မြန်မာနိုင်ငံ ဒူးရင်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဖေတိုက်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မေ ၂၈
    မြန်မာ့ဒူးရင်းသီးကို ပြည်ပဈေးကွက်တင်ပို့နိုင်ရန် အရည်အသွေးမီမျိုးကောင်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ပြပွဲကို မေ ၁၉ ရက်တွင် မြေပဒေသာကျွန်း၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ဒူးရင်းမျိုး မြန်မာမျိုးနှင့် နိုင်ငံခြားမျိုးပေါင်း ၁၀ မျိုးကျော်ကို ပြသခဲ့ပြီး အရည်အသွေးနှင့် အရသာကို မိတ်ဆက်ပေးခဲ့ကာ၊ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဖေတိုက်အောင်နှင့် တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။


TREND    ။    ။ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆)ပြပွဲကို အဓိကကျင်းပရတဲ့ ရည်ရွယ်ချက်လေးကို ပြောကြားပေးပါဦး။
UPTA    ။    ။
မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ကို ဦးဆောင်တာကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာနက ဦးဆောင်တာပေါ့။ ကျွန်တော်တို့က အနောက်ကနေ လိုအပ်ချက်ကို ပံ့ပိုးပေးတယ်။ ဒူးရင်းသီးတွေ ရရှိရေး၊ အဲဒီမှာ နိုင်ငံခြားမျိုး၊ မြန်မာမျိုးတွေ ရရှိရေးကို ဌာနနဲ့ ပူးပေါင်းပြီးတော့ အသီးအရသာ၊ အရည်အသွေးတွေကို ပူးပေါင်းဆောင်ရွက်တဲ့အပြင်၊ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်ပနိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ချင်တယ်။ ပြည်တွင်းဈေးကွက်က စားသုံးမှု ပိုလျှံတယ်၊ ဖူလုံတယ်။ ဖူလုံတဲ့အတွက် ကျွန်တော်တို့က အဓိက နိုင်ငံခြားပို့ကုန်ကို ပို့ချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုကျင်းပတာ ဖြစ်ပါတယ်။


TREND    ။    ။ နိုင်ငံတကာဈေးကွက်ရရှိရေးကို ဆောင်ရွက်နေတဲ့ အပိုင်းကိုလည်း ရှင်းပြပေးပါဦး။ 
UPTA    ။    ။
ပြည်ပကိုပို့ဖို့ ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းအနေနဲ့ကတော့ တာဝန်ရှိဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံတော်ကို တင်ပြပြီးတော့ G to G ဖြစ်ရေးနဲ့ တရုတ်ပြည်ကနေ GACC ရရှိရေးပေါ့၊ ပို့ကုန်အမယ်သစ်အနေနဲ့ရရှိရေး ကြိုးစားနေပါတယ်။ ဒီလိုကြိုးစားတာနဲ့ တောင်သူတွေကိုလည်း GAP နည်းစနစ်တွေ ပြန့်ပွားလာရေး၊ ဘေး ကင်းလုံခြုံတဲ့ အသီးအနှံဖြစ်ရေးပေါ့၊ ဥပမာဓာတုဆေးတွေ အလွန်အကျွံသုံးစွဲမှုမရှိဘဲ ဆေးအဆိပ်သင့်တာတွေ မဖြစ်စေဖို့ ဒါတွေကို ထိန်းကျောင်းပြီးတော့ သင်တန်းတွေပေးတယ်၊ နည်းပညာပေးတယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာကို တင်ပို့နိုင်ရေးကို တစ်ပြိုင်တည်း ကြိုး စားနေပါတယ်။


TREND    ။    ။ ပြည်ပဈေးကွက်ရရှိရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်တွေက ဘာတွေရှိမလဲ။
UPTA    ။   
။ ပြည်ပဈေးကွက် ရရှိရေးဆိုတဲ့နေရာမှာ ထိုင်းဆိုရင် ၄ ပွိုင့် ၆၆ ဘီလီယံလောက် ပို့နိုင်တယ်။ ဗီယက်နမ်ဆိုလည်းပို့တယ်။ ကျွန်တော်တို့က အဓိက နိုင်ငံခြားငွေ ရရှိရေးအတွက် ဒီသီးနှံကလည်း အင်တိုက်အားတိုက် ဆောင်ရွက်နေတာပေါ့။ ဝန်ကြီးဌာနအနေနဲ့ တင်ပြတဲ့ လိုအပ်ချက်ကတော့ ဥပမာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒူးရင်းဇုန်၊ ပဲခူးတိုင်းဒေသကြီးရဲ့ ဒူးရင်းဇုန်၊ ဧရာဝတီတိုင်းဒေသကြီးရဲ့ ဒူးရင်းဇုန်၊ ရခိုင်ပြည်နယ် ဒူးရင်းဇုန်၊ အဲဒီလိုဇုန်တွေ၊ ဇုန်တွေကို စနစ်တကျ လုပ်မယ်ဆိုရင် ထိန်းသိမ်းရတာ၊ ကြီးကြပ်ရတာနဲ့ Quality ပိုင်းကို တစ်နေရာတည်းမှာ တတ်သိပညာရှင် အကုန်ပူးပေါင်းပြီး ထိန်းသိမ်းရတာ အဆင်ပြေမယ်။ အခုက ပြန့်ကျဲကြီး ဖြစ်နေတယ်။ တစ်နေရာမှာ ဧက ၃၀၊ နောက်တစ်နေရာမှာ ဧက ၁၀၀ ဆိုတော့ ဒါကြီးကို စုစည်းဖို့အတွက် ကျွန်တော်တို့မှာ နည်းနည်းတော့ ခက်တယ်။ ဒါကြောင့်အခုက ဈေးကွက်ရရှိရေးကိုပဲ ဦးစားပေးဆောင်ရွက်နေပါတယ်။ 


TREND    ။    ။ ဒူးရင်းစိုက်တောင်သူတွေအနေနဲ့ အစိုးရရဲ့ကူညီပံ့ပိုးပေးမှု အပိုင်းတွေကိုလည်း တောင်းဆိုထားတာတွေရှိတယ်။ အသင်းအနေနဲ့ရော ဘယ်လိုမျိုး တင်ပြတောင်းဆိုပေးထားတာတွေရှိလဲ။
UPTA    ။    ။
တောင်သူတွေက အစိုးရရဲ့ပံ့ပိုးပေးမှုတွေ၊ တောင်းဆိုနေတာတွေရှိတယ်။ အသင်းအနေနဲ့ကတော့ NGO ဖြစ်တဲ့အတွက် တင်ပြပေးတယ်။ နိုင်ငံတော်အဆင့်လူကြီးတွေ သိလာအောင် စနစ်တကျ တင်ပြရမယ်။ လိုအပ်ချက်တွေ တောင်းဆိုရမယ်။ နိုင်ငံတော်ပိုင်းကလည်း ယနေ့အချိန်အထိ လုပ်ပေးလို့ရတဲ့ အရာတွေကို လုပ်ပေးနေတယ်။ တချို့အခက်အခဲကတော့ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းလို့ မရတာတွေ ရှိတာပေါ့။ ဥပမာ လောင်စာဆီ အခက်အခဲ ဖြစ်တဲ့အခါစိုက် ပျိုးရေးဌာနမှာ ကျွန်တော်တို့ စိုက်ဧကမှတ်တမ်း မရှိတဲ့အတွက် လောင်စာဆီရရှိမှု ခက်ခဲတာမျိုးတွေ၊ သွင်းအားစုတွေမှာ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မြေသြဇာတွေ ဒါတွေ ခက်ခဲလာတဲ့အခါမှာ နိုင်ငံတော်က အထူးကုန်စည်အနေနဲ့ သွင်းခွင့်ပေးမယ်၊ လောင်စာဆီကိုလည်း PO ပေါ့၊ တိုင်းဒေသကြီးအလိုက် စီမံခန့်ခွဲပြီးတော့ တကယ်ရှိတဲ့ ခြံတွေကို တကယ်ကုန်ကျမယ့် လောင်စာဆီ ပံ့ပိုးမယ်ဆိုရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်။ ဒီနှစ်ဆို ရင် အပင်သေဆုံးမှုတွေ များပြားပါတယ်။ ဘာလို့လဲဆိုတော့ ရေမရဘူး။ ရေမရတာက အဓိက လောင်စာဆီ အခက်အခဲဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒါတွေကိုလည်း စနစ်တကျတင်ပြပြီး ဆောင်ရွက်နေပါ တယ်။ တချို့ပြည်နယ်နဲ့ တိုင်းမှာတော့ ကူညီဆောင်ရွက်နေပါပြီ၊ ရန်ကုန်တိုင်းမှာ စိုက်ပျိုးမှုကတော့ အောင်အောင်မြင်မြင် ဖြစ်နေပါပြီ၊ အစိုးရရဲ့ ပံ့ပိုးမှုကတော့ လိုအပ်နေသေးပါတယ်။


TREND    ။    ။ စောစောက ဖြေကြားသွားတယ်။ GACC တင်ပြထားတဲ့အပေါ် ဆောင်ရွက်နေမှု အပိုင်းလေးကိုလည်း ရှင်းပြပေးပါဦး။ 
UPTA    ။    ။
GACC မှာ တင်ပြတာ ကျွန်တော်တို့က တောင်သူတွေဆိုတော့ တအားကြီး နားမလည်ဘူး။ ဝန်ကြီးဌာနကနေပြီးတော့ ဆောင်ရွက်ပေးတယ်။ ကျွန်တော်တို့ကတော့ နှစ်နိုင်ငံမှာရှိတဲ့ လူကြီးတွေကြား နိုင်ရေးပေါ့၊ ကျွန်တော်တို့က ဝန်ကြီးဌာနကိုလည်း တင်ပြတယ်။ နိုင်ငံတော်ကိုလည်း တင်ပြ တယ်။ နောက် တရုတ်သံရုံးက စီးပွားရေးသံအမတ်တွေဆီ စာပို့တယ်။ အခု ဒူးရင်းသီးတွေ စိုက်ပျိုးနေပြီ၊ ဧကပေါင်း ဘယ်လောက်ဖြစ်နေပြီ၊ မျိုးစေ့တွေ ဘယ်လိုဖြစ်နေပြီ၊ တကယ်လို့ တရုတ်ပြည်က ဝယ်မယ်ဆိုရင် အဆင်သင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ စာပို့ပေးပါတယ်။ လက် ရှိကတော့ တင်ပို့မှု မရှိသေး ပါဘူး။ ပြည်တွင်းက တင်ပို့တာတွေ အနည်းငယ်တော့ရှိတယ်။ ပို့တာက မြန်မာပြည်က ဒူးရင်းသီး မဟုတ်ဘူး။ ထိုင်းနဲ့ ဗီယက်နမ်ကပါ။ ကျွန်တော်တို့လည်း သူတို့ကို MoU ထိုးဖို့ ဖိတ်ခေါ်ထားတယ်။ ဆွေးနွေးနေတယ်။


TREND    ။    ။ ရန်ကုန်တိုင်းအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေလေးကိုလည်း ပြောပြပေးပါဦး။ 
UPTA    ။    ။
စိုက်ဧကတော့ ၄၀၀၀၊ ၅၀၀၀  လောက်ရှိမယ်။ နောက်ဆိုရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ထက် ရန်ကုန်တိုင်းက ပိုများလာလိမ့်မယ်။ ရန်ကုန်မှာလည်း တော်တော်စိုက်ပျိုးမှုများတဲ့ စိုက်တဲ့နေရာတွေက လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေးနဲ့ ကော့မှူးတွေမှာ စိုက်နေပါပြီ။ ဒူးရင်းစိုက်ပျိုးနိုင်တဲ့ မြေနေရာက အီကွေတာကနေ အပူချိန် ၁၅ ဒီဂရီကနေ ၁၈ ဒီဂရီ အထက် စိုက်ပျိုးလို့ရတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာလည်း စိုက်နေပြီ၊ မဒေးကျွန်းနားမှာပါ။ ၂၀၂၇ လောက်ဆိုရင် အသီးသီးပြီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ စိုက်ပျိုးနေပါပြီ။ 


TREND    ။    ။ အခြားတိုင်းနဲ့ ပြည်နယ်မှာ စိုက်ပျိုးနေတာလေးတွေကိုလည်း ပြောပြပေးပါဦး။ 
UPTA    ။    ။
ဧရာဝတီတိုင်းမှာ ဆိုရင်လည်း စိုက်ပျိုးနေပြီ။ ငွေဆောင်ကို သွားတဲ့လမ်းမှာ သလပ်ခွာမှာရှိတဲ့ ဒူးရင်းခြံပေါ့။ အဲဒီမှာက ကံကလေး(၁)၊ ကံကလေး(၂)၊ နောက် မိကျောင်းခေါင်း၊ မွန်ထောင်းစတဲ့ အသီးတွေ ထွက်နေပါပြီ။ အသီးအရည်အသွေးကတော့ အားလုံးက သိပ်မကွာပါဘူး။ အခုက စိုက်ပျိုးတာက နှစ်အနည်းငယ်ပဲ ရှိသေးတော့ အသီးထွက်တာနဲ့ ပြည်တွင်း ဈေးကွက်နဲ့က ရောင်းလို့မလောက်ဘူး။ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ကြတော့ စိုက်ဧကတွေ တိုးချဲ့ပြီးတော့ စိုက်ပျိုးနေပါတယ်။ ကရင်ပြည်နယ်မှာဆိုလည်း ဒေသမျိုးပေါင်း ၁၂ မျိုးကျော်ကို ဧကပေါင်း ၄၉၀၀ ကျော်နဲ့ ကိုင်းဆက်မျိုးတွေဆိုရင် ဧက ၁၀၀၀ ကျော် စိုက်ပျိုးပါတယ်။ ဈေးကွက်ကတော့ အသီးအရည်အသွေးပေါ် မူတည်ပြီးတော့ နှစ် သောင်း၊ သုံးသောင်းကျော်ကနေ ဈေးရှိပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရအနေနဲ့ တောင်သူတွေကို ကူညီပံ့ပိုးတဲ့ အစီအစဉ်တွေလည်းရှိတော့ အများကြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။ 
UPTA    ။    ။
ကျွန်တော်တို့အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အသီးအနှံတစ်ခုကို တက်တက်ကြွကြွ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းပြီးတော့ ထုတ်လုပ်ကြပါလို့ ပြောချင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62510

© 2022 - 2026 News. All Rights Reserved.