်းရတဲ့နေရာမှာ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ကနေပြီးတော့ ဈေးကွက်ရရှိ အောင်လုပ်ပေးတဲ့အပြင်ကိုမှ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ အသိပညာဗဟုသုတတွေ ရရှိဖို့အတွက်ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေး စစချင်းလုပ်မယ့် အမျိုးသမီးတွေအတွက် ဈေးကွက်ရရှိအောင် ပြပွဲတွေမှာ ဝင်လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အကြံကောင်းတွေကိုလည်း စီးပွားရေးမိတ်ဖက်အချင်းချင်း ဆွေးနွေးနိုင်မှာ ဖြစ်ပါ တယ်။

TREND    ။    ။ ဖြည့်စွက်ပြောချင်ကြားချင်တာလေးရှိရင် ပြောပေးပါဦး။
DWLMYS    ။    ။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်(MYANWEN)နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း(MCA)တို့ ပူးပေါင်းကာ ဒုတိယအကြိမ်မြောက် “MYANWEN Beauty 2026 – THE MSME SHOWCASE” ပြပွဲမှာဆိုရင်လည်း အသေးစား၊ အလတ်စားထုတ်ကုန်တွေ အများကြီး ခင်းကျင်းပြသပါတယ်။ ဒီပြပွဲမှာဆိုရင် အမျိုးသမီးတွေဦးဆောင်တဲ့ လုပ်ငန်းတွေ၊ ထုတ်ကုန်တွေအများကြီး ပါဝင်ပါတယ်။ ဒါတွေက ပြည်တွင်းမှာ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်တွေ အများကြီးပေါ် ထွန်းလာတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ မြန်မာ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး များကွန်ရက်(MYANWEN)အနေနဲ့ကတော့ လုပ်ငန်းရှင်တွေကို လက်တွဲခေါ်ပြီး အသိပညာဗဟုသုတ၊ အတွေ့ အကြုံတွေကို အမြဲပြောကြား ဆွေးနွေးပေးနေပါတယ်။  သက်မှူး


(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61054

© 2022 - 2026 News. All Rights Reserved.