အိမ်ခြံမြေလုပ်ငန်းမှာ လိုင်စင်မရှိတဲ့သူ အကျိုးဆောင်ဝင်လုပ်တာနဲ့ ထိရောက်စွာအရေးယူရင်တော့ ဂရန်အတု၊ ပါမစ်အတုတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေတာတွေကို ထိန်းချုပ်ရတာ လွယ်သွားမယ် . . .
၂၀၂၆ ၊ ဩဂုတ် ၂၈
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအသင်း(MRPDA)မှ အိမ်ခြံမြေအကျိုးဆောင်များအတွက် ရည်ရွယ်၍ AML/CFT သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ဂရန်အတု၊ ပါမစ်အတုများဖြင့် အရောင်းအဝယ် ပြုလုပ်နေသည့်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ (၁) ဦးဝဏ္ဏစိုး အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါ သည်။
TREND ။ ။ လက်ရှိဖွင့်လှစ်သင်တန်းပေးနေတဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Combating the financing of Terrorism-AML/CFT) ဆိုတဲ့ တရားမဝင်ငွေကြေးများကို တရားဝင် ပြောင်းလဲခြင်းနှင့် အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့ခြင်းကို တားဆီးကာကွယ်သည့် လုပ်ငန်းစဉ်များအတွက် ထိထိရောက်ရောက် ကာကွယ်ဖို့ သင်တန်းပေးနေတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုအပိုင်းကို ပြောကြားပေးပါဦး။
UWNS ။ ။ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ် (၄၅/၂၀၂၆)နဲ့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ Fina-ncial Action Task Force(FATF) ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ၊ နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ မိတ်ဆက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၂၆) သင်တန်းကို ဖွင့်လှစ်လျက်ရှိပါတယ်။ အဓိကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေကို အခြေခံပြီးတော့ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သင်တန်းတွေ ပို့ချရခြင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတော်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ အကျိုးဆောင်တွေအနေနဲ့လည်း တရားဝင်အကျိုးဆောင်လိုင်စင်တွေရရှိပြီးတော့ တရားဝင်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို လုပ်ကိုင် နိုင်အောင်လို့ သင်တန်းတွေပို့ချပေးတာဖြစ်ပါတယ်။ အရင်တုန်းကတော့ အိမ်ခြံမြေရောင်းဝယ်တဲ့နေ ရာမှာ ရောင်းလိုက်ဝယ်လိုက်ရင်တော့ ပြီးသွားပြီပေါ့လေ။ အခုလက်ရှိမှာတော့ ရောင်းဝယ်ရုံနဲ့တင် မပြီးတော့ဘဲနဲ့ ရောင်းတဲ့၊ ဝယ်တဲ့ ငွေကြေးအင်အား ဘယ်လိုနည်းလမ်းနဲ့ရတာလည်းဆိုတဲ့ တရားမဝင် နည်းလမ်းနဲ့ရလာတဲ့ ငွေကြေးတွေနဲ့ အရောင်းအဝယ်လုပ်တယ်ဆိုရင် နိုင်ငံတော်လည်း အခက်အခဲဖြစ် ပေါ်စေတယ်။ အဲဒီလိုပဲ အကျိုးဆောင်တွေမှာလည်း ငွေကြေးခဝါချမှုဥပဒေနဲ့ ငြိစွန်းသွားနိုင်တဲ့ အန္တရာယ် တွေရှိတဲ့အတွက် ဒီသင်တန်းတွေကို မဖြစ်မနေ အိမ်ခြံမြေအကျိုးဆောင်တွေ လုပ်မယ့်သူတိုင်း တက် ရောက်ပြီး သင်တန်းဆင်းလက်မှတ်ရယူထားဖို့ အကြံပေးလိုပါတယ်။ လက်ရှိမှာ အသင်းအနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မူဝါဒတွေ လမ်းညွှန်ချက်တွေကို အခြေခံပြီးလိုက်နာပြီးတော့ သင်းဖွဲ့စည်းမျဉ်းနဲ့အညီ ဆောင်ရွက်နေပါတယ်။
TREND ။ ။ ပြည်နယ်နဲ့ တိုင်းတွေမှာရော ဆောင်ရွက်ပေးနေတာတွေရှိလား။
UWNS ။ ။ ပြည်နယ်နဲ့ တိုင်းရုံးခွဲတွေအနေနဲ့လည်း တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်ကလွဲလို့ ရုံးခွဲတွေ ဖွင့်လှစ်ပြီးပါပြီ။ နိုင်ငံတော်ရဲ့မူဝါဒတွေကို လိုက်လံအကောင်အထည်ဖော်ပေးနေတာနဲ့နည်းတူ အိမ်ခြံမြေ အကျိုးဆောင်တွေ၊ အသင်းဝင်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အိမ်ခြံမြေ ပညာရပ်တွေအပြင် ခေတ်နဲ့လိုက်လျောညီထွေစွာ AML/CFT ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို မဖြစ်မနေသိထားမှ ဖြစ်ပါမယ်။ အရင်တုန်းကတော့ ဂရန်၊ ဘိုးဘွားပိုင်မြေ၊ လယ်ယာမြေအကြောင်း ဒါတွေကို အခြေခံပြီးတော့ ပညာရပ်တွေကိုသင်ယူရတာပေါ့။ အခုခေတ်မှာတော့ အဲဒီပညာရပ်တွေကို သိထားရမယ့်အပြင် အိမ်ခြံမြေ အကျိုးဆောင်မှတ်ပုံတင်ထုတ်ပေးတဲ့ ညွှန်ကြားချက်ဖြစ်တဲ့ AML/CFT ဆိုင်ရာ လုပ်ထုံးလုပ် နည်းတွေကို မဖြစ်မနေ သိထားပြီးတော့ အကျိုးဆောင် လိုင်စင်တွေထုတ်ယူပြီးတော့ တရားဝင်အကျိုးဆောင် လုပ်ငန်းတွေ ဆောင်ရွက်စေချင်ပါတယ်။
TREND ။ ။ မကြာခင်ကလည်း အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အခွန်ကိစ္စက စက်တင်ဘာလမှာ တိတိကျကျ ဆောင်ရွက်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေလည်းရှိတော့ ဒီအပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာ သိချင်ပါတယ်။
UWNS ။ ။ ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာချက်ထုတ်ပြန် ထားတာရှိပါတယ်။ အဲ့ဒါက ၁ ရက် ၉ လပိုင်းကနေ စပြီးတော့ ရောင်းခွန်၊ ဝယ်ခွန်တွေကိုဆောင်ပြီးတော့ အမည်ပြောင်းကို ကြပ်ကြပ်မတ်မတ်လေး ဆောင်ရွက်မယ့်သဘော ကြေညာချက်လေးထုတ်ပြန်ထားပါ တယ်။ ဒါကတော့ အခုမှရှိတာတော့မဟုတ်ဘူး။ အရင်ကတည်းက ရောင်းခွန်၊ ဝယ်ခွန်ဥပဒေက ရှိပြီးသား ပါ။ အခုကတော့ သေသေချာချာလေး စိစစ်ဆောင်ရွက်မယ့်သဘော ဖြစ်လာတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ သတိထားမိတဲ့ အပိုင်းက ပထမက ရောင်းခွန်၊ ဝယ်ခွန်ဆောင်တဲ့ အထောက်အထားတွေ၊ အခွန်ချလန်တွေ၊ အခွန်ကင်းရှင်း ကြောင်းအထောက်အထား ကိစ္စတွေက မှတ်ပုံတင်စာချုပ် ချုပ်ဆိုတဲ့နေရာမှာ ပြပြီးရင် လုပ်ငန်းစဉ်ပြီးသွားတဲ့အနေ အထားနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာမှာပဲ မပြီးသွားဘဲ၊ စည်ပင်မှာ ဂရန်အမည်ပြောင်း လျှောက်ထားမယ်နဲ့ အိုးအိမ်မှာ အမည်ပြောင်း လျှောက်ထားမယ်ဆိုရင်လည်း ဒီအထောက်အထားလေးတွေ တင်ပြပြီးမှ သွားရမယ့် သဘော ဖြစ်တဲ့အတွက် ဝယ်ယူသူတွေအနေနဲ့ အခွန်ဆောင်တဲ့ စာရွက်၊ စာတမ်းလေးတွေ သေသေချာချာ လေးသိမ်းပြီး အားလုံးပြီးစီးတဲ့အထိ တလေးတစားနဲ့ လိုက်နာဆောင်ရွက်ရမယ့်အနေအထားကို တွေ့ရပါတယ်။ ဂရန်အနေအထားနဲ့သွားနေတဲ့ မှတ်ပုံတင်၊ ရောင်းခွန် ဝယ်ခွန်ဆောင်ပြီးတော့ မှတ်ပုံတင်စာချုပ် ချုပ်ဆိုတဲ့ အနေအထားလေးတွေကတော့ သုံးခုပြည့်စုံမှ အရောင်းအဝယ်ဖြစ်တဲ့ လုပ်ငန်းစဉ်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ် ဈေးကွက်အနေနဲ့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်နေတဲ့ အရောင်းအဝယ်ကတော့ နည်းနည်းလေး အေးသွားမယ် ထင်ပါတယ်။
TREND ။ ။ အိမ်ခြံမြေလုပ်ကိုင်တဲ့ အကျိုးဆောင်တွေနဲ့ပတ်သက်ပြီး သင်တန်းပို့ချနေတာတွေရှိတယ်။ သို့သော် တကယ် အောက်ခြေမှာဖြစ်ပျက်နေတာက ဂရန်အတုတွေနဲ့ အရောင်းအဝယ်လုပ်နေတာ တွေကြောင့် ပြဿနာတွေ တက်တာတွေ ရှိနေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ အကြံပြု ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
UWNS ။ ။ ကျွန်တော်တို့ကတော့ အသင်းဝင်တွေဖြစ်ဖို့ အိမ်ခြံမြေလုပ်ငန်းလုပ်တဲ့သူကို စည်းရုံးရတယ်။ အသင်းဝင်တွေဖြစ်ပြီဆိုရင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှာ အကျိုးဆောင်လိုင်စင် လျှောက်ထားဖို့အတွက် ထပ်ပြီးအသိပညာပေး ဆွေးနွေးပြီးတော့မှ အသင်းဝင်တွေကို စည်းရုံးပြီးတော့ တွဲခေါ်တဲ့အနေအထားလေးတွေကို တောက်လျှောက် လုပ်နေပါတယ်။ ဒါပေမဲ့ အောက်ခြေမှာ အိမ်ခြံမြေ အကျိုးဆောင် လုပ်နေတာက အသင်းဝင်တဲ့သူလည်း လုပ်တယ်။ အသင်းမဝင်တဲ့သူလည်း လုပ်တယ်။ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင် လျှောက်ထားတဲ့သူလည်း လုပ်တယ်။ မလျှောက်ထားတဲ့ သူလည်း လုပ်တယ်။ ကျွန်တော်တို့က အဝန်းအဝိုင်းထဲ ရောက်လာတဲ့ မှတ်ပုံတင်ရှိတဲ့သူတွေကို အသိပညာပေး လို့ရပေမယ့် အပြင်မှာ လုပ်တဲ့သူတွေကြတော့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်းမရှိဘဲနဲ့ အရောင်းအဝယ် လုပ်တယ်။ ပြီးရင်ပျောက်သွားတယ်။ ငွေကြေးခဝါချမှု ဥပဒေမှာ ကျတော့ အကျိုးဆောင် အသက်မွေးဝမ်းကျောင်းပြုလုပ်တဲ့ သူတွေက လိုင်စင်သို့မဟုတ်၊ မှတ်ပုံတင် လျှောက်ထားပြီး ပြုလုပ်ရမယ်၊ လျှောက်ထားရယူခြင်းမရှိဘဲ ပြုလုပ်တယ်ဆိုရင် ပြစ်မှုပြစ်ဒဏ်တွေရှိ ပေမယ့်အပြင်မှာ အကျိုးဆောင် မှတ်ပုံတင်ရှိလို့လုပ်လုပ်၊ မရှိလို့လုပ်လုပ် အရေးယူမှုအပိုင်းက လွှမ်းခြုံပြီး ဆောင်ရွက်မှုမရှိသေးတဲ့အတွက် အောက်ခြေမှာ ဂရန်အတုနဲ့ အလိမ်အညာလုပ်တာတွေကို ထိန်းချုပ်ဖို့ ရာတော့ ခဲယဉ်းနိုင်ပါသေးတယ်။ အိမ်ခြံမြေလုပ်ငန်းကို အကျိုးဆောင်မှတ်ပုံတင်ရှိတဲ့သူ ပဲလုပ်ရမယ်။ မရှိတဲ့သူက အကျိုးဆောင်ဝင်လုပ်ပြီဆိုရင် ပြစ်မှုပြစ်ဒဏ်နဲ့ ထိရောက်စွာအရေးယူရင်တော့ နိုင်ငံတော် အပိုင်းကလည်း ထိန်းချုပ်ရတာ လွယ်သွားမယ်။ ကျွန်တော်တို့ အသင်းအဖွဲ့အပိုင်းမှာလည်း ကူညီပံ့ပိုးရတာ လွယ်ကူသွားမယ်။
TREND ။ ။ အိမ်ခြံမြေဝယ်ယူတဲ့အခါမှာ ဝယ်ယူသူတွေအနေနဲ့က သေချာမစုံစမ်းဘဲဝယ်ယူမှုတွေ ကြောင့် အခန်းနေထိုင်ခွင့်မရတာ၊ ဝယ်ယူထားတဲ့ တိုက်ခန်းတွေက ဆောက်လုပ်ခွင့်မကျသေးတာ ဒီလို ကိစ္စရပ်တွေကလည်း အခုနောက်ပိုင်းမှာ တော်တော်လေးတွေ့ မြင်နေရတယ်။ ဝယ်ယူသူတွေကိုရော ဆရာအနေနဲ့ အကြံပြုချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UWNS ။ ။ အဓိကပြောချင်တာက ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ BCC ကျပြီးသား တိုက်လား၊ ဆောက်လုပ်ခွင့်ပါမစ်တင်ပြီး ဆောက်လုပ်ထားတဲ့ တိုက်ဟုတ်လား၊ မဟုတ်လားအပေါ်မှာမူတည်ပြီးတော့ ဝန်ဆောင်မှုဆောင်ရွက်ရင် ပြည်သူလူထုလည်း စိတ်ချမ်းသာမယ်၊ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ၊ အကျိုးဆောင်တွေအနေနဲ့လည်း စိတ်ချမ်းသာ ပါတယ်။ ဘေးဥပဒ်အန္တရာယ်လည်း ကင်းမယ်။ အဲ့ဒါတွေကို မလိုက်နာဘဲနဲ့ BCC ကျကျ၊ မကျကျ ဆောက်လုပ်ခွင့်တင်တင်၊ မတင်တင် နောက်ဖြစ်မှဖြစ်ရောဆိုပြီး တွေ့ရာဝန်ဆောင်မှုပေးရင် တစ်နေရာ မဟုတ်၊ တစ်နေရာ အခက်အခဲ ရှိမှာပါပဲ။ ကိုယ်ဝန်ဆောင်မှုပေးမယ့်ပစ္စည်းက ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ၊ စည်းကမ်းနည်းလမ်းတွေကို လိုက်နာရဲ့လားဆိုတာ စမ်းချောင်းမှာ တချို့အပိတ်ခံရတဲ့တိုက်တွေဆိုရင် ဆောက်လုပ်ခွင့် တင်ထားလား၊ BCC ကျပြီလားဆိုတာ တင်ထားရင်တော့ အခုလို ပြဿနာတွေမကြုံရဘူးလေ။ စိစစ်မှုမရှိဘဲ တွေ့ရာတိုက်ခန်းကို ဝန်ဆောင်မှုပေးရင် ဝယ်ယူတဲ့ ပြည်သူလည်း အခက်အခဲ ဖြစ်မှာဖြစ်ပါတယ်။
TREND ။ ။ အိမ်ခြံမြေ ဈေးကွက်အခြေအနေက အပြောင်းအလဲ ဖြစ်နိုင်လား။
UWNS ။ ။ အိမ်ခြံမြေဆိုတာက လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ထဲမှာ နေရေးကလည်း ပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဈေးကွက်ရပ်တန့် သွားတယ်။ ဈေးကွက်ပျက်စီးသွားတယ် ဆိုတာမျိုးတော့ မယူဆပါဘူး။ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အသစ်ဖြစ်လာတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာပြီးတော့ အကျိုးဆောင်အနေနဲ့ ဝန်ဆောင်မှုပေးမယ်ဆိုရင် လုပ်ငန်းက ဈေးကွက်ပုံမှန် လည် ပတ်နေမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ အားလုံးသော အကျိုးဆောင်တွေအနေနဲ့လည်း စည်းကမ်းလိုက်နာပြီးတော့ အကျိုးဆောင်မှတ်ပုံတင် လျှောက်ထားရယူပြီး တရားဝင်ဆောင်ရွက်ကြဖို့ အကြံပြု ပြောကြားလိုပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )