ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇွန် ၁၉
    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အရှေ့ပိုင်းရပ်ကွက်တွင် အခြေခံစက်ချုပ်သင်တန်းနှင့် မော်တာနင်းသင်တန်းဖွင့်ပွဲကို ဇွန် ၁၄ ရက်က ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ယင်းသင်တန်းနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက သင်တန်းဖွင့်လှစ် သင်ကြားပေးရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။


TREND    ။    ။ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်း ကြီးကျေးရွာ အရှေ့ပိုင်းမြို့နယ်မှာ စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦး။
UNMT    ။    ။
ကျွန်တော် ဒီသင်တန်းကို ဖွင့်ရတာကတော့ မော်တာစက်ချုပ်သင်တန်းဆိုတာက အလုပ်အကိုင် အခွင့်အလမ်းပိုများပါတယ်။ အရင်တုန်းကတော့ ခြေနင်းရိုးရိုး စက်ချုပ်ကြတာပေါ့။ အခု လက်ရှိအခြေအနေမျိုးမှာ စက်ရုံတွေက ရိုးရိုးစက်ကိုမသုံးတော့ဘူး။ မော်တာစက်ကိုပဲ သုံးကြတဲ့အခါကြတော့ မော်တာစက်ချုပ်သင်တန်း တတ်သွားပြီဆိုရင် သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်း ပိုများလာပြီ၊ တစ်ဖက်မှာလည်း ဝင်ငွေလစာ ပိုတိုးလာတာပေါ့။ အဲဒါကို ရည်ရွယ်ပြီးတော့ မော်တာစက်ချုပ်သင်တန်းကို ဖွင့်လှစ်ရတာဖြစ်ပါတယ်။ 


TREND    ။    ။ ပြည်သူတွေကို ကတိပေးထားတဲ့ အတိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင် ဆောင်ရွက်ပေးနေတာမျိုးလား။
UNMT    ။    ။
ကျွန်တော့်ကို မသိတဲ့သူက မရှိသလောက်ပါပဲ။ ကျွန်တော် နာမည်ကြီးတာက ခိုင်းပါ၊ ခိုင်းပါဆိုတဲ့ ဦးနေမင်းထွန်းပဲ။ ကျွန်တော့်ကိုမြင်ရင် ခိုင်းပါလို့ပဲ မြင်တယ်။ ကျွန်တော် အခုဆောင်ရွက်ပေးတာ မင်္ဂလာဒုံမြို့နယ်မှာဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ကျွန်တော်ကလည်း ကတိပေးထားတာ ရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးမယ်လို့ ကတိပေးထားတာရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးမယ်ဆိုတာက သူတို့အလုပ်လုပ်လို့ရအောင် ဆောင်ရွက်ပေးတာက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာ ဖြစ်ပါတယ်။ အခု မော်တာဆွဲသင်တန်းကို တတ်မြောက်သွားပြီဆိုရင် လစာက ငါးသိန်း၊ ခြောက်သိန်းလောက်ရတယ်။ အဲဒီလိုမဟုတ်ဘဲ ရိုးရိုးစက်ရုံမှာပဲ သွားလျှောက်ရင် တစ်လမှ သုံးသိန်း လောက်ပဲရတယ်။ အခု ငါးသိန်းက အနည်းဆုံးဆိုတော့ သူတို့ရဲ့ဝင်ငွေ တိုးသွားတဲ့သဘောပဲ။ နောက် အခုမော်တာစက်သင်တန်းက သင်တန်းသားတွေ အလုပ်လျှောက်ရင် ကျွန်တော့်ဆီကိုသတင်းပို့ပါ။ ဘယ်စက်ရုံမှာ အလုပ်လျှောက်ထားပါတယ်ဆိုပြီးတော့၊ ကျွန်တော်လက်မှတ်ထိုးပေးမယ်။ အလုပ်ရအောင်လည်း ကျွန်တော် ပြောပေးပါ့မယ်။ အခု ဒီမှာဆိုရင် ဗမာ၊ ရခိုင်ရောပြီးတော့ သင်ကြားပေးထားတယ်။ ကျွန်တော် ရန်ကုန်တိုင်းဒေသကြီးမှာ တာဝန်ယူ ဆောင်ရွက်ရတဲ့လူမျိုးက လေးမျိုးရှိတယ်။ ရခိုင်၊ ဗမာ၊ ကယားနဲ့ချင်း ဒီလေးမျိုးကို တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။ ကရင်ဝန်ကြီးလည်း လေးမျိုးပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးဌာန အနေနဲ့လည်း တတ်စွမ်းသလောက်၊ နိုင် သလောက် ဆောင်ရွက်ပေးနေပါတယ်။ အရင်တုန်းကလည်း သင်တန်းတွေ ဖွင့်လှစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သင်တန်းသူတွေက လုပ်ငန်းခွင်ထဲ ပြန်ဝင်တဲ့သူတွေရှိသလို မဝင်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့က လူသားအရင်းအမြစ် ဆုံးရှုံးတယ်လို့ ခေါ်ပါတယ်။ အဲဒီတော့ အလုပ်လုပ်စားမယ့် သင်တန်းသားတွေကို သင်ကြားပေးချင်တာပါ။ ဥပမာ ဝရိန်ပညာ သင်ကြားချင်တယ်ဆိုရင် ကျွန်တော့်ဆီမှာ စာရင်းတင်လိုက်ပါ။ သင်တန်းသင်ကြားဖို့ ဘတ်ဂျက်က ဘယ်လောက် ရလဲဆိုတာကို သတ်မှတ်ပေးပြီး တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး သင်ကြားပေးမယ်။ အဲဒီလိုသင်ကြားပေးပြီး ပညာတတ်တာနဲ့ သင်္ဘောကျင်းတွေမှာ လစာကောင်းကောင်းရမယ်။ နိုင်ငံခြားမှာသွားလုပ်လည်း လစာ ကောင်းကောင်းရမယ်။ ဘာပညာမှ မတတ်ဘဲနဲ့၊ ဘာအောင်လက်မှတ်မှ မပါဘဲ ထွက်သွားရင် သူရမယ့် လစာက နိမ့်တယ်။ အတတ်ပညာမြင့်ရင် လစာမြင့်မယ်၊ မိဘတွေကိုပြန်ပို့ရင် ငွေကြေးများများ ပို့နိုင်မယ်။ အခု ကျွန်တော်တို့ ပြည်သူနဲ့ တွေ့တယ်ဆိုတာ ကိုယ်တင်ပြချင်တာတွေ တင်ပြလို့ရတယ်။ ကိုယ်မတင်ပြရင်တောင်မှ သူများတွေ ဘာတွေတင်ပြလဲဆိုတာ နားထောင်ဖို့ လိုပါတယ်။ မနာလိုတဲ့သူတွေ၊ ကိုယ့်နိုင်ငံကို မချစ်တဲ့ သူတွေကတော့ ပြောင်းကောင်းလည်း ပြောမှာပေါ့၊ ဒါပေမဲ့ ဒီနေ့၊ ဒီအချိန်မှာ မိဘပြည်သူတွေ နားလည်သဘောပေါက်ကြပြီလို့ ထင်ပါတယ်။ လူတွေကတော့ အမျိုးမျိုးပြောကြမှာပဲ၊ ကျွန်တော်တို့ အစိုးရဟာ ပြည်သူလူထုအတွက်၊ ပြည်သူလူထု အကျိုးပြုဖို့အတွက် အလုပ် စလုပ်နေပါပြီ၊ အခု တက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ရန်ကုန်တိုင်းပြည်သူလူထုအတွက် နေ့မအား၊ ညမနား ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ ရခိုင်တွေ နေကြတယ်၊ ဗမာတွေ နေကြတယ်။ အများဆုံးကတော့ ဗမာ၊ ဒုတိယက ရခိုင်ပေါ့၊ အခြားလူမျိုးလည်း ရှိနေနိုင်ပါတယ်။ အဲဒီတော့ ဒီလူမျိုး နှစ်မျိုးဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အလံတော်ကြီးအောက်မှာ အတူတကွ နေပြီးတော့ မြို့တစ်မြို့မှာလည်း ပေါင်းစပ်နေပြီးတော့၊ ရပ်ကွက်တစ်ခုမှာလည်း လျှောက်သွားနေတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလူမျိုးတွေက ညီအစ်ကိုမောင်နှမတွေ ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးတန်ဖိုး ထားရမှာ ဖြစ်ပါတယ်။ ငါက ရခိုင်မို့လို့၊ ငါက ဗမာမို့လို့၊ ငါက ကရင်မို့လို့ဆိုတဲ့ သွေးကွဲတဲ့စကားတွေ လည်းမပြောဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတနိုင်ငံမှာ ငြိမ်ချမ်းရေးတည်ဆောက်မယ်လို့ ဆောင်ရွက်တဲ့အခါမှာ ငြိမ်ချမ်းရေးဆိုတာ တည်ငြိမ်အေးချမ်းရင် ငြိမ်ချမ်းရေး ဖြစ်တယ်ပေါ့၊ အဲဒီလိုလည်း မဟုတ်ဘူး။ အောက်ခြေမှာ ပြည်သူတွေ တစ်ဦးပေါ်တစ်ဦး မေတ္တာမထားရင်လည်း ငြိမ်းချမ်းရေးက မဖြစ်လာနိုင်ဘူး။ ငြိမ်းချမ်းရေး စဖြစ်ဖို့အတွက် အောက်ခြေမှာရှိတဲ့ ပြည်သူတွေက စပြီးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အောက်ခြေ ပြည်သူတွေ ငြိမ်းချမ်းရင် အပေါ်ကလူတွေ ဘာမှလုပ်လို့ မရဘူး။ အောက်ခြေက အရေးကြီးပါတယ်။ အောက်ခြေက ပြည်သူတွေ တစ်ဦးပေါ်တစ်ဦး မေတ္တာထား ကြမယ်ဆိုရင် အပေါ်မှာ ငြိမ်းချမ်းရေးလုပ်တာ အရမ်းလွယ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက တစ်ဦးနဲ့ တစ်ဦး မေတ္တာထားဖို့ လိုအပ်ပါတယ်။


TREND    ။    ။ ပြည်သူလူထုနဲ့ ထိတွေ့တဲ့အခါ မှာ ပြည်သူတွေက ဘာတွေတောင်းဆိုတာရှိလဲ။ 
UNMT    ။    ။
ပြည်သူတွေက အခုချိန်အထိတော့ ထူးထူးခြားခြား တောင်းဆိုတာ မတွေ့ရပါဘူး။ ပြည်သူလူထုအများစု ခံစားနေရတဲ့ကိစ္စတွေလောက်ပဲ တင်ပြကြတာ ဖြစ်ပါတယ်။


TREND    ။    ။ ဝန်ကြီးအနေနဲ့ ပြည်သူတွေနဲ့၊ စစ်ရှောင်လာတဲ့ ပြည်သူတွေကိုရော ဘာများ Message ပေးချင်ပါသလဲ။
UNMT    ။    ။
စစ်ရှောင်လာတဲ့ မိသားစုအသိုင်း အဝိုင်းတွေဆိုရင် စားဝတ်နေရေး အဆင်မပြေကြဘူး။ အဆင်မပြေတော့ ကျွန်တော်တို့က တိုက်ရိုက်ငွေကြေး ပေးတာမျိုး၊ တိုက်ရိုက် ဆန်၊ ဆီ၊ ဆား ပေးတာ မျိုးဆိုရင် ကျွန်တော်တို့က ဆောင်ရွက်ရတာ အခက်အခဲဖြစ်ပါတယ်။ စကားပုံတစ်ခု ရှိပါတယ်။ ငါးတော့ မပေးဘူး၊ ငါးမျှားဖို့နည်းပညာကို ကျွန်တော်တို့ ပေးနိုင်တယ်။ အဲဒီတော့ ကျွန်တော်ပေးတဲ့ ငါးမျှားတဲ့ နည်းပညာကိုတော့ ယူစေချင်ပါတယ်။ ဒီငါးမျှားတဲ့ နည်းပညာပေးတဲ့အချိန်မှာလည်း မိဘပြည်သူတွေ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်လို့ အကြံပြု ပြောကြားလိုပါတယ်။


TREND    ။    ။ ဝန်ကြီးအနေနဲ့ အခုမေးခွန်းတွေအပေါ်မှာ ဖြည့်စွက်ဖြေကြားချင်တာရှိရင် ပြောကြားပေးပါဦး။
UNMT    ။    ။
ထပ်မံပြီး သင်တန်းတွေကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်သွားမှာပါ။ အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့ သင်တန်းတွေကို ဖွင့်လှစ်သွားမှာပါ။ အခု ဒီပထမအကြိမ် သင်တန်းဖွင့်လို့ သင်တန်း ဆင်းပြီဆိုတာနဲ့ သိပ်မကြာတဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ့်အရာမျိုး၊ ဝင်ငွေရလာမယ့် အရာမျိုးတွေကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ဖွင့်လှစ်သွားမှာပါ။ အခုလို ဖွင့်လှစ်ပေးခွင့်ရတာ အများကြီး ဝမ်းသာပါတယ်။ ကျွန်တော်တို့က ကုသိုလ်ဆိုတာက စိတ်နေစိတ်ထားကောင်း ထားတာလည်း ကုသိုလ်ပါပဲ၊ တစ်ဖက်မှာ လူထုအကျိုးကို ဆောင်ရွက်တာက လည်း ကုသိုလ်တစ်မျိုးပါပဲ။ ပြောမယ်ဆိုရင် ပရဟိတ လုပ်ငန်းပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်တော့် လိုမျိုးတတ်နိုင်တဲ့ မိဘပြည်သူတွေ အနေနဲ့လည်း ဒီလိုသင်တန်းမျိုး ဖွင့်လှစ်လို့ရနိုင်တဲ့ မိဘပြည်သူ တွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်စေချင် ချင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 38

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63039

© 2022 - 2026 News. All Rights Reserved.